အာဖဂန်မှာ အမျိုးသမီးနဲ့ ကလေး သေဆုံးသူ တိုးလာ

ဓာတ်ပုံ ရင်းမြစ်, AP
အာဖဂန် နစ္စတန် နိုင်ငံမှာ မနှစ်က ဒီဇင်ဘာက နေတိုး တပ်ဖွဲ့တွေ ရုပ်သိမ်းသွားပြီး နောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေ သေဆုံး ဒဏ်ရာရမှု အရေအတွက် ပိုများ လာတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။
အခုနှစ် ပထမ ၆ လ အတွင်းမှာ သေဆုံး ဒဏ်ရာရတဲ့ အမျိုးသမီး အရေအတွက် ၂၃ ရာခိုင်နှုန်း တိုးလာပြီး ကလေး အရေအတွက်ကတော့ ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလ သမဂ္ဂ အစီရင်ခံစာက ဖော်ပြ ပါတယ်။
လမ်းဘေး မိုင်းတွေကြောင့် သေဆုံးရတာထက် မြေပြင် တိုက်ပွဲတွေ တိုးလာလို့ သေဆုံး ဒဏ်ရရသူတွေ တိုးလာတာ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တာလီဘန် အဖွဲ့နဲ့ တခြား အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေကို ကုလသမဂ္ဂက တိုက်တွန်း တောင်းဆို ထားပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အာဖဂန် နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ ၆ လ အတွင်း လူပေါင်း ၁၆၀၀ နီးပါး သေဆုံးခဲ့ပြီး လူ ၃၀၀၀ ကျော် ဒဏ်ရာ ရခဲ့ကြပါတယ်။




