စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ဖြူးရဲစခန်းအနီး ညပိုင်းပစ်ခတ်မှုဖြစ် ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်းဒေသကြီးဖြူးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့လူအုပ်ကို ပစ်ခတ်ရာကနေ လူ ၃ဦးခန့် သေနတ်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေနတ်ကျည် ထိမှန်သေဆုံးခဲ့သူကတော့ ဖြူးမြို့ ဘူတာမြောက်လမ်း ၂၀ နေ ဒုတိယနှစ်ကျောင်းသား မောင်ရန်အောင် လို့လည်းသိရပါတယ်၊
ဖြူးမြို့ရဲစခန်းရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီးတော့ ညနေပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့တောင်းဆိုနေစဥ်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။
အဲ့ဒီနောက် ပစ်ခတ်မှုတွေည ၉ နာရီခွဲနောက်ပိုင်းမှာရှိနေဆဲဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရ သူတွေနဲပတ်သက်ပြီးတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေကြား ခြွင်းချက်မရှိ အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အရေးတကြီး လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
စာမျက်နှာ ၁၁ မျက်နှာပါတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် တရားဥပဒေမဲ့ ဖမ်းဆီးတရားစွဲဆိုထားသူတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့၊ ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းဖို့အပါအဝင်အချက် ၅၆ ချက်ကို ထည့်သွင်းထားပါတယ်။
မြန်မာ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့၊ အရေးပေါ် အခြေအနေကြေညာထားတာ၊ စစ်အုပ်ချုပ်ရေးစနစ် ပြဋ္ဌာန်းထားတာတွေကို အဆုံးသတ်ပြီး အရပ်သား အစိုးရထံ အာဏာပြန်လည်အပ်နှင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဘက်က အင်အားအလုံးအရင်းသုံးတာ၊ပြည်သူတွေအပေါ် အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုတွေကိုလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။
လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က လေးစားလိုက်နာကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်၊ IIMM လို့ သိကြတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့နဲ့ ကုလသမဂ္ဂဘက်ကတာဝန်ပေးထားတဲ့သူ အားလုံးကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေမှာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ၊ စစ်အုပ်ချုပ်ရေးစနစ် သတ်မှတ်ခဲ့တာတွေအပေါ်မှာလည်း စိုးရိမ်မှုရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။
ဒါပေမဲ့ မြန်မာကိုယ်စားလှယ်ဘက်ကတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး မြန်မာန်ိုင်ငံကို နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ စီရင်နိုင်ဖို့ ကြိုးပမ်းချက်တွေနဲ့ ပြည်တွင်း တရားစီရင်ရေး မဏ္ဍိုင်ကို ဆုတ်ယုတ်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်းအပြင်းအထန် ကန့်ကွက်တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဒုဝန်ကြီးက ပြောဆိုသွားခဲ့ပါတယ်။
၄၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွေကိုတော့ လာမယ့်ဇွန် ၂၁ ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, United Nation
မုံရွာမှာ ပစ်ခတ်မှုတွေရှိပြီး လူနှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာမှာ ဒီကနေ့ မတ်လ ၂၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဒေသခံတွေကို ပစ်ခတ်မှုတွေရှိခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့တယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒဏ်ရာရရှိခဲတဲ့ အမျိုးသမီးဟာ လက်မောင်းကို ကျည်ဖောက်ထွက်ဝင်သွားခဲ့ပြီးတော့ အမျိုးသားတစ်ဦးလည်းလက်ကို ကျည်ထိခဲ့တယ်လို့ လည်း သူကဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့နေရာဟာ ကျောက္ကာလမ်းမကနေ စက်မှုဇုံတွေဘက်ကို သွားတဲ့ ဗိုလ်တေဇလမ်းမအနီးလို့သိရပြီးစစ်ကောင်စီတပ်တွေက အတားအဆီးတွေ လာရှင်းစဥ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မုံရွာ မှာ မတ်လ၂၁ ရက်နေ့က လည်းပစ်ခတ်မှုတွေရှိပြီးလူတစ်ဦးသေဆုံးခဲ့ ဘဏ်တွေ ပြန်ဖွင့်ဖို့ ဖိအားပေး
ဘဏ်တွေ ပြန်ဖွင့်ဖို့ ဖိအားမျိုးစုံပေးနေပြီး အချို့ဘဏ်တွေက ဘဏ်အကြီးအကဲတစ်ချို့ကိုလည်း ဖမ်းဆီးထားတာတွေရှိနေတယ်လို့ ဘဏ်ဝန်ထမ်းတစ်ချို့ဆီက ကြားသိရပါတယ်။
ပြည်တွင်းဘဏ်တွေကို မဖွင့်လှစ်ဘူးဆိုရင် ဘဏ်အမျိုးအစားအလိုက် ဒဏ်ကြေးတွေ ကောက်ခံသွားဖို့ ဗဟိုဘဏ်က ညွန်ကြားချက် ထုတ်ပြန်ထားတယ်လို့ KBZ ဘဏ်ရဲ့ အကြီးတန်းဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘဏ်ခွဲတွေဖွင့်လှစ်မှုအလိုက် ဒဏ်ကြေးသတ်မှတ်ကောက်ခံမယ်လို့ ညွှန်ကြားချက်မှာ ပါပြီး ဘဏ်ဝန်ထမ်းတွေဟာ CDM မှာပါဝင်နေတဲ့အတွက် ဘဏ်ခွဲတွေအားလုံး ဖွင့်ဖို့ မဖြစ်နိုင်ကြောင်းလည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖွင့်တဲ့ ဘဏ်ရှေ့မှာ လူများတန်းစီနေကြစဥ် ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ ခင်ဦး ၊ တောင်ကြီး၊ မိုးညှင်းစတဲ့မြို့တွေက သပိတ်တွေကို ပစ်ခတ်နှိမ်နင်း လူသေဆုံးမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တောင်ကြီးမှာ မတ်လ ၂၅ ရက်နေ့က အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ 
ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ ခင်ဦး ၊ တောင်ကြီး၊ မိုးညှင်းစတဲ့မြို့တွေကသပိတ်တွေကို မနက်အစောပိုင်းကစလို့ အင်အား သုံး ပစ်ခတ်နှိမ်နင်းတာဖမ်းဆီးတာတွေရှိခဲ့တယ်လို့သိရပါတယ်။
တောင်ကြီးမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်သလို မိုးညှင်းမှာလည်းတစ်ဦးသေဆုံးခဲ့ပါတယ်။
တောင်ကြီးက သေဆုံးသူရုပ်အလောင်းကိုတော့ စစ်တပ်က လုယူသွားတယ်လို့ သေဆုံးသူ ဆာတစ်ဘိုင်ရဲ့ တူဖြစ်သူက ဘီဘီစီကိုပြောပြပါတယ်။
ရန်ကုန်သုဝဏ္ဏမှာလည်း စစ်ကောင်စီတပ်တွေက အိမ်တွေထဲကို လိုက်လံဖမ်းဆီးနေပြီး တော့ ကမာကြည်သပိတ်က ဒိုင်းကိုင်သူတွေကိုလိုက်လံဖမ်းဆီးနေပြီး ရပ်ကွက်နေပြည်သူတွေနဲ့ထိပ်တိုက်တွေ့တာတွေရှိနေပါတယ်။
အာဏာဖီဆန်ရေးသပိတ်တွေ လချီကြာမြင့်လာချိန် ရဲနဲ့တပ်ပူးပေါင်းအဖွဲ့တွေဟာ သပိတ်စစ်ကြောင်း တွေ ကို ဖြိုခွဲပစ်ခတ်ရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုပါ ရယူသွားတာမျိုးတွေရှိလာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အောင်ပန်းမြို့ဖြစ်စဉ်မှာလည်း သေနတ်ထိမှန်သေဆုံးသူတွေကို မိသားစုကိုပြန်မပေးဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကပဲ မီးသင်္ဂြိုဟ် လိုက်တာမျိုးတွေရှိခဲ့တယ်လို့ ဒေသခံအချို့ကဘီဘီစီကို ပြောခဲ့ပါတယ်။
ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးဒဏ်ရာရသူအများအပြားရှိလာလို့ လမ်းပေါ်သပိတ်တွေမှာ လူငယ် အနည်းစုသာထွက်လာကြတာကိုလည်းတွေ့ရပါတယ်။
ရန်ကုန် ဆင်ခြေဖုံးအရပ်တွေမှာ အခြေအနေစိုးရိမ်စရာလို့ ကုလထုတ်ပြန်
ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တွေမှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာထားတဲ့အပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ IOM က ပြောပါတယ်။
မတ်လ ၁၅ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်အတွင်းက ရွှေ့ပြောင်းလုပ်သား လူ ၁ သိန်းလောက်ဟာ ဘေးကင်းလုံခြုံရေးအတွက် သူတို့မွေးရပ်ကို ပြန်သွားခဲ့ကြတယ်လို့ IOM အဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။
ဘဏ်လုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ အစားအသောက်ရှားပါးမှု အပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့် အလုပ်သမားတွေ ဆင်းရဲဒုက္ခရောက်နေကြရပြီး အများစုဟာ အစားအသောက်နဲ့ ရေအပါအဝင် အခြေခံလိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြဖူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, မတ်လ ၁၄ ရက်နေ့ ကစပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့လှိုင်သာယာမြို့နယ် ကျောက်ပန်းတောင်ညသပိတ် ပစ်ခတ်မှုမှာ သေဆုံးခဲ့သူရဲ့နာရေးအခမ်းအနားလုပ်
သုဝဏ္ဏ ရန်ကုန်သစ် ရပ်ကွက်ထဲစစ်ကောင်စီ တပ်တွေဝင်ဖမ်းနေ

ဓာတ်ပုံ ရင်းမြစ်, Social Media
သုဝဏ္ဏ ရန်ကုန်သစ်ရပ်ကွက်ထဲမှာ စစ်ကောင်စီဆန့်ကျင်တဲ့ ဆန္ဒပြလူငယ်တွေကိုလိုက်ဖမ်းရာ ကနေ ရပ်ကွက်နေပြည်သူနဲ့ စစ်ကောင်စီတပ်တွေ ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုတွေ ဒီနေ့ မတ်လ ၂၅ ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂ ဦးထိခိုက်ဒဏ်ရရှိထားပြီးတော့
သင်္ဃန်းကျွှန်း စံပြဆေးရုံကို ပို့ထားရကြောင်းနဲ့ လတ်တလော ၅ ဦးခန့် အဖမ်းခံထားရတယ်လို့လည်း မျက်မြင်တွေ့သူတွေကပြောပါတယ်။
သုဝဏ္ဏ ကို သာကေတဘက်က လာကူသူတွေလည်း ဝေဘူလ ရပ်ကွက် အတွင်း စစ်ကောင်စီတပ်တွေ ပိတ်ပြီးဖမ်းတာကြောင့် အဖမ်းခံရသူတွေလည်း ရှိနေတယ်လို့ လည်းဝေဘူလ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ပိတ်မိနေသူ အချို့ ကျန်နေသေကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ ဝေဘူလ နဲ့ ကမာကြည် လမ်းဆုံမှစစ်ကားတွေရပ်နေရာယူထားပြီး ရပ်ကွက်လမ်းထိပ်တွေမှာ စစ်ကောင်စီတပ်တွေက ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လူ ၂ ဦး ကျည်ထိပြီး ရိုက်နှက်ခံရတာကြောင့် သေဆုံးမှုတွေရှိတယ်ဆိုပေမဲ့ သေဆုံးသူတွေနာမည်နဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တောင်ကြီးမှာ တပ်နဲ့ရဲရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံး ၊ဒဏ်ရာရသူတွေရှိနေ
တောင်ကြီးမြို့နယ် ကံသာရပ်ကွက်အတွင်း တပ်နဲ့ရဲရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၁ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုလည်း တပ်က ယူသွားတယ်လို့ သိရပါတယ်။
"ကျွန်တော့်ဦးလေးက မနက်က အလုပ်ကိုသွားတာ။ အလုပ်မဖွင့်လို့ဆိုပြီး ပြန်လာရင်း သပိတ်စစ်ကြောင်းထဲလိုက်သွားတယ်ပြောတယ်။ သူကတော့ခေါင်းကိုထိသွားတာ၊ နောက်တယောက်ကတော့ခြေထောက်ကိုထိတာ။ မိန်းကလေးတယောက်ကတော့ ဗိုက်ထိတယ်ပြောတယ်။ အခုထိ ကျွန်တော်တို့ သိရတာ သေတာ ၃ ဦးရှိပြီလို့သိရတယ်။ သူတို့အလောင်းတွေကိုလည်း စစ်တပ်ကဆွဲသွားတယ်တဲ့။ ထိသွားတဲ့ကောင်မလေးကို ဖွက်ထားတဲ့အိမ်ကိုလည်း ရိုက်နှက်သွားတယ်ပြောတယ်။ အခုထိ အဲဒီကံသာရပ်ကွက်မှာ ပစ်ခတ်တာတွေရှိနေသေးလို့ ကျွန်တော်တို့လည်း သွားကြည့်လို့မရဘူး "လို့ ကျည်ထိမှန်သေဆုံးသူ ကိုဆာတစ်ရဲ့ တူဖြစ်သူက ဘီဘီစီကိုပြောပါတယ်။
တောင်ကြီးမှာ တပ်နဲ့ရဲပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးပစ်ခတ်နေတာကြောင့် သပိတ်မှာပါဝင်သူတွေ ပြေးလွှားနေရဆဲဖြစ်ပြီး ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media

ဓာတ်ပုံ ရင်းမြစ်, social media
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ၂ ဦးသာ ပါဝါရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဘက်ကနေ တရားစွဲဆိုတာခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အမှုတွေအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ အထက်တန်းရှေ့နေ ဦးယုယချစ်တို့ ၂ ဦး ပါဝါရသွားပြီလို့သိရပါတယ်။
"ပါဝါတင်တာ ရှေ့နေ ၆ ဦးမှာ ၂ ဦးပဲရတယ်။ ဆရာဦးခင်မောင်ဇော်မရပေမယ့် သူ့ညွှန်ကြားချက်အတိုင်း အဖွဲ့နဲ့ လုပ်ဆောင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ ခွင့်ပြုလက်မှတ်တော့ရပြီ။ သူတို့ဘက်က ဘယ်သူတွေက ခွင့်ပြုပေးတာလည်းတော့ မသိရဘူး။ ကျွန်မတို့ဘက်ကတော့ ဥပဒေအရ တရားခွင်ထဲမှာ တောင်းဆိုလို့ရတာ အကုန်လုပ်သွားမယ်။ " လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ပါဝါရကြောင်းလက်မှတ်ကို ဒီနေ့ မတ်လ ၂၅ရက် မနက် ၉ နာရီကျော်မှာ အမှတ် ၁ ရဲစခန်းက ရဲမှူးကြီးကတဆင့်ထုတ်ပေးတာပါ။ ဒ့ါပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်အတွက်ပါ ပါဝါရခဲ့တယ်လို့ဆိုပါတယ်။
ဒေါက်တာမျိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ မှာ ရာဇဝတ်ကြီးအမှု အမှတ်တစ်ခုတည်းနဲ့အတူ စွပ်စွဲခံထားရသူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပုဒ်မနဲ့တင်သာမက သွင်းကုန်ပို့ကုန်ပုဒ်မ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ အပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မတစ်ခုနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခံထားရတာဖြစ်ပါတယ်။
ဦးဝင်းမြင့်ကတော့ ပုဒ်မ ၅၀၅ ခ အပြင် သဘာဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မတွေနဲ့စွပ်စွဲခံထားရပါတယ်။
အခုလက်ရှိ ရှေ့နေတွေ ပါဝါရတဲ့အမှုတွေက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ စွပ်စွဲခံရတဲ့အမှုတွေအတွက်ဖြစ်ပြီး ရန်ကုန်က အမှုအတွက်ကတော့ ရှေ့နေပါဝါရဖို့ လျှောက်ထားတုန်းလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အမှု ရုံးချိန်းကို ဧပြီလ ၁ရက်မှာ စစ်ဆေးဖို့ရှိပါတယ်။
လူထောင်ချီပါ၀င်တဲ့ရေဦးက ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူထောင်ချီပါတဲ့ရေဦးက ဆန္ဒပြပွဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မြို့ခံနယ်ခံတွေ ထောင်နဲ့ချီပါဝင်တဲ့ စုပေါင်းသပိတ်ကို ဒီနေ့မတ်လ ၂၅ ရက်မှာပြုလုပ်သွားပါတယ်။
ဒီနေ့ဆန္ဒပြသပိတ်စစ်ကြောင်းဟာ ပုံမှန်ဆန္ဒပြ စုရပ်ဖြစ်တဲ့ ပါဠိဝိဇ္ဇာကျောင်းမှာ စုခဲ့ကြပေမဲ့ ရဲစခန်းရှေ့မှာ အဟန့်အတားတွေ ရှိတာကြောင့် ဗိုလ်အောင်ကျော်ရပ်ကွက်၊ ရေဦးကုန်းရပ်ကွက်တွေထဲ လှည့်လှည်ဆန္ဒပြခဲ့ကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, CDM မှာ ပါဝင်တဲ့ ရေဦးဆရာဆရာမတွေရဲ့သပိတ်စစ်ကြောင်း ရေဦးဟာ မနေ့တုန်းကလည်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တာကြောင့် ဒီနေ့မှာ မြို့ပတ်ဝန်းကျင်က ဆန္ဒပြသူတွေပါ လာရောက်ပူးပေါင်းလို့ အင်အားများပြီး လူထောင်ချီဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မော်လမြိုင်သပိတ် ပစ်ခတ်ဖြိုခွင်းခံရ၊ ဖမ်းခံရသူ အများအပြားနဲ့ဒဏ်ရာရသူအချို့ရှိနေ
မွန်ပြည်နယ်၊မော်လမြိုင်က လမုတန်းစျေးအနီးမှာ ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေတဲ့သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာရသူတွေနဲ့ အဖမ်းခံရသူတွေရှိနေပါတယ်။
အဖမ်းခံရသူတွေထဲ မိန်းကလေးငယ်တွေပါဝင်နေပြီး လက်ရှိ ၁၁နာရီ ကျော်အထိ ပစ်ခတ်နေဆဲဖြစ်လို့ ပိတ်မိနေသူတွေလည်းရှိတယ်လို့သိရပါတယ်။
" အိမ်ကလမ်းမတန်းမှာဖြစ်လို့ အရှေ့တောင်ထွက်လို့မရဘူး။ ပစ်ခတ်တော့ လမ်းထဲအိမ်တွေထဲ ဝင်ပြေးကြသူတွေရှိလို့ စစ်တပ်က မပြန်ဘဲ ခုထိ ဆက်တိုက်ကိုပစ်နေတယ်။ အသံဗုံးရော၊ သေနတ်တွေနဲ့ရောပစ်နေတယ်။ ၂ယောက်ကတော့ ရာဘာကျည်နဲ့ထိသွားတယ်လို့သိရတယ်။ အတိအကျကတော့ အပြင်ထွက်မရလို့မသိရသေးဘူး။"ပစ်ခတ်မှုဖြစ်ပွားရာ လမုတန်းစျေးအနီးမှာနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paing
ဓာတ်ပုံ ပုံစာ, မော်လမြို့သပိတ်ဖြိုခွဲခံရမှုမှာ ဒဏ်ရာရခဲ့သူတစ်ဦး ရခိုင်အပြင် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ရပ်တည်မယ်လို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, Khine Thu Kha
ဓာတ်ပုံ ပုံစာ, အေအေအဖွဲ့ပြောခွင့်ရသူ ခိုင်သုခ ရခိုင့်တပ်တော် AA ဟာ အဖိနှိပ်ခံ ရခိုင်တွေတင်သာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် ရပ်တည်မယ်လို့ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုက ဘီဘီစီကိုပြောပါတယ်။
AA ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့တာကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။
လက်ရှိမှာ အပြစ်မဲ့ပြည်သူတွေကို မတရားပစ်ခတ် သတ်ဖြတ်ခံနေရတဲ့အပေါ် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်း၊ နောက် စစ်တပ်နဲ့ရဲတွေက ရက်ရက်စက်စက် ကိုင်တွယ်ပုံတွေဟာ လက်မခံနိုင်စရာအနေအထားဖြစ်နေလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ခိုင်သုခက ပြောပါတယ်။
ဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ပတ်သက်ပြီး AA ရဲ့သဘောထား ဘယ်လိုရှိလဲဆိုတဲ့အပေါ် သူက ပြန်လည်ဖြေကြားခဲ့တာပါ။
AA အနေနဲ့ တိုင်းပြည်ကောင်းကျိုးအတွက် ရန်သူမလိုလားဘဲ မိတ်ဆွေပဲ လိုလားတာကြောင့် လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို စောင့်ကြည့်နေတဲ့အကြောင်း၊ ဒီ့ထက်မက ဘယ်လောက်အထိ ဆိုးရွားလာမလဲဆိုတာတွေကိုလည်း စောင့်ကြည့်နေတဲ့အကြောင်း သူကပြောပါတယ်။
ဘားအံမှာ မနက်အစောပိုင်းသပိတ် လူစုဖို့ ပြင်ဆင်တုန်း ပစ်ခတ်ဖြိုခွင်းခံရ
ကရင်ပြည်နယ် မြို့တော် ဘားအံမြို့က ဘားအံ-မြဝတီ-လှိုင်းဘွဲ့လမ်းဆုံမှာ ဒီနေ့ မတ်လ ၂၅ ရက် မနက် ၇ နာရီခွဲ လောက်က စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ကျည်အစစ်အသုံးပြုပြီး မျက်ရည်ယိုဗုံးတွေလည်း အသုံးပြုခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
ဒီဖြိုခွင်းမှုမှာ လူငယ်တစ်ဦးလည်း ကျည်ထိမှန်ထားတယ်လို့ သိရပါတယ်။
မတ်လ ၂၄ ရက်က အပြင်မထွက် အသံတိတ် သပိတ် ပြုလုပ်ပြီးနောက် မတ်လ ၂၅ ရက် မှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေတုန်း ဖြိုခွင်းခံခဲ့ရတာပါ။
သပိတ်မှာ ပါဝင်သူတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဘားအံမှာ ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံရပြီး တရားစွဲခံရသူ ၇၀ နီးပါးလောက်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

မြန်မာတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ထားဖို့ မလေးဆုံးဖြတ်
ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကျောက်ပန်းတောင်းမြို့၊ လေးရွာကျောင်းအနီးက လူအင်အား ၄၀ ဝန်းကျင်ရှိတဲ့ ညသပိတ်ကို အခုည ၉နာရီခွဲကျော်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကျည်မှန်သေဆုံးတယ်လို့ လည်း သိရပါတယ်။
"တပ်က လေးရွာကျောင်းထဲတပ်စွဲထားတာ၊ သပိတ်က အဲ့ကျောင်းနားက မြေနီလမ်းမယ်လုပ်တယ်။ အသံဗုံးလည်းမပစ်ဘူး၊ ရာဘာကျည်လည်းမပါဘူး။ ကျည်အစစ်တွေနဲ့ချည်းပဲပစ်တာ၊အခုထိတဲ့တစ်ယောက်အိမ်ကလည်း အဲ့ကျောင်းနားဆိုတော့ လူနာတင်ကားအလွယ်တကူဝင်မရဘဲ ပေါင်ကျည်မှန်တာကနေ သွေးထွက်လွန်သေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုကျည်မှန်သေဆုံးသူအပြင် ပစ်ခတ်ခံရသူ ၄ ဦးရှိပြီး စိုးရိမ်ရသူတစ်ဦးရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လို့ သေဆုံးရတဲ့ အသက်အငယ်ဆုံးကလေး
အသံတိတ်သပိတ်
မန္တလေး မနော်ဟရီလမ်း ပစ်ခတ်မှု ၃ ဦး ကျည်ထိ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေး၊ ၆၄လမ်း (၁၁၀၊၁၁၁) မနော်ဟရီလမ်းတောင်ဘက် လမ်းတွေနဲ့ လမ်းကြားတွေအထိ မတ်လ ၂၄ရက်နေ့ ည ၉နာရီခန့်က စစ်ကောင်စီရဲ့ ရဲနဲ့စစ်တပ်တို့က ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံ ၂ဦးသေနတ်ကျည်ထိမှန်ခဲ့ပါတယ်။
တစ်ဦးကဗိုက်ကိုထိမှန်ခဲ့ပြီး ကျန်တစ်ဦးကပေါင်ကိုကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ည ၉ နာရီ ခွဲနောက်ပိုင်းမှာ မျက်နှာကို ကျည်ထိသူ တစ်ဦးထပ်တိုးခဲ့ ပြီး ၆၆ လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာ ကျည်ထိတယ် သူတစ်ဦးဟာ သေဆုံးသွားပြီလို့ သတင်းတွေရပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး
ဒီရက်ပိုင်းအတွင်း မနော်ဟရီ၊ အောင်သာယာ၊ အောင်ပင်လယ်၊ မြရည်နန္ဒာရပ်တွေထဲမှာ စစ်တပ်နဲ့ရဲတို့ရဲ့ပစ်ခတ်မှုတွေကြောင် ဒေသခံဆယ်ဦးကျော်သေဆုံးခဲ့ပြီး မနေ့က ၇ နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦးသေနတ်ထိမှန်ကာ အသက်ဆံုးရှံုးခဲ့ပါတယ်။
