လွတ်လပ်ရေး၊ စစ်တပ်နဲ့ ဒီမိုကရေစီကို မွေးဖွားပေးခဲ့တဲ့ ကျောင်းသားသပိတ်များ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၂
၁၉၃၆ ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပွားတာနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ခဲ့တာ နှစ် ၉၀ ပြည့်ခဲ့ပါပြီ။ ကိုလိုနီခေတ် ကျောင်းသားသပိတ်ကြီး သုံးခုကို မြန်မာပြည်မှာ အမှတ်တရ မရှိလှကြတော့ပေမယ့် ဒီသပိတ်တွေရဲ့ အကျိုးဆက်က ခုထိ တွေ့နေရပါတယ်။
တည်ထောင်စ ရန်ကုန်တက္ကသိုလ်ကို မှောက်တဲ့ ၁၉၂၀ ပထမသပိတ်ကို အမျိုးသားနေ့နဲ့ တွဲပြီး သိကြသလို ၁၉၃၈-၃၉ က ဖြစ်တဲ့ တတိယသပိတ်ကိုလည်း ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ သိကြပါတယ်။
အိုးဝေမဂ္ဂဇင်းပါ ငရဲခွေးကြီး ဆောင်းပါးနဲ့ ပတ်သက်ပြီး အယ်ဒီတာကိုအောင်ဆန်းနဲ့ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်ရာကနေ စတင်တဲ့ ၁၉၃၆ ဒုတိယသပိတ်ကို ဒီခေတ်လူငယ်တွေ အမှတ်တမဲ့ ဖြစ်တတ်ကြပေမယ့် ဒီသပိတ်ကစတဲ့ လှုပ်ရှားမှုအဆင့်ဆင့်နဲ့ပဲ ဂျပန်လက်အောက်မှာ မြန်မာ့တပ်မတော် စတင်ပေါ်ထွန်းလာသလို မြန်မာပြည် လွတ်လပ်ရေးကိုလည်း ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးစမှာ နှစ်ကြိမ်ယူခဲ့ကြပါတယ်။
နောက် ဒီကျောင်းသားအုပ်စုတွေ ပါဝင်တဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ပါတီတွေကြောင့်ပဲ မြန်မာပြည်မှာ ၁၉၈၈ ထိ လက်ဝဲနက္ခတ်နဲ့ စန်းယှဉ်ပြီး ဆိုရှယ်လစ်အစိုးရတွေ တက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောင်းသားခေါင်းဆောင်တွေ ထူထောင်ခဲ့တဲ့ သမ္မတနိုင်ငံက အရပ်သားနဲ့ တပ်မတော်ခေါင်းဆောင်တွေ လက်ထက်မှာလည်း အသစ်ပေါ်လာတဲ့ ကျောင်းသားသမဂ္ဂတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားရင်း မြေပေါ်ကျောင်းသားလှုပ်ရှားမှု အနှစ် ၅၀ ကျော် ပျောက်ကွယ်ခဲ့ဖူးပါတယ်။
မြေအောက်လှုပ်ရှားမှုအနေနဲ့ ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးရဲ့ အားထုတ်မှုကြောင့် သပိတ်ဆန္ဒပြပွဲကြီးတွေ ပေါ်လာခဲ့ပြီး ၁၉၈၈ မှာ အထွေထွေသပိတ်ဖြစ်ပြီး စစ်ဆိုရှယ်လစ်အစိုးရ ပြုတ်ကျခဲ့သလို နယ်စပ်အခြေပြုတဲ့ ကျောင်းသားတပ်မတော် ပေါ်ထွန်းခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်မှာလည်း ကျောင်းသားသမဂ္ဂတွေ မြေအောက် ပြန်ငုပ်လျှိုးပြီး ကျောင်းသားတပ်သစ်တွေ ပေါ်လာသလို မပြီးဆုံးသေးတဲ့ ဒီမိုကရေစီခရီးကို နွေဦးတော်လှန်ရေးခေါင်းစဥ်အောက်မှာ ဆက်လက်လျှောက်လှမ်းခဲ့ကြပါတယ်။
ကိုလိုနီခေတ်အစ မြန်မာနိုင်ငံရေးနဲ့ ကျောင်းသား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်ဟာ အိန္ဒိယထက် အနည်းဆုံး အနှစ်တရာကျော် နောက်ကျပြီး ကိုလိုနီပြုမှုနဲ့ ကြုံရသလို ကိုလိုနီဘဝမှာလည်း အိန္ဒိယနဲ့ တွဲဖက်ခံရလို့ ဗြိတိသျှအုပ်စိုးမှုအပြင် အိန္ဒိယလွှမ်းမိုးမှုနဲ့ပါ ကြုံခဲ့ရပါတယ်။ ၁၈၅၂ မှာ နိုင်ငံအောက်ပိုင်းကို ဗြိတိသျှသိမ်းပိုက်ပြီးချိန်က စလို့ အောက်မြန်မာပြည်မှာ ဆန်လုပ်ငန်း ထွန်းကားလာပြီး မြန်မာမြေရှင် လူတန်းစား ပေါ်ထွန်းလာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလူတန်းစားက သားသမီးတွေအတွက် ကိုလိုနီလူ့အဖွဲ့အစည်းမှာ ကျင်လည်ရပ်တည်နိုင်တဲ့ အသက်မွေးပညာသင်ယူဖို့ အင်္ဂလိပ်-မြန်မာ စာသင်ကျောင်းတွေလည်း စစ်တွေ၊ မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာ ပေါ်လာသလို ၁၈၇၈ မှာတော့ ရန်ကုန်အစိုးရအထက်တန်းကျောင်းဝင်းထဲမှာ ကောလိပ်ပညာရေး စတင်ခဲ့ပါတယ်။
အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့ရဲ့ ယုဒသန်ကောလိပ်လည်း မရှေးမနှောင်းမှာ ပေါ်လာပြီး ကာလကတ္တားတက္ကသိုလ်နဲ့ ချိတ်ဆက်ပြီး ဘွဲ့ရပညာတတ်တွေ အောက်မြန်မာပြည်မှာ ပေါ်ထွန်းလာပါတယ်။
၁၈၈၅ နောက်ပိုင်း မြန်မာဘုရင့်အုပ်ချုပ်ရေး ကွယ်ပျောက်ပြီးနောက် နိုင်ငံအထက်ပိုင်းမှာလည်း အနောက်တိုင်းပညာရေး ပိုထွန်းကားလာပြီး ခေတ်ပညာတတ်တွေ ပေါများလာခဲ့ပါတယ်။
အိန္ဒိယအင်ပါယာထဲက ပြည်နယ်တခု ဖြစ်တဲ့ မြန်မာပြည်မှာ သီးခြားတက္ကသိုလ် ထူထောင်ပေးဖို့ တောင်းဆိုမှုတွေ ၂၀ ရာစုဦးပိုင်းမှာ ရှိလာပြီး ၁၉၀၆ မှာ ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း တည်ထောင်ပြီးနောက် ပိုပြီး တောင်းဆိုလာကြပါတယ်။
ပထမကမ္ဘာစစ်အတွင်းနဲ့ စစ်ကြီးပြီးစမှာ မြန်မာပြည်အုပ်ချုပ်ရေးကို တိုးမြှင့်ပေးဖို့ အိန္ဒိယနဲ့ လန်ဒန်ထိ သွားရောက် တောင်းဆိုရာကနေ ၁၉၂၃ မှာ ဒိုင်အာခီအုပ်ချုပ်ရေး ရရှိခဲ့သလို အဲဒီအရင် ၁၉၂၀ မှာတော့ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးနဲ့ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာပြီး ပထမကျောင်းသားသပိတ်နဲ့အတူ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်း လှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောင်းသား ဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံမှာ ၂၀ ရာစုဆန်းကတည်းက ရှိခဲ့ကြောင်း အောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း မှာ ရေးသားဖော်ပြထားပါတယ်။ ၁၉၀၃ ခုနှစ် ရန်ကုန်မှာ မြန်မာကျောင်းသားတွေ ဆရာကို လက်အုပ်ချီ ရှိခိုးဖို့ အင်္ဂလိပ် ပညာမင်းကြီးက အမိန့်ထုတ်လို့ ကျောင်းသားနဲ့ မိဘတွေ မကျေနပ်ရာက သပိတ်အသေးစားမှောက်ခဲ့ပြီး ပညာအုပ်အမိန့်ကို ပြန်ဖျက်ပေးခဲ့ရပါတယ်။
သခင်မြတို့ အထက်တန်းကျောင်းသားဘဝတည်းက ရန်ကုန်မှာ ကျောင်းသားသမဂ္ဂကလပ်တွေ ရှိခဲ့ပြီး ဒီမိုကရေစီ၊ ကွန်မြူနစ် စတဲ့ နိုင်ငံရေးဝါဒတွေအကြောင်း အင်္ဂလိပ်-မြန်မာ စာနယ်ဇင်းတွေနဲ့ စာအုပ်စာစောင်တွေမှာ မြန်မာ လူကြီးလူငယ်တွေ ဆည်းပူးခဲ့ကြပါတယ်။
ဒါကြောင့် ၁၉၂၀ ပထမသပိတ်ဖြစ်ချိန်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် အနှစ်တရာကနေ အနှစ်လေးဆယ်ကျော် ကိုလိုနီသက်တမ်းအတွင်း အရင်းရှင်ကိုလိုနီလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ပညာရေးနိုးကြားမှုမှာ အိန္ဒိယကို မမီပေမယ့် အတော်အသင့်ရနေပြီလို့ ပြောနိုင်နေပြီ ဖြစ်ပါတယ်။
အဲဒီအချိန်က အိမ်နီးချင်း ကိုလိုနီမဖြစ်ခဲ့တဲ့ ယိုးဒယား ခေါ် ထိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှု မရှိသေးဘဲ မလေးရေလက်ကြားနယ်မြေတွေနဲ့ အင်ဒိုနီးရှား ဖြစ်မလာသေးတဲ့ ဒတ်ချ် အရှေ့အိန္ဒိယကျွန်းစုမှာလည်း နိုင်ငံရေးက မြန်မာပြည်လောက် မနိုးကြားသေးပါဘူး။
အမျိုးသားရေးနဲ့ လွတ်လပ်ရေး ကျောင်းသားသပိတ်များ
တကယ်က ၁၉၂၀ ကျောင်းသားသပိတ်ဟာ နိုင်ငံရေးအကြောင်းထက် စီးပွားရေးအခြေခံပြီး ပေါ်ပေါက်လာတဲ့ သပိတ် ဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာပြည်ဟာ အာရှမှာ ချမ်းသာတဲ့ ကိုလိုနီတခုဆိုပေမယ့် လူများစု မြန်မာတွေ ချမ်းသာတာမဟုတ်ဘဲ ကိုလိုနီအုပ်စိုးသူလူတန်းစားနဲ့ နီးစပ်တဲ့ ဥရောပအရင်းရှင်တွေနဲ့ လက်ဝေခံ အိန္ဒိယ တရုတ် စီးပွားရေးသမားတွေ ကြီးပွားတဲ့နေရာ ဖြစ်ပါတယ်။
ဒါကြောင့် တက္ကသိုလ်တက်ဖို့ ကျောင်းအိပ်ကျောင်းစား နေရမယ်၊ ပြင်ဆင်မှုအတန်းမှာ တနှစ် နေရမယ် စတဲ့ ကန့်သတ်မှုတွေကို စီးပွားရေးအခက်အခဲကြောင့် ကျောင်းသားတွေ မှောက်ကြတဲ့ သပိတ်ဖြစ်ပါတယ်။ ဒီသပိတ်ကြောင့် နိုင်ငံရေးအကျိုးဆက် ကြီးကြီးမားမား မရှိပေမယ့် မြန်မာယဉ်ကျေးမှုကို အားပေးတဲ့ အမျိုးသားကျောင်းတွေ ပေါ်လာလို့ လွတ်လပ်ရေး မျိုးဆက်ကို မွေးဖွားပေးတဲ့ သပိတ် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကိုလိုနီခေတ်ကစပြီး ခုထိ အတိုက်အခံ လှုပ်ရှားမှုကို ဦးဆောင်မယ့် နိုင်ငံရေးမှာ လေဟာနယ် ဖြစ်နေမှု၊ ကျောင်းသားမျိုးဆက်ဟောင်းရဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ တခြားအင်အားစုတွေနဲ့ ဆက်စပ် လှုပ်ရှားတဲ့ အားကောင်းတဲ့ ကျောင်းသားလှုပ်ရှားမှု ပုံရိပ်တွေကို အရင်းတည်ပြီး ဆက်ခံ လှုပ်ရှားနေတာ ဖြစ်ကြောင်း အာရှ ကျောင်းသားလှုပ်ရှားမှု စာအုပ်ပါ ဝင်းမင်းရဲ့ သမိုင်းဝင် မြန်မာကျောင်းသားအင်အားစု စာတမ်းမှာ ပါရှိပါတယ်။
ပထမကျောင်းသားသပိတ်နဲ့ ဆရာတော် ဦးဥတ္တမရဲ့ ဟောပြောလှုံ့ဆော်မှု၊ သံဃာ့သာမဂ္ဂီ လှုပ်ရှားမှု၊ အိန္ဒိယက ဂန္ဓီရဲ့ ကွန်ဂရက်လှုပ်ရှားမှု ရိုက်ခတ်ချက်တွေကြောင့်ပဲ အရင်က အစည်းအဝေးခေါ် အရေးဆို၊ အင်္ဂလန်သွား အရေးဆိုတဲ့ ဝိုင်အမ်ဘီအေ နိုင်ငံရေးခေတ်ကနေ သပိတ်မှောက် ဆန္ဒပြ၊ အခွန်မပေး၊ နိုင်ငံခြားဖြစ်ပစ္စည်း မသုံးစွဲတဲ့ ဝံသာနုနဲ့ ဘူးအသင်း လှုပ်ရှားမှု ဂျီစီဘီအေခေတ်ကို ရောက်လာခဲ့ပြီး အဲဒီကနေ ၁၉၃၀ မှာ တို့ဗမာအစည်းအရုံး၊ ဆရာစံလယ်သမားအရေးတော်ပုံခေတ်ကိုရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ
၁၉၃၁ မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ ပေါ်ထွန်းလာပြီး အစောပိုင်းမှာ ဗြိတိသျှ အလိုတော်ရိ ကျောင်းသားတွေ တွင်ကျယ်ခဲ့ပေမယ့် ၁၉၃၅-၃၆ ကစပြီး နယ်ချဲ့ဆန့်ကျင်ရေးအုပ်စုက နေရာယူလာပါတယ်။
အဲဒီနောက်ပိုင်း အကျိုးဆက်အဖြစ် တက္ကသိုလ်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ပေါ်လာခဲ့ပြီး ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို မွေးဖွားပေးခဲ့ပါတယ်။
၁၉၃၀ နှောင်းပိုင်းက ဒီမြန်မာကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းပြင်ပနဲ့ အဆက်ပြတ်နေတာ မဟုတ်ဘဲ ဂျီစီဘီအေ ဦးစိုးသိမ်း၊ သခင်သိန်းမောင်ကြီး၊ သခင်မြ စတဲ့ သခင်နဲ့ ဝံသာနုခေါင်းဆောင်တွေ၊ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို စတဲ့ စာနယ်ဇင်းသမားတွေ၊ ဆာဦးသွင်၊ ပဲရော့ဦးဆန်နီ၊ မြန်မာအဆွေ အေဝမ်းမိသားစု စတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေါက်တာဘဟန်၊ ဝတ်လုံ ဦးကျော်မြင့် စတဲ့ ဘိလပ်ပြန် ပညာတတ်တွေရဲ့ အားပေးထောက်ခံမှုတွေနဲ့ ဆက်စပ်နေခဲ့ပါတယ်။
နောက်ပြီး ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပေးတဲ့ အဆင့်မြင့် အင်္ဂလိပ်ပုံစံ ပညာရေးနဲ့ အမျိုးသား အထက်တန်းကျောင်းတွေမှာ ဆည်းပူးခဲ့တဲ့ မြန်မာဘာသာစာပေတွေရဲ့ ပေါင်းစပ်ဖလှယ်မှုအားနဲ့ မြန်မာရည်လည်ပြီး နိုင်ငံတကာအသိအမြင် ကြွယ်ဝတဲ့ ကျောင်းသားလှုပ်ရှားမှု မျိုးဆက် ၁၉၃၀ ကျော်မှာ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှု မျိုးဆက် ခေါင်းဆောင်တွေက တို့ဗမာသခင်အုပ်စုနဲ့ ပေါင်းစည်းပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို မွေးထုတ်ပေးခဲ့သလို စစ်ပြီးခေတ် မြန်မာနိုင်ငံရေးကို ကြီးစိုးမယ့် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ပါတီတွေရဲ့ ဖခင်တွေလည်း ဖြစ်ခဲ့ကြပါတယ်။
ဒီမျိုးဆက်မှာ အထင်ရှားဆုံးအဖြစ် လွတ်လပ်ရေး ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ခေါ် ဗိုလ်အောင်ဆန်းကို လူသိများပြီး သူ့နောက်မှာတော့ လွတ်လပ်ပြီးခေတ်ရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ သခင်နု၊ ဦးကျော်ငြိမ်း၊ သိန်းဖေမြင့်၊ ဦးဗဆွေ ၊ သခင်ဗဟိန်း စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ထင်ရှားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ
၁၉၃၆ သပိတ်ကနေ ၁၉၃၈-၃၉ ကာလ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ တတိယကျောင်းသားသပိတ်ခေတ်ထိ ကျောင်းသားနိုင်ငံရေးဟာ တက္ကသိုလ်နယ်မြေကနေ ရန်ကုန်မြို့ပြကို ကျော်လွန်ပြီး အညာရေနံမြေနဲ့ ပဲခူးက လယ်သမားသပိတ်တပ်တွေထိ ပေါင်းစပ်သွားခဲ့တဲ့ နိုင်ငံရေး စည်းရုံးမှုကြီး ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ တို့ဗမာအစည်းအရုံးခေါင်းဆောင်တွေ ဖြစ်လာသလို သံမဏိကျောင်းသားတပ်တွေလည်း နိုင်ငံအနှံ့ ပေါ်ထွန်းလာပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း ဗိုလ်အောင်ကျော်နဲ့ မန္တလေး အာဇာနည် ၁၇ ဦး ကျဆုံးမှုတွေကြောင့် အကြမ်းမဖက် အာဏာဖီဆန်နည်းထက် လက်နက်ကိုင်တိုက်ပွဲလမ်းကို အမျိုးသားရေးလှုပ်ရှားသူတွေ ပိုပြီး အာရုံစိုက်လာကြပါတယ်။
တို့ဗမာအစည်းအရုံး နှစ်ခြမ်းလုံးက ဂျပန်ဖက်ဆစ်၊ တရုတ်ကွန်မြူနစ်တွေနဲ့ အဆက်အသွယ်ယူဖို့ အသီးသီး ကြိုးစားကြသလို ဒေါက်တာဘမော်၊ ဂဠုန်ဦးစော စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကလည်း ဂျပန်နဲ့ ဆက်သွယ်ပါတယ်။
ဒီအချိတ်အဆက်တွေကနေ ဗမာ့ထွက်ရပ်ဂိုဏ်းမှာ ဒေါက်တာဘမော်အုပ်စုနဲ့ ပေါင်းမိတဲ့ တို့ဗမာသခင်တွေ ဂျပန်ကို ရဲဘော်သုံးကျိပ် လွှတ်ဖို့ ဖြစ်လာပြီး အဲဒီကနေ ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်စကြာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင်စတဲ့ ကျောင်းသားဗိုလ်တွေ ပေါ်ထွက်လာပြီး ဘီအိုင်အေ ဗမာ့လွတ်လပ်ရေး တပ်မတော်သစ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။
ကမ္ဘာစစ်၊ ပြည်တွင်းစစ်နဲ့ အာဏာရှင်ခေတ် ကျောင်းသားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုတိယကမ္ဘာစစ်မီး မြန်မာပြည် ရောက်လာချိန်မှာတော့ သမဂ္ဂဝင် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသားအများအပြား ဘီအိုင်အေ ဗမာတပ်သစ်ထဲ ဝင်ကြပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ကြပါတယ်။
ဒီလိုနဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ချစ်မြိုင်၊ ဗိုလ်စန်းယု၊ ဗိုလ်ခင်ညို၊ ဗိုလ်ကြည်မောင်၊ ဗိုလ်လှဟန် စတဲ့ စစ်ပြီးခေတ် ဗမာ့တပ်မတော်ခေါင်းဆောင်လောင်းတွေ ပညာရေး မပြီးဆုံးဘဲ စစ်ဗိုလ်ဘဝ ရောက်ရှိခဲ့ကြပြီး အနှစ် ၂၀ ကနေ ၄၀ လောက် ရှည်ကြာအောင် စစ်တပ်နိုင်ငံရေးနဲ့ ပတ်သက်ခဲ့ကြပါတယ်။
စစ်ပြီးခေတ် အသစ်ပြန်ဖွဲ့တဲ့ တပ်မတော်မှာ ရဲဘော်သုံးကျိပ်ထက် ဂျပန်ခေတ် ကျောင်းသားစစ်ဗိုလ်တွေ ပိုကြီးစိုးကြသလို စစ်ပြီးခေတ် နိုင်ငံရေးကို ကြီးစိုးတဲ့ ဖဆပလ၊ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် ပါတီတွေထဲမှာလည်း စစ်ကြီးမတိုင်ခင်က ကျောင်းသားခေါင်းဆောင်ဟောင်းတွေ တွင်ကျယ်ခဲ့ကြပါတယ်။
ဒီနိုင်ငံရေးခေါင်းဆောင်တွေက စစ်ပြီးခေတ် သမဂ္ဂကျောင်းသားတွေအပေါ် သြဇာညောင်းဖို့ ကြိုးစားကြပြီး စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးအကွဲအပြဲတွေနဲ့ ပြည်တွင်းစစ်ဂယက်ကလည်း ကျောင်းသားလောကမှာ ရိုက်ခတ်ခဲ့ပါတယ်။
၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကွန်မြူနစ်၊ ရဲဘော်ဖြူနဲ့ ကရင်လက်နက်ကိုင်တွေ တောခိုချိန်မှာ သူတို့နဲ့ နီးစပ်တဲ့ ကျောင်းသားအများအပြား တောထဲပါသွားကြသလို ဖဆပလ စစ်တပ်ဘက်က ဝင်တိုက်ပေးကြတဲ့ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။
ဒီထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် စီးပွားရေးအကြံပေး ဖြစ်လာတဲ့ ဗကပ တောပြန် မောင်စူးစမ်းနဲ့ ပဲခူးဘက်မှာ ကရင်တပ်တွေနဲ့ တိုက်ရင်း ဖဆပလဘက်က ကျဆုံးတဲ့ ဆေးကျောင်းသား မွန်ထော်သက်ညွန့်တို့ ထင်ရှားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ပြည်တွင်းစစ်နဲ့ အပြိုင် ကမ္ဘာ့စစ်အေး နိုင်ငံရေးအစ အရှေ့ အနောက် အုပ်စု အားပြိုင်မှု လှိုင်းဂယက်တွေကလည်း မြန်မာ ကျောင်းသားလှုပ်ရှားမှုမှာ လာရိုက်ခတ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ငါးဖွဲ့ကွဲတဲ့အထိ ဖြစ်ခဲ့ကြောင်း ဦးအံ့ကျော်ရဲ့ မြန်မာနိုင်ငံ ကျောင်းသားများ လှုပ်ရှားမှုသမိုင်း (၁၉၄၅-၅၈) မှာ ပါရှိပါတယ်။
တိုးတက်၊ သန့်ရှင်း ၊ ရဲခေါင်၊ ဒီအက်စ်အို စတဲ့ ကွဲပြားတဲ့ သမဂ္ဂတွေဟာ ဖဆပလ အစိုးရနဲ့ မြေပေါ် မြေအောက် လက်ဝဲအတိုက်အခံတွေကြား ကျောင်းတွင်း နိုင်ငံရေးကစားပွဲလို အားပြိုင်ကြရာမှာ ၁၉၅၃ အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်း၊ ပထစခေတ် မန္တလေးတက္ကသိုလ် အရေးအခင်း စတဲ့ ကျောင်းသားလှုပ်ရှားမှုစုံနဲ့ ကြုံရရင်း ၁၉၆၂ ဆဲဗင်းဇူလိုင် ဆန္ဒပြပွဲမှာတော့ အာဏာသိမ်းခါစ စစ်တပ်က သမဂ္ဂအဆောက်အဦကို ဖြိုချ ဖျက်ဆီးပြီး ကျောင်းသားအများအပြား ပစ်ခတ်ခံရလို့ သေကျေ ဒဏ်ရာရခဲ့ကြပါတယ်။
ပြန်လည်ထူထောင်ရေးကာလ ပညာရေး ရန်ပုံငွေမလောက်ငမှု၊ ဆရာတပည့် အချိုးအစား မမျှမှု၊ ကျောင်းစာသင်ဆောင်နဲ့ ကျောင်းသားဆောင် မလုံလောက်မှု၊ ပညာရေး အရည်အသွေးနိမ့်ကျမှု စတဲ့ အရင်းခံပြဿနာတွေမှာ နိုင်ငံရေး ခေါင်းဆောင်များနဲ့ အာဏာပိုင်တွေရဲ့ ကိုင်တွယ် ချဉ်းကပ်ပုံ မရင့်ကျက်မှုကြောင့် ကျောင်းသား အဓိကရုဏ်းနဲ့ ဖြိုခွင်းမှုတွေကို မြန်မာ့နိုင်ငံရေးမှာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရပြီး အစိုးရနဲ့ ကျောင်းသား အားပြိုင်မှုက မြန်မာ့နိုင်ငံရေးလက္ခဏာလို ဖြစ်လာခဲ့ပါတယ်။
၁၉၅၀ နဲ့ ၁၉၆၀ ကျော်ကာလ မြန်မာကျောင်းသားနိုင်ငံရေးဟာ ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ စတဲ့ ခေတ်ပြိုင် အာရှနိုင်ငံတွေက ကျောင်းသားလှုပ်ရှားမှုတွေလိုပဲ စစ်ပြီးခေတ် မတည်ငြိမ်မှုနဲ့ ပြန်လည်ထူထောင်ရေး အခက်အခဲတွေကြားမှာ လက်ဝဲယိမ်းတဲ့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်ပေမယ့် ဗီယက်နမ်လို လက်ဝဲလုံးလုံးလည်း ဖြစ်မသွား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ်မှာလိုလည်း လက်ဝဲလှုပ်ရှားမှုကို ဖိနှိပ်ချေမှုန်းတာတွေ အလွန်အကျွံမဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား စတဲ့ အာရှနိုင်ငံတွေမှာ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြီးပွားတိုးတက်လာကြချိန်မှာ မြန်မာက စစ်တပ်အုပ်ချုပ်ခံ ဆိုရှယ်လစ်စီးပွားရေးအောက်မှာ ခေတ်နောက်ကျ ကျန်နေခဲ့ပါတယ်။
စီးပွားရေး မဖွံ့ဖြိုးမှု နောက်ဆက်တွဲအဖြစ် အုံကြွမှုကို စိုးရွံ့ပြီး ဖိနှိပ်ဖို့ လက်မနှေးတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်လမ်းကို ရွေးဖို့ အားသာတဲ့ ကျောင်းသားလှုပ်ရှားမှုတွေက လွတ်လပ်ရေးအလွန် မြန်မာနိုင်ငံရေးရဲ့ သင်္ကေတလို ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားမှာ ကွန်မြူနစ်သိန်းချီ သတ်ဖြတ်တာမျိုး မြန်မာပြည်မှာ မဖြစ်ခဲ့ပေမယ့် သမဂ္ဂကျောင်းသားတွေ တောခိုတာကတော့ လွတ်လပ်ရေးရကတည်းက ခုထိ တောက်လျှောက်ရှိခဲ့ပြီး တောတွင်းတိုက်ပွဲမှာ ကျဆုံးတာ၊ တောခိုသူအချင်းချင်း သတ်ဖြတ်လို့ သေဆုံးတာတွေကလည်း လွတ်လပ်ရေးရကတည်းက ရှိနေခဲ့ပါတယ်။
ဒီထဲမှာ အထင်ရှားဆုံးက ဗကပ ဖြုတ်ထုတ်သတ်မှာ ကျဆုံးခဲ့တဲ့ ကိုစိုးဝင်း၊ ကိုအောင်သိန်းနိုင်နဲ့ ကိုကျော်ခင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ပြီး ကိုဗဆွေလေးက တိုက်ပွဲမှာ ကျဆုံးပါတယ်။ ဒီအချိန်မှာပဲ သူတို့နောင်တော် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာညီညီ၊ ကိုဘကောင်း၊ ကိုခင်မောင်အုန်း စသူတွေက ဝန်ကြီး၊ အထူးအရာရှိရာထူးတွေနဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ ပညာရေး ပြုပြင်ရေးမှာ ပါဝင် ဦးဆောင်ခဲ့ကြပါတယ်။
၁၉၆၂ နောက်ပိုင်း မြန်မာကျောင်းသားလောကမှာ နိုင်ငံရေးသြဇာမဝင်အောင် စစ်အစိုးရက တင်းကျပ်ခဲ့ပြီး ဘာသာရပ်အထူးပြု စနစ် ကျင့်သုံးတာ၊ တက္ကသိုလ်တွေကို ခွဲပစ်တာ စတဲ့နည်းတွေကို သုံးခဲ့တယ်လို့ ၁၉၆၈ က ဂျိုးဇက် ဆီးလ်ဗားစတိန်းရဲ့ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းက မြန်မာကျောင်းသားများ စာတမ်းမှာ ပါရှိပါတယ်။
လမ်းစဉ်လူငယ်၊ အသုံးလုံး လှုပ်ရှားမှု စတဲ့ အရှေ့အုပ်စုပုံစံ လူငယ်လှုပ်ရှားမှုတွေနဲ့ စစ်တပ်ဆန့်ကျင်ရေး ရေစီးကို ချေဖျက်ဖို့ ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရ ကြိုးစားခဲ့ပေမယ့်လည်း တရုတ်နဲ့ အရှေ့ဥရောပနိုင်ငံတွေမှာလို လက်ဝဲထိန်းချုပ်မှုအောက် လုံးလုံးရောက်သွားခဲ့တဲ့ ကျောင်းသားနိုင်ငံရေးမျိုး မြန်မာပြည်မှာ မဖြစ်ခဲ့ဘဲ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေးအုံကြွမှုတွေကို ဆက်လက်ကြုံတွေ့ခဲ့ရပါတယ်။
ဒီထဲမှာ ၁၉၇၄ ဦးသန့်စျာပန အရေးအခင်း၊ ၁၉၇၅ - ၁၉၇၆ က အလုပ်သမားနဲ့ ကျောင်းသား ဆန္ဒပြပွဲတွေအပြင် ၁၉၈၇ ငွေစက္ကူ အရေးအခင်းက အစပျိုးခဲ့တဲ့ ၁၉၈၈ အထွေထွေအုံကြွမှုကြီးကြောင့် စစ်ဆိုရှယ်လစ် အုပ်ချုပ်ရေး နိဂုံးချုပ်ပြီး အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရသစ်တရပ် စတင်ခဲ့ပါတယ်။
၈၈ အလွန် နှစ် ၄၀

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကျောင်းသားလှုပ်ရှားမှုကို ကိုလိုနီခေတ်၊ လွတ်လပ်ပြီးခေတ်နဲ့ ၈၈ အုံကြွမှုအလွန်ဆိုပြီး သုံးပိုင်းပိုင်းကြည့်နိုင်ပြီး ၁၉၈၈ နောက်ပိုင်းလှုပ်ရှားမှုမှာတော့ လမ်းစဉ်ပါတီခေတ်ကထက် ပိုပြင်းထန်တဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေ၊ ကျောင်းသား တောခိုတာတွေကို ကြုံခဲ့ရပါတယ်။
၁၉၅၀ ကျော် လက်ဝဲ လက်ယာ ကျောင်းသားအကွဲအပြဲ လိုပဲ ဗကသနဲ့ မကသ အကွဲကိုလည်း မိုးသီးဇွန်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ မင်းဇေယျစတဲ့ ၈၈ မျိုးဆက်တွေ ခေတ်မှာ ကြုံရပြန်ပါတယ်။
၁၉၈၈ အုံကြွမှုအတွင်း ကျောင်းသားပြည်သူ ထောင်ဂဏန်း ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် နဝတအစိုးရတက်ချိန်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ နယ်စပ်တွေဘက် ထွက်ပြီး လက်နက်ကိုင် တော်လှန်ကြပါတယ်။ ဒီလိုနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ပေါ်ထွန်းလာသလို ၁၉၈၈ အလွန်မှာ ပေါ်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီလည်း တောခိုပါတီ ဖြစ်ခဲ့ရပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့သလိုပဲ တက္ကသိုလ်တွေကို နှစ်ရှည်ပိတ်ပြီး ကျောင်းသားလှုပ်ရှားမှုကို ဖြိုခွဲခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်းထက် ပိုဆိုးတာတခုကတော့ တက္ကသိုလ်အသစ်တွေ ဖွင့်ပြီး ကျောင်းသားတွေကို မြို့စွန်နဲ့ ကျေးလက်ထိ ပို့ပစ်တာ ဖြစ်ပါတယ်။
ဒီလို ဖိနှိပ်မှုတွေနဲ့ ကြုံရပေမယ့် ကျောင်းသားတွေဘက်ကလည်း ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရ ဆန္ဒပြပွဲ၊ ၁၉၉၆ နဲ့ ၁၉၉၈ ကျောင်းသားသပိတ်၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး စတဲ့ လှုပ်ရှားမှုတွေကို အခွင့်သင့်တိုင်း ဖော်ဆောင်ပါဝင်ပြီး နိုင်ငံရေးတိုက်စစ် ဖွင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၂ နိုင်ငံရေး ဖြေလျှော့မှုနောက်ပိုင်း မြေပေါ် ကျောင်းသားလှုပ်ရှားမှု ပြန်ပေါ်လာပေမယ့် သမဂ္ဂတရားဝင် ဖြစ်ဖို့ အရေးက နှောင့်နှေးခဲ့ပါတယ်။ ဒီအတောအတွင်း ၂၀၁၅ မှာ ပညာရေး ဥပဒေ ပြုပြင်ဖို့ မန္တလေးက ရန်ကုန်ကို လမ်းလျှောက် ချီတက်ပွဲအတွင်း လက်ပံတန်း ဖြိုခွင်းမှုမှာ ကျောင်းသားတွေ အထိနာခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အာဏာတစိတ်တပိုင်း ရလာပြီးနောက်မှာလည်း ၁၉၅၀ ကျော်နဲ့ ၁၉၈၈ အလွန်မှာလိုပဲ ဗကသနဲ့ တကသ လက်ဝဲ လက်ယာအကွဲက ဆက်ရှိနေခဲ့ပြန်ပါတယ်။
၂၀၂၁ မှာ နောက်ဆုံးတခေါက် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ဂျန်ဇီခေတ်မှာလည်း မြို့ပေါ် ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရပြီးနောက်မှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားတော်လှန်ရေးတပ်တော်နဲ့ 96 Soldiers တပ်ဖွဲ့ ၊ ကျောင်းသားလက်ရုံးတပ်တော် စတဲ့ လက်ဝဲ လက်ယာ ကျောင်းသားတပ်သစ်တွေ ပေါ်ထွက်လာပါတယ်။ ၂၀၂၁ နောက်ပိုင်း ဗကပက ပြန်လည် ဖွဲ့စည်းတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှာလည်း ဗကသ အဆက် လက်ဝဲကျောင်းသားလူငယ်တွေ ပါဝင်ကြပါတယ်။
ဒီတကြိမ် ကျောင်းသားတော်လှန်ရေးခေတ်မှာတော့ ပြည်တွင်းစစ်အစမှာလို ဗကပ၊ အလံနီ၊ ရဲဘော်ဖြူ၊ ကေအန်ယူ၊ ကေအိုင်အေ စတဲ့ လက်ဝဲလက်ယာ လက်နက်ကိုင်သူပုန်တွေနဲ့ ပူးပေါင်းသွားတာမျိုး၊ ၁၉၈၈ နောက်ပိုင်းမှာလည်း ကျောင်းသားတပ်မတော်တခုတည်းအဖြစ် သီးခြားရပ်တည်တာမျိုး မဟုတ်ဘဲ ကျောင်းသားတပ်မျိုးစုံနဲ့ ရာနဲ့ချီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မျိုးစုံမှာ ကျောင်းသားလူငယ်တွေ ပါဝင်ပြီး ကေအိုင်အေ၊ ကေအန်ယူ၊ ကရင်နီ၊ တအာင်း တီအန်အယ်လ်အေ၊ ရခိုင် အေအေစတဲ့ လူမျိုးစုတပ်စုံရဲ့ နိုင်ငံရေးခြေလှမ်းတွေထဲမှာလည်း တခြားမြန်မာနွေဦးလက်နက်ကိုင်တွေနဲ့ ကျောင်းသားလက်နက်ကိုင်တွေလည်း နိုင်ငံရေးခရီးကြမ်း နှင်ခဲ့ရပါတယ်။
ခွပ်ဒေါင်းရဲ့ ရှေ့ခရီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွတ်လပ်ရေးအလွန် မြန်မာ့နိုင်ငံရေး ဝင်္ကပါခရီးမှာ စစ်တပ်၊ မြန်မာအတိုက်အခံနဲ့ လူမျိုးစုံတပ်တွေ ဆိုတဲ့ သုံးချောင်းထောက်အခြေခံမှာ ကျောင်းသားလူငယ်တွေက သမဂ္ဂနဲ့ လက်နက်ကိုင်စစ်သည်တွေအဖြစ် ပါဝင်ခဲ့ကြတာကလည်း နှစ် ၈၀ နီးခဲ့ပါပြီ။
ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတဲ့ ကျားကုပ်ကျားခဲလုပ်တတ်တဲ့ လူငယ်စိတ်အခြေပြု ကျောင်းသားနိုင်ငံရေးပုံစံဟာ လယ်သမား၊ အလုပ်သမား အခြေပြု လက်ဝဲလှုပ်ရှားမှု၊ လူမျိုးရေး ဘာသာရေးအခြေပြု လက်ယာလှုပ်ရှားမှုတွေကြားက ပေါင်းစည်းပုံစံမျိုး မြို့ပြလှုပ်ရှားမှု ဖြစ်ပြီး လက်ဝဲ လက်ယာ နိုင်ငံရေးအုပ်စုစုံက ပါဝင်ပတ်သက်ကြတာကိုလည်း ခေတ်အဆက်ဆက်မှာ တွေ့ခဲ့ရပါတယ်။
ဒီလို အုပ်စုစုံတဲ့အတွက် ကျောင်းသားလှုပ်ရှားမှုတွေကို လိုသုံးသဘော မှတ်ယူတာတွေကိုလည်း နိုင်ငံရေးခေတ်အဆက်ဆက်မှာ တွေ့ခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်း မြေပေါ် ပါတီစုံ နိုင်ငံရေး ပျောက်ခဲ့ရပြီး ၁၉၈၈-၁၉၉၀ ကျော် တခေတ်နဲ့ ၂၀၁၂-၂၀၂၁ ဆယ်စုနှစ်မှာပဲ ပြန်ပေါ်နိုင်ခဲ့တဲ့အတွက် ကျောင်းသားကနေ နိုင်ငံရေးသမား ပီပီပြင်ပြင် ကူးပြောင်းနိုင်တဲ့ ဖြစ်စဉ်ပျောက်နေပြီး ရာသက်ပန် ကျောင်းသားလှုပ်ရှားသူ မျိုးဆက်အစုံကို နှစ် ၅၀ စာ မြန်မာပြည်မှာ တွေ့ခဲ့ရပါတယ်။
မြေအောက်လှုပ်ရှားမှုမှာ လျှို့ဝှက်ဂိုဏ်းကွန်ရက်ပုံစံမျိုး အနှစ် ၅၀ ရပ်တည်ခဲ့ရတဲ့အတွက် နိုင်ငံရေးကျောင်းသားတွေကို စစ်တပ် ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေရဲ့ ခါးပိုက်ဆောင်တွေလိုမျိုး သဘောထားချုပ်ကိုင်တာ၊ သတ်မှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကလည်း နိုင်ငံတံခါးပိတ်ချိန်မှာ ပြည်ပစာပေလေ့လာမှု အခက်အခဲရှိတဲ့အပြင် လက်ဝဲနိုင်ငံရေးအားကြီးမှုကြောင့်လည်း ဝေဖန်သုံးသပ်မှု အားကောင်းတဲ့ ကျောင်းသားနိုင်ငံရေး ဖြစ်မလာဘဲ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ နောက်လိုက်လူအုပ် လှုပ်ရှားမှုမျိုးတွေကိုပဲ ၁၉၆၂ ၊ ၁၉၈၈ ကနေ ၂၀၂၁ အလွန် တောတွင်း မြေအောက် တကျော့ပြန်ခေတ်ထိ တွေ့နေရပါတယ်။
ဒီလို ခေတ်နောက်ကျမှုကြောင့်ပဲ လူမျိုးရေး၊ ဘာသာရေး၊ ကျားမတန်းတူရေး စတဲ့ အရေးကိစ္စတွေမှာ မြန်မာကျောင်းသားတွေရဲ့ ယေဘုယျ အသိအမြင်နဲ့ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းက ကျောင်းသားတွေရဲ့ နိုးကြားမှုက အနှစ် ၂၀ မက ကွာဟခဲ့ပါတယ်။
ဒါကြောင့် မြန်မာကျောင်းသား ခေါင်းဆောင် အများစုဟာ ခုချိန်ထိ မြန်မာဗုဒ္ဓဘာသာနောက်ခံကလာတဲ့ ကျောင်းသားတွေသာ များပြီး ကျောင်းသူခေါင်းဆောင်ရယ်လို့ ထင်ထင်ရှားရှား ပြစရာကလည်း အရင် နှစ် ၁၀၀ ကျော်အတွင်းမှာ ရုပ်ပြသာသာက တက်မလာတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ အာဏာသိမ်းအပြီး ငါးနှစ်အလွန်မှာတော့ ပြည်တွင်းမှာ ပြန်ဖွင့်နေတဲ့ တက္ကသိုလ် ကျောင်းတွေမှာ ကျောင်းသားလှုပ်ရှားမှု မရှိသလောက် ပျောက်နေပြီး မြေအောက်လှုပ်ရှားမှု ပုံစံကိုပဲ တွေ့နေရပါတယ်။
တောတွင်းနဲ့ နယ်စပ်၊ ထိုင်းနိုင်ငံရောက် ကျောင်းသားလှုပ်ရှားသူတွေနဲ့ ပြည်တွင်း ဆက်ဆံရေးမှာတော့ ၁၉၈၈ ကနဲ့ မတူဘဲ အင်တာနက်ကို သုံးပြီး အပြန်အလှန် သြဇာညောင်းနိုင်တာကိုလည်း တွေ့ရပါတယ်။
တဘက်မှာတော့ မြန်မာနိုင်ငံရေး ဂိုဏ်းဂဏ ထုံးစံအတိုင်း လက်ဝဲ လက်ယာ ကွဲပြားမှုအပြင် ပြည်တွင်း ပြည်ပ၊ လက်နက်မဲ့ လက်နက်ကိုင်စတဲ့ အပြန်အလှန် အားပြိုင်မှုတွေကလည်း ရှိနေပါတယ်။ ၂၀၂၁ မှာ အကြမ်းမဖက်အာဏာဖီဆန်ရေး စီဒီအမ် လုပ်ခဲ့ကြတဲ့ ကျောင်းသားမျိုးဆက်ဟောင်းတွေနဲ့ လက်ရှိ ကျောင်းတက်နေတဲ့ ပြည်တွင်း ကျောင်းသားတွေအကြား အပြန်အလှန် နားလည်ယုံကြည်မှု တည်ဆောက်ဖို့ကလည်း နောက်ထပ် စိန်ခေါ်မှုတခု ဖြစ်ပါတယ်။
ကမ္ဘာအနှံ့ ကိုဗစ်အလွန်မှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြန်လည်ထူထောင်မှု အခက်အခဲတွေ၊ ကမ္ဘာ့နိုင်ငံရေး အားပြိုင်မှုတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှုတွေအပြင် နည်းပညာ တော်လှန်ရေးတွေကြောင့်လည်း နိုင်ငံစုံမှာ အရင်ကနဲ့ မတူတဲ့ စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်ရဲ့ ကမ္ဘာ့ ဒုတိယ အရင်းရှင်အင်အားကြီး နိုင်ငံအဖြစ် ထွန်းကားလာမှုကလည်း မြန်မာပြည်က တော်လှန်ရေးတွေကို လာရိုက်ခတ်ပါတယ်။ နယ်စပ်တည်ငြိမ်ရေးအတွက် နေပြည်တော် စစ်တပ်နဲ့ ပိုနီးစပ်လာတဲ့ တရုတ်နဲ့ အိန္ဒိယ၊ ယူကရိန်းစစ်အတွက် အာရှမှာ မဟာမိတ်သစ်ရှာနေတဲ့ ရုရှား စတဲ့ ကမ္ဘာ့နိုင်ငံရေးအားပြိုင်မှုတွေကလည်း မြန်မာကျောင်းသားတွေ အရင်က သိထားကြားထားတဲ့ လက်ဝဲလက်ယာ နိုင်ငံရေးနဲ့ မတူဘဲ လက်ယာစုံ အားပြိုင်ပွဲကြီးထဲက မြန်မာ့တော်လှန်ရေး အနေအထား ဖြစ်နေပါတယ်။
ဒါကြောင့် အရင်လို သပိတ်စုံ သူပုန်ထ ၊ ပြည်တွင်း ပြည်ပ စစ်အေးနိုင်ငံရေးနောက်ခံနဲ့ လှုပ်ရှားခဲ့တဲ့ တော်လှန်ရေးခေတ်မျိုးမဟုတ်တဲ့ အင်တာနက် အရင်းရှင်ခေတ် နိုင်ငံရေးမှာ မြန်မာကျောင်းသားနိုင်ငံရေး တင်ကျန်ရစ်ဖို့ကလည်း မြန်မာခုခံမှု နိုင်ငံရေးရဲ့ ကံကြမ္မာနဲ့ အလားတူ မရေရာတဲ့ အနာဂတ်ခရီးနဲ့ ရင်ဆိုင်နေရပါတယ်။












