ဒလမြို့နယ်မှာ မတ်၂၇ မနက်ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁ ဦး ထပ်မံသေဆုံး, သေဆုံးသူ ၈ ဦးအထိရှိလာ
ဒလမြို့နယ်မှာ မတ်၂၇ ရက် မနက်အစောပိုင်း ပစ်ခတ်မှုတွေကြောင့် ကျည်ထိမှန်ခဲ့သူတွေထဲက ၂၄နှစ်အရွယ်ရှိ မောင်အာကာဇော်မှာ မတ်၂၉ရက်ညပိုင်းက သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေထံကသိရပါတယ်။
သေဆုံးသူဟာ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။
"အဲဒီနေ့က ဒဏ်ရာရသူတွေထဲ မနက်အထိ ကုသမှုမခံရတဲ့သူတွေမနည်းဘူး။ ဘယ်သွားကုရမယ်မှန်းမသိကြဘူး။အဲဒီညက အံ့ကြီးရပ်ကွက်က ကုပေးတဲ့ဆရာဝန်ကိုလည်း နောက်နေ့ကျ စစ်တပ်က ဝင်ဆွဲတယ်။ ဆရာကတော့ရှောင်နေလို့ပါမသွားဘူး။ ဆေးရုံကလည်း ရဲစခနိးနဲ့ကပ်ရက်ဆိုတော့ ဘာမှလုပ်မရဘူး။ အခုသေတဲ့သူတွေထဲ ညတွင်းချင်းဆုံးတာ ၃ယောက်ပဲ အချိန်မီကုသမခံရလို့ ဆုံးတဲ့သူတွေလည်းရှိတယ်"လို့ ဒလမြို့ခံတစ်ဦးကပြောပြပါတယ်။
ဒလမြို့နယ်မှာ ပြီးခဲ့တဲ့မတ်၂၆ရက်နေ့က သမ္မတကမ်းခြေရပ်ကွက်က အမျိုးသမီး၂ ဦးကို ဆန္ဒပြရာမှာပါဝင်လို့ဆိုပြီး နေအိမ်တွေမှာဖမ်းဆီးခေါ်ဆောင်သွားရာကနေ ပြန်လွှတိပေးဖို့တောင်းဆိုရာက လူစုလူဝေးဖြစ်ပေါ်မှုကြောင့် တပ်နဲ့ရဲပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး မတ်၂၇ရက်မှာ ၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း ၈ဦးသေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ





















