တက္ကသိုလ် အတုမှာ ကျောင်းတက်ဖို့ စာရင်းသွင်းတဲ့ အိန္ဒိယ ကျောင်းသားတွေကို အမေရိကန် ဖမ်းဆီး

အမေရိကန် အာဏာပိုင်တွေက လုပ်ထားတဲ့ တက္ကသိုလ် ကျောင်း အတု
ဓာတ်ပုံ ပုံစာ, အမေရိကန် အာဏာပိုင်တွေက လုပ်ထားတဲ့ တက္ကသိုလ် ကျောင်း အတု
ရေးသားခဲ့သည်။

တက္ကသိုလ် အတု တခု မှာ စာရင်း သွင်းခဲ့တဲ့ အိန္ဒိယ ကျောင်းသား ၁၂၉ ယောက် ကို အမေရိကန် အာဏာ ပိုင်တွေက ဖမ်းဆီး လိုက်တဲ့ အတွက် ကြောင့် အိန္ဒိယ တာဝန်ရှိသူတွေ က သံတမန်ရေး အရ ကန့်ကွက်မှုတွေ လုပ်ခဲ့ရပါတယ်။

အမေရိကန် မှာ ဆက်လက်နေထိုင် ခွင်ရရေး ပိုက်ဆံပေးပြီး ဗီဇာရဖို့ ကြိုးစား ကြတဲ့ ကျောင်းသားတွေ ကို အရေးယူ နိုင်ဖို့ ပြည်တွင်း လုံခြုံရေး ဌာန က မီချီဂန် ပြည်နယ် အခြေစိုက် ဖာမင်တန် တက္ကသိုလ် ကို အယောင်ပြ ဖွင့်လှစ် ထားခဲ့တာပါ။

အဲဒီ တက္ကသိုလ် ကို အင်တာနက် ပေါ်မှာ ကြေညာ ခဲ့ပြီးနောက်မှာ အိန္ဒိယ ကျောင်းသားတွေက အမေရိကန် မှာ ဆက်လက် နေထိုင်ခွင့် ရရှိ နိုင်ဖို့ အတွက် ကျောင်းလျှောက်ထား ခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယ ကျောင်းသားတွေ အနေနဲ့ ဖာမင်တန် တက္ကသိုလ် ဟာ တရားမဝင်မှန်း သိရက်နဲ့ နေခွင့်ရဖို့ ကျောင်း လျှောက်ထား ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

ကျောင်းသား တွေ ဖမ်းဆီး ခံရမှု နဲ့ ပတ်သက်လို့ အိန္ဒိယ က ဒေလီမြို့မှာ ရှိတဲ့ အမေရိကန် သံရုံး ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တရားဝင် ကန့်ကွက်စာ ပေးပို့ လိုက်ပါတယ်။

ဒါ့အပြင် တက္ကသိုလ် အတုမှာ စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသားတွေဟာ အလှည့်စား ခံ လိုက်ရတာ ဖြစ်နိုင်ကြောင်းနဲ့ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား တွေနဲ့ အမြန်ဆုံး တွေ့ခွင့် ပေးဖို့ အိန္ဒိယ ပြည်ပရေး ရာ ဦးစီးဌာန က တောင်းဆို လိုက်ပါတယ်။

ဖာမင်တန် တက္ကသိုလ် ဝက်ဆိုက်ဒ်
ဓာတ်ပုံ ပုံစာ, ကျောင်းဝက်ဆိုက်ဒ် မှာ စာသင်နေတဲ့ပုံကို လုပ်ထား

၂၀၁၅ ခုနှစ်မှာ ကတည်း က ဖာမင်တန် တက္ကသိုလ် အင်တာနက် စာမျက်နှာ ကို စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး ကျောင်းသား ဗီဇာ နဲ့ ရောက်ရှိနေတဲ့ နိုင်ငံခြား သား တွေကို ဗီဇာ သက်တမ်း ဆက်ရဖို့ ဆွဲဆောင်မှုတွေ လုပ်နေတာပါ။

အဲဒီ ကျောင်းရဲ့ အင်တာနက် စာမျက်နှာမှာ ကျောင်းသား တွေဟာ စာသင်ခန်း ထဲမှာ စာသင်နေတာ၊ စာကြည့်တိုက် နဲ့ ကျောင်း ပတ်ဝန်းကျင် မှာ အပန်းဖြေ အနားယူ နေတဲ့ ဓါတ်ပုံ တွေကို တင်ထားပါတယ်။

ဘွဲ့ကြို သင်တန်း တခု အတွက် တနှစ် ကို ဒေါ်လာ ၈၅၀၀ ကျောင်းစားရိတ် ယူပြီး ဘွဲ့လွန် သင်တန်းသား တွေ အတွက် ကတော့ ဒေါ်လာ ၁၁၀၀၀ ယူပါတယ်။

ဖာမင်တန် တက္ကသိုလ်ဟာ ဖေ့စ်ဘုတ် စာမျက်နှာ ကိုပါ ဖွင့်လှစ် ထားပြီး အဲဒီမှာပါ ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ရေးသား ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တပတ် က တရားရုံး ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်သူတွေဟာ အမေရိကန် လူဝင်မှုကြီးကြပ် ရေး နဲ့ အကောက်ခွန် ဌာန ရဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကျောင်း ရဲ့ ရုံးခန်းကို ဒတ်ထရွိုက် မြို့စွန် က စီးပွားရေး အဝန်း အဝိုင်း တခု မှာ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

တက္ကသိုလ် အတု မှာ ကျောင်းတက်ဖို့ စာရင်းသွင်းခဲ့တဲ့ ကျောင်းသားတွေ ဟာ အမေရိကန် မှာ ဆက်လက် နေထိုင်ခွင့် ရဖို့ အတွက် ကျောင်းအတု မှန်း သိရဲ့သားနဲ့ ပိုက်ဆံ ပေးခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲ ပါတယ်။

အိန္ဒိယ ဘက်ကတော့ ဒီကျောင်းသားတွေဟာ လှည့်ဖြား ခံရတာ ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်တုန်း ကလည်း မြောက်ပိုင်း နယူးဂျာစီ တက္ကသိုလ် ဆိုတဲ့ ကျောင်းတု တခု ကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဌာနက ဝန်ထမ်းတွေက ဖန်တီး ခဲ့ဖူးပါတယ်။

အဲဒီတုန်း ကလည်း ကျောင်းတက်ဖို့ စာရင်းပေးသွင်းတဲ့ အိန္ဒိယ နဲ့ တရုတ် နိုင်ငံ က ကျောင်းသား ၂၁ ဦး ကို ဖမ်းဆီး အရေးယူ ခဲ့ဖူးတဲ့ သာဓက ရှိပါတယ်။

အခုအခါမှာလည်း အမေရိကန်မှာ ဆက်လက် နေထိုင် နိုင်ဖို့ ကျောင်းတု လျှောက်ထား ခဲ့ကြတဲ့ ကျောင်းသား တစ်ရာကျော် ကို ဖမ်းဆီး အရေး ယူ ထားပြီး ပြစ်မှု ထင်ရှားရင် ပြည်နှင်ဒဏ် ပေးတဲ့ ပြစ်ဒဏ် စီရင်မှု မျိုးကို ချမှတ် မှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ထရမ့် ရဲ့ လူဝင်မှူ ကြီးကြပ်ရေး အစီအစဉ်ကြောင့် ခံစားနေရသူများ