တရုတ်-မြန်မာနယ်စပ်က ယမ်းဈေးကွက်

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းနဲ့ TNLA စစ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ ကချင်ဒေသတွေမှာ မိုင်းတွင်းလုပ်ငန်းသုံးနဲ့ စစ်ဘက်သုံးတဲ့ ယမ်း မှောင်ခိုဈေးကွက် ကြီးထွားလာပါတယ်။

စစ်ဆင်ရေးနောက်ပိုင်း တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပင်ကန့်သတ်လိုက်တာက ယမ်းအရောင်းအဝယ် ပုံမှန်ဈေးကွက်ကို ပိတ်သွားစေတယ်လို့ ယမ်းမှောင်ခိုဈေးကွက်အကြောင်း နားလည်တဲ့သူတချို့ဆီကနေ သိရပါတယ်။

ဈေးကွက်ပိတ်သွားတဲ့နောက် မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ရဲ့ လက်နက်ထုတ်လုပ်ရေးနဲ့ မိုင်းတွင်းလုပ်ငန်းရှင်တွေအတွက် ယမ်းဝယ်လိုအား ပိုတက်လာပြီး မှောင်ခိုဈေးကွက်က အခရာကျလာတယ်လို့ ဈေးကွက်ကိုနားလည်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ယမ်းမှောင်ခိုဈေးကွက်အကြောင်းနဲ့ ဘယ်လိုယမ်းအမျိုးအစားတွေကို ဘယ်နေရာမှာ သုံးနေလဲဆိုတာကို သိရဖို့ ဘီဘီစီက နယ်စပ်ဒေသက ယမ်းထုတ်လုပ်ရေးနဲ့ ဒီဈေးကွက်အကြောင်းသိထားတဲ့ သတင်းရင်းမြစ် ၅ ဦးထက်မနည်းနဲ့ မေးမြန်းခဲ့ပါတယ်။

ယမ်းမှောင်ခိုဈေးကွက်

ဆပ်ပြာယမ်းလို့ခေါ်တဲ့ ကြက်အူချောင်းပုံစံရှိတဲ့ Emulsion Explosive ယမ်း

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဆပ်ပြာယမ်းလို့ခေါ်တဲ့ ကြက်အူချောင်းပုံစံရှိတဲ့ Emulsion Explosive ယမ်း

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ "ဝ"တပ်ဖွဲ့ (UWSA)၊ တအာင်းတပ်(TNLA) နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ ယမ်းမှောင်ခိုဈေးကွက်တွေ ရှိနေတာလို့ ဈေးကွက်အကြောင်းသိထားတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် တကြောက နမ့်ခမ်း၊ မန့်ဝိန်းကြီးနဲ့ ပန်ဆန်းအထိ "၁၀၂၇ နောက်ပိုင်းကတည်းက မှောင်ခိုရောင်းဝယ်နေကြတာ" လို့ ယမ်းဈေးကွက်အကြောင်း သိထားသူတစ်ဦးက ဆိုပါတယ်။

နမ့်ခမ်းနဲ့ မန့်ဝိန်းကြီး စတဲ့ ဈေးကွက်နှစ်ခုကတော့ ရှမ်းမြောက်တကြောနဲ့ အညာဒေသက လက်နက်ကိုင်တပ်တွေနဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်ဈေးကွက်လို့ သူက ဆိုပါတယ်။

ရှမ်းမြောက်ဒေသအတွက်ဆိုရင်တော့ "နမ့်ခမ်းဘက်မှာပဲ ယမ်းတွေကို ကုန်တင်၊ ကုန်ချလုပ်ကြတာပေါ့" လို့ သူက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက် စစ်ကိုင်းနဲ့ ကချင်ဘက် အတွက်တော့ မန့်ဝိန်းကြီးဘက်မှာ ထုတ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

နမ့်ခမ်းကို တအာင်းတပ်(TNLA) က ထိန်းချုပ်ထားပြီး ကချင်၊ မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးကိုတော့ KIA က ထိန်းချုပ်ထားပါတယ်။

နမ့်ခမ်း-မံစီ-စစ်ကိုင်းလမ်းပိုင်းကို ယမ်းမှောင်ခိုလမ်းကြောင်းအဖြစ် သုံးနေရုံသာမက ကုန်စီးဆင်းရာလမ်းပိုင်းအနေနဲ့လည်း သုံးနေကြတာဖြစ်ပါတယ်။

ဒီလမ်းကြောင်းဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။

အရင်အသုံးပြုခဲ့တဲ့ ရွှေဘို - မြစ်ကြီးနား လမ်းပိုင်းအစား ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နမ့်ခမ်း-မံစီ-စစ်ကိုင်း လမ်းပိုင်းကိုပိုသုံးလာကြတာလို့ ဒီလမ်းပိုင်းကိုသုံးနေတဲ့ ကုန်သည်တချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် ရှမ်းမြောက်ဒေသမှာ စတင်ခဲ့တာဖြစ်ပါတယ်။

၁၀၂၇ စတင်ပြီး ၅ လကျော်အကြာ ၂၀၂၄ မတ်လမှာတော့ တရုတ်နဲ့ နယ်စပ် ကချင်ပြည်နယ်ထဲမှာလည်း ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ထိုးစစ်တွေ စတင်ခဲ့ပါတယ်။

ရှမ်းမြောက်နဲ့ ကချင်ဒေသမှာ တိုက်ပွဲတွေစတင်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့မှာ လက်နက် ပိုထုတ်လုပ်နိုင်ရေးအတွက် ယမ်းလိုအပ်ချက်ရှိလာတယ်လို့ ယမ်းမှောင်ခိုပွဲစားလုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကို ထုတ်ပြောပါတယ်။

ဒါ့အပြင် ဒီလက်နက်ကိုင်တပ်တွေအနေနဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်းအကွက်တွေရှိတဲ့ ဒေသတွေကို အုပ်စီးနိုင်ခဲ့ပြီး အဲဒီလုပ်ကွက်တွေကို ဆက်လည်ပတ်လုပ်ကိုင်ရာမှာလည်း ဖောက်ခွဲရေးသုံးယမ်းတွေ လိုအပ်လာတာကြောင့် ယမ်းမှောင်ခိုဈေးကွက် ပိုအားကောင်းလာတာလို့ သူကပြောပါတယ်။

တရုတ်ကနေ ဝင်တဲ့လမ်းကြောင်း

တရုတ်-မြန်မာနယ်စပ်က လွယ်ဂျယ်ဂိတ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myyanmar

ဓာတ်ပုံ ပုံစာ, တရုတ်-မြန်မာနယ်စပ်က လွယ်ဂျယ်ဂိတ် (ပုံဟောင်း)

တရုတ်ကနေ မှောင်ခိုဝယ်လာတဲ့ ယမ်းတွေကို ရွှေလီမြစ်ကတဆင့် နောင်တောင်းရွာအထိ သယ်ဆောင်ရတယ်လို့ ဒီလမ်းကြောင်းကို သိတဲ့ သူတစ်ဦးက ပြောပါတယ်။ အဲဒီကနေမှ နမ့်ခမ်းအထိ ဆက်သယ်တာလို့ သူကဆိုပါတယ်။

နောင်တောင်းရွာဟာ နမ့်ခမ်းမြို့တောင်ဘက် ၂ မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်းမှာရှိပါတယ်။

မန့်ဝိန်းကြီးဒေသမှာတော့ နမ့်ခမ်းကနေ သယ်လာတဲ့ လမ်းကြောင်းရှိသလို တရုတ်ကနေ မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးအထိ တိုက်ရိုက်သယ်ဆောင်တဲ့ လမ်းကြောင်း လည်းရှိတယ်လို့ ဆိုပါတယ်။ မန့်ဝိန်းကြီးဒေသဟာ နမ့်ခမ်းမြို့နဲ့ ၁၂ မိုင်ကျော်သာ ကွာဝေးပါတယ်။

"ဝ"တပ် (UWSA) ထိန်းချုပ် ပန်ဆန်းမြို့နယ်ထဲမှာလည်း တရုတ်ဘက်က ယမ်းတွေကို မှောင်ခိုသွင်းနေတာတွေရှိတယ်လို့ "ဝ"တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လက်နက်ထုတ်လုပ်ရေးရော၊ မိုင်းတွင်းလုပ်ငန်းတွေအတွက်ရော ပန်ဆန်းက အခရာကျတယ်" လို့ သူကဆက်ပြောပါတယ်။

ပန်ဆန်းဒေသက မိုင်းတွင်းလုပ်ငန်းတွေအတွက် အရပ်ဘက်သုံးယမ်းတွေကို တရုတ်ကုမ္ပဏီတချို့က ဝ နယ်မြေထဲကို တရားဝင်တင်သွင်းခွင့်ရှိတယ်လို့ သူက ရှင်းပြပါတယ်။

"နောက်ပိုင်းမှ အဲဒီယမ်းတွေက လုပ်ငန်းရှင်တချို့ဆီကနေ မှောင်ခိုဈေးကွက်ထဲ ရောက်သွားတာ" လို့ သူက ပြောပါတယ်။

ပန်ဆန်းမြို့နယ်ထဲက တရုတ်နဲ့ လုံခြုံရေးဂိတ်တစ်ခုသာခြားတဲ့ မန်မန်းဆိုင်ဒေသမှာ မိုင်းတွင်းလုပ်ငန်းတွေ အများဆုံးရှိတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေထဲ တရုတ်နိုင်ငံသားလုပ်ငန်းရှင်နဲ့ "ဝ"အာဏာပိုင်တချို့ ပူးပေါင်းလုပ်နေတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ပန်ဆန်းမြို့ကတော့ "ဝ"မြို့တော်ဖြစ်ပြီး "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ် ဌာနချုပ်အခြေစိုက်ရာမြို့လည်းဖြစ်ပါတယ်။

ပန်ဆန်းဒေသက ယမ်းမှောင်ခိုဈေးကွက်နဲ့ပတ်သက်လို့ ဘီဘီစီက "ဝ"တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို စာနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ဇွန်လ ၂၅ ရက်အထိ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဝယ်လိုအားတက်နေတဲ့ ယမ်းအမျိုးအစားတွေ

Emulsion Explosive ယမ်း (ယမ်း‌ပျော့)

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, Emulsion Explosive ယမ်း (ယမ်း‌ပျော့)

တရုတ်-မြန်မာနယ်စပ်က ယမ်းမှောင်ခိုဈေးကွက်မှာ ယမ်းအမျိုးအစားအလိုက် ရောင်းဝယ်နေကြပေမယ့် ဝယ်လိုအားအမြင့်ဆုံး ယမ်းအမျိုးအစားနှစ်မျိုး ရှိတယ်လို့ ဒီဈေးကွက်အကြောင်း သိသူတစ်ဦးက ပြောပါတယ်။

တစ်ခုကတော့ TNT (Trinitrotoluene) လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အသုံးအများဆုံးနဲ့ စစ်ဘက်သုံးယမ်းအမျိုးအစားဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ Emulsion Explosive အရပ်အခေါ် ဆပ်ပြာယမ်းဖြစ်ပြီး ဝက်အူချောင်းပုံသဏ္ဍာန်နဲ့ ဆင်တူပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးထားတဲ့ ယမ်းအမျိုးအစားဖြစ်ပါတယ်။

"မှောင်ခိုပို့တဲ့အခါကျရင် တရုတ်ကနေ ဆပ်ပြာအိတ်တွေထဲ ထည့်ပြီးမှ ပို့လို့ ဆပ်ပြာယမ်းလို့ ခေါ်တာ"လို့ ယမ်းဈေးကွက်အကြောင်းသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ယမ်းအမျိုးအစားကို အခြေခံအားဖြင့် ခွဲမယ်ဆိုရင် တွန်းကန်ယမ်းနဲ့ ဖောက်ခွဲရေးယမ်းဆိုပြီး အမျိုးအစား ၂ ခုရှိတယ်လို့ ယမ်းထုတ်လုပ်ရေးအပိုင်းကို တာဝန်ယူထားတဲ့ ကိုအေကေ က ရှင်းပြပါတယ်။

ကိုအေကေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၊ အမှတ် ၁၆ တပ်ရင်းလက်အောက်က ယမ်းထုတ်လုပ်ရေးအပိုင်းကို တာဝန်ယူထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

တွန်းကန်ယမ်းက ကျည်ဆံခွံ၊ ဒုံးကျည်တွေကို ပစ်တဲ့ ပြောင်းဝကနေ အရှိန်ပြင်းပြင်းလွင့်ထွက်သွားအောင် သုံးတာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဖောက်ခွဲရေးယမ်းဆိုတာကတော့ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲအောင် လက်ပစ်ဗုံး၊ မော်တာကျည်ဖူးနဲ့ မိုင်းတွေရဲ့ အတွင်းထဲမှာ ထည့်သုံးရတဲ့ ယမ်းအမျိုးအစားဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

TNT နဲ့ Emulsion Explosive စတဲ့ ယမ်းနှစ်မျိုးလုံးက ဖောက်ခွဲရေးယမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီယမ်းနှစ်မျိုးလုံးဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကာလတွေမှာ ယမ်း တစ်တန်ကို ကျပ်သိန်း ၃၀ ကနေ ၄၀ ကြားဈေးပေါက်ပေမယ့် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ဈေးက ဆယ်ဆဝန်းကျင် မြင့်တက်လာတယ်လို့ ယမ်းအရောင်းအဝယ်လုပ်နေသူ ၂ ဦးထက်မနည်းက ပြောပါတယ်။

စစ်ဆင်ရေးစပြီး ၂ နှစ်ကျော်ကြာ ၂၀၂၆ မှာ အဲဒီယမ်းနှစ်မျိုးပေါက်ဈေးက တစ်တန်ကို သိန်း ၃၀၀ ကနေ ၅၀၀ ကျော်အထိ ရှိလာတာဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသက ယမ်းထုတ်လုပ်ရေးလုပ်ငန်းတချို့မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ TNT နဲ့ ဆပ်ပြာယမ်းနှစ်မျိုးကို ပေါင်းစပ်ပြီး ပေါက်ကွဲအား ပိုကောင်းဖို့ အရည်ပြန်ကြိုချက်ပြီး ထုတ်လုပ်ကြတယ်လို့ သူကဆိုပါတယ်။

TNT ယမ်းတောင့်တွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, TNT ယမ်းတောင့်တွေ

မှောင်ခိုဈေးကွက်မှာ TNT က ဆပ်ပြာယမ်းထက် ဈေးပိုများတာကြောင့် TNT ယမ်းကို သီးသန့်မသုံးဘဲ ရောနှောပြီးသုံးတာလို့ သူကဖြည့်ပြောပါတယ်။

TNT ကို အပူပေး အရည်ဖျော်ပြီး အမိုနီယမ်နိုက်ထရိတ်ပါတဲ့ ဆပ်ပြာယမ်းတွေနဲ့ ရောစပ်လိုက်ရင် Amatol (အာမာတော) လို့ခေါ်တဲ့ ပေါက်ကွဲအားပြင်း ယမ်းအရောအနှောတစ်မျိုးရလာတယ်လို့ ကိုအေကေက ရှင်းပြပါတယ်။

TNT ယမ်းက "အပူပေးပုံသွင်းရလွယ်ကူတာကြောင့် ဗုံးခွံ၊ မိုင်းခွံတွေထဲကို အရည်လိုက်လောင်းထည့်ပြီး အေးခဲထားရတာမျိုးပေါ့" သူက ဆိုပါတယ်။ ဒါ့အပြင် TNT သီးသန့်သုံးတာထက် ဆပ်ပြာယမ်းနဲ့ ရောပြီးသုံးတာက ကုန်ကျစရိတ် သက်သာစေသလို ပေါက်ကွဲအားကိုလည်း ပိုပြင်းထန်စေတယ်လို့ သူက ဖြည့်ပြောပါတယ်။

ဒါပေမဲ့ ယမ်းတွေကို ပေါင်းစပ်ပြီး အရည်ကြိုတဲ့နေရာမှာ အချိုးအဆ ပမာဏတွေနဲ့ ယမ်းတွေကို သိမ်းဆည်းကိုင်တွယ်ပုံပေါ် မူတည်ပြီး ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကြီးတယ်လို့လည်း ကိုအေကေက ထောက်ပြပါတယ်။

ယမ်းထုတ်လုပ်ရေးမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ ဒီယမ်း ၂ မျိုးအပြင် ယမ်းကိုမှ အရည်အမျိုးအစားဖြစ်တဲ့ အက်ဆစ်ယမ်းနဲ့ အလူမီနီယံပေါင်ဒါလို့ခေါ်တဲ့ ငွေရောင်ရှိတဲ့ ယမ်းမှုန့်တွေကိုလည်း စပ်ပေါင်းပြီး ထည့်ချက်ကြတာမျိုးရှိတယ်လို့ ပြောပါတယ်။

အလားတူ တရုတ်ဘက်က တိုက်ရိုက်ဝယ်ရတဲ့ TNT ယမ်းအတောင့်က ဈေးမြောက်တဲ့အတွက် TNT အစား ဖီနော DNP(Dinitrophenol) ဆိုတဲ့ ယမ်းအမှုန့်တွေကို ဝယ်ယူပြီး တခြားယမ်းတွေနဲ့ ရောစပ်‌ပေါင်းစပ်ပြီး ဖောက်ခွဲယမ်းပြန်ထုတ်တာလည်းရှိတယ်လို့ ယမ်းအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။ ဒီလိုလုပ်တာကို ယမ်းစပ်တဲ့သူတွေကြားမှာ TNT Press(ပရက်စ်)လုပ်တယ်လို့ ခေါ်တဲ့အကြောင်း သူက ဖြည့်ပြောပါတယ်။

"DNP ဆိုတာ TNT ထုတ်တဲ့နေရာမှာသုံးတဲ့ ရှေ့ပြေးဓာတုပစ္စည်းပေါ့" လို့ သူက ရှင်းပြပါတယ်။

ဖီနော DNP အပါအဝင် ယမ်းအမှုန့်၊ အတောင့် နဲ့ ကြက်အူချောင်းယမ်းလို ယမ်း‌‌‌ပျော့ အနှစ် အမျိုးအစားတွေအားလုံး တရုတ်ဈေးကွက်ကနေပဲ လာတာလို့ သူက ပြောပါတယ်။

ဘယ်နေရာမှာထုတ် ဘယ်နေရာမှာသုံး

မေလ ၃၁ ရက် နမ့်ခမ်း၊ ကောင်းတပ်ရွာပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Hein Min Zaw

ဓာတ်ပုံ ပုံစာ, မေလ ၃၁ ရက် နမ့်ခမ်း၊ ကောင်းတပ်ရွာပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ရှမ်းမြောက်နဲ့ ကချင်ဒေသတွေမှာ TNT နဲ့ ဆပ်ပြာယမ်းတွေကို စစ်လက်နက်ထုတ်လုပ်ရေးအပြင် မြေရှားသတ္တုနဲ့ သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း စတဲ့ မိုင်းတွင်းလုပ်ငန်းတွေမှာ အဓိကသုံးနေကြတယ်လို့ ဒီအခြေအနေကို သိတဲ့ ဘီဘီစီသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ရှမ်းမြောက်မှာဆိုရင်တော့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ ကချင်ဘက်က KIA ထိန်းချုပ်မှုအောက်က လွယ်ဂျယ်နဲ့ မိုင်ဂျာယန် စတဲ့ဒေသတွေမှာ ယမ်းတွေ ပေါင်းစပ်ထုတ်နေတာတွေ ရှိတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ရဲ့ ယမ်းချက်စက်ရုံတွေအပြင် သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ယမ်းတွေကို ပေါင်းစပ်၊ ပြန်ချက် ထုတ်လုပ်တာတွေ လုပ်နေကြတယ်လို့ လုပ်ငန်းရှင်တချို့နဲ့ နီးးစပ်တဲ့ ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီနယ်မြေတွေထဲမှာပဲ တရုတ်လုပ်ငန်းရှင်တွေကိုယ်တိုင်ဦးစီးပြီး တနိုင်တပိုင် ယမ်းတွေစပ်ပြီး ထုတ်နေတာတွေလည်းရှိသလို လက်နက်ကိုင်တပ်တွေကိုယ်တိုင် ယမ်းတွေကို ပြန်ပေါင်းစပ်ထုတ်တာလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တနိုင်တပိုင်လုပ်ငန်းရှင်တွေကတော့ "မှောင်ခိုကနေ ရတဲ့ယမ်းတွေ ဝယ်ဝယ်စုထားတယ်။ လိုအပ်တဲ့ကုန်ကြမ်းတွေ အရင်စုပြီးမှ ပညာရှင်ငှားပြီး နိုင်သလောက် ချက်လုပ်တာမျိုးပေါ့" လို့ သူက ရှင်းပြပါတယ်။

နယ်မြေအာဏာပိုင်တွေက " မြေနေရာပေးတယ်။ ကြီးကြပ်ပေးတာပေါ့။ လုပ်ငန်းရှင်ကတော့ တရုတ်ပြည်မကနေ ပညာရှင်တချို့ခေါ်ပြီး ယမ်းထုတ်တဲ့ ဖော်မြူလာတွေနဲ့ ယမ်းထုတ်တာပေါ့" လို့ သူကဆိုပါတယ်။

ရှမ်းမြောက်(နမ့်ခမ်း)နဲ့ ကချင်ပြည်နယ်တို့က ယမ်းမှောင်ခိုဈေးကွက်အပြင် နမ့်ခမ်း၊ လွယ်ဂျယ်၊ မိုင်ဂျာယန်စတဲ့ ဒေသတွေမှာ ယမ်းတွေစပ်ပြီးထုတ်လုပ်နေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီက TNLA နဲ့ KIA ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဇွန်လ ၂၅ ရက်အထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

TNT ယမ်းတောင့်တချို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, TNT ယမ်းတောင့်တချို့

တစ်ဖက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နမ္မတူဒေသမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေရှိနေသလို KIA တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားတဲ့ ဖားကန့်ဒေသမှာ ကျောက်စိမ်းနဲ့ ပန်ဝါ၊ ချီဖွေ၊ လိုင်ဇာနဲ့ မိုင်ဂျာယန်စတဲ့ ဒေသတွေမှာလည်း ရွှေနဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေရှိနေတာလို့ မြေပြင်အခြေအနေသိသူတချို့ဆီကနေ သိရပါတယ်။

၂၀၂၆ ပထမနှစ်ဝက်ထဲမှာပဲ တရုတ်-မြန်မာနယ်စပ်က "ဝ"တပ်-UWSA အုပ်ချုပ်နေတဲ့ ပန်ဆန်း နဲ့ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းစတဲ့ မြို့နယ်တွေထဲမှာ ယမ်းရုံ အကြီးစားပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှု ၂ ခုလုံးမှာ ယမ်းရုံ၊ သိုလှောင်ရုံမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းတချို့အပါအဝင် ဒေသခံ ဆယ်နဲ့ချီ အစုလိုက် အပြုံလိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ပန်ဆန်း၊ ယောင်ပန်ရွာမှာ ပေါက်ကွဲခဲ့တဲ့ အဲဒီယမ်းချက်စက်ရုံမှာ သတ္တုတွင်းလုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းတွေအပြင် "ဝ"တပ်ဖွဲ့ရဲ့လက်နက်ကျည်ထိပ်ဖူးအမျိုးအစားတချို့ကိုလည်း ထုတ်လုပ်နေတာလို့ အစောပိုင်းကတည်းက ပြောခဲ့ပါတယ်။

အလားတူ ၂၀၂၃ ခုနှစ်တုန်းကလည်း ကချင်လွတ်လပ်ရေးတပ် (KIA/ KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအနီးမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ပြီး အဲဒီပေါက်ကွဲမှုမှာလည်း စစ်တပ်နဲ့ KIA တပ်ကြား အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ပဋိပက္ခနဲ့ နိုင်ငံရေးဖြစ်စဥ်များလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ နယ်မြေအာဏာပိုင်တွေအနေနဲ့ ဒေသခံလူထုရဲ့အသက်လုံခြုံရေးအတွက် ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို "မိုင်အကွာအဝေးသတ်မှတ် တွက်ချက်ပြီး ထားရှိဖို့ လိုတယ်၊ ဘယ်လိုနေရာမှာ လုပ်သင့်တယ်၊ အန္တရာယ်ရှိစေနိုင်တဲ့ကိစ္စတွေအားလုံးကိုပြင်ဆင်လုပ်ဆောင်ဖို့လိုအပ်တယ်"ပေါက်ကွဲမှုဖြစ်စဉ်တွေအပေါ် မှတ်ချက်ပြုထားပါတယ်။

ကိုအေကေကတော့ ယမ်းတွေကို ပေါင်းစပ်တာ၊ အရည်ကြိုချက်ပြီး ပေါက်ကွဲအားပြင်းတဲ့ယမ်းတွေထုတ်လုပ်တာဟာ အန္တရာယ်များတဲ့ လုပ်ငန်းစဉ်တွေဖြစ်တာကြောင့် လူသူနဲ့ ဝေးတဲ့နေရာတွေမှာသာ လုပ်သင့်တယ်လို့ ထောက်ပြပါတယ်။

"ယမ်းချက်စက်ရုံဖြစ်ဖြစ်၊ တနိုင်တပိုင်ချက်ပြီးထုတ်တာဖြစ်ဖြစ် မတော်တဆပေါက်ကွဲတာနဲ့ ယမ်းပမာဏများရင်များသလောက် တစ်ချက်ပေါက်တာနဲ့ အသက်အိုးအိမ်စည်းစိမ် အကုန်မျက်စိ‌ရှေ့ကနေ ပျောက်သွားနိုင်တယ်" လို့ သူက ပြောပါတယ်။