ရက် ၁၀၀ - မြန်မာ့စီးပွားရေးနလံထူဖို့ နေပြည်တော်အစိုးရဘာလုပ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်မယ်လို့ ပြောခဲ့တဲ့ ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ MSME လုပ်ငန်းရှင်တွေနဲ့ ဆက်တိုက်တွေ့ဆုံနေပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရာထူးကနေ အရပ်သားသမ္မတရာထူးကို ပြောင်းလဲလိုက်ပေမဲ့ ပြည်ပသွင်းကုန်လျှော့ချရေးမူဝါဒကို ဆက်စွဲကိုင်ထားပြီး ပြည်တွင်းထုတ်ကုန်တွေကိုသုံးဖို့ ပြောနေဆဲပါ။
လက်တွေ့မှာတော့ အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းတက်ကာ အထွေထွေကုန်ဈေးနှုန်း တွေပါ လိုက်တက်လာပြီး တင်းကျပ်ထားဆဲပို့ကုန်သွင်းကုန်မူဝါဒကြောင့် မြန်မာ့စီးပွားရေးက ချိနဲ့ နေဆဲလို့ စီးပွားရေးလုပ်ငန်းရှင်တွေရော စောင့်ကြည့်သူတွေကပါ ထောက်ပြကြပါတယ်။
အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့ ပျားရည်ဆမ်းကာလ "ရက် ၁၀၀" စီမံချက်မှာ စီးပွားရေးနလန်ထူစေဖို့အတွက် ခိုင်မာတဲ့ မူဝါဒတွေမပါဝင်ဘူးလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကလည်း ထုတ်ပြန်ပါတယ်။
မြန်မာ့စီးပွားရေးအတွက် အချက် ၃ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်ပသွင်းကုန်လျော့ချရေးမူဝါဒနဲ့ အတူ နိုင်ငံခြားငွေထိန်းချုပ်မှုတွေလုပ်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ဟာ အသွင်ပြောင်းအစိုးရကို ဦးဆောင်ရချိန်မှာတော့ နိုင်ငံ့စီးပွားရေးဦးမော့အောင်လုပ်မယ့် အကြောင်းတွေကို သမ္မတအဖြစ်စတာဝန်ယူတဲ့နေ့ကတည်းက ထုတ်ပြောပါတယ်။
ဦးမင်းအောင်လှိုင်သမ္မတအဖြစ် ရာထူးစယူတဲ့ ဧပြီလလယ်ကစလို့ ဇွန်လလယ်အထိ နှစ်လတာအတွင်း မြန်မာ့စီးပွားရေးကိုကိုင်တွယ်ဖို့ ထုတ်ပြောခဲ့တာနဲ့ လက်တွေ့ကြုံနေရတဲ့အချက်အလက်တွေကို ချိန်ထိုး ကြည့်ရမှာ အချက် ၃ ချက် တွေ့ရပါတယ်။
- အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးရေး
- နယ်စပ်ကုန်သွယ်ရေး
- အီရန်စစ်ပွဲနဲ့ လောင်စာဆီ
အထူးသဖြင့် "ကျေးလက်စီးပွားမြှင့်တင်ရေး" ကိုလုပ်မယ်ဆိုတဲ့ အသွင်ပြောင်းအစိုးရအဖွဲ့ဟာ Agro based Industry လို့ ခေါ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းကို တည်ဆောက်ဖို့ အားစိုက်လာပါတယ်။
ဦးမင်းအောင်လှိုင်ဟာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရာထူးကိုပါရယူထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်မှုဝန်ကြီးဌာနကို စက်မှုနဲ့အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲကာ ဝန်ကြီးအဖြစ် ဒေါက်တာချာလီသန်းက ဦးဆောင်နေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းတဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင်တို့ရဲ့ စက်မှုဝန်ကြီးအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ပြီး နေပြည်တော်အစိုးရမှာလည်း ဒီဝန်ကြီးဌာနကိုပဲ ဆက်ဦးဆောင်သူဖြစ်ပါတယ်။
အစိုးရရဲ့အစပျိုးကာလ "ရက် ၁၀၀" စီမံကိန်းကာလအတွင်းမှာ ထူးခြားတဲ့ အစီအစဉ်လို့ဆိုကာ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ပြပွဲတွေကိုလုပ်ကာ သင်တန်းတွေပို့ချပေးနေပါတယ်။ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကလည်း သူ့ရဲ့ မန္တလေးတိုင်းခရီးစဉ်အတွင်းမှာ MSME လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
"သွင်းကုန်အစားထိုးထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေးနဲ့ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းနဲ့ MSME လုပ်ငန်းတွေကို အထူးအလေးထားအားပေးမြှင့်တင်ပြီး စီးပွားရေး တိုးတက်အောင်ဆောင်ရွက်မယ်" လို့ နေပြည်တော်အစိုးရအဖွဲ့အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဒါပေမဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာအဆင့်မှီအောင် ဆောင်ရွက်မယ့် အစီအစဉ်တွေ မတွေ့နေရဘူးလို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက ဝေဖန်ကြပါတယ်။
MSME လုပ်ငန်းတွေကို အားပေးတာဟာ ကောင်းမွန်တဲ့အရွေ့ဖြစ်ပေမဲ့ ထိရောက်ဖို့အတွက်က သွင်းကုန်တွေအလွယ်တကူရရှိဖို့လိုတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တဦးက ပြောပါတယ်။
"မြန်မာက ကုန်ပစ္စည်းမထုတ်နိုင်နေတဲ့အခြေအနေကိုသိဖို့လိုတယ်။ သွင်းကုန်တွေမရရင် MSME က ဖွံ့ဖြိုးဖို့ မလွယ်ဘူး။ ကုန်ကြမ်းလိုတယ်လေ၊ ကုန်ကြမ်းမရရင်ဆက်လုပ်ဖို့မလွယ်ဘူး။ ကျွန်တော်တို့အသိ MSME တချို့လုပ်ငန်းတွေက ရပ်နေကြရတယ်" လို့ သူက ဆက်ပြောပါတယ်။
နောက်ထပ်စောင့်ကြည့်သူတဦးဖြစ်တဲ့ သုတေသီ Jared Nathan Bissinger ကတော့ ဗဟိုဘဏ်ရဲ့ မူဝါဒတွေအပေါ် ထောက်ပြပါတယ်။
"နိုင်ငံခြားငွေလဲနှုန်းအမျိုးမျိုးဖြစ်နေတဲ့ (multiple exchange rate system) ကိုပယ်ဖျက်ရမယ်၊ ပို့ကုန်ရငွေကို ဖိအားပေးငွေလဲခိုင်းတဲ့ပုံစံကို ပြောင်းဖို့လိုတယ်" လို့ Jared Nathan Bissinger က ပြောပါတယ်။
သူဟာ စင်ကာပူအခြေစိုက်သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute မှာ မြန်မာ့စီးပွားရေး ပြန်ဦးမော့ဖို့ ငွေလဲနှုန်းစနစ်တွေကိုပြောင်းလဲသင့်တဲ့အကြောင်း ဇွန်လလယ်မှာပဲ စာတမ်းရေးသားခဲ့သူဖြစ်ပါတယ်။
မူဝါဒတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့ရတဲ့ကုန်သည်တွေမှာ ၂၀ ရာခိုင်နှုန်း အမြဲလိုလို ရှုံးနေရပြီး ဒါကပဲ လယ်သမားတွေအပေါ် တိုက်ရိုက်ထိခိုက်စေတာလို့ သူကဆက်ပြောပါတယ်။
ဒါပေမဲ့ နေပြည်တော်အစိုးရခေါင်းဆောင်ကတော့ ပြည်ပကတင်သွင်းတာလျှော့ချပြီး ပြည်တွင်းက ထွက်ရှိတာတွေကိုသာ ကုန်ကြမ်းအဖြစ်သုံးဖို့ သူ့ရဲ့မိန့်ခွန်းတွေမှာ မကြာခဏထည့်ပြောနေဆဲပါ။
စစ်ကောင်စီနဲ့ စစ်ကော်မရှင်အဖြစ် တာဝန်ယူခဲ့တဲ့ ၅ နှစ်တာမှာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်ခဲ့တယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးသမ္မတမိန့်ခွန်းမှာလည်း ထည့်ပြောခဲ့ပါတယ်။
ဆက်ရှိနေဆဲ ပို့ကုန်သွင်းကုန်တင်းကျပ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ မေခရိုစီးပွားရေး (Macroeconomic) တည်ငြိမ်မှုပျက်ယွင်း သွားခဲ့ပြီး နိုင်ငံခြားငွေအသုံးပြုမှုလျော့ချတာ၊ ပို့ကုန်သွင်းကုန်တင်းကျပ်တဲ့မူဝါဒတွေကြောင့် စီးပွားရေး ပိုကျပ်တည်းလာစေခဲ့တယ်လို့ ပြည်တွင်းရော ပြည်ပက စီးပွားရေးပညာရှင်တွေက အစောပိုင်းကတည်းက ထောက်ပြခဲ့ကြပါတယ်။
ဒါကြောင့် ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲလုပ်ကာ အသွင်ပြောင်းနေပြည်တော်အစိုးရဖြစ်လာချိန်မှာတော့ စီးပွားရေးချောင်လည်ဖို့ ပို့ကုန်သွင်းကုန်မူဝါဒတွေလျှော့ချပေးဖို့ လုပ်ငန်းရှင်တချို့က မျှော်လင့်ခဲ့ကြပါတယ်။
"စီးပွားကူးသန်းက ပို့ကုန်တင်ပို့ရင် သွင်းကုန်လိုင်စင်ချပေးမယ်လို့ပြောတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်တဲ့ ကုန်သည်တွေအနေနဲ့ ပို့ကုန်ငွေအရင်အရှုံးနဲ့ရင်ဆိုင်ရပြီး သွင်းကုန်အတွက်မျှော်နေရင်းနဲ့ လိုင်စင်မကျခဲ့ဘူး ဆိုရင် အလိုလိုနေရင်း ငွေအရှုံးနဲ့ ရင်ဆိုင်ရမှာပါ" လို့ မြဝတီကကုန်သည်တဦးက ပြောပါတယ်။
၅ နှစ်ကျော်ကာလ စစ်အုပ်ချုပ်ရေးမှာ တခြားကဏ္ဍတွေအသွင်အမျိုးမျိုးပြောင်းပေမဲ့ စီးပွားရေးမူဝါဒကို ပုံစံတမျိုးတည်းနဲ့သာ ကျင့်သုံးခဲ့ပါတယ်။
ပြည်ပကသွင်းကုန်လျော့ချမယ်ဆိုပြီး သွင်းကုန်လိုင်စင်ချထားပေးတာကို တင်းကျပ်ခဲ့ပါတယ်။ ပြည်ပကနေကုန်သွင်းချင်ရင် ပြည်တွင်းကနေ ပို့ကုန်မဖြစ်မနေပို့ဖို့လိုပါတယ်။
အဲဒီပို့ကုန်ရငွေရဲ့ ၈၅ - ၁၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ သတ်မှတ်နိုင်ငံခြားငွေဈေးအတိုင်း မဖြစ်မနေလဲရပြီး ဒါကိုတင်ပြနိုင်မှသာ သွင်းကုန်လိုင်စင်လျှောက်ထားခွင့်ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၆ နှစ်ဝက်အချိန် မြန်မာ့မြောက်ပိုင်းက ကုန်သွယ်ရေးလမ်းကြောင်းတချို့နဲ့ ထိုင်း - မြန်မာ ကုန်သွယ်ရေး အဓိကလမ်းမကြီးကို ပြန်ဖွင့်ပေးပေမဲ့ တင်းကျပ်တဲ့ပို့ကုန်သွင်းကုန်မူဝါဒကပဲ အခက်ဆက်ကြုံစေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန် ၁၆ ရက် နောက်ဆုံးထုတ် အစီရင်ခံစာမှာပါ ထည့်သွင်းထောက်ပြပါတယ်။
လိုင်စင်ခွင့်ပြုချက်ကန့်သတ်မှု၊ တရားမဝင် စစ်ဆေးရေးဂိတ်တွေနဲ့ သွားလာရေးစရိတ်တွေကြောင့် ကုန်သည်တွေမှာ ကုန်ကျစရိတ် ပိုများစေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။
"ကားလမ်းကြောင်းပေါ်က လုံခြုံရေးစောင့်စစ်သားတွေက ကုန်ကားတွေကို ငွေကောက်တာ၊ အကောက်ခွန် အပိုင်းမှာ စာရွက်စာတမ်းတွေပိုပြီးလုပ်ရတာ၊ အရင်က စီးပွားကူးသန်း အကောက်ခွန်လောက်နဲ့ပြီးရမှာကို အခုချိန်မှာ အဖွဲ့စုံနဲ့စစ်ဆေး ဓါတ်ပုံရိုက် အမျိုးစုံလာတယ်" လို့ မြဝတီကုန်သည်က ဆက်ပြောပါတယ်။
တနှစ်နီးပါးပိတ်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို မေလကုန်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပေမဲ့ နယ်စပ်ကုန်သွယ်ရေးနာလန်ထူဖို့ မြန်မာရဲ့သွင်းကုန်ထိန်းချုပ်ရေးဆိုင်ရာအစီအမံတွေအပေါ်မှာ မူတည်နေတယ်လို့ ထိုင်းဘက်ကပါ ဆက်တိုက်ထုတ်ပြောလာရတဲ့အခြေအနေပါ။
ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းခွင့်မရှိတဲ့ ဘိလပ်မြေ၊ စားသုံးဆီလို ကန့်သတ်ကုန်စည်စာရင်းအမြောက်အများရှိနေပြီး အဲဒီစာရင်းတွေကိုလည်း လျှော့ချပယ်ဖျက်တာမျိုး မရှိသေးပါဘူး။
ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးရယူပြီးနောက် အိန္ဒိယ နဲ့ တရုတ် ခရီးစဉ်တွေမှာလည်း နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ရေးက အဓိကဆွေးနွေးတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရော အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ချိန်မှာပါ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့၊ သူတို့ရဲ့ မြန်မာက စီးပွားရေးလုပ်ငန်းတွေလည်ပတ်နိုင်ဖို့ကို ပြောဆိုခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေမှာ နေပြည်တော်အစိုးရခေါင်းဆောင်က နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ MOU သဘောတူညီချက် တွေ ရေးထိုးလာခဲ့ပေမဲ့ သက်ရောက်မှုဖြစ်နေတဲ့ မူဝါဒရေးရာတော့ ထုတ်ပြောတာမရှိခဲ့ပါဘူး။
အစိုးရအသစ်စလည်ပတ်တာ ၂ လကျော်ကြာလာပြီဖြစ်ပေမဲ့ ပို့ကုန်ပမာဏအတိုင်းသာ သွင်းကုန်လိုင်စင် ပြန်လျှောက်ထားလို့ရတဲ့ တင်းကျပ်တဲ့မူဝါဒက ဆက်ရှိနေဆဲဖြစ်ပါတယ်။
အီရန်စစ်ပွဲ၊ လောင်စာဆီနဲ့ မြန်မာ့ကုန်ဈေးနှုန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ကနဦးခန့်မှန်း ခဲ့ပေမဲ့ နှစ်လယ်ရောက်ချိန်မှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ စီးပွားရေးကန့်သတ်ချက်တွေနဲ့ ပြင်ပသက်ရောက်မှုတွေကြောင့် စီးပွားရေး ၂ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ လျော့ချခန့်မှန်းလိုက်တာပါ။
အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ အီရန်စစ်ပွဲဟာ မြန်မာ့စီးပွားရေးကို ထပ်ချိနဲ့ စေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
"လောင်စာဆီဈေးတွေတက်တာက လယ်သမားတွေအတွက် ပက်ကြားအက်ထဲမှာ စပါးပက်ကြဲရတဲ့ အခြေအနေဖြစ်နေပြီ" လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း မှာ ကျေးလက်နေပြည်သူ လယ်သမားတွေအပေါ်လည်း သက်ရောက်မှုကြီးခဲ့ပြီး အခုအီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးတက်တာက နောက်ထပ်အခက်အခဲကြီးဖြစ်လာပါတယ်။
မတ်လဆန်းမှာစတဲ့ အီရန်စစ်ပွဲနောက်ဆက်တွဲ မြန်မာမှာ လောင်စာဆီဈေးနှုန်းတွေ မြင့်လာတာနဲ့အတူ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်လာတာ၊ ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေး ကုန်ကျစရိတ်တိုးလာတာအပါအဝင် လောင်စာဆီတင်သွင်းဖို့ပါ နိုင်ငံခြားငွေ လိုအပ်ချက်များလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ နေပြည်တော်အစိုးရကတော့ လောင်စာဆီအကျပ်ရိုက်လာချိန် သုံးစွဲတဲ့ပမာဏလျှော့ချနိုင်လို့ နိုင်ငံခြားငွေသုံးစွဲမှုသက်သာသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
"လယ်သမားတွေမှာ နှစ်စဉ်ထိခိုက်လာတာကနေ ဆီဈေးတက်တော့ သက်ရောက်မှုအတော်ကြီးပါတယ်" လို့ သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။
အစိုးရအသစ်ဟာ လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ဖို့ရည်ရွယ်တယ်ဆိုရင် လယ်သမားတွေရဲ့ အဓိက အခက်အခဲကိုနားထောင်ဖို့လိုပြီး မြေပြင်ဆင်းကာ အချိန်မီကူညီရေးဆောင်ရွက်ပေးသင့်တယ်လို့ သူက ထောက်ပြပါတယ်။
"စီးပွားရေးမြန်မြန်ပြန်ကောင်းဖို့အတွက်က အားနည်းချက်အများကြီးရှိတဲ့အတွက် လောလောဆယ်မှာ မပြောနိုင်ဘူး။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးရေးမှာတော့ အပေါ်အောက်လက်တွဲညီဖို့ လိုတယ်။ စာရွက်ပေါ်မှာညွှန်ကြားတာမျိုးမဟုတ်ဘဲ စနစ်တကျပူးပေါင်းရမှာပါ။ စိုက်ပျိုးရေးကဏ္ဍအတွက် နည်းပညာ ပံ့ပိုးပေးတာမျိုးကအစ လိုအပ်ပါတယ်" လို့ ဒေါ်စုစုနွေးက ဆက်ပြောပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက တချိန်က ဒေသတွင်းမှာ ပြည်ပကိုဆန်စပါး တင်ပို့မှုမြင့်မားခဲ့တဲ့ အခြေအနေကို ပြန်ရောက်အောင် ကြိုးစားကြဖို့ တိုက်တွန်းနေပါတယ်။
"ပြည်သူတွေဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြှင့်တင်ရေးဟာ ကျွန်တော်တို့အတွက် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တရပ်ဖြစ်ပါတယ်" လို့ ဧပြီ ၁၂ ရက်တုန်းက သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာလည်း သူက ထည့်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီ ၂၀ ရက်မှာကြေညာခဲ့တဲ့ ဦးမင်းအောင်လှိုင်အစိုးရရဲ့ "ရက် ၁၀၀ စီမံချက်" မှာ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပျက်စီးနေတဲ့တိုင်းပြည်စီးပွားရေးကို အလျင်အမြန် ပြန်လည်နာလန်ထူလာစေဖို့ ခိုင်မာတဲ့ အစီအစဉ်မပါဝင်ဘူးလို့ ISP Myanmar က သုံးသပ်ထားပါတယ်။
ရက် ၁၀၀ နဲ့ မြန်မာ့စီးပွားရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိမယ့် အခင်းအကျင်းမျိုး၊ ဖြေလျှော့ပေးတာမျိုးတွေလည်း မပါဝင်နေဘူးလို့ ISP Myanmar ရဲ့ မေ ၆ ရက်ထုတ် စစ်တမ်းမှာ ဖော်ပြပါတယ်။
"စိုက်ပျိုးရေးကို အခြေခံမယ်" ၊ "ပြည်တွင်းဖြစ်ကို ထုတ်လုပ်အားပေးမယ်" ၊ "ပြည်သူလူထုက ချွေတာရမယ်" ဆိုတဲ့ ယေဘုယျဆန်တဲ့ ပြောဆိုချက်တွေပဲလွှမ်းမိုးနေတယ်လို့ ISP Myanmar က မီးမောင်းထိုးပြပါတယ်။
"ရက် ၁၀၀" စီမံကိန်းဆိုတာက ကာလတိုစီမံကိန်းထက် ပိုပြီးတိုတောင်းတဲ့ အရေးပေါ်သဘောဆောင်တဲ့ စီမံကိန်းဖြစ်တာကြောင့် အဲဒီကာလအတွင်း သိသာထင်ရှားတဲ့ ရလဒ်တွေ ထွက်လာစေနိုင်မယ့် Action Plan တွေကို ဦးစားပေး ထည့်သွင်းသင့်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဟောင်းတဦးက ပြောပါတယ်။
အခု နေပြည်တော်အစိုးရက ဦးစားပေးပြောနေတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အစီအစဉ်ဟာ ရက် ၁၀၀ အတွင်း မြင်သာတဲ့အောင်မြင်မှု မရနိုင်တဲ့ Action Plan လို့ သူက ဝေဖန်ပါတယ်။
"ထင်ရှားတဲ့ အောင်မြင်မှုရနိုင်မယ့် စီမံကိန်းမျိုးကို မဖော်ထုတ်နိုင်ခဲ့ရင်တောင်မှ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို တဆင့်ပြီးတဆင့် ဖြေလျှော့ပေးတာက ပိုပြီး သိသာတဲ့ ရလဒ်တစ်ခု ဖြစ်လာနိုင်ပါတယ်"
"လက်ရှိအခြေအနေကို ကြည့်ရင် ရက် ၁၀၀ စီမံကိန်းကလည်း ထင်ရှားတဲ့ အောင်မြင်မှုမတွေ့ရသလို ကန့်သတ်ချက်တွေကလည်း လျော့သွားတာမရှိဘဲ ပိုတောင် တိုးလာနေတာကို တွေ့ရပါတယ်" လို့ ဝန်ကြီးဟောင်းက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ISP Myanmar
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကလည်း "ပို့ကုန်ရငွေသွင်းမှ သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့ စနစ်ကို ပြင်မှ ဒါတွေပြန်ပြေလည်မှာပါ" လို့ ပြောပါတယ်။
"အရင်အစိုးရတွေရဲ့ ရက် ၁၀၀ နဲ့ နှိုင်းယှဉ်ရင်တော့ အားမကောင်းဘူး၊ သိပ်လည်းအလုပ်မဖြစ်သလို လုပ်နိုင်တာကလည်း အများကြီးမရှိနေဘူး။ ဒါပေမဲ့ ကုန်သွယ်ရေးကိုလုပ်သာကိုင်သာရှိအောင် လုပ်ပေးသင့်တယ်" လို့ သူက သုံးသပ်ပါတယ်။
ပို့ကုန်သွင်းကုန်တင်းကျပ်မှုသာမက ဈေးကွက်အမျိုးမျိုးရှိတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထား ပြဿနာတွေကို မဖြေရှင်းနိုင်ရင်လည်း မြန်မာ့စီးပွားရေးပြန်ကောင်းမွန်လာနိုင်ချေမရှိဘူးလို့ Jared Nathan Bissinger ကလည်းပြောပါတယ်။
"မြန်မာ့စီးပွားရေးမှာ အခြေခံကျတဲ့မူဝါဒရေးရာပြဿနာတွေကြောင့် အခက်ကြုံနေရတာပါ" လို့ သုတေသီကလည်း သုံးသပ်ပါတယ်။
အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ချိနဲ့သွားတဲ့ မြန်မာ့စီးပွားရေးပြန်ဦးမော့လာဖို့အတွက် ရက် ၁၀၀ အတွင်း ဖြေရှင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ လက်တွေ့မကျဘူးလို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ ကျွမ်းကျင်သူ တွေရော ကုန်သည်၊ သမဂ္ဂတွေကပါ ပြောကြပါတယ်။
သူတို့ရဲ့ တူညီတဲ့ပြောဆိုချက်ကတော့ စီးပွားရေးတည်ငြိမ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရေးဟာ တိုက်ရိုက်အချိုးကျနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါမှသာစီးပွားရေးမူဝါဒတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှာလို့ ဆိုကြပါတယ်။
၂၀၂၆ နှစ်လယ်စစ်ရေးကိုကြည့်ရင် တရုတ် - မြန်မာနယ်စပ်က ရှမ်းမြောက်စစ်မျက်နှာပြင် အပစ်ရပ်တာက လွဲလို့ နိုင်ငံတဝန်းမှာ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။












