အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်းမှာ အယောက် ၈၀ ကျော်ကို ပုဒ်မ ၅၀၅ က နဲ့ ဝရမ်းထုတ်ထား

    စစ်ကိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ဝရမ်းထုတ်ခံရသူ ၈၆ ဦး ရှိကြောင်း ဒေသခံတွေကပြောပါတယ်။ အဲဒီထဲမှာ ဒေသခံ ဓာတ်ပုံဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

    လက်ရှိစစ်ကိုင်းမြို့မှာ ချင်းစု ၊ ငါးထပ်ကြီး၊ အသင်္ခရာစောယွန်း အဝိုင်းပတ်အနီးတို့မှာ စစ်တပ်နဲ့ ရဲအဖွဲ့က နေရာယူထားပါတယ်။

    ဒီနေ့ ဧပြီ ၇ ရက်မှာတော့ စစ်ကိုင်းဒေသခံအချို့ဟာ ရွှေမင်းဝံနဲ့ ကျေးရွာတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာတွေကို အရုဏ်လူမဲ့သပိတ်အပါဝင် စစ်ကြောင်းသပိတ်ချီ ပြုလုပ်ကြတာ‌တွေပါရှိနေပါတယ်။

    စစ်ကိုင်းမြို့မှာ စစ်ကောင်စီက ပစ်ခတ်လို့ ကျည်မှန်သေဆုံးသူ ၃ဦး ရှိထားပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဝရမ်းထုတ်ခံရသူတွေရှိပေမယ့် အရုဏ်လူမဲ့သပိတ်အပါဝင်လမ်းလျှောက်ချီတက်သပိတ်တွေလည်း ရှိနေ
    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဝရမ်းထုတ်ခံရသူတွေရှိပေမယ့် အရုဏ်လူမဲ့သပိတ်အပါဝင်လမ်းလျှောက်ချီတက်သပိတ်တွေလည်း ရှိနေ
  2. စမ်းချောင်းထွေအုပ်ရုံးအနီးပေါက်ကွဲမှုဖြစ်

    ရန်ကုန် ၊ စမ်းချောင်း ဗားကရာလမ်းပေါ်က စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဒီနေ့ ဧပြီ ၇ ရက် မနက် ၁၁ နာရီကျော်လောက်က ပေါက်ကွဲမှုပုံစံမျိုး ဖြစ်ခဲ့တယ်လို့ ထွေအုပ်ရုံးအနီးနေထိုင်သူတွေကပြောပါတယ်။

    "ပေါက်ကွဲသံလိုကြားတယ်။ အငွေ့တွေတွေ့တယ်။ အသံဗုံးလိုအသံပဲ။ တော်တော်ကျယ်တယ်၊ ဘာပေါက်တာလဲတော့ သေချာမသိဘူး" လို့ အဲဒီရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ အဲဒီရုံးအနီးတဝိုက်စစ်ကောင်စီရဲ့တပ်ဖွဲ့တွေ လုံခြုံရေးယူထားပြီး စစ်ဆေးနေတဲ့ပုံစံရှိတယ်လို့မျက်မြင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစမ်းချောင်းမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမီးလောင်ခဲ့ပါသေးတယ်။

  3. ဘလော့ဂါ ဝင်းမင်းသန်း ဖမ်းဆီးခံရမှုအပေါ် ဟိုတယ်ဘက်က ရှင်းလင်း

    နာမည်ကြီး အလှအပရေးရာဘလော့ဂါ ဝင်းမင်းသန်း မနေ့ ဧပြီ ၆ ရက် ညပိုင်းက တောင်ကြီးမြို့က ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်လို့ ဟိုတယ်ဘက်က ရှင်းလင်းချက်ထုတ်ပြန်လာပါတယ်။

    ဝင်းမင်းသန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲပြီးဝရမ်းထုတ်ပြန်ကြောင်း မနေ့ညနေပိုင်းက မြန်မာ့အသံနဲ့ မြဝတီတို့ကကြေညာခဲ့အပြီး နာရီပိုင်းအကြာ ည ၈ နာရီမှာ တောင်ကြီးက BH ဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

    ဒါကြောင့် ဟိုတယ်ကို ဝေဖန်ပြစ်တင်ပြောဆိုတာတွေလူမှုကွန်ရက်မှာ ကျယ်လောင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အဲဒီဟိုတယ်က သူတို့လူမှုကွန်ရက်ကနေ ခုလို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဟိုတယ်အနေနဲ့ ဧည့်သည်ရဲ့ လုံခြုံရေးကိုအလေးထားပြီး ဝန်ထမ်းတွေကလည်း ဧည့်သည်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကိုအလေးထားကာကွယ်ကြောင်း၊ မဝင်းမင်းသန်းကို လာရောက်ဖမ်းဆီးမယ်ဆိုတာကို ကြိုမသိခဲ့ဘဲ ရဲတွေရောက်လာမှ ဖမ်းဝရမ်းထုတ်ထားသူဖြစ်ကြောင်း သိရတယ်လို့ ရေးသားထားပါတယ်။

    ည ၈ နာရီမထိုးခင်မှာ ရဲနဲ့ စစ်သား အယောက် ၃၀ လောက် ရုတ်တရက် ဟိုတယ်ကိုရောက်လာပြီး ပိတ်ဆို့လိုက်ကာ ဝန်ထမ်းတွေကို စုပြီး ဒူးထောက်ထိုင်ခိုင်းကြောင်း၊ ဖုန်းတွေကိုလည်းသိမ်းထားကြောင်းနဲ့ ဧည့်သည်နာမည်နဲ့ အခန်းနံပါတ်ကိုမေးကာ အခန်းကိုလိုက်ပြခိုင်းပြီးနောက် မဝင်းမင်းသန်းကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။

    ဧည်သည့်ကို ဘယ်လိုမှမကာကွယ်ပေးနိုင်တဲ့အပေါ်လည်း စိတ်မကောင်းဖြစ်ရကြောင်း ဝမ်းနည်းစွာအသိပေးလိုကြောင်းလည်း ဆိုပါတယ်။

    ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ လှုံ့ဆော်နေတာအပါအဝင် နိုင်ငံကိုမတည်ငြိမ်အောင် လူမှုကွန်ရက်သုံးပြီး ဆူပူလှုံ့ဆော်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ social influencers တွေ၊ သတင်းမီဒီယာက ပုဂ္ဂိုလ်တွေအပါအဝင် ထင်ရှားကျော်ကြားသူတွေ အယောက် ၁၀၀ ကျော်ကို ပုဒ်မ ၅၀၅ က နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

    အဲဒီထဲက သရုပ်ဆောင်လူမင်း၊ ရဲတိုက်နဲ့ ဘလော့ဂါ ဝင်းမင်းသန်းတို့ ဖမ်းဆီးခံထားရပြီး သတင်းအယ်ဒီတာ ကိုဇင်သော်နိုင်လည်း ဖမ်းဆီးခံထားရပါတယ်။

    လူရွှင်တော် ဇာဂနာကတော့ အဲဒီလိုဝရမ်းထုတ်ထားတဲ့စာရင်းမှာမပါပေမယ့် မနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံထားရပြီးဘာကြောင့်ဖမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

    Social Influencer-Win Min Than

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မဝင်းမင်းသန်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။
  4. ကလေးမြို့တာဟန်းခံတပ်ဖြိုခွဲခံရမှု သေဆုံးသူ ၇ ဦးထက်မနည်းရှိလာ

    ဒီနေ့မနက်အရုဏ်တက်ချိန် ကလေးမြို့ တာဟန်းခံတပ်ဖြိုခွဲခံရမှုမှာ သေဆုံးသူ ၇ ဦးထက်မနည်း ရှိသွားပြီလို့ ဒေသခံတွေက ဘီဘီစီကို သတင်းအချက်အလက်တွေပေးပို့လာပါတယ်။

    သေဆုံးသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အလောင်းအများစုကို စစ်တပ် က ယူသွားတာတွေရှိတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

    ကလေးမြို့မှာ ဒီနေ့မနက် ၄ နာရီကျော် လောက်ကတည်းက ရဲနဲ့စစ်တပ်ပေါင်းပြီး ကလေးမြို့ တာဟန်းနဲ့ ဗိုလ်ချုပ်လမ်းတစ်လျှောက်ရပ်ကွက်တွေက ခံတပ်တွေကို အင်အားသုံးပစ်ခတ်ဖြိုခွဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    '' ကျွန်တော်တို့ ကလေးမြို့မှာ က ခံတပ်များတော့ သူတို့စိုးရိမ်တယ်။ နောက်တစ်ခုက လက်နက်တွေဘာတွေလည်း ဒီဘက်က ရှိကြတော့ သူတို့တပ်တွေကို တခုခုလုပ်မှာစိုးရိမ်တာလည်းပါမယ်ဗျ။ မနက် ၂ နာရီအထိ ကျွန်တော်တို့လည်း ခံတပ်တွေမှာ ကင်းစောင့်နေတာပါ။ ဒါပေမဲ့ မနက် ၅ နာရီလောက်ဆိုတော့ သူတို့မလာလောက်ဘူးထင်ပြီး အိပ်ပျော်ကြတဲ့ အချိန် အလစ်ဝင်တိုက်ခံရသလိုဖြစ်တာ'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မနက် ၁၁ နာရီကျော်အထိဒေသခံတွေရဲ့သတင်း ပေးပို့ချက်အရဆိုရင် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေဆဲဖြစ်ပါတယ်။

    ဒဏ်ရာရသူတွေကို ပရဟိတအဖွဲ့တွေနဲ့ အရပ်ဖက်ကျန်းမာရေးဝန်ထမ်းတွေက နည်းလမ်းပေါင်းစုံနဲ့ ကုသပေးနိုင်အောင် ကြိုးစားကုသပေးနေပြီး ဒဏ်ရာပြင်းထန်သူတွေကို ကလေးမြို့စစ်ဆေးရုံကို ကုသဖို့ လွှဲရတာတွေလည်းရှိတယ်လို့ ပရဟိတအဖွဲ့ ကမြို့ခံတစ်ဦးကပြောပါတယ်။

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ဒဏ်ရာပြင်းထန်သူတစ်ဦးရဲ့သွေးစွန်းနေတဲ့လက်ပတ်တစ်ခုကိုတွေ့ရတာဖြစ်ပါတယ်။
  5. ကလေးမြို့ တာဟန်းခံတပ် ဝင်ရောက်စီးနင်းခံရ၊ သုံးဦးသေဆုံး၊ ခံတပ်ကျ

    ဒီနေ့ ဧပြီ ၇ ရက် မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ကျော်ဟာ ကလေးမြို့၊ တာဟန်းခံတပ်ကို အရှေ့၊အနောက် နှစ်ဖက်ပိတ်ကာ ပစ်ခတ်ခဲ့ပါတယ်။

    ဒါ့အပြင် လမ်းသွယ်တွေထဲကိုပါ ဝင်ရောက်ပြီး ကလေးမြို့ကနေ အခြားမြို့တွေဆီ ကူးနိုင်တဲ့ လမ်းတွေကိုပါ ပိတ်ဆို့နေရာဖြန့်ယူထားခဲ့တယ်လို့ ဆိုပါတယ်။

    ဒီလို ပစ်ခတ်မှုကြောင့် လူ (၃)ဦးသေဆုံးပြီး ဒဏ်ရာရသူဦးရေတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    "ညတည်းက လာတိုက်မလို့နဲ့ မနက်အစောမှ ဝင်လာတာ။ အင်အားများတယ်။ လက်နက်ကြီးတွေတော်တော်သုံးတယ်။ အစက ပြန်ပစ်ကြသေးတယ်။ နောက်တအားပစ်တော့ ပြေးနေရတာနဲ့ ဘာလက်နက်တွေလည်းတောင် မသိတော့ဘူး။ ရှေ့ရက်တွေထဲက စက်လေယာဉ်တွေ ကလေးမြို့ကို လာ လာနေတာ၊ လက်နက်တွေလာပို့တာထင်တယ်" လို့ အဲ့ဒီခံတပ်မှာ ရှိနေခဲ့သူ လူငယ်တဦးကပြောပါတယ်။

    လက်ရှိ မနက် ၁၀နာရီကျော်အထိ စစ်ကောင်စီဘက်ကပစ်ခတ်နေဆဲဖြစ်ပြီး တာဟန်းခံတပ်မှာတော့ ပြည်သူတွေ မရှိတော့ဘူးလို့ သိရပါတယ်။

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. CRPH ရှေ့နေအဖွဲ့နဲ့ ကုလစုံစမ်းရေး ယန္တရား IIMM တို့ ဆွေးနွေးမယ်

  7. ဖယ်ဒရယ်တပ်မတော်အလားအလာ ။ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ မေးမြန်းခန်း

  8. မြန်မာအရေး ပိုဆိုးအောင် ပြင်ပအင်အားစုတွေ မလုပ်ဖို့ တရုတ်ပြော

    မြန်မာနိုင်ငံအရေးမှာ ရှောင်ရန်၊ ဆောင်ရန် အချက်တွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ သဘောထားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မလျော်မကန် ကြားဝင် ဆောင်ရွက်တာကိုရှောင်ရှားဖို့နဲ့ ပြည်ပက ဝင်ရောက်စွက်ဖက်တာကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတချို့ကို ပြောခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန် ဖြေကြားစဉ်မှာ သူက အခုလို ပြောသွားခဲ့တာပါ။

    မြန်မာ့အရေးမှာ ရှောင်ကျဉ်ရမယ့် အချက် ၃ ချက်ထဲမှာ

    -ပထမ တစ်ချက်က နောက်ထပ် သွေးချောင်းစီးမှုတွေ၊ ပဋိပက္ခတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ မဖြစ်အောင် ရှောင်ရှားဖို့နဲ့ ထိန်းမနိုင် သိမ်းမရ အခြေအနေတွေ ဖြစ်မလာအောင် တားဆီးဖို့

    -ဒုတိယ တစ်ချက်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်လာစေပြီး နောက်ထပ် အခြေအနေတွေ ရှုပ်ထွေးလာစေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မလျော်မကန် ဝင်ရောက် စွက်ဖက်တာမျိုးကို ရှောင်ရှားဖို့

    -တတိယ တစ်ချက်က ကိုယ့်အကျိုးအတွက် ပြင်ပ အင်အားစုတချို့က မြန်မာနိုင်ငံတွင်း ပြဿနာတွေ ပိုကြီးထွားလာအောင် မီးလောင်ရာ လေပင့် လုပ်တာမျိုးကို ရှောင်ရှားဖို့ ဆိုတဲ့အချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆောင်ရန် အချက် ၃ ချက်ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အရေးမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ ဆက်ဆံပြောဆို၊ ညှိနှိုင်း ဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်လာရေး ကြိုးပမ်းမှုတွေကို အာဆီယံနဲ့အတူ တိုးမြှင့် လုပ်ဆောင်သွားဖို့၊ မြန်မာနိုင်ငံမှာ အခြေအနေတွေ အမြန်ဆုံး တည်ငြိမ်သွားအောင် အားသွန် ကြိုးပမ်းဆောင်ရွက်သွားဖို့ ဆိုတဲ့ အချက် ၃ ချက် ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောင်လီကျန်းက ပြောသွားခဲ့ပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာမျိုး မရှိတဲ့ တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီဘက်က ပါတယ် ဆိုပြီး မြန်မာနိုင်ငံတွင်းမှာတော့ တရုတ် ဆန့်ကျင်တဲ့စိတ်တွေ ကြီးထွားလာနေတာ တွေ့ရပါတယ်။

    တရုတ်၊ အာဏာသိမ်း စစ်တပ်၊ အာဆီယံ

    ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs of the People's Republic of China

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောင်လီကျန်း
  9. တောင်ကိုရီးယား လွှတ်တော်အမတ်တွေပါမယ့် မြန်မာ့အရေး တွေ့ဆုံပွဲ

    မြန်မာနိုင်ငံအတွင်းက လတ်တလော အခြေအနေတွေကို တောင်ကိုရီးယားနိုင်ငံအတွင်းက ပြည်သူလူထုတွေ ပိုမို သိလာနိုင်စေဖို့ ရည်ရွယ်ပြီး တောင်ကိုရီးယားရောက် မြန်မာကျောင်းသားများ အဖွဲ့နဲ့ ဂယောင်းဂီပြည်နယ် လွှတ်တော်တို့ ပူးပေါင်းပြီး သရုပ်ပြနဲ့ တွေ့ဆုံပွဲ တစ်ခု ကျင်းပဖို့စီစဉ်ထားပါတယ်။

    အဲဒီပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့ တောင်ကိုရီးယား စံတော်ချိန် နေ့လယ် ၂ နာရီကနေ ၃ နာရီခွဲအထိ (မြန်မာ စံတော်ချိန် - နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီအထိ) ဂယောင်းဂီပြည်နယ် လွှတ်တော်ချုပ် အဆောက်အအုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲကို ဂယောင်းဂီ ပြည်နယ် လွှတ်တော်က ကူညီစီစဉ် ကျင်းပပေးတာလည်း ဖြစ်ပါတယ်။

    အဲဒီပွဲ​မှာ ဂယောင်းဂီပြည်နယ် လွှတ်တော် အမတ်ချုပ် အပါအဝင် အခြား လွှတ်တော် အမတ်တွေလည်း တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် သူတို့နဲ့ တွေ့ဆုံပြီးမြန်မာ့အရေးအတွက် တိုက်ရိုက်တောင်းဆိုပေးနိုင်အောင် စီစဉ်ထားတယ်လို့ ပွဲစီစဉ်သူ ကိုဇင်မင်းပိုင်က ပြောပါတယ်။ အထူးသဖြင့် ဂယောင်းဂီပြည်နယ် လွှတ်တော် အနေနဲ့ မြန်မာ့အရေးကို လက်တွေ့ကျကျ ချက်ချင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မယ့် အရာတွေကို တောင်းဆိုသွားဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

    ပွဲကျင်းပပုံတွေကို ဂယောင်းဂီပြည်နယ် လွှတ်တော် ရဲ့ Youtube စာမျက်နှာကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒီတောင်ကိုရီးယားရောက် မြန်မာကျောင်းသားများ အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း Gyeonggi Art Centre မှာ မြန်မာ့နွေဦးတော်လှန်ရေးပွဲ ဆိုပြီး ကျင်းပခဲ့ရာမှာ ပြည်ပက မြန်မာ့အရေး လှုပ်ရှားမှု တစ်ခုအနေနဲ့ အင်တာနက်ပေါ်မှာ လူသိများခဲ့ပါတယ်။

    တောင်ကိုရီးယား လွှတ်တော်အမတ်တွေပါမယ့် မြန်မာ့အရေး တွေ့ဆုံပွဲ

    ဓာတ်ပုံ ရင်းမြစ်, Zin Min Paing

  10. မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးတွေကို အီးယူထပ်ပိတ်ဆို့မယ်

    မြန်မာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥရောပသမဂ္ဂတစ်ခုလုံးအနေနဲ့ အရေးယူပိတ်ဆို့သွားဖို့ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောပါတယ်။

    မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီးယူ ၂၇ နိုင်ငံလုံးအနေနဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုးသွားဖို့ ရှိပါတယ်။ အဲဒီလို လုပ်ဆောင်မှုကြောင့် အရေးယူမှုတွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီး ယွန်ယီးဗ် လဗ်ဒီရီယန်းက လွှတ်တော်အမတ်တွေကို ပြောပါတယ်။

    ဝန်ကြီး ယွန်ယီးဗ် လဗ်ဒီရီယန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  11. မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် စိုးရိမ်နေရဆဲလို့ ကုလပြော

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားနေတာကြောင့် စိုးရိမ်နေရဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းအတွင်းမှာ နောက်ထပ် လူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ် ဆိုတာကို နိုင်ငံတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပြကြတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဧပြီလ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကနေ ရရှိထားတဲ့ ယုံကြည်ရတဲ့ သတင်းပေးပို့ချက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာရယူခဲ့ချိန်ကစလို့ ဒီကနေ့အထိကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၅၆၈ ဦး သတ်ဖြတ်ခံထားရပြီး ဖြစ်ကြောင်းနဲ့ ဒီကိန်းဂဏန်းက သိသိသာသာ မြင့်တက်လာနိုင်ကြောင်း အဲဒီရုံးက သတိပေးထားတယ်လို့လည်း ဆိုပါတယ်။

    ကုလသမဂ္ဂ၊ စစ်အာဏာသိမ်း၊

    ဓာတ်ပုံ ရင်းမြစ်, UNITED NATIONS

  12. အာဏာသိမ်းရက်ပေါင်း ၆၀ ကျော်အတွင်း နိုင်ငံတဝန်း ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၅၇၀ ‌ထိရှိလာ

  13. မြန်မာမှာ သဘာဝဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်လို့ PTT ထိုင်းကုမ္ပဏီ တင်ဒါခေါ်

    မြန်မာနိုင်ငံတွင်းက သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး လုပ်ကွက်တွေမှာ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နေတာတွေကို ယာယီရပ်ဆိုင်းခဲ့အပြီးမှာ PTT ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံတွင်း နွေရာသီကာလ သဘာဝဓာတ်ငွေ့ လိုအပ်လာမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ရည် မှာယူ တင်သွင်းနိုင်ရေး ကြိုးစားနေတယ်လို့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း ၂ ခုက အင်္ဂါနေ့က ထုတ်ဖော်ပြောပါတယ်။

    ထိုင်းနိုင်ငံထဲကို လာမယ့် မေလ ၇ ရက်ကနေ ၁၅ ရက်အတွင်း သဘာဝဓာတ်ငွေ့ရည် တင်သွင်းရမှာ ဖြစ်ပြီး အဲဒီအတွက် တင်ဒါ ကို ဧပြီလ ၇ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

    မလေးရှားက စွမ်းအင် ကုမ္ပဏီ တခုဖြစ်တဲ့ ပက်ထရိုးနပ်စ် ကုမ္ပဏီကလည်း ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက်တွေမှာ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု အလွန်အမင်း ကျဆင်းလာနေတာကြောင့် ထုတ်လုပ်မှုတွေ ယာယီရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။

    အဲဒီ ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက်ဟာ ကပ္ပလီပင်လယ်ပြင်မှာ ရှိပြီး ထိုင်းကို သဘာဝဓာတ်ငွေ့ တင်ပို့နေတဲ့ အဓိကလုပ်ကွက် ၃ ခုထဲက ၁ ခု ဖြစ်ပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေကတော့ ရတနာနဲ့ ဇောတိက တို့ ဖြစ်ပါတယ်။

    ရဲတံခွန်လုပ်ကွက်က တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့ ပမာဏက သိပ်မများလှပေမယ့်အခုလို ရပ်ဆိုင်းလိုက်တဲ့ အတွက် ထိုင်းနိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် ပိုမြင့်တက်လာနေပါတယ်။ အထူးသဖြင့်အပူချိန် အမြင့်ဆုံး နွေရာသီကာလတွေအတွက် လိုအပ်နေတာကြောင့် အခုလို သဘာဝ ဓာတ်ငွေ့ တင်သွင်းဖို့တွေ လုပ်လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာ၊ ထိုင်း၊ ရဲတံခွန်၊ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု

    ဓာတ်ပုံ ရင်းမြစ်, PTT

  14. မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဘာထူးနိုင်သလဲ

  15. ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး

    ပင်လည်ဘူးမြို့မှာ ဧပြီလ၅ရက်နေ့က ဆန္ဒပြသူတွေကို ရဲကဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့နဲ့ တူမီးသေနတ်ကိုင် အရပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

    ဧပြီလ ၅ ရက် တရက်လုံး ည၈နာရီခွဲအချိန်လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အရပ်သား၃ဦး ကျဆုံးခဲ့ပါတယ်။

    ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စာရင်းစစ်ရုံးဟောင်း၊ ဥပဒေရုံးဟောင်း၊ တရားရုံးဟောင်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

    ဧပြီလ ၆ ရက် မနက်၄နာရီအချိန်မှာ ရဲစခန်းကို ထပ်မံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီအချိန်မှာ တိုက်ပွဲ ပြီးဆုံးပါတယ်။

    ဧပြီလ ၆ ရက် ညနေပိုင်းမှာတော့ ရဲအဖွဲ့ကို စစ်ကူပေးဖို့ စစ်ကား ၈ စီးနဲ့ရိုးရိုးကား ၂ စီး ကောလင်းဘက်ကနေ လာနေပါတယ်။ လမ်းတလျှောက်လုံးမှာ လမ်းဘေးတလျှောက်က ရွာတွေ အားလုံးက သစ်ပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ဆို့ထားကြတဲ့အတွက် တဖြည်းဖြည်းချင်းသာရှေ့တိုးလာနိုင်ပါတယ်။

    အခုအခါမှာ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်လာမှာကို ကြောက်လန့်စိုးရိမ်တဲ့အတွက် မြို့နေ လူအများအပြားဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာရွာတွေဆီရွှေ့ပြောင်းနေကြပါတယ်။

    ပင်လည်ဘူးမြို့ကနေ ကားတွေ ဆိုင်ကယ်တွေ တန်းစီထွက်ခွာပြီးအလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး

    ဓာတ်ပုံ ရင်းမြစ်, NAING ZIN LAT

  16. ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် ၄ ဦးကို ရုံးထုတ်

    အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနက ကိုပြည့်ဖြိုးဇော်၊ 7 Day သတင်းဌာနက ကိုအောင်ရဲကိုနဲ့ အလွတ်တန်း သတင်းထောက် ကိုဗညားဦး တို့ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

    ဖမ်းဆီးခံထားရသူတွေကို အာမခံပေးဖို့ လျှောက်လဲချက် ပေးခဲ့ပြီး မကြာခင်မှာ ပြန်လွတ်လာနိုင်တဲ့သဘော ရှိတယ်လို့ အမှုအတွက် လိုက်ပါဆောင်ရွက်နေသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

    သတင်းထောက်တွေကို အခုလို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး ထိန်းသိမ်းနေတာနဲ့ ပတ်သက်လို့ ရှေ့နေတွေနဲ့ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ် တင်ပြထားတာတွေ ရှိတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေသူ ရှေ့နေတွေဆီက သိရပါတယ်။

    ဖမ်းဆီးခံထားရသူ သတင်းထောက်တွေနဲ့ သူတို့မိသားစုဝင်တွေဟာVideo Conferencingစနစ်နဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့် ရခဲ့ပြီး အင်းစိန်ထောင်တွင်း အမှု စစ်ဆေးကြားနာချိန်မှာလည်း မိသားစုတွေ လိုက်ပါခွင့် မရခဲ့ပါဘူး။

    သူတို့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဆီကတဆင့်သာ မိသားစုဝင်တွေက သိရပါတယ်။

    အထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး သတင်းထောက်တစ်ဦး ဖြစ်တဲ့Myanmar Now သတင်းထောက် မကေဇွန်နွေး ကတော့ ကျန်းမာရေး သိပ်မကောင်းဘူးလို့ သူ့နဲ့အတူ အင်းစိန်ထောင်ထဲမှာ အတူ ရှိခဲ့ပြီး အခုအခါပြန်လွတ်မြောက်လာသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့ ရုံးထုတ်ခဲ့သူတွေကို အာမခံပေး၊ မပေး ဆိုတာကို ဧပြီလ ၂၀ရက်နေ့မှာ အမိန့် ချမှတ်မှာပါ။

    Myanmar Now သတင်းထောက် မကေဇွန်နွေးနဲ့ အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်း တို့ကို တော့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ အင်းစိန်ထောင်တွင်းမှာပဲ ရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။

    သတင်းထောက်၊ စစ်အာဏာသိမ်း၊

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲ သတင်းယူတဲ့ သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံရ
  17. သင်္ကြန်မဆင်နွှဲဖို့ လူထုကို မြန်မာလူငယ်တွေ မေတ္တာရပ်ခံနေ

    သင်္ကြန်ပွဲ မဆင်နွှဲဖို့ မော်လမြိုင်လူငယ်တွေကလည်း ဒီနေ့ ဧပြီလ ၆ ရက်မှာ လူထုကို တောင်းဆိုထား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သင်္ကြန်ပွဲ မဆင်နွှဲဖို့ မော်လမြိုင်လူငယ်တွေကလည်း ဒီနေ့ ဧပြီလ ၆ ရက်မှာ လူထုကို တောင်းဆိုထား

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတဲ့အခြေအနေကြောင့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်မှာ ကျရောက်မယ့် မဟာအတာသင်္ကြန်ကို မဆင်နွှဲကြဖို့ လူငယ်တွေက လူထုကို မေတ္တာရပ်ခံတောင်းဆိုစာတွေ စတင်ထုတ်ပြန်လာပါတယ်။

    လက်ရှိ ကျီးလန့်စာ စားနေတဲ့ကာလမှာ သင်္ကြန်ဆင်နွှဲဖို့ လိပ်ပြာမလုံဘူးလို့ လူငယ်တွေက သူတို့ မေတ္တာရပ်ခံစာတွေထဲမှာ ရေးသားထားသလို သက်ဆိုင်ရာမြို့နယ်တွေမှာနေထိုင်ကြတဲ့လူထုအနေနဲ့လည်း မပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

    တဖက်မှာလည်း သင်္ကြန်မဆင်နွှဲတာဟာ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ရာရောက်ပြီး နွေဦးတော်လှန်ရေးကာလမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ကျန်ရစ်သူမိသားစုဝင်တွေကို စာနာနားလည်ရာလည်းရောက်တဲ့အပြင် CDM လုပ်နေတဲ့ဝန်ထမ်းတွေ၊ တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးညီကိုမောင်နှမတွေ၊ ထိန်းသိမ်းခံထားရသူတွေကို ဂုဏ်ပြုရာလည်းရောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ဒီလိုမေတ္တာရပ်ခံစာ၊ တိုက်တွန်းစာတွေကို ရန်ကုန်မှာဆိုရင် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့မြို့နယ်တွေက လူငယ်တွေအပြင် လှိုင်၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ သာကေတ၊ တာမွေ၊ စမ်းချောင်း၊ ရန်ကင်း၊ သင်္ကန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ အလုံ စတဲ့မြို့နယ်တွေက လူငယ်တွေက စတင်ထုတ်ပြန်လာကြတာကို တွေ့ရပါတယ်။

  18. စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ရုရှားသတိပေး

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ အရေးယူတာကို ကန့်ကွက်ကြောင်း ရုရှားက ထုတ်ဖော် ပြောကြားလိုက်ပြီး ဒီလို ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြည်တွင်းစစ်ကြီး တစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

    လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ အရေးယူတဲ့နည်း အပါအဝင် ဖိအားပေး ခြိမ်းခြောက်မှုတွေကြောင့် အနာဂတ်မှာ ဘာမှ အကျိုးဖြစ်ထွန်းဖို့ မရှိဘဲ ဒီလိုလုပ်တာဟာ အကြီးအကျယ် အန္တရာယ် ကြီးတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြောင်း အင်တာဖက်စ် ရုရှား သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဒီလို ဒဏ်ခတ် အရေးယူတဲ့ ပေါ်လစီမျိုးဟာ မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီး တစ်ခု ဖြစ်အောင် တွန်းပို့နေတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်း စစ်ကောင်စီကို ဖိအားပေးတဲ့အနေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို အင်အားကြီး နိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ရုရှားသတိပေး

    ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

  19. စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘယ်ကိုဦးတည်နိုင်သလဲ

  20. မန္တလေးကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ, အဖမ်းအဆီးတချို့လည်းရှိနေ

    မန္တလေးကကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမြို့က ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို ဒီကနေ့ ဧပြီလ ၆ရက်မှာ စစ်ကောင်စီဘက်က ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

    "အရုဏ်သပိတ်ထွက်ဖို့ လူစုချိန်မှာ အခွဲခံရတာ။ ကျည်အစစ်နဲ့လဲပစ်တယ်။ လက်မောင်းကျည် တယောက်ထိသွားလို့ အခုစုံစမ်းနေပါတယ်။ အတည်ပြုနိူင်တာက ဆရာဝန်နှစ်ဦးအဖမ်းခံရတယ်။ ကျန်းမာရေးမိသားစုနဲ့ အခြားတယောက်ကိုလဲ ဖမ်းဆီးသွားတယ်လို့ ကြားသိရတယ်။ ဆိုင်ကယ်သုံးစီးနဲ့ ဖုန်းတွေလဲ စစ်ကောင်စီဘက်ကယူသွားတယ်"လို့ ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်ခဲ့သူ ဆရာဝန်တဦးက ပြောပါတယ်။

    မနက်ပိုင်း ၅နာရီခွဲဝန်းကျင်လူစုနေချိန်မှာ double cab ကားနှစ်စီးနဲ့ သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းပြီးနောက်မှာ စစ်အင်အားရော အိမ်စီးကားတွေပါထပ်ရောက်ပြီး တနာရီဝန်းကျင်ကြာ ၇၃-၇၄ ကြား ၃၁ လမ်းမှာ သပိတ်စစ်ကြောင်းကို လူစုဖြိုခွဲရှင်းလင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်က လူသေဆုံးတဲ့အထိ အကြမ်းဖက်ဖြိုခွင်းတာရှိပေမယ့် စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူကပြောပါတယ်။