ဇွန် ၂၇ ရက်သတင်းများအနှစ်ချုပ်- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလေးတိုက်ချီတိုအတွက် ဆွမ်းကျွေးကုသိုလ်ပြု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွေးလေးတိုက်ချီတို

ဓာတ်ပုံ ရင်းမြစ်, Kim Aris

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွေးလေးတိုက်ချီတို(ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ဇွန် ၂၁ ရက်ညပိုင်းမှာ ဆုံးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလေး တိုက်ချီတိုအတွက် ရက်လည် ဆွမ်းကို ဒီနေ့ရန်ကုန်က အင်းလျားကန်ဖျားကျောင်းမှာ ကပ်လှူခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ် နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အသက် ၁၆ နှစ်ကျော်မှာ ဆုံးသွားတဲ့ တိုက်ချီတိုကို ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ ဝန်းထဲမှာပဲ မြှုပ်နှံထားတယ်လို့ သူကပြောပါတယ်။

ဒီနေ့ဆွမ်းကျွေးအလှူကိုတော့ ခြံနဲ့နီးစပ်သူတွေက စုပေါင်းလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ်က တိုက်ချီတို ၃ လသားအရွယ်မှာ

မိခင်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်နေခဲ့တဲ့ တိုက်ချီတိုဟာ ၂၀၂၂ ဇွန်လနောက်ပိုင်းမှာတော့ သခင်နဲ့ခွဲခွာခဲ့ရပြီး ရန်ကုန်အိမ်ကို ပြန်ပို့ခံခဲ့ရတာပါ။

သူသေဆုံးချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်တွေ့ဆုံနိုင်ခြင်းမရှိတော့ဘဲ သက်ကြီးခွေးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေကို အခွန် ကောက်တဲ့ ဥရောပနိုင်ငံတွေကို တန်ပြန်အခွန်ကောက်မယ်လို့ ထရမ့် ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ပုံဟောင်း)

အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံတဲ့ ဥရောပဘယ်နိုင်ငံကိုမဆို သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဥရောပနိုင်ငံများစွာဟာ ဒီလိုအခွန်ကောက်ခံဖို့ ဆွေးနွေးနေကြပြီး တချို့ဆိုရင် ကောက်ခံဖို့နီးစပ်နေပြီလို့ ထရမ့်က သူ့ရဲ့လူမှုမီဒီယာ Truth Social မှာ ရေးသားခဲ့ပါတယ်။

ဒီလိုအခွန်ကောက်ခံတဲ့ ဥရောပနိုင်ငံတွေကို တန်ပြန်တဲ့ အခွန်တွေ ချက်ချင်းကောက်ခံမှာဖြစ်ပြီး ဒီအခွန်ကောက်မှုကြောင့်ရှိပြီးသား နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုတွေကို လုံးဝကျော်လွန်သွားလိမ့်မယ်လို့ ထရမ့်က သတိပေးထားပါတယ်။

ထရမ့်ရဲ့ရေးသားချက်ဟာ နည်းပညာကုမ္ပဏီကြီးတွေအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေကို ပစ်မှတ်ထားတာဖြစ်ပေမဲ့ ဒီလိုအခွန်မျိုးကိုကောက်ခံဖို့ ၂၀၂၀ ပြည့်နှစ်ကတည်းက လုပ်ဆောင်လာတဲ့ ဗြိတိန်နဲ့ပတ်သက်လို့ ဘယ်လိုသက်ရောက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

"ဒီလိုအခွန်မျိုး ချမှတ်တဲ့ နိုင်ငံတွေက အမေရိကန်ကိုတင်သွင်းမယ့် ဘယ်ကုန်ပစ္စည်းကိုမဆို အခွန် ၁၀၀ ရာခိုင်နှုန်း ချက်ချင်းကောက်မယ်" လို့ ထရမ့်က ရေးသားထားပါတယ်။

အဓိကရှာဖွေရေးအင်ဂျင်တွေ၊ လူမှုမီဒီယာပလက်ဖောင်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေကနေ ပေါင်သန်း ၅၀၀ ကျော်နဲ့ ဗြိတိန်မှာ အမြတ်ငွေ ပေါင် ၂၅ သန်းကျော်တို့ရရှိနေတဲ့ အွန်လိုင်းဈေးတွေအပေါ် ဗြိတိန်ဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ၂ ရာခိုင်နှုန်းကောက်ခံနေပါတယ်။

ဒါဟာ Apple၊ Google၊ Meta နဲ့ Amazon တို့အပါအဝင် အမေရိကန်ကုမ္ပဏီကြီးတွေအပေါ် သက်ရောက်နေပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပေါင် ၆၇၈ သန်းရရှိရာကနေ ၂၀၂၄-၂၀၂၅ မှာ ပေါင် သန်း ၈၀၀ အထိ တိုးမြှင့်ရရှိခဲ့ပါတယ်။

အမေရိကန်ကုမ္ပဏီတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား အခွန်ကောက်ခံတဲ့အတွက် ဗြိတိန်ဟာ သွင်းကုန်ခွန်ကြီးကြီးမားမား ကြုံတွေ့ရမယ်လို့ ထရမ့်က ဧပြီမှာ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

"သူတို့က ငွေလွယ်လွယ်ရမယ်လို့ ထင်ကြတယ်၊ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို အမြတ်ထုတ်နေကြတာပေါ့ဗျာ" လို့ ထရမ့်က အဲဒီအချိန်တုန်းက ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကြား ကုန်သွယ်ရေးစာချုပ်သစ်သဘောတူညီမှုတစ်ခု နောက်ဆုံးအဆင့်ကိုရောက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒီလိုအခွန်တွေ ကောက်ခံဖို့ ဒါမှမဟုတ် ကောက်ခံပြီးအခွန်ကို ပြင်ဆင်ဖြည့်စွက်ဖို့ လုပ်ဆောင်နေတဲ့ ဥရောပနိုင်ငံတွေအပေါ် လက်တုံ့ပြန် အခွန်ကောက်ခံဖို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်တာဖြစ်ပါတယ်။

သဘောတူညီမှုကို လေးစားလိုက်နာမှုမရှိဘူး၊ ဥရောပသမဂ္ဂရဲ့ အကျိုးစီးပွားထိခိုက်စေမယ်ဆိုရင် ဥရောပသမဂ္ဂဟာ အချိန်မဆိုင်းဘဲ အလားတူတုံ့ပြန်နိုင်တယ်လို့ ဆိုက်ပရက်နိုင်ငံ စွမ်းအင်၊ စီးပွားကူးသန်းနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး မိုက်ကယ် ဒါမီယာနိုစ်က အဲ့ဒီအချိန်တုန်းက ပြောဆိုခဲ့ပါတယ်။

သူတို့နိုင်ငံတွေထဲမှာ လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတွေအပေါ် ပြင်သစ်၊ အီတလီနဲ့စပိန်တို့က ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ၃ ရာခိုင်နှုန်းချမှတ်ကောက်ခံနေပြီး အခြားဥရောပနိုင်ငံတချို့ကလည်း အလားတူအခွန်ကောက်ခံဖို့ အတည်ပြုတာ၊ အဆိုပြုတာတွေ လုပ်ခဲ့ပြီးဖြစ်တယ်လို့ အမြတ်အစွန်းမယူတဲ့ အဖွဲ့ဖြစ်တဲ့ အခွန်ဖောင်ဒေးရှင်းက ပြောထားပါတယ်။

ဒီလိုအခွန်တွေကောက်ခံနေတာမို့ အမေဇုန်ဟာလည်း ရောင်းချသူအတွေအပေါ် ထားရှိတဲ့ ဝန်ဆောင်ခကို ဒီနှစ်အစောပိုင်းမှာ တိုးမြှင့်ခဲ့ပါတယ်။

ထရမ့်ဟာ သူသမ္မတတာဝန်ယူချိန်ကစလို့ နိုင်ငံများစွာအပေါ် သွင်းကုန်ခွန်အများကြီး ကောက်ခံခဲ့ပါတယ်။

ဖူးခက်မှာ မြန်မာအပါအဝင် တရားမဝင်အလုပ်လုပ်ကိုင်သူတွေကို ပိုက်စိပ်တိုက်ဖမ်းနေ

ဇွန် ၂၄ ရက်က ဖူးခက်ကျွန်းပေါ်က ကမ်းခြေတစ်ခုမှာ စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ

ဓာတ်ပုံ ရင်းမြစ်, PR Office of Phuket

ဓာတ်ပုံ ပုံစာ, ဇွန် ၂၄ ရက်က ဖူးခက်ကျွန်းပေါ်က ကမ်းခြေတစ်ခုမှာ စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ(ပုံဟောင်း)

နာမည်ကျော် အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ ဖူးခက်ကျွန်းပေါ်မှာ မြန်မာအပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်သူတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့အဖွဲ့စုံက ရက်ဆက် ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတယ်လို့ မြန်မာရွှေ့ပြောင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

ထိုင်းတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားတွေလုပ်ကိုင်တာများလာတဲ့အပေါ် တိုင်ကြားတာများလာတာကြောင့် ဝင်ဖမ်းတာလို့ ထိုင်းသတင်းတွေမှာလည်းဖော်ပြပါတယ်။

ဇွန် ၂၃ ရက်ကနေ ဒီနေ့အထိ အစစ်အဆေးတွေ ဆက်ရှိနေတာကြောင့် မြန်မာအလုပ်သမားတချို့ အလုပ် နားထားရတယ်လို့ ဖူးခက်ရောက်မြန်မာရွှေ့ပြောင်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အထောက်အထားထဲက သူဌေးနဲ့ အခုသူဌေးမတူတဲ့သူတွေကတော့ လုံးဝနားထားရတယ်။ ကျွန်မ ဒီရောက်တဲ့ ၄ နှစ်အတွင်းမှာ ဘာမှကြိုမသိရဘဲ အလုံးအရင်းနဲ့ အဖမ်းအဆီးကြမ်းတာ ဒါပထမဆုံးပဲ" လို့ သူကပြောပါတယ်။

သူ့ပတ်ဝန်းကျင်မှာလည်း မြန်မာအပါအဝင် နိုင်ငံခြားသား တချို့ အထောက်အထားမစုံလင်တာ၊ တရားဝင် လုပ်ခွင့်မရှိတဲ့ အလုပ်တွေလုပ်ကိုင်တာကြောင့် အများအပြားဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။

ဖူးခက်သတင်းတွေကိုဖော်ပြနေတဲ့ ဖူးခက်တိုင်းမ်ထိုင်းသတင်းဌာနကတော့ အာဏာပိုင်တွေက ဇွန် ၂၅ ရက်မှာ နိုင်ငံခြားသားအလုပ်သမား ၁၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီထဲက ၃၉ ဦး ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။

ဖူးခက်ခရိုင်ရဲတပ်ဖွဲ့ရဲ့ ရဲမှူးချုပ် စင်လက်ဆူခမ်ကတော့ နိုင်ငံခြားသားအလုပ်သမား ၂,၀၀၀ ကျော် အထိစစ်ဆေးသွားမှာဖြစ်ပြီး စီမံချက်ကိုခရိုင်တွင်းကနေရာတိုင်းမှာ ဆက်တိုက်အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်

လတ်တလောမှာ ဖူးခက်မြို့ထဲက မြန်မာကုန်ခြောက်ဆိုင်၊ ဖုန်းပြင်ဆိုင်၊ စားသောက်ဆိုင်တွေ အများအပြားရှိတဲ့ ရပ်ကွက်တွေမှာ အဖမ်းအဆီးကြမ်းနေတာကြောင့် ဆိုင်တွေပိတ်ထားတယ်လို့ ဖူးခက်က ရွှေ့ပြောင်းမြန်မာအလုပ်သမားတချို့ရဲ့ ပြောပြချက်အရသိရပါတယ်။

ဖူးခက်တိုင်းမ်သတင်းမှာလည်း မြန်မာဆိုင်တွေ ပိတ်ထားတဲ့ မြင်ကွင်းကို ဓာတ်ပုံနဲ့တကွ သတင်းဖော်ပြထားပါတယ်။

သေဆုံးသူ ၉၀၀ ကျော်ထိမြင့်တက်လာတဲ့ ဗင်နီဇွဲလားငလျင်

လူသေအလောင်းကို အဝတ်နဲ့ထုတ်ပြီးသယ်လာတဲ့ ရပ်တပ်သား ၅ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇွန် ၂၅ ရက်၊ ဗင်နီဇွဲလာငလျင် ကယ်ဆယ်ရေးအခြေအနေ

စက္ကန့်ပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တဲ့ ဗင်နီဇွဲလားအင်အားပြင်းငလျင်အမွှာကြောင့် သေဆုံးသူ၉၀၀ ကျော်လာပြီး လူ ၃၀၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်လာပါတယ်။

ဇွန် ၂၄ ရက် ညနေပိုင်းမှာ နိုင်ငံမြို့တော်ရဲ့ အနောက်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့နောက်ဆက်တွဲ အပျက်အစီးတွေထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ရင်း လူသေဆုံးတဲ့အရေအတွက်လည်း တိုးလာနေတာပါ။

နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ဂျ် ရိုဒရီဂွက်ဇ်ရဲ့ ပြောကြားချက်အရ သေဆုံးသူဦးရေ ၉၂၀ ဦးအထိ ရှိလာပြီး အနည်းဆုံး လူ ၁၇၂ ဦး ပိတ်မိနေနိုင်တယ်လို့ သိရပါတယ်။ ငလျင်ဒဏ်ကို အဆိုးဆုံးခံလိုက်ရတဲ့ မြို့တော် ကာရာကတ်စ် ရဲ့ မြောက်ဘက်ပိုင်းမှာ နေတဲ့ နာတာချာ ဒိုင်ယက်ဇ်ကတော့ သူ့ရဲ့အသက် ၂၀ ကျော်အရွယ် သမီး၂ ဦး ဈေးဝယ်စင်တာအောက်မှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

သူ့သမီးတွေက ဒီစင်တာမှာ လက်သည်းအလှပြင်တဲ့ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။

"သူတို့က သူငယ်ချင်းတွေနဲ့အတူ ရှိနေခဲ့တာပါ။ သမီးတွေကို ပြန်လိုချင်ရုံပါပဲ။ ကျွန်မမှာ သူတို့ပဲ ရှိတာပါ"လို့ မိခင်က ပြောပါတယ်။

ဗင်နီဇွဲလားမှာ ငလျင်ကြီးလှုပ်ခတ်အပြီးမှာ နောက်ဆက်တွဲငလျင်ပေါင်း အကြိမ် ၂၀၀ ကျော်ဆက်လှုပ်ခတ်နေသေးတာပါ။ သူတို့နေထိုင်ရာ မြို့တော်မြောက်ဘက်ခြမ်းမှာတော့ အပျက်အစီးတွေအောက်ကနေ လူပေါင်း ဒါဇင်နဲ့ချီကို အသက်ရှင်လျက်ကယ်တင်နိုင်တယ်လို့ ဗင်နီဇွဲလားသမ္မတက ပြောပါတယ်။ ဆေးရုံတွေအပါအဝင် အခြေခံအဆောက်အဦးပေါင်း ထောင်နဲ့ချီ ပျက်စီးသွားတာ ကြောင့် ဆေးကုသရေးအတွက်လည်း အခက်အခဲတွေကြုံနေရတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ဘီဘီစီကိုပြောပါတယ်။

ဒရုန်းထိခဲ့တဲ့ ရဟတ်ယာဥ်ကိုယ်ထည်ကို စစ်တပ်က ကားနဲ့ပြန်သယ်

ဇွန် ၂၃ ရက်က တိုက်ခိုက်ခံရတဲ့ Mi17ရဟတ်ယာဥ်

ဓာတ်ပုံ ရင်းမြစ်, မကွေးPDF

ဓာတ်ပုံ ပုံစာ, ဇွန် ၂၃ ရက်က တိုက်ခိုက်ခံရတဲ့ Mi17ရဟတ်ယာဥ်

အသေခံဒရုန်းနဲ့တိုက်ခံရတဲ့ Mi-17 ရဟတ်ယာဥ်အစိတ်အပိုင်းတွေကို စစ်တပ်က မြိုင်မြို့နယ်၊ တွင်းမရွာကနေ ပခုက္ကူဘက်ကို ဒီနေ့သယ်ထုတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

မြိုင်မြို့နယ်၊ တွင်းမရွာကနေ ဒဏ်ရာရစစ်သားတွေကို လာသယ်တဲ့ Mi-17 ရဟတ်ယာဥ်ကို ဇွန် ၂၃ ရက်မှာ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၁ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။

"ရဟတ်ယာဥ်တိုက်ခံရတဲ့နေ့ကတည်းက လေယာဥ်တွေနဲ့ ဗုံးလာကြဲတာ၊ စစ်ကြောင်းတွေနဲ့ ဒီရွာကိုပတ်ကာတာရှိတယ်။ ဒီနေ့လည်း Mi-17 အစိတ်အပိုင်းလာသယ်တဲ့ ကားတွေကိုလည်းကာပြီးတော့ လေကြောင်းကနေ ပစ်တာရှိတယ်" လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။

ဒီမွန်းလွဲပိုင်းမှာတော့ ရဟတ်ယာဥ်အစိတ်အပိုင်းသယ်တဲ့ကားတွေဟာ တွင်းမရွာနဲ့ ပခုက္ကူမြို့ကြားက ကမ္မရွာထဲကို ရောက်နေပြီလို့ မြိုင်နယ်က စစ်ရေးလှုပ်ရှားမှုသတင်းတွေကို ဖော်ပြနေတဲ့ မြိုင်ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက် တိုက်ခိုက်မှုအပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်လာတဲ့ ရုပ်သံထဲမှာ ဒရုန်းတစ်စင်းက ရဟတ်ယာဉ်ရဲ့ ကုန်တင်၊ ကုန်ချ တံခါးကို ထိသွားပြီး နောက်တစ်စင်းက ရဟတ်ယာဉ်ရဲ့ ပန်ကာဒလက်နားကို ထိသွားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ ပျက်ကျတာ၊ ပစ်ချခံရတဲ့ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ပစ်ချခံရမှုအများစုက ကချင်ပြည်နယ်မှာ ဖြစ်ပါတယ်။

မန္တလေး၊ ဂေါဝိန်ဆိပ်ကနေ စစ်သင်္ဘောတက်လာတဲ့လမ်းမှာ လေကြောင်းပစ်ခတ်

ဝက်လက်ပကဖအဖွဲ့က ထုတ်ပြန်လာတဲ့ မြစ်ကြောင်းကနေ သွားလာနေတဲ့ စစ်တပ်ရဲ့ ရေယာဥ်တွေ

ဓာတ်ပုံ ရင်းမြစ်, ဝက်လက်ပကဖ

ဓာတ်ပုံ ပုံစာ, ဝက်လက်ပကဖအဖွဲ့က ထုတ်ပြန်လာတဲ့ မြစ်ကြောင်းကနေ သွားလာနေတဲ့ စစ်တပ်ရဲ့ ရေယာဥ်တွေ

မန္တလေး၊ ဂေါဝိန်ဆိပ်ကနေ စစ်သင်္ဘော ၂ စင်း ဧရာဝတီမြစ်ကြောင်း အတိုင်း ဒီမနက် ဆန်တက်လာနေတယ်လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီသင်္ဘောတွေတက်လာတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်က မတ္တရာနယ်အနောက်ခြမ်း၊ စဥ့်ကူးနယ် အနောက်တောင်ခြမ်းတွေကို စစ်တပ်က ဒီမနက်မှာ လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်နေတယ်လို့ ဝက်လက်သတင်းအချက်အလက်ကွန်ရက်က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့ကနေ အနောက်ဘက်ကို စစ်ကား ၃ စီးထွက်လာပြီး ၁ စီးက ရှင်လှတောင်ရွာထဲ ရောက်နေတယ်လို့ လေကြောင်းသတင်းနဲ့ မိနစ်ပိုင်းသာခြားပြီး ထပ်ထုတ်ပြန်လာပါတယ်။

ဝက်လက်ပကဖရဲ့ လွန်ခဲ့တဲ့မိနစ်ပိုင်းက ထုတ်ပြန်ချက်အရ ဒီစစ်သင်္ဘောတွေဟာ မတ္တရာနယ်ထဲက နတ်တော်ကျွန်းရွာဝန်းကျင်ကို ရောက်နေပြီလို့ သိရပါတယ်။

ရေလမ်းက စစ်သင်္ဘောကတော့ အထက်ကို ဆက်ပြီး ဆန်တက်နေတာဖြစ်ပါတယ်။ မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ခဲ့တဲ့ မတ္တရာအနောက်ခြမ်းနဲ့ စဥ့်ကူးနယ်တွေကို စစ်တပ်က ပြန်ထိန်းချုပ်ထားပြီး ဒီနယ်တကြောက တပ်ဖွဲ့တွေဟာ ကချင်-စစ်ကိုင်းအစပ်က အင်းတော်နဲ့ ထီးချိုင့်ဘက်ကို ဆုတ်ခွာထားတာဖြစ်ပါတယ်။

ဒီမနက် မန္တလေးတိုင်းထဲက လေကြောင်းတိုက်ခိုက်မှု၊ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ၃ ခုပူးပေါင်းတက်လာတဲ့ စစ်ကြောင်းနဲ့ပတ်သက်လို့ မတ္တရာ၊ စဥ့်ကူးပကဖအဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော် ငြိမ်းချမ်းရေးထပ်ဖိတ်ခေါ်

ဇွန် ၂၆ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Head of State

ဓာတ်ပုံ ပုံစာ, ဇွန် ၂၆ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

နေပြည်တော်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲ ထည့်သွင်းထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ္စအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဦးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောသွားတာပါ။

'' EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်" လို့ ဦးမင်းအောင်လှိုင်ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကြိုတင် ကန့်သတ်ချက်မထားဘူးဆိုပေမဲ့ ရက် ၁၀၀ စီမံချက်လို့ဆိုထားတဲ့အပေါ် ကန့်သတ်ချက် လို့ရှုမြင်ကြတာလည်းရှိနေတာပါ။

'' ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကို ပေါက်ပေါက်ရှာရှာပြောတယ်။ ဒါကပ်ပြီးတော့ လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ'' လို့ သူကပြောပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ နေပြည်တော်အစိုးရ ရက် ၁၀၀ စီမံချက်မှာ NCA အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြန်လည်တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပါတယ်။

NCA မထိုးထားတဲ့ အဖွဲ့တွေကိုတော့ ငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ဖိတ်ခေါ်ထားသလို PDFတွေကိုတော့ လက်နက်ချပူးပေါင်းဖို့ ဆိုပြီး ပြောထားတာပါ။

ဒီလထဲမှာ နေပြည်တော်ဟာ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA)ကိုယ်စားလှယ်အဖွဲ့၊ 'ဝ'' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA နဲ့ မိုင်းလားအဖွဲ့ - NDAA တို့နဲ့ တွေ့ဆုံထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) အဖွဲ့က တွေ့ဆုံခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ - FPNCC ထဲက ကချင်လွပ်လပ်ရေးတပ်မတော် KIA နဲ့ အာရက္ခတပ်တော် အေအေ ကတော့ နေပြည်တော်နဲ့တွေ့ဆုံတာမရှိသေးပါဘူး။

ဧပြီ ၂၀ ကစပြီး ဇူလိုင်လကုန်မှာ အဆုံးသတ်မယ့် နေပြည်တော်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ဟာ ပြက်ပြက်ထင်ထင်မရှိဘဲ အုပ်ချုပ်နိုင်စွမ်း အကန့်အသတ်ရှိနေချိန်မှာ ထွက်ပေါ်လာတဲ့ ဒီမူဝါဒတွေဟာ ယေဘုယျဆန်ပြီး ခိုင်မာမှုမရှိဘူးလို့ မူဝါဒနဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က သုံးသပ်ထားပါတယ်။