ရခိုင်ရိုးမကပွိုင့်စခန်းတွေကို အေအေသိမ်းအပြီး ဧရာဝတီကို စစ်တပ်အင်အားဖြည့်

အာရက္ခတပ်တော်(အေအေ) သိမ်းပိုက်လိုက်တဲ့ ပွိုင့်စခန်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ပွိုင့်စခန်းတွေ သိမ်းပြီးတဲ့နောက် စစ်တပ်ဆီကနေ သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေ သတင်းထုတ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ခြေသံလုံလုံနဲ့စစ်ရေးဖော်ဆောင်နေတဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ရခိုင်ရိုးမအရှေ့ခြမ်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ပွိုင့်စခန်း ၃ ခုနဲ့ ကာကင်း ၂ ခုကို သိမ်းယူလိုက်တဲ့အကြောင်း ဆက်တိုက်သတင်းထုတ်လာပါတယ်။

အေအေသိမ်းလိုက်တဲ့ ပွိုင့်စခန်းတွေဟာ ဧရာဝတီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်အစပ် ရခိုင်ရိုးမအခြေက စခန်းတွေလို့ စခန်းသိမ်းတိုက်ပွဲ အခြေအနေသိရှိသူက ပြောပါတယ်။

အေအေကတော့ စခန်းတွေ အသိမ်းခံရတဲ့ စစ်တပ်ဟာ ရေကြည်မြို့နယ်ကနေ ရခိုင်အဝင် ဂွ- ငါးသိုင်းချောင်းလမ်းပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်း၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တွေထဲမှာပါ အင်အားဖြည့်နေတယ်လို့ပြောပါတယ်။

စစ်ရေးသုံးသပ်သူတွေကတော့ ဒီစခန်းတွေဟာ ရခိုင်ရိုးမတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့နဲ့ ဂွမြို့နယ်ဘက်ကို စစ်တပ် မထိုးဖောက်နိုင်အောင် ပြင်ဆင်ကာကွယ်ဖို့ အရေးပါတယ်လို့ မှတ်ချက်ပေးပါတယ်။

အေအေသိမ်းလိုက်တဲ့ ပွိုင့်စခန်းတွေ ဘယ်မှာရှိလဲ၊ ဘယ်လောက်အရေးကြီးလဲ

ပွိုင့်စခန်းသိမ်းတွေသိမ်းလိုက်တဲ့တိုက်ပွဲကနေ သိမ်းဆည်းမိတဲ့လက်နက်တွေလို့ အေအေက သတင်းထုတ်ပြန်လာတဲ့ဓာတ်ပုံထဲက တစ်ပုံဖြစ်ပါတယ်။  ရိုင်ဖယ်သေနတ်တွေ ဒါဇင်ချီကို နောက်ဘက်မှာ တန်းစီထားတာတွေ့ရပြီး  ရှေ့မှာ မိုင်းအချို့၊ ရာဂဏန်းရှိတဲ့ စိန်ပြောင်းဗုံးသီးတွေနဲ့ ဓာတ်ပုံဘယ်ဘက်အစွန်ဆုံးမှာ စိန်ပြောင်းလက်နက် ၇ ခုထက်မနည်းကိုမြင်ရ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ပွိုင့်စခန်းသိမ်းတွေသိမ်းလိုက်တဲ့တိုက်ပွဲကနေ သိမ်းဆည်းမိတဲ့လက်နက်တွေလို့ အေအေပြော

ရေကြည်မြို့နယ်ထဲက ပွိုင့် ၂၈၈၊ ၁၈၈ နဲ့ ၁၄၈ တို့ကို ဇွန်လ တတိယပတ်မှာ ဆက်တိုက်သိမ်းခဲ့တယ်လို့ အေအေက ပြောပါတယ်။

အေအေသိမ်းခဲ့တဲ့ ပွိုင့်စခန်းတွေဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ကြား ရခိုင်ရိုးမအခြေ ကြောင်လျှာဒေသထဲမှာ ရှိတယ်လို့ လုံခြုံရေးကြောင့်နာမည်မဖော်လိုတဲ့ သာပေါင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်က သစ်ထုတ်လုပ်ရေးသမားတွေတည်းခိုခဲ့တဲ့ ကြောင်လျှာသစ်ထုတ်လုပ်‌ရေး ကုန်းမြင့်နေရာတွေဟာ နောက်ပိုင်းမှာ ပွိုင့်စခန်းတွေအဖြစ် စစ်တပ်က တပ်စွဲခဲ့တာတာလို့ သူက ပြောပါတယ်။

အေအေကတော့ အဲဒီပွိုင့်စခန်းတိုက်ပွဲတွေအတွက် စစ်တပ်က ဂွ- ငါးသိုင်းချောင်းလမ်းပေါ်မှာရှိတဲ့ အမှတ် ၃၄၄ အမြောက်တပ်ကနေ အင်အားရာနဲ့ချီ ပို့ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ အမြောက်တပ်ရဲ့ရှေ့ပြေး ပွိုင့် ၂၂၇ ကုန်းရဲ့ ကာကင်းစခန်း ၂ ခုကို ထပ်ပြီး သိမ်းခဲ့တယ်လို့ အေအေက ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပါတယ်။ ၂၂၇ ပွိုင့်ကုန်းရဲ့ မိုင်ဝက်လောက်မှာရှိတဲ့ ကာကင်းနဲ့ တာဝါတိုင်စခန်းကုန်းလို့ခေါ်တဲ့ ဒုတိယကာကင်းတွေကို သိမ်းခဲ့တာလို့လည်းဆိုပါတယ်။

''သိမ်းလိုက်တဲ့ကာကင်း ၂ ခုကတော့ အားနည်းတယ်လို့ပြောလို့ရတယ်။ အရင်တစ်ပတ် သိမ်းခဲ့တဲ့စခန်းတွေကနေ ဆုတ်လာတဲ့အင်အားတွေပါ'' လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။

ကာကင်းစခန်းဟာ တိုက်ခိုက်လာနိုင်ခြေရှိတဲ့လမ်းကြောင်းနဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး အင်အား ၁၀ ဦးကနေ ၁၅ ဦးကြားရှိတဲ့ ရှေ့ပြေးကင်းစခန်းငယ်တွေလို့ စစ်ဘက်ရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။

ပွိုင့်စခန်းကတော့ ကုန်းအမြင့်တွေမှာရှိပြီး အင်အား ၅၀ ကနေ ၁၀၀ ဝန်းကျင်ကြားရှိတဲ့ စစ်အင်အားသုံးကာ ပင်မတပ်စခန်း စိုးမိုးဧရိယာတွေမှာ သွားလာ၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့အလုပ်ကို လုပ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အေအေ သိမ်းလိုက်တဲ့ပွိုင့်ကုန်း ၃ ခုဟာ ဂွ-ငါးသိုင်းချောင်း-ရေကြည်လမ်းတစ်လျှောက် စောင့်ကြည့်တဲ့ပွိုင့်စခန်းတွေ ဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)ရဲ့စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရေးဆက်တင်းမာနေ

ကြောင်လျှာဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ပုသိမ်မြို့ပေါ်အထိ စစ်ရှောင်ဖို့ပြင်နေကြတဲ့ဒေသခံတွေလို့ဆိုပြီး မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ ပုသိမ်အထူး သတင်းအဖွဲ့ လူမှုကွန်ရက်က ဓာတ်ပုံဖြစ်ပါတယ်။ ကုန်းမြင့်တစ်ခုအပေါ်မှာ အမျိုးသမီး အမျိုးသားနဲ့ ကလေးတွေ အထုပ်အပိုးတွေ ထမ်းတာတာမြင်ရပြီး ကုန်းမြင့်မြေသားအခြေမှာတော့ အစိမ်းရောင်အပင်တွေကို မြင်ရ၊ ရာသီဉတုမကောင်းတဲ့အသွင်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, သတင်းအထူးတပ်ဖွဲ့ - ပုသိမ်

ဓာတ်ပုံ ပုံစာ, ကြောင်လျှာဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ပုသိမ်မြို့ပေါ်အထိ စစ်ရှောင်ဖို့ပြင်နေကြတဲ့ဒေသခံတွေလို့ဆို

ရေကြည်မြို့နယ်ထဲက ကုန်းမြင့် ပွိုင့်စခန်း ၃ ခုကို စစ်တပ်က လက်လွှတ်ပြီးတဲ့နောက်ပိုင်း ရေကြည်မြို့နယ်နဲ့ကပ်လျက် သာပေါင်းမြို့နယ်ထဲက ဘုရားကြီးနဲ့ ကမ်းပါးကြီးရွာတွေထဲက ဓမ္မာရုံတွေမှာ စစ်အင်အား တိုးတာတွေ ဆက်ရှိနေတယ်လို့ လုံခြုံရေးကြောင့် နာမည် မဖော်လိုတဲ့ နယ်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘုရားကြီးရွာဟာ အိမ်ခြေတစ်ရာ စွန်းစွန်းသာရှိပေမဲ့ စစ်ကောင်စီလက်ထက် တိုင်းဝန်ကြီးချုပ်နဲ့ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ကြံ့ခိုင်ရေးပါတီ စစ်ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးနဲ့အတူ ၂၀၂၃ ခုနှစ်၊ မတ်မှာ ရွာထိပ်စေတီ ထီးတော်တင်ပွဲ လာရောက်ပြု လုပ်သွားတဲ့ကျေးရွာလည်းဖြစ်ပါတယ်။

ဒေသခံကတော့ ရေကြည်မြို့နယ်ထဲက သုံးတန်ကူးရွာမှာလည်း စစ်တပ်က အမြောက်တပ်ကို ဖြန့်ကြက် ချထားတာ တွေ့ရတဲ့အကြောင်း ပြောပါတယ်။

ဘုရားကြီးရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ ထီးတင်ပွဲမှာမြင်ရတဲ့ စစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်မောင်ဝင်း၊ ဓာတ်ပုံ ညာဘက် မျက်မှန်တပ် တိုက်ပုံဝတ်အမျိုးသားတစ်ဦးနဲ့ ပဝါခြုံထားတဲ့အမျိုးသမီးတစ်ဦး အဝါရောင်ပိတ်စ ခင်းထားတဲ့ ဗန်းနဲ့ ငှက်မြတ်နားတော်ကို သယ်လာတာတွေေ့ရ၊ ဒေဝါဝင်း သရုပ်ဖော် အဝါရောင် နတ်ဝတ်စုံ ၀တ်ထားသူ အမျိုးသားအချို့လည်း မြင်ရ၊ ဓာတ်ပုံ အနောက်ဘက်မှာ မြစ်ပြင်ကျယ်နဲ့ သာသနာ့အလံတိုင်ကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဘုရားကြီးရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ ထီးတင်ပွဲမှာမြင်ရတဲ့ စစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်မောင်ဝင်း

တဖက်မှာလည်း စစ်တပ်ဟာ ပွိုင့်ကုန်းတွေကို အေအေသိမ်းခဲ့တဲ့ ဇွန်လ ဒုတိယပတ်နဲ့ တတိယသီတင်းပတ်အတွင်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတာတွေရှိခဲ့တယ်လို့ ရခိုင်စစ်ရေးရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ရိုးမတောင်ခြေမှာ ဇွန်နောက်ဆုံးပတ်ကနေ ဇွန်လဆန်းပိုင်းအထိ လေကြောင်းဗုံးကြဲသံတွေနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ တိတ်သွားပေမဲ့ နယ်ခံအချို့ကို စစ်တပ်က လုပ်အား ခေါ်သုံးတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရေကြည်မြို့နယ်နဲ့အစပ် သာပေါင်းမြို့နယ်ထဲက ဒေသခံတွေဟာ ဆိုင်ကယ်၊ လှည်း၊ ကားစတာတွေနဲ့ စစ်တပ်ရဲ့ရိက္ခာပို့တာ၊ လူအင်အား ပို့တာတွေကို လုပ်ပေးနေရတယ်လို့လည်း သူက ပြောပါတယ်။

"သူတို့တပ်စွဲထားတဲ့ ရွာတွေကို တပ်ရွှေ့တာ၊ တပ်ဖြည့်တာတွေမှာ ကိုယ့်စရိတ်ကိုယ်သုံးပြီး အလှည့်ကျ လိုက်ပို့ကြရတာ"လို့ နယ်ခံက ပြောပြပါတယ်။

ဧရာဝတီတိုင်းထဲ အေအေ လှုပ်ရှားမှုတွေ့ခဲ့ရတဲ့ ၂၀၂၅ ခုနှစ်အစောပိုင်းကစလို့ ငါးသိုင်းချောင်းမြို့နယ်အပြင် တိုက်ပွဲနဲ့ဆက်စပ်နေတဲ့ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေထဲက ကျေးရွာတချို့မှာလည်း ရိက္ခာသယ်ယူမှု ကန့်သတ်တာတွေ လုပ်နေတာဟာ အခုချိန်အထိရှိနေတယ်လို့ အခြေအနေတွေကို သိရှိသူက ပြောပါတယ်။

"ဆန်တစ်ပြည်၊ နှစ်ပြည်လောက် သယ်ဖို့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ပါမှ သယ်လို့ရတယ်" လို့ တိုက်ပွဲရှိနေတဲ့မြို့နယ်တွေထဲက အခြေအနေကို သိရှိသူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့်ရော စစ်ကြောင်းထိုးတာတွေကြောင့်ပါ ရေကြည်နဲ့ သာပေါင်းအစပ်က ကျေးရွာတွေမှာ ရှိတဲ့ဒေသခံတွေဟာ မိုးလေကြားထဲ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ သတင်းအထူးတပ်ဖွဲ့- ပုသိမ် လူမှုကွန်ရက်က ရေးသားပါတယ်။

"ဂွ-ငါးသိုင်းချောင်း လမ်းကြောင်းက တောထဲမှာ ရွာတည်နေတဲ့ ကျောက်စာပြင်နဲ့ အောင်မြေသာရွာတွေကို စစ်တပ်က ရွှေ့ခိုင်းလို့ ရွှေ့ရတာ ၃ ပတ်လောက်ရှိပြီ။ စစ်တပ်က အဲဒီရွာတွေမှာ အဝင်အထွက် လုပ်နေကြတယ်" လို့ လုံခြုံရေးအရ နာမည်မပြောချင်တဲ့ သာပေါင်းနယ်ခံက ပြောပါတယ်။

စစ်တပ်ဟာ အေအေထိန်းချုပ်မှုအောက်က ဂွမြို့နယ်ထဲကို ဝင်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေတယ်လို့ အေအေဘက်က ပြောနေချိန်မှာပဲ ဂွမြို့နယ်ထဲမှာလည်း ဧရာဝတီရဲ့ စစ်ရှိန်ဟပ်နေပါတယ်။

ရခိုင်နဲ့ ဧရာဝတီအစပ်က တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာဟာ ၃ ပတ် နီးပါးရှိပြီလို့ ဂွမြို့နယ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်လို့ သာပေါင်း‌၊ ရေကြည်၊ ဂွ အထိ လမ်းတွေ သွားမရဘူး။ ဆန်ကတော့ ရခိုင်မြောက်ပိုင်းမှာ စိုက်ပျိုးတဲ့သူတွေရှိလို့ တောင်ပိုင်းကို သယ်လို့ ရသေးတယ်။ ကျန်တာတွေက ဘာမှ ဝယ်မရဘူး"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရခိုင်နဲ့ ဧရာဝတီအစပ်မှာတော့ စစ်ရှိန်က မလျော့သေးပါဘူး။

အာရက္ခတပ်တော်အလံကိုင်ထားပြီး ယူနီဖောင်းဝတ်ထားတဲ့ တပ်ဖွဲ့ဝင် အမျိုးသား ၄ ဦးကို ရှေမှာ သေနတ်အလက် ၂၀ နီးပါး၊ ကျည်ဖူးတွေနဲ့ မိုင်းအချို့နဲ့အတူ မြင်တွေ့ရ၊ အနောက်မှာ တောအုပ်ကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ရေကြည်မြို့နယ်ထဲ ပွိုင့် ၂၇၇ ကုန်း ကာကင်းစခန်း ၂ ခုကို သိမ်းအပြီး သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေက သတင်းထုတ်ပါတယ်

ရေကြည်မြို့နယ်ထဲ နောက်ဆုံးသိမ်းလိုက်တဲ့ ကာကင်းစခန်း ၂ ကနေ ပွိုင့် ၂၇၇ ကုန်းကို ဆုတ်သွားတဲ့စစ်သားတွေကို လိုက်လံတိုက်ခိုက်နေတယ်လို့ အေအေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ ဂွ- ငါးသိုင်းချောင်းလမ်းပေါ်က အမှတ် ၃၄၄ အမြောက်တပ်ကို အင်အားဖြည့်တင်းနေပြီး အဲဒီတပ်ဆီ လမ်းဆုံတဲ့ ပုသိမ် -မုံရွာလမ်းမကြီးဖြတ်သွားရာ လေးမျက်နှာမြို့နယ်ထဲမှာလည်း လမ်းစိုးမိုးရေးကို တပ်ဖြန့်နေတယ်လို့ ဆိုပါတယ်။

စစ်ရေးသုံးသပ်သူ CDM ဗိုလ်မှူး နောင်ရိုးကတော့ ရခိုင်နဲ့ ဧရာဝတီအစပ်က ပွိုင့်စခန်းတွေ သိမ်းတာဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်မဝင်လာနိုင်အောင် ဟန့်တားတဲ့အေအေရဲ့ကြိုးပမ်းမှုလို့ သုံးသပ်ပါတယ်။

"စစ်တပ်က ရခိုင်ပြည်နယ်ထဲကိုဝင်ဖို့ ဝင်လို့ရသမျှ နေရာတွေကနေ တိုက်တာ၊ အေအေဘက်က စစ်တပ်ရဲ့ကြိုးပမ်းမှုကို ရိုက်ချိုး၊ တားဆီးလိုက်တဲ့အပြင် အထိနာအောင် လုပ်လိုက်တဲ့သဘောပါ" လို့ သူက ပြောပါတယ်။

အေအေနဲ့နီးစပ်တဲ့ရခိုင်စစ်ရေးသတင်းရင်းမြစ်ကတော့ ဒီပွိုင့်စခန်းတွေကို အေအေ သိမ်းပြီးနောက်ပိုင်း အမှတ် ၃၄၄ အမြောက်တပ်ကို စစ်ရေး ဦးတည်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကတော့ စစ်တပ်ဟာ ရခိုင်နဲ့ ဧရာဝတီအစပ်က တိုက်ပွဲတွေမှာ အေအေရဲ့စစ်ရေးလှုပ်ရှားမှုတွေကို တန်ပြန်ဖို့ ရေကြည်မြို့နယ်ထဲက အဲဒီအမြောက်တပ်ကို အခြေစိုက်ပြီး အင်အားဖြည့်နေတာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းကလို့ ဆိုပါတယ်။

ဒါပေမဲ့ နေပြည်တော်နဲ့ စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ်တွေမှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ်က တိုက်ပွဲအခြေအနေသတင်းတွေနဲ့ပတ်သက်ပြီး အသံတိတ်နေပါတယ်။