အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ ဝီဒိုဒို အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, AP
အင်ဒိုနီးရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေ ထွက်ပေါ်လာရာမှာ ဂျာကာတာ မြို့ဝန် မစ္စတာ ဂျိုကို ဝီဒိုဒိုက မဲ ၅၃ ရာနှုန်းနဲ့ အနိုင်ရသွားပါတယ်။
အနိုင်ရသွားတဲ့ မစ္စတာ ဝီဒိုဒိုဟာ မြို့ပေါ်နဲ့ ကျေးလက်က လူငယ်တွေကြား အထူး ရေပန်းစား လူကြိုက်များသူ ဖြစ်ပြီး သူက အင်ဒိုနီးရှား နိုင်ငံကို အာဏာရှင် ထီးရိပ် အောက်က ရုန်းထွက် နိုင်ဖို့ ကြိုးစားမယ်လို့ ပြောထားသူ ဖြစ်ပါတယ်။
မစ္စတာ ဝီဒိုဒိုဟာ ဂျာကာတာ မြို့ နေရာ အတော်များများမှာ အဆောင်အယောင်တွေ နောက်လိုက်တွေ မပါဘဲ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှား နေလေ့ရှိသူ ဖြစ်ပါတယ်။
သူဟာ သာမန် အခြေခံ လူတန်းစား ထဲက တက်လာပြီး ပရိဘောဂ ရောင်းချ ခဲ့သူ တယောက် ဖြစ်ခဲ့လို့ ခုလို သူ ရွေးကောက်ပွဲ အနိုင်ရတာဟာ အင်ဒိုနီးရှားမှာ လူတိုင်း သမ္မတ ဖြစ်နိုင်တယ် ဆိုတဲ့ ဆန္ဒ တက်ကြွမှုတွေကို လှုံ့ဆော် ပေးနေသလို ရှိပါတယ်။
သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို ကတော့ ၄၇ ရာခိုင်နှုန်း လောက် ရရှိ ခဲ့ပြီး ဒီ မဲရလဒ်ကို မသမာမှုတွေ ရှိတယ် ဆိုပြီး သူက ကော်မရှင်ကို စိန်ခေါ် လိုက်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အင်ဒိုနီးရှား ပြည်သူ သန်း ၁၃ဝ လောက် မဲပေးခဲ့ပါတယ်။





