မြန်မာ FATF အမည်ပျက်စာရင်းကလွတ်ဖို့ တရုတ်ကူညီနိုင်လား

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ဗဟိုဘဏ်ရှေ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ဗဟိုဘဏ်ရှေ့မြင်ကွင်း (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မြန်မာဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ တရုတ်ရဲ့အထောက်အပံ့ကို လိုအပ်နေသလို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း ဘေကျင်းရဲ့ရပ်တည်ချက်က အရေးပါနေပါတယ်။

အခုဇွန်လမှာ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ (FATF) ရဲ့ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို ပဲရစ်မြို့မှာ ကျင်းပနေပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့အမည်ပျက်စာရင်း(Blacklist)ထဲ ရောက်နေတဲ့ မြန်မာအပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို အဲဒီဆွေးနွေးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါတယ်။

FATF ရဲ့အဓိကအဖွဲ့ဝင် ၄၀ နိုင်ငံထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်နေတာကြောင့် မြန်မာအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ဖိအားတွေ ထပ်မံကြုံတွေ့ရခြင်းကနေ ကာကွယ်နိုင်ရေး ဘေကျင်းရဲ့ထောက်ခံမှုကလည်း တစိတ်တပိုင်းလိုအပ်နေပါတယ်။

FATF မှာ တရုတ် အခန်းကဏ္ဍ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ မှာ ကျင်းပခဲ့တဲ့ FATF ပုံမှန်မျက်နှာစုံညီအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, FATF

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ မှာ ကျင်းပခဲ့တဲ့ FATF ပုံမှန်မျက်နှာစုံညီအစည်းအဝေး

နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့(FATF)အနေနဲ့ အမည်ပျက်စာရင်း (Blacklist) သွင်းထားတဲ့ နိုင်ငံတစ်နိုင်ငံအပေါ် နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို အဆင့်ဆင့် သုံးသပ်ဆုံးဖြတ်လေ့ရှိတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

အဲဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာနိုင်ငံက FATF ရဲ့သတ်မှတ်ချက်တွေနဲ့ အစီအမံတွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်ထားလဲ ဆိုတာကို စိစစ်သုံးသပ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား ဘုံသဘောတူညီချက်ရယူကာ နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

၂၀၂၆ ဇွန်လ FATF မျက်နှာစုံညီအစည်းအဝေးမှာလည်း အမည်ပျက်စာရင်းဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို အလားတူလုပ်ငန်းစဉ်အတိုင်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

FATF ကို ၁၉၈၉ ခုနှစ် G7 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးမှာ တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်း ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပေါ် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာမှာ ငွေကြေးခဝါခမှုပြဿနာကိုဖြေရှင်းမှု အားနည်းတာကြောင့် တိုးတက်မှုစောင့်ကြည့်ရမယ့် မီးခိုးရောင်စာရင်း(Grey List) မှာ ထည့်သွင်းထားရာကနေ မြောက်ကိုရီးယား၊ အီရန်တို့နဲ့တန်းတူ အမည်ပျက်စာရင်း(Blacklist) အဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလ အစည်းအဝေးမှာတော့ မြန်မာဘက်က FATF သတ်မှတ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုအချို့ ပြသနိုင်ခဲ့တယ်လို့ ယူဆခဲ့တဲ့အတွက် နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ မချမှတ်ခဲ့ပါဘူး။

ဇွန်လအစည်းအဝေးမှာတော့ မြန်မာနိုင်ငံ ဗဟိုဘဏ်က FATF ရဲ့တောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်နေကြောင်း တင်ပြချက်တွေကို FATF က လက်ခံလိုက်မယ်ဆိုရင် နောက်ထပ် အရေးယူမှုတွေ ချမှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မြန်မာဘက်က တင်ပြမယ့်အစီရင်ခံချက်တွေအပေါ် တရုတ်နိုင်ငံအပါအဝင် အဓိကအဖွဲ့ဝင်နိုင်ငံတွေက အပြုသဘောဆောင်တဲ့သဘောထား ရှိနိုင်တယ်လို့လည်း ဒီအခြေအနေကို သိရှိထားတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

"ဗဟိုဘဏ်ဘက်က ပြင်ဆင်မှုတွေ တော်တော်လေး လုပ်ထားတယ်လို့ သိရပါတယ်။ FATF မှာ မြန်မာဘက်က တင်ပြမယ့် ဖြေရှင်းဆောင်ရွက်ချက်တွေကို တရုတ်ရော အမေရိကန်ရော လက်ခံနိုင်မယ့် အခြေအနေ ရှိတယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။

FATF မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလို ဗီတိုအာဏာ သုံးနိုင်တဲ့ စနစ်မရှိပါဘူး။ ဒါပေမဲ့ FATF ရဲ့ဆုံးဖြတ်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်အပေါ် အခြေခံတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံက မြန်မာဘက်ကနေ ရပ်တည်ပေးမယ်ဆိုရင် အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ဘုံသဘောတူညီချက်ရရှိဖို့ ခက်ခဲနိုင်တယ်လို့ ပြည်တွင်းကဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားခံရဖို့ ကြိုးပမ်းမှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။

နေပြည်တော်ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ရင်ဆိုင်ရမယ့် အမည်ပျက်စာရင်း

ဗဟိုဘဏ်ဥက္ကဋ္ဌအသစ် ဖြစ်လာတဲ့ ဒေါက်တာခင်နိုင်ဦး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ်ဥက္ကဋ္ဌအသစ် ဖြစ်လာတဲ့ ဒေါက်တာခင်နိုင်ဦး

ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ FATF မျက်နှာစုံညီအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေရာမှာ ဒေါက်တာခင်နိုင်ဦးကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး FATF အမည်ပျက်စာရင်းကနေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်တာဝန်ယူရတဲ့အနေအထား ဖြစ်လာပါတယ်။

ဗဟိုဘဏ်ရဲ့အချက်အလက်တွေအရ ဒေါ်သန်းသန်းဆွေဟာ ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေထဲမှာ သက်တမ်းအတိုဆုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ FATF အမည်ပျက်စာရင်းကနေ လွတ်မြောက်ဖို့ အဓိက ကြိုးပမ်းခဲ့သူအဖြစ် ရှုမြင်ခံရပါတယ်။

ဒေါ်သန်းသန်းဆွေ တာဝန်မဆင်းခင် မတ်လ ၁၁ ရက်မှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဲဒီဥပဒေဟာ FATF ရဲ့လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို အကောင် အထည်ဖော်ရာမှာ တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်ခံရပါတယ်။

လက်ရှိမှာတော့ ဒေါက်တာခင်နိုင်ဦးက အဲဒီလုပ်ငန်းစဉ်တွေကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းနယ်ပယ်က သတင်းရင်းမြစ်တချို့ရဲ့အဆိုအရ ဥက္ကဋ္ဌသစ် တာဝန်ယူပြီးနောက်ပိုင်း ပြည်တွင်းဘဏ်တွေနဲ့ ထင်ရှားတဲ့ ညှိနှိုင်းအစည်းအဝေးတွေ ပြုလုပ်ထားတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူတစ်ဦးကတော့ ဥက္ကဋ္ဌသစ်ရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ စောလွန်းသေးပေမဲ့ မကြာသေးမီက ထုတ်ပြန်ချက်အချို့မှာ ရှင်းလင်းပြတ်သားမှု အားနည်းတာတွေ တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

FATF က မြန်မာနိုင်ငံအတွက် ချမှတ်ထားတဲ့ အဓိကလုပ်ဆောင်ရမယ့် ၅ ချက်ရှိပါတယ်။

  • ငွေကြေးဆိုင်ရာထောက်လှမ်းရေးအချက်အလက်တွေကို အသုံးပြုမှုတိုးမြှင့်ဖို့
  • ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU)ရဲ့လုပ်ဆောင်နိုင်စွမ်းမြှင့်တင်ဖို့
  • ငွေကြေးခဝါချမှုတွေကို အန္တရာယ်အဆင့်လိုက် စုံစမ်းဖော်ထုတ်ဖို့
  • နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတားဆီးဖို့
  • ရာဇဝတ်မှုဆိုင်ရာပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထိန်းချုပ်မှု အားကောင်းစေဖို့

ဒီအစီအမံတွေအပြင် FATF က မြန်မာနိုင်ငံအတွက် အကြံပြုချက်အချက် ၄၀ ရှိပါတယ်။ အဲဒီထဲက အကြံပြုချက် ၂၆ ချက်က လုံးဝလိုက်နာတာ(Largely Compliant)နဲ့ လိုက်နာတာ (Compliant) ဖြစ်တယ်လို့ FATF က ဖော်ပြပါတယ်။ ကျန်တဲ့အချက်တွေအများစုက တစိတ်တပိုင်းလိုက်နာပြီးလုံးဝမလိုက်နာတဲ့အချက်ကတော့ ၆ ချက်ရှိပါတယ်။

ကျင်းပနေတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဒီစီမံချက်တွေ တိုးတက်မှုရှိအောင် လုပ်နိုင်မှ အရေးယူမှုဆက်မတိုးမယ့် အခြေအနေဖြစ်ပါတယ်။ ဒါဟာ ဒေါက်တာခင်နိုင်ဦး ဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန်ယူပြီးနှစ်လကျော်အကြာမှာ ခုခံချေပရမယ့်ကိစ္စဖြစ်နေပါတယ်။

ပဲရစ်မှာကျင်းပနေတဲ့ FATF အစည်းအဝေးရဲ့ ရလဒ်ဟာ မြန်မာနိုင်ငံအပေါ် နောက်ထပ်ဘဏ္ဍာရေးဆိုင်ရာဖိအားတွေ တိုးလာမလား၊ လက်ရှိအခြေအနေအတိုင်းဆက်ရှိနေမလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

တချိန်တည်းမှာပဲ ဒါဟာ ဒေါက်တာခင်နိုင်ဦး ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် နိုင်ငံတကာဘဏ္ဍာရေးအသိုင်းအဝိုင်းမှာ ရင်ဆိုင်ရတဲ့ပထမဆုံး အရေးကြီးတဲ့စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာနေပါတယ်။

စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက် ဗဟိုဘဏ်ဥက္ကဋ္ဌတာဝန် ယူခဲ့တဲ့ ဒေါ်သန်းသန်းဆွေဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လုပ်တဲ့ FATF အစည်းအဝေးကို ၂၀၂၅ ခုနှစ်မှာ တက်ရောက်ခဲ့ပါတယ်။

မြန်မာမှာ ဦးမင်းအောင်လှိုင်က ဒေါက်တာခင်နိုင်ဦးကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် မခန့်ခင် နှစ်လ အလိုအထိ ဒေါ်သန်းသန်းဆွေဟာ မက္ကဆီကိုမှာပြုလုပ်တဲ့ FATF ဆွေးနွေးပွဲကို ကိုယ်တိုင် သွားတက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတစ်ခေါက် ပါရီမှာ လုပ်နေတဲ့ FATF ဆွေးနွေးပွဲကို ဒေါက်တာခင်နိုင်ဦး ကိုယ်တိုင် တက် မတက်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို နေပြည်တော်ကလည်း သတင်း မထုတ်သေးပါဘူး။

FATF အမည်ပျက်စာရင်းက လွတ်ရင် ဘာဖြစ်မလဲ

စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ရန်ကုန်မြို့က AYA ဘဏ်ရှေ့မှာ ငွေထုတ်ဖို့ တန်းစီနေတဲ့ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ရန်ကုန်မြို့က AYA ဘဏ်ရှေ့မှာ ငွေထုတ်ဖို့ တန်းစီနေတဲ့ မြင်ကွင်း (ပုံဟောင်း)

မြန်မာဟာ FATF ရဲ့အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ FATF ရဲ့ ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ အာရှ-ပစိဖိတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် FATF ရဲ့ စံနှုန်းတွေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ရပါတယ်။

FATF က မြန်မာကို အမည်ပျက်စာရင်းသွင်းထားတဲ့အတွက် FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေအပေါ် ပိုမိုတင်းကျပ်တဲ့ စိစစ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ပါတယ်။

ဒါကြောင့် ပြည်ပမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေအပါအဝင် နိုင်ငံတကာဘဏ်စနစ်ကို အသုံးပြုရတဲ့ မြန်မာနိုင်ငံသားအများစုဟာ အဲဒီအကျိုးသက်ရောက်မှုကို တိုက်ရိုက်ခံစားနေရတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ကြိုးပမ်းရာမှာလည်း အမည်ပျက်စာရင်းဝင် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရခြင်းက အတားအဆီးတစ်ခု ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံရမယ်ဆိုရင် အဲဒီဘဏ္ဍာရေးဆိုင်ရာ ဖိအားတချို့ လျော့ပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ FATF ရဲ့ သတ်မှတ်ချက်တွေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် အစီအမံတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

ဘဏ္ဍာရေးဆိုင်ရာအကဲခတ်တွေကတော့ FATF ရဲ့ ဆုံးဖြတ်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်အပေါ် အခြေခံတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့သဘောထားနဲ့ ရပ်တည်ချက်က မြန်မာအပေါ် နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာဖိအားတွေတိုးလာမယ့်အလားအလာကို လျော့နည်းစေနိုင်တယ်လို့ ရှုမြင်ကြပါတယ်။