မူလာ မန်ဆူကို တာလီဘန် ခေါင်းဆောင်အဖြစ် ရွေးလိုက်

တာလီဘန်အဖွဲ့ ခေါင်းဆောင် မူလာ အိုမာ သေဆုံးသွားပြီ ဆိုတဲ့အကြောင်း တာလီဘန်အဖွဲ့က အတည်ပြု ပြောခဲ့အပြီး အခုအခါ သူ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
တာလီဘန် အဖွဲ့ကို နှစ်၂၀ကြာလောက် ဦးဆောင်ခဲ့တဲ့ မူလာ အိုမာ ရဲ့ နေရာမှာ သူ့လက်ထောက် မူလာ မန်ဆူ ကို အစားထိုး ခန့်မှာ ဖြစ်တယ်လို့ တာလီဘန် ခေါင်းဆောင် ပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်ကာလ အာဖဂန် နစ္စတန်နိုင်ငံ ပြည်တွင်း စစ်အတွင်း တာလီဘန် အဖွဲ့ကို မူလာ အိုမာ တည်ထောင်ခဲ့ပြီးကတည်းက ဆိုရင် အခု မူလာ မန်ဆူဟာ တာလီဘန်အဖွဲ့ကို ဦးဆောင်မယ့် ဒုတိယမြောက် ခေါင်းဆောင် ဖြစ်လာပါလိမ့်မယ်။
၁၉၆၀ ပြည့်လွန်နှစ်ပိုင်းမှာ ကဲန်ဒါဟာ ပြည်နယ်မှာ မွေးဖွားခဲ့သူ မူလာ မန်ဆူဟာ တာလီဘန် အစိုးရ ပြုတ်ကျခဲ့အပြီး နောက်ပိုင်းမှာ ကဲန်ဒါဟာ ပြည်နယ်ရဲ့ အတိုက်အခံ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
အာဖဂန် နစ္စတန် ကို တာလီဘန်တို့ အုပ်ချုပ်ခဲ့စဉ် ကာလအတွင်း သူဟာ အရပ်ဘက် လေကြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ရဲ့ အဆိုအရ သူဟာ မူးယစ် မှောင်ခိုမှုတွေကို အကြီးအကျယ် လုပ်ခဲ့သူ လို့လည်း သိရပါတယ်။
အခု သူ့ကို တာလီဘန် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာဟာ အားလုံးက တညီတညွတ်တည်း ရွေးချယ်လိုက်တာ မဟုတ်ပဲ ရက်ပေါင်းအတော်ကြာ အကြိတ်အနယ် ငြင်းခုံ ဆွေးနွေးခဲ့ကြပြီးမှ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မူလာ မန်ဆူကို တာလီဘန် ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာကို တာလီဘန် ထိပ်တန်း တပ်မှူးတွေနဲ့ တခြား တာလီဘန် ထိပ်ပိုင်းခေါင်းဆောင်တွေက အကြီးအကျယ် မကြေမနပ် ဖြစ်ခဲ့ကြတယ်လို့ တာလီဘန်အဖွဲ့ရဲ့ ရှူရာ ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
တာလီဘန် ထိပ်တန်း စစ်ဘက်ဆိုင်ရာ အကြီးအကဲ မူလာ ကာအမ်မ် ဇာကီယာ ကိုဖြစ်ဖြစ်၊ ကာတာမှာ ရှိတဲ့ တာလီဘန် နိုင်ငံရေး ရုံးအဖွဲ့ရဲ့ အကြီးအကဲ တာယက်ဘ် အက်ဂါ ကိုဖြစ်ဖြစ် ကက်တာ ရှူရာ အဖွဲ့ဝင် တဦး ဖြစ်တဲ့ မူလာ ဟာဘီဘူလာ ကိုဖြစ်ဖြစ် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ် ခန့်အပ်ဖို့ သူတို့က လိုလားခဲ့ကြတာပါ။
ဒါမှမဟုတ်ရင်လည်း မူလာ အိုမာရဲ့ သား ဖြစ်တဲ့ ယာကွတ်ဘ်ကို သူ့အဖေရဲ့ နေရာမှာ အစားထိုး ခန့်အပ်ချင်နေကြတာပါ။ မူလာ မန်ဆူကို ရွေးချယ်ဖို့ ပါကစ္စတန် အစိုးရကို ထောက်ခံအားပေးတဲ့ အသိုင်းအဝိုင်းကနေ တာလီဘန် အဖွဲ့ဝင်တွေကို သိမ်းသွင်း ပြောခဲ့ကြတာ ဆိုပြီး သူတို့က စွပ်စွဲပြောဆိုနေပါတယ်။
မူလာ မန်ဆူဟာ အာဖဂန် နစ္စတန်အစိုးရနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အားပေးသူဖြစ်ပါတယ်။
အခု တာလီဘန်တို့ရဲ့ ကြေညာချက်ထဲမှာ အာဖဂန် နစ္စတန် အစိုးရနဲ့ နောက်ထပ် ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘာမှ ထည့်သွင်းပြောဆိုထားတာမျိုးမရှိပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာအပေါ် သဘောကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ ထင်ဟပ် ပေါ်လွင်နေပါတယ်။
မူလာ အိုမာ သေဆုံးသွားတဲ့အတွက် အာဖဂန်နစ္စတန် အစိုးရနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှုတွေ အဟန့်အတား ဖြစ်သွားခဲ့ရပြီး ဒီကနေ့ သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။








