ဓာတ်ပုံ ပုံစာ, ဖခင်ရဲ့ရင်ခွင်ထဲ ရှိနေလျက်သား သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ကလေးငယ်မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ အသက် ၇ နှစ် အထိ
ငယ်ရွယ်တဲ့ ကလေးငယ်ကိုပါ မချန် သတ်ဖြတ် နေတဲ့ အတွက် အင်မတန် တုန်လှုပ် ၀မ်းနည်းရတယ်
ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မန္တလေး အောင်ပင်လယ်ရပ်ကွက် နေအိမ်မှာ ဖခင်ရဲ့
ရင်ခွင်ထဲ ရှိလျက်သား အချိန်၊ စစ်ကောင်စီ
တပ်ဖွဲ့က အိမ်ထဲကို အဓမ္မ၀င်ရောက် ပစ်ခတ်တာ ခံရတဲ့အတွက် ၇ နှစ် သမီးငယ် မခင်မျိုးချစ်
သေဆုံးခဲ့ရတာကို ကြည့်ရင်၊ မြန်မာပြည်သူတွေရဲ့ အသက်ကို နည်းနည်းမှ တန်ဖိုးမထားပဲ
စစ်တပ်က ခြောက်ခြားဖွယ်ရာ ကျုးလွန်တိုက်ခိုက်နေတာ
သိသာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။
မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ
ဆက်ပြီး ကျုးလွန်နေတာမှာ အခု သီတင်းပတ် အတွင်း ထပ်မံ သေဆုံးရသူ အနည်းဆုံး ၂၇ ယောက်
ရှိပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ် ဆိုပြီးတော့လည်း အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာပရိုက်စ်က ပြောပါတယ်။
အမေရိကန် အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့
ထပ်တူ ၀မ်းနည်းပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် အဆုံးစွန် ရှုတ်ချတယ်လို့ ပြောခွင့်ရ
မစ္စတာ ပရိုက်စ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အကြမ်းဖက် ခြောက်လှန့်ပြီး တိုင်းပြည်ကို
စီမံအုပ်ချုပ်လို့ မရဘူးလို့လည်း
စစ်ကောင်စီကို အမေရိကန်က သတိပေးပါတယ်။
အဲဒီ ထုတ်ပြန်ချက် ထွက်မလာခင် အစောပိုင်းတုန်းကလည်း
မြန်မာ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့
အရေးယူမှုတွေ ချမှတ်ကြောင်း မတ်လ ၂၅ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဗြိတိန် အစိုးရတို့က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကြေညာပါတယ်။
စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့
ဦးပိုင်နဲ့ MEC လို့ အသိများတဲ့
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ နဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံထဲက ပိုင်ဆိုင်မှု
အားလုံးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီး ဌာနက ထိန်းချုပ်လိုက်ပါတယ်။
အဲဒီ မြန်မာ စစ်တပ်ကုမ္ပဏီတွေနဲ့ အမေရိကန်
နိုင်ငံသားတွေ စီးပွားရေး မလုပ်ရဆိုပြီးတော့လည်း ကန့်သတ်ပိတ်ပင်ပါတယ်။
စစ်တပ်ပိုင် အဲဒီ ကုမ္ပဏီတွေရဲ့ အောက်မှာ သတ္တုတွင်း
တူးတာကစလို့၊ ခရီးသွားလုပ်ငန်း အထိ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို စစ်တပ်က လက်၀ါးကြီး
အုပ်ထားပြီး၊ အဲဒီ လုပ်ငန်းတွေ ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်၀ နေတာ
ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုအရေးယူမှုဟာ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့
သူတို့ရဲ့စီးပွားရေး အကျိုးအမြတ်တွေပေါ်
ပစ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးပြီး ပြည်သူတွေအပေါ် စစ်တပ်က
ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်နေတာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ
ဘလင်ကင်က ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ ချိန်ကိုက်ပြီးတော့
ဗြိတိန်လည်းပဲ၊ MEC အပေါ် ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာပါတယ်။
အပြစ်မဲ့ အရပ်သားတွေ အပေါ်
အင်မတန် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဗြိတိန် အပါအ၀င် မဟာမိတ်တွေ တုံ့နှေးနေမှာ မဟုတ်ဘူးလို့လည်း
ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့လက်ကြီးစီးပွားရေး ဦးပိုင်
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်တပ်ပိုင် MEC ကို အမေရိကန်ရော ဗြိတိန်ပါ ပိတ်ဆို့အရေးယူ