အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မိုးကောင်းမှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးကျည်ထိမှန်

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ထဲက စံပါရီကျေးရွာမှာ ဧပြီ ၈ ရက်၊ မနေ့က ည ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုအတွင်း ကျေးရွာသားတစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

    မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့ လွယ်လီယံကျေးရွာအနီးမှာ KIA ကချင်လွတ်မြောက်ရေးတပ်က ဆွဲမိုင်း တိုက်ခိုက်တာခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေထဲက ကား ၂ စင်းဟာ မိုးကောင်း-မရမ်ကထောင် ဖြတ်လမ်းမှာရှိတဲ့ စံပါရီရွာထဲကို ဖြတ်သန်းမောင်းနှင်လာချိန် ည ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးနင်းလာသူတွေကို ရပ်ခိုင်းခဲ့တယ်လို့သိရပါတယ်။

    အဲဒီအချိန်မှာ ဆိုင်ကယ် ၃ စီးလောက်ကရပ်နေပြီး အမျိုးသား ၁ ဦးက ဆိုင်ကယ်နဲ့နောက်ပြန်လှည့်ပြေးခဲ့လို့ စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ရာမှာ စံပါရီရွာမှာနေတဲ့အမျိုးသားတစ်ဦးရဲ့ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တာပါ။

    သူ့ကို ညတွင်းချင်းပဲ မြစ်ကြီးနားစစ်ဆေးရုံကိုပို့လိုက်ရတယ်လို့ဒေသခံတွေကဆိုပါတယ်။

    ဒီကနေ့ ဧပြီ ၉ ရက်နေ့ ရရရှိထားတဲ့သတင်းအရ သေနတ်ဒဏ်ရာရတဲ့အမျိုးသားဟာ ခွဲစိတ်ကုသမှုခံယူထားပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

    မိုးကောင်းမှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ရွာသွား ၁ ဦးကျည်ထိမှန်

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. စမ်းချောင်းထဲ ရက်ပိုင်းအတွင်း နောက်ထပ်ရပ်ကွက်ရုံးတစ်ရုံး မီးလောင်

    ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ ဗဟိုလမ်းမပေါ်က သံတံတားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၉ ရက် မနက်အစောပိုင်းတုန်းက မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်းနိုင်ခဲ့လို့ မိနစ်အနည်းငယ် အတွင်းမှာပဲ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

    စမ်းချောင်းမှာ ဧပြီလ ၄ ရက်နေ့တုန်းကလည်း ကျွန်းတောလမ်းပေါ်မှာ ရှိတဲ့ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင် ပျက်စီးခဲ့ပါတယ်။

    စမ်းချောင်းထဲ နောက်ထပ်ရပ်ကွက်ရုံးတစ်ရုံး ထပ်လောင်

    ဓာတ်ပုံ ရင်းမြစ်, MPA

  3. ဖားကန့်အခြေစိုက်သတင်းထောက် ဦးနောင်ရိုး သတင်းယူနေစဉ်ဖမ်းဆီးခံရ

    ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက် သတင်းထောက် ဦးနောင်ရိုးဟာ ဒီနေ့မနက် ၉ နာရီခွဲခန့်က မြို့တွင်းဆန္ဒပြမှု မြေပြင်အခြေအနေသတင်းရယူနေတုန်းမှာ စစ်တပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ သိရပါတယ်။

    ဦးနောင်ရိုးဟာ လက်ရှိမှာ Voice Of Myanmar၊ 74 Media၊ Kachin News Group၊ Kachin Wave စတဲ့ သတင်းဌာနတွေကို သတင်းတွေ ရေးသားပေးပို့နေသူဖြစ်ပါတယ်။

    ဖားကန့်အခြေစိုက်သတင်းထောက် ဦးနောင်ရိုး သတင်းယူနေစဉ်ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. ပဲခူးမြို့တွင်း ပစ်ခတ်မှု သေဆုံးသူ ၄ ဦးထက်မနည်းရှိ

    ပဲခူးမြို့ ရွှေမော်တောဘုရားနဲ့ လိပ်ပြာကန်နားမှာရှိတဲ့ ရပ်ကွက် ၃ ခုမှာ ဒီနေ့ ဧပြီလ ၉ ရက်မနက်အစောပိုင်းတည်းက ဖြစ်တဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၄ ဦးထက်မနည်းရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ်တွေက ဆိုရှယ်လစ်၊ မဂ္ဂတစ်နဲ့ ဆံတော်တွင်း ရပ်ကွက်တွေမှာ မြို့ခံလူထုက ပြုလုပ်ထားတဲ့ ခုခံကာကွယ်ရေး အဟန့်အတားတွေရယ်၊ အဲဒီမှာ ကာကွယ်ဖို့ရှိနေတဲ့လူငယ်တွေရယ်ကို မနက် ၅ နာရီလောက်ကတည်းက လာဖြိုဖျက်ရာကနေ ပစ်ခတ်မှုစတင်တယ်လို့ သိရပါတယ်။

    ''မနက် ၅ နာရီခွဲမှာ ခံတပ်လုပ်ထားတဲ့နေရာတွေက ခုခံရေးလုပ်နေတဲ့လူငယ်တွေ အကုန်လုံး နောက်ပြန်ဆုတ်ရတယ်။ အဲဒီမှာ ရပ်ကွက်တွေထဲ အထိ ဝင်ပစ်တာ။ လက်နက်ကြီးနဲ့ထုတဲ့အသံတွေလည်းကြားရတယ်။ ဗီဒီယိုတွေ ရိုက်ထားတာတော့ရှိတယ်။ အင်တာနက်မရတော့ အဆင် မပြေဖြစ်နေတာ။ ခုလမ်းထဲတောင် ထွက်လို့မရဘူး'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီနေ့ ပစ်ခတ်ဖြိုခွင်းမှုမှာ အနည်းဆုံး လူ ၃၀ လောက် ဒဏ်ရာရထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    ဒါ့ပြင် မှော်ကန် ၇ လမ်းနဲ့ ပုဏ္ဏားစု ၂၅ လမ်းတွေထဲကနေ ဖမ်းဆီးခံထားရသူ ၁၀ ဦးကျော်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

    ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်အရောက်မှာ သေဆုံးသူ ၂၀ နီးပါးနဲ့ ဖမ်းဆီးခံထားရသူ ၃၀ ကျော်အထိရှိနေတဲ့သတင်းတွေ တက်လာနေတယ်လို့ မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ပဲခူးနာရီစင်နားမှာ ဒီနေ့မနက်ခင်းကတည်းက ကြိုးဟန့်တားထား

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ပဲခူးနာရီစင်နားမှာ ဒီနေ့မနက်ခင်းကတည်းက ကြိုးဟန့်တားထား
  5. ရတနာပုံကျောင်းသူကျောင်းသားတွေရဲ့ ဒီနေ့ပြောက်ကျားသပိတ်

    ရတနာပုံကျောင်းသူကျောင်းသားတွေရဲ့ ဒီနေ့ပြောက်ကျားသပိတ်

    ဓာတ်ပုံ ရင်းမြစ်, MTK

    စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို မန္တလေးက ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ဒီနေ့ ဧပြီလ ၉ ရက် မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။

    ရတနာပုံကျောင်းသူကျောင်းသားတွေရဲ့ ဒီနေ့ပြောက်ကျားသပိတ်

    ဓာတ်ပုံ ရင်းမြစ်, MTK

    မနော်ဟရီဘက်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးစောင့်တာရှိနေပေမဲ့ ရှောင်ကွင်းပြီး ဆန္ဒပြခဲ့ကြလို့ အောင်အောင်မြင်မြင်နဲ့ ဆန္ဒပြပွဲ ပြီးဆုံးခဲ့တယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ မန္တလေးမှာ ဆန္ဒပြပွဲကို ပုံစံမျိုးစုံနဲ့ နေ့စဉ်နေ့တိုင်းနီးပါး ပြုလုပ်နေကြတာဖြစ်ပါတယ်။

  6. ရန်ကုန်က လူငယ်တွေ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်

    ရန်ကုန်က လူငယ်တွေ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးနေတယ်လို့ စွပ်စွဲပြီး တရုတ်နိုင်ငံဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ထဲက လူငယ်တစုက ဒီနေ့ ဧပြီလ ၉ ရက်မှာ ပြုလုပ်သွားပါတယ်။

    တရုတ်ထုတ် ပစ္စည်းတွေကို မသုံးစွဲဘဲ သပိတ်မှောက်ဖို့ ဆိပ်ကမ်းသာလမ်းမှာ တရုတ်အလံနဲ့သမ္မတပုံတွေကို မီးရှို့တာ၊ စာရွက်စာတမ်းတွေ ကပ်တာတွေကို ပြုလုပ်သွားပါတယ်။

    ရန်ကုန်က လူငယ်တွေ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ စုပေါင်းတောင်းဆို

    အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအရထိန်းသိမ်းခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ ဥရောပသမဂ္ဂအပါအဝင် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက ဒီနေ့ ဧပြီလ ၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်တောင်းဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၉ ရက်တုန်းက နေပြည်တော်မှာ ဆန္ဒပြနေတဲ့ အသက် ၁၉ နှစ်အရွယ်မမြသွဲ့သွဲ့ခိုင် ဘတ်စ်ကားမှတ်တိုင်တစ်ခုနောက်မှာ အကာအကွယ်ယူနေတုန်း ပစ်ခတ်သတ်ဖြတ်ခံရပြီးကတည်းက အခုဆိုရင် မြန်မာနိုင်ငံတဝန်း သတ်ဖြတ်ခံရတဲ့ အရပ်သား ၆၀၀ ကျော်အထိရှိလာပြီဖြစ်ပြီး ကလေးငယ်များလည်းပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ အဓိကထားပြောထားပါတယ်။

    သေဆုံးခဲ့ရသူတွေထဲက အများစုဟာ ခက်ခက်ခဲခဲရထားတဲ့ ဒီမိုကရေစီဆိုင်ရာအခွင့်အရေးတွေနဲ့ လွတ်လပ်မှုအတွက် ဆန္ဒပြရင်း အသတ်ခံခဲ့ရတာဖြစ်ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ဆန္ဒဖော်ထုတ်ရုံနဲ့ အဖမ်းခံနေရတဲ့ လူထောင်ချီ ဒဏ်ရာရတာ ဒါမှမဟုတ် အဖမ်းခံတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    ဒီလူပုဂ္ဂိုလ်တွေရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာကို လေးစားသလို ကျန်ရစ်တဲ့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အတူ ဝမ်းနည်းပူဆွေးရတယ်လို့လည်း သံအမတ်ကြီးတွေက ပြောပါတယ်။

    အားလုံးရဲ့အခွင့်အရေးကိုလေးစားပြီး လွတ်လပ်မျှတတဲ့အပြင် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနည်းကျ မြန်မာနိုင်ငံတော်ဖြစ်လာဖို့ ရည်သန်ကြသူအားလုံးနဲ့ အတူရပ်တည် ထောက်ပံ့မယ်လို့လည်း ဆိုပါတယ်။

    ဒီစာကို ဥရောပသမဂ္ဂအပါအဝင် သြစတေးလျ၊ ကနေဒါ၊ ချက်ခ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ စုပေါင်းတောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, European Union in Myanmar

  8. မြန်မာ ကျောက်မျက်လုပ်ငန်းကို အမေရိကန် ဒဏ်ခတ်အရေးယူ

    မြန်မာအစိုးရပိုင် ကျောက်မျက်ရတနာလုပ်ငန်းတွေအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာနက ဧပြီလ ၈ ရက်နေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

    ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို မျက်ကွယ်ပြုပြီး ဆန္ဒပြသမားတွေအပေါ် လူသေဆုံးနိုင်တဲ့အထိ ပစ်ခတ်ဖြိုခွင်းတာတွေကို ဆက်လက်ကျုးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အခုလို ပစ်မှတ်ထား အရေးယူရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိနီ ဘလင်ကင် ကသတင်းထုတ်ပြန်ပါတယ်။

    မြန်မာကျောက်မျက်ရတနာလုပ်ငန်းက လက်ရှိ နေပြည်တော်မှာ ကမကထလုပ် ကြီးမှူးကျင်းပနေတဲ့ ကျောက်မျက်ပြပွဲမှာ စစ်ခေါင်းဆောင်တွေ ပူးပေါင်းပါဝင်နေတာကြောင့် အခုလို အရေးယူတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်မဖော်ဆောင်မချင်း၊ဆက်သွယ်ရေး ဖြတ်တောက်မှုတွေ၊ စစ်အုပ်ချုပ်ရေးနဲ့ နိုင်ငံတဝန်း အရေးပေါ် အခြေအနေကြေညာထားမှုတွေကို မရုပ်သိမ်းမချင်း၊ တရား ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်မပေးမချင်း၊ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာတွေ မရပ်တန့်မချင်း အာဏာသိမ်းစစ်ကောင်စီအပေါ် အမေရိကန်ဘက်က ဆက်လက်ဖိအားပေးသွားမယ်ဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

    ကျောက်မျက်လုပ်ငန်းဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အဓိက စီးပွားရေး အရင်းအမြစ်တခု ဖြစ်ပြီး လက်ရှိ စစ်အစိုးရလက်အောက်မှာ ရှိနေတဲ့ သဘာ၀ သံယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာနအောက်မှာ လည်ပတ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

    မြန်မာ ကျောက်မျက်လုပ်ငန်းကို အမေရိကန် ဒဏ်ခတ်အရေးယူ

    ဓာတ်ပုံ ရင်းမြစ်, seniorgeneralminaunghlaing.com.mm

  9. အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို

    ရခိုင်၊ ကျောက်ဖြူမှာ ထားရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ဓာတ်ငွေ့စက်ရုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရခိုင်၊ ကျောက်ဖြူမှာ ထားရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ဓာတ်ငွေ့စက်ရုံ

    အာဏာသိမ်းစစ်ကောင်စီကို ပေးအပ်နေတဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ရပ်တန့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး ၁၀ ခုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။

    အဲဒီထဲမှာ တောင်ကိုရီးယားပိုင် စတီးနဲ့စွမ်းအင် ကုမ္ပဏီကြီး POSCO၊ ပြင်သစ် ဟိုတယ်လုပ်ငန်း Accor၊ ဆွီဒင်နည်းပညာကုမ္ပဏီ Ericssoon တို့လည်း ပါဝင်ပါတယ်။

    စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ သံတမန်နည်းလမ်းအရ၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ မလုံလောက်ဘူးလို့လည်း RSF က ထုတ်ပြန်ထားပါတယ်။

  10. ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ချစ်သူနဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီး

    ဗကသ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သလို GSC သပိတ်ကော်မတီအဖွဲ့ဝင်တယောက်လည်း ဖြစ်တဲ့ ကိုကျော်ကိုကိုရဲ့ ချစ်သူ မစုဇာလီရှိန်းနဲ့ တခြားလူငယ် ၂ ယောက်ကို အရပ်ဝတ်နဲ့လူတချို့က ဧပြီလ ၆ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

    “ဇာလီက စေပိုင်ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ဝန်ထမ်းပါ။ သူက စေပိုင်ကုမ္ပဏီရဲ့ sales executive ပါ။ အိမ်ခြံမြေအရောင်းအဝယ်လုပ်ဖို့အတွက် စျေးကွက်ရှာဖို့ခရီးထွက်တာပါ။ သူက အရင်ကလည်း အဲသလို ခရီးထွက်နေကျပါ။ အခုအဲသလို ခရီးထွက်တုန်းလမ်းမှာ အဖမ်းဆီးခံလိုက်ရတာပါ။”လို့ မစုဇာလီရှိန်းရဲ့ မိသားစုနဲ့နီးစပ်သူတယောက်က ဘီဘီစီကို ပြောပါတယ်။

    မစုဇာလီရှိန်းနဲ့အတူ အဖမ်းခံရသူ လူငယ်နှစ်ဦးကတော့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမျိုးမြင့်ထွန်းနဲ့ လီဆူအမျိုးသား ကိုငွားဂျာတို့ ဖြစ်ကြပါတယ်။ ရန်ကုန်ကနေ လွိုင်ကော်သွားတဲ့ ခရီးစဥ်အတွင်းမှာ သူတို့ အားလုံး အဖမ်းဆီးခံခဲ့ရတာပါ။

    ရန်ကုန်ကနေ လွိုင်ကော်သွားတဲ့ ခရီးစဥ်အတွင်းမှာ ညမထွက်ရကာဖျူးအမိန့်ကြောင့် တောင်ငူမှာ တညအိပ်တည်းခိုခဲ့ကြရတယ်လို့ ဆိုပါတယ်။

    “တောင်ငူမှာ တညအိပ်ပြီး နောက်တနေ့မနက်မှာ နေပြည်တော်ကို ဖြတ်တဲ့ ပေါင်းလောင်းလမ်းအတိုင်း ပင်လောင်းကနေ လွိုင်ကော်ကို သွားတာပါ။ နေပြည်တော်ကောင်စီအဝင် သာဝတ္ထိဂိတ်မှာ ခရီးသည်တင်ကားပေါ်တက် စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ကားသမားက ပြန်ပြောပါတယ်။ သူတို့ ၃ ယောက်ကို မှတ်ပုံတွေတွေကြည့်ပြီးတော့မှ စိတ်မရှိပါနဲ့ ခဏနေခဲ့ပါဦးလို့ပြောပြီး ခေါ်သွားတာတဲ့ဗျ။ သူတို့ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ ကားသမားက ပြန်ပြောပါတယ်။”

    သူတို့ဟာ ဘာဒိုယာဥ်လိုင်းနဲ့ ခရီးသွားနေစဥ် လမ်းကဂိတ်မှာ အရပ်ဝတ်၊ ဝတ်ထားသူတွေက ကားပေါ်တက် စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဂိတ်မှာ ရဲနဲ့ စစ်သားတွေရှိပေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကတော့ အရပ်ဝတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

    “သူတို့က ဇာလီကို ကျော်ကိုကို့ဆီ သွားမယ်ထင်လို့ ကျော်ကိုကို ဘယ်မှာရှိသလဲဆိုတာ စစ်ဆေးဖို့ဖမ်းတာ ထင်ပါတယ်။ ဒါပေမဲ့ အခု ၄၈ နာရီကျော်လာပြီ။ ပြန်လည်းလွှတ်မပေးသေးဘူး။ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ မိသားစုကိုလည်း မဆက်သွယ်ဘူးဆိုတော့ သိပ်စိတ်ပူလာလို့ပါ”လို့မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

    မစုဇာလီရှိန်းနဲ့ အတူတူအဖမ်းဆီးခံရသူနှစ်ဦးဟာ မစုဇာလီရှိန်းနဲ့ ပတ်သက်ရင်းနှီးမှု ရှိမရှိကို မိသားစုက မသိဘူးလို့ဆိုပါတယ်။

    “မျိုးမြင့်ထွန်းကတော့ တက္ကသိုလ်ကျောင်းသားလို့ပြောကြတော့ သူတို့ချင်းသိချင်လည်း သိမှာပေါ့။ မပြောတတ်ဘူး။ ကိုငွားဂျာဆိုတာကိုတော့ မကြားဖူးဘူး။”လို့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

    မစုဇာလီရှိန်းရဲ့ချစ်သူ ကိုကျော်ကိုကိုဟာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။

    မတ်လ ၃ ရက်နေ့က တာမွေမြို့နယ် GSC သပိတ်စစ်ကြောင်းကို ရဲနဲ့လုံခြုံရေး အဖွဲ့တွေက ရိုက်နှက်ဖမ်းဆီးစဥ်မှာ ကိုကျော်ကိုကိုဟာ အဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

    ဖမ်းဆီးသူ ရဲတွေက ကိုကျော်ကိုကိုကို နာမည်ရင်း မသိဘဲ ကိုဆန်းထွန်းအောင် အဖြစ်သာ သိထားခဲ့ပါတယ်။ ကိုကျော်ကိုကိုဟာ ကျန်းမာရေးမကောင်းဘူးဆိုလို့ သူနာပြုကားပေါ်မှာ ဖမ်းဆီးထားစဥ် ကျောင်းသားတွေက သူနာပြုကားပေါ်တက်လုကြလို့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

    အဲဒီဖြစ်စဥ်ကို စစ်ကောင်စီအစိုးရက သတင်းထုတ်ပြန်ပြီး ကိုကျော်ကိုကိုကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ကိုကျော်ကိုကိုဟာ အခုအခါ သူ့ရဲ့နေအိမ်မှာ မရှိတဲ့အတွက် တိမ်းရှောင်နေတယ်လို့ ယူဆရပါတယ်။

    မစုဇာလီရှိန်း အလုပ်လုပ်တဲ့ စေပိုင်ကုမ္ပဏီဟာ ဦးမောင်ဝိတ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး ဦးမောင်ဝိတ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ အခုမစုဇာလီရှိန်းကို ဖမ်းဆီးမှုဟာ ဦးမောင်ဝိတ်ကို ဖမ်းဆီးမှုနဲ့ ဆက်စပ်ခြင်းရှိမရှိကိုလည်း မသိရပါဘူး။

    ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ချစ်သူနဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီး

    ဓာတ်ပုံ ရင်းမြစ်, Social Media

  11. နိုင်ငံတကာ သံတမန်အချို့ကို စစ်ကောင်စီရှင်းလင်းပွဲလုပ်

    no tag

    လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေမှုတွေနဲ့ပတ်သက်လို့နိုင်ငံတကာက သံတမန်တွေကို စစ်ကောင်စီဘက်က ရန်ကုန်မြို့မှာ ဖိတ်ခေါပြီးရှင်းလင်းပွဲ ရန်ကုန်မှာပြုလုပ်လုပ်ခဲ့တယ်လို့ စစ်ကောင်စီ ရဲ့ရုပ်သံက ထုတ်ပြန်ကြေညာသွားပါတယ်၊

    အဲ့ဒီ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ရှင်းလင်းပြီး နစကကောင်စီ အကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကလည်း ရှင်းလင်းခဲ့ပါတယ်။

    ရှင်းလင်းပွဲမှာ မဲစာရင်‌းတွေမှားတဲ့အကြောင်းရှင်းလင်းခဲ့သလို ၊ဥပဒေအရရွေးကောက်ပွဲပြုလုပ်ပြီး၊ အာဏာပြန်လွဲမဲ့ကိစ္စတွေပြောခဲ့ကြောင်း နိုင်ငံတစ်ဝန်းတိုက်ခိုက်မှုတွေမှာ သုံးခဲ့တဲ့ဒေသန္တရလက်လုပ်ကိရိယာတွေကိုလည်း ပြသခဲ့တာတွေ့ရပါတယ်။

  12. ယူကေ မြန်မာသံအမတ်ကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်က ထုတ်

    ဦးကျော်စွာမင်း
    ဓာတ်ပုံ ပုံစာ, ဦးကျော်စွာမင်း

    ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ကျုးလွန်တယ်လို့ဆိုကာ ဧပြီလ ၇ ရက်နေ့ကစပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်ပြီလို့ နိုင်ငံပိုင် မီဒီယာကနေ ကြေညာသွားပါတယ်။

    ဦးကျော်စွာမင်းနေရာမှာ သံရုံး ဒုတိယအကြီးအကဲကို သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်တယ်လို့လည်း ဆိုပါတယ်။

    သံအမတ်ကြီး ဦးကျော်စွာမင်းကတော့ မနေ့က စစ်သံမှူး ဦးဆောင်ပြီး သံရုံးကို ထိန်းချုပ်ထားမှုဟာ အာဏာသိမ်းတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောထားပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့၊ မြန်မာပြည်တွင်း အခြေအနေကို သံတမန်နည်းလမ်းအရ အဖြေရှာကြဖို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်တစောင်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး မတ်လ ၄ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်စွာမင်းက ထုတ်ပြန်ခဲ့ပါတယ်။

    ဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၉ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်စွာမင်းကို ပြန်လည်ဆင့်ခေါ်ခဲ့ပါတယ်။

    ဦးကျော်စွာမင်းဟာ ပြန်လည်ခေါ်ယူတဲ့ကာလမှာ ညွှန်ကြားချက်တွေကို မလိုက်နာခြင်း သံရုံးဝန်ထမ်းတွေကို ခြိမ်းခြောက် အကျပ်ကိုင် ဖိအားပေးတာတွေပြုလုပ်ခြင်း ၊သူရဲ့ညွှန်ကြားချက် မလိုက်နာသူတွေကို သံရုံးမှ နှင်ထုတ်ခြင်း နေအိမ်တွေက နှင်ချခြင်း သံရုံး နဲ့ သံရုံးသုံးကားတွေကို ထိန်းချုပ်ထားနိုင်ရန်ကြိုးပမ်းခြင်းစတာတွေ ဥပဒေမဲ့လုပ်ရပ်တွေကျုးလွန်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာပါရှိပါတယ်။

  13. လားရှိုးမြို့ပေါ်မှာ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေကြားရ

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ အခုည ၈နာရီဝန်းကျင် ကပေါက်ကွဲသံအချို့ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဟာလားရှိုးမြို့ မန္တလေးလမ်း အနီးမှာဖြစ်တယ်လို့ ကနဦးသတင်းရရှိပြီး လားရှိုးမြို့ထဲမှာလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ လည်းသူတို့ကပြောပါတယ်။

    အခုပေါက်ကွဲမှုအသံကို လားရှိုးမြို့ပေါ်ရပ်ကွက် ၄ ဘက်က သိသိသာသာကြားရတယ်လို့ ပြောပြီး ဒီသတင်းနဲ့ပတ်သက်ပြီး ထူးခြားမှုတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

    လားရှိုးအဝိုင်းအနီးပစ်ခတ်သံတွေကြားနေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လားရှိုးအဝိုင်းအနီးပစ်ခတ်သံတွေကြားနေရ
  14. ရွှေဘိုနယ်ပလိုင်းရွာသားတဦး ဧပြီ ၇ ရက် စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံး

  15. ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ

  16. ကလေးမြို့မှာ ဧပြီလ ၈ ရက်နေ့ ဆက်ပြီး ဆန္ဒပြ

    ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၉ ဦး အထိရှိလာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၉ ဦး အထိရှိလာ
    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဧပြီလ ၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှုတွေကြောင့်လူ ၁၂ ဦးအထိသေဆုံးခဲ့တဲ့စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဧပြီလ ၈ ရက်နေ့က ဆန္ဒပြပွဲတွေ ဆက်ရှိနေခဲ့တယ်လို့ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ကလေးမြို့မှာ ဧပြီလ ၇ ရက်နေ့့မနက် ၅ နာရီဝန်းကျင်မှာ တာဟန်းခံတပ်ကို စစ်ကောင်စီ တပ်တွေက ရှေ့နောက် နှစ်ဖက်ပိတ် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် သေဆုံးသူ ၁၂ ဦး ထိရှိခဲ့ပါတယ်။

    ဧပြီလ ၇ ရက်နေ့အထိ ကလေးမြို့မှာ သေဆုံးသူ၂၉ဦး ထိရှိခဲ့ပြီး ဖြစ်ပြီး စစ်ကိုင်တိုင်းမှာ သေဆုံးသူ အရေအတွက် များဆုံးမြို့နယ် အဖြစ် လာခဲ့ပါတယ်။

    ကလေးမြို့ ဧပြီ ၇ နံနက်အစောပိုင်း စစ်ကောင်စီ တပ်ဖွဲ့၀င်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အချို့ နာရေး အခမ်းအနားတွေကိုဧပြီ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး လူတွေရာပေါင်းများစွာလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်

  17. မြစ်ကြီးနားသပိတ်က သေဆုံးသူ ၂ ဦး တစ်လပြည့်အောက်မေ့သပိတ်

    ပြီးခဲ့တဲ့ မတ်လ ၈ ရက်က မြစ်ကြီးနားမြို့နယ်၊ အောင်နန်းအရပ်မှာ စစ်အာဏာသိမ်းဆန့်ကျင်သပိတ်ကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ပစ်ခတ်ဖြိုခွင်းစဉ်ဦးခေါင်းကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့သူ ၂ ဦးရဲ့ တစ်လပြည့်အောက်မေ့ဘွယ် သပိတ်ကို ဒီနေ့ ဧပြီ ၈ ရက်မှာ မြစ်ကြီးနား၊ ဒူကထောင်ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။

    ပင်မသပိတ်စစ်ကြောင်းမှလူငယ်တွေ ၊ တက္ကသိုလ်ကျောင်းသာများသမဂ္ဂလူငယ်တွေဟာ အင်္ကျီအနက်ဝတ်ဆင်ပြီး သေဆုံးသူတွေရဲ့ပုံတွေ ကိုင် ဆောင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

    မြစ်ကြီးနားမှာ စစ်ကောင်စီပစ်ခတ်မှုကြောင်း အထက်ပါနှစ်ဦးနဲ့ ကိုမျိုးမင်းသူတို့အပါအဝင် ၃ ဦးရှိပြီး ကချင်ပြည်နယ်အတွင်း မိုးညှင်း ၊ ဗန်းမော် ဟိုပင် ဖားကန့် စတဲ့ မြို့တွေမှာလည်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေ ရှိခဲ့ပါတယ်။

    Myint Kye Na

    ဓာတ်ပုံ ရင်းမြစ်, CJ

    Myint Kyee Na

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. စစ်ကိုင်းက အလုပ်သမားခေါင်းဆောင်အချို့ အဖမ်းခံရ

    စစ်ကိုင်းရွာထောင် မြန်မာမီးရထား သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းရွာထောင် မြန်မာမီးရထား သပိတ်

    စစ်ကိုင်းမြို့မှာ ဒီနေ့မနက်ပိုင်း ဧပြီလ ၈ ရက်က ဒီဇယ်စက်ခေါင်းစက်ရုံ အလုပ်သမားခေါင်းဆောင် အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူ ကိုမိုးသူကို သူနေထိုင်တဲ့ ဇေယျာကွက်သစ် အိမ်မှာ ၀င်ဖမ်းသွားပြီး သူဟာ ၅၀၅ (က) နဲ့ အမှု့ဖွင့်ခံထားရတယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

    ဒါ့အပြင် စစ်ကိုင်းမြို့ နှစ် ၇၀၀ကွင်းထဲက ပရဟိတ လူမှုကူညီရေး အသင်းကိုလဲ စစ်ကောင်စီက ဧပြီ ၆ ရက်ညပိုင်းမှာ ရှာဖွေရေးပြုလုပ်ပြီး SERT ဥက္ကဋ္ဌ နဲ့ အသင်းသားတချို့ကို ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်။

    လူတွေကို ဖမ်းဆီးမမိလို့ အသင်းရဲ့ ဖုန်းတွေ၊ဝိုင်ဖိုင်စက်တွေ၊‌‌ငွေသားအချို့နဲ့ကယ်ဆယ်ရေးပစွည်းအချို့ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်တွေ့သူကပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပရဟိတ လူမှုကူညီရေး အသင်းပိုင် ပစ္စည်းနဲ့ ‌ငွေအချို့ သိမ်းယူခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

  19. ယူကေ မြန်မာသံအမတ် CRPH နဲ့ အတူ လက်တွဲ မယ်လို့ကြေညာ

    လန်ဒန်မြန်မာ သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ
    ဓာတ်ပုံ ပုံစာ, လန်ဒန်မြန်မာ သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ
    လန်ဒန်မြန်မာ သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ သံအမတ်ကြီးကိုယ်စားရှင်းလင်းနေစဉ်
    ဓာတ်ပုံ ပုံစာ, လန်ဒန်မြန်မာ သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ သံအမတ်ကြီးကိုယ်စားရှင်းလင်းနေစဉ်

    ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဟာ CRPH နဲ့ အတူ လက်တွဲ လုပ်ဆောင်သွားမယ်လို့ မြန်မာအသိုင်းအဝိုင်းက ပြောကြပါတယ်။

    သူ့အနေနဲ့ CRPH တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီး အတူ လက်တွဲဖို့ သဘောတူခဲ့ပြီးပြီလို့လည်း ယူကေရောက် CRPH ထောက်ခံသူ မြန်မာတွေက ပြောပါတယ်။

    CRPH နဲ့ ပူးပေါင်းမယ့် ကိစ္စကို သံအမတ် ဦးကျော်စွာမင်း ကိုယ်တိုင် ထုတ်ဖော်ပြောကြားတာ မဟုတ်ဘဲ ပူးပေါင်း ကြေညာချက် ဆိုပြီး ယူကေ မြန်မာအသိုင်းအဝိုင်းက ဦးဆောင်သူ ကိုမင်းဟိန်းက ဖတ်ပြခဲ့ပါတယ်။

    မနေ့က ဧပြီလ ၇ရက်နေ့မှာ မြန်မာသံအမတ်ဦးကျော်စွာမင်း သံရုံးအပြင်ရောက်နေချိန်မှာ စစ်သံမှူးဦးဆောင်ပြီး မြန်မာသံရုံးကို ဝင်ရောက် ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်မှာ စစ်ကောင်စီ ဘက်က သံမှူးကြီး ဒေါက်တာ ချစ်ဝင်း ကို သံရုံးတာဝန်ခံ အဖြစ် ခန့်အပ်ကြောင်း ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

    မြန်မာသံအမတ် ဦးကျော်စွာမင်းက ဒီလုပ်ရပ်ဟာ သံရုံးကို အာဏာသိမ်းတဲ့ လုပ်ရပ် ဖြစ်ပြီး ယူကေလို နိုင်ငံမျိုးမှာ မဖြစ်သင့်ဘူးလို့ ညပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ် က မြန်မာ သံအမတ် ဦးကျော်စွာမင်းရဲ့ ရဲဝံ့တဲ့ လုပ်ရပ်ကို ထောက်ခံခဲ့ပြီး မြန်မာသံရုံးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြစ်တင် ရှုတ်ချကြောင်း လူမှုကွန်ရက် တွစ်တာမှာ အစောပိုင်းမှာ ရေးသား ပြောဆို ခဲ့ပါတယ်။

    ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူကတော့ မြန်မာ သံအမတ် တာဝန်က ရပ်နားတဲ့ အကြောင်းကြားစာကို လက်ခံ ရရှိခဲ့ပြီး ဖြစ်ကြောင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံမယ်လို့ ပြောကြား ပါတယ်။

  20. လှိုင်သာယာမှာ စက်ရုံမီးလောင်မှုဖြစ်

    ဧပြီလ ၇ ရက်နေ့ လှိုင်သာယာ စက်မှုဇုံ ၂ မှာမီးလောင်မှုဖြစ်ပွားစဉ်

    ဓာတ်ပုံ ရင်းမြစ်, မီးသတ်ဦးစီးဌာန

    ဓာတ်ပုံ ပုံစာ, ဧပြီလ ၇ ရက်နေ့ လှိုင်သာယာ စက်မှုဇုံ ၂ မှာမီးလောင်မှုဖြစ်ပွားစဉ်

    ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ လှိုင်သာယာမြို့နယ်မှာ ဧပြီလ ၈ ရက်ဒီနေ့ နဲ့ ဧပြီလ ၇ ရက်နေ့ တို့မှာစက်ရုံမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ဧပြီလ ၈ ရက်ဒီနေ့မနက် ၁၁ နာရီ ၅၀ ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျုံစုကျေးရွာ၊ မွေးမြူရေးစက်မှုဇုန်၊ ရွှေယဉ်အေးကျောင်းလမ်းက ဖိနပ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    မီး‌လောင်မှုကို နေ့လယ် ၁၂ နာရီကျော်ခန့်မှာထိန်းနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

    ဧပြီလ ၇ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းနဲ့ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းထောင့်က JOC Galaxy (Myanmar) Apparel Co.,Ltd အထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်၊

    အခုရက်ပိုင်းမီးလောင်မှုဖြစ်တဲ့ စက်ရုံတွေမှာ မီးလောင်ရတဲ့ အကြောင်းအရင်းတွေကို မီးသတ်ဦးစီးဌာန က မထုတ်ပြန်ခဲ့ပေမဲ့စစ်အုပ်ချုပ်ရေး စပြီးထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက လှိုင်သာယာမှာစက်ရုံတွေမီးရှို့ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။