GenZ တွေ ဘက်ယိမ်းလာဖို့ လူမှုကွန်ရက်ကနေ မိုဒီ ဆွယ်နေပြီလား

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, နီကီတာ ယာဒက်ဗ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, ဒေလီမြို့
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
အိန္ဒိယနိုင်ငံမှာ Gen Z လူငယ်အများစုက ၀န်ကြီးချုပ် နရန်ဒြရာမိုဒီကို သူတို့နဲ့ ရင်ဘတ်ချင်းနီးတဲ့သူလို့ မမြင်ကြပါဘူး။ ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ်ကတော့ ဒီလူငယ်တွေနဲ့ ငယ်ပေါင်းတွေလို ထိတွေ့ဖို့ ကြိုးစားနေပါတယ်။
အသက် ၇၅ နှစ်အရွယ် မိုဒီဟာ ပုံမှန်ဆိုရင် ကြိုရေးထားတဲ့မိန့်ခွန်းတွေကို ဖတ်၊ ဇာတ်တိုက်ထားတဲ့ လူထုရှေ့ထွက်ပွဲတွေနဲ့ သူ့ကိုယ်သူ "အားကောင်းမောင်းသန်နိုင်ငံရေးသမား" ပုံရိပ်ကို တည်ဆောက်လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင် သီတင်းတပတ်တွေမှာတော့ ၀န်ကြီးချုပ် မိုဒီဟာ အိန္ဒိယလူငယ်အများစုရှိတဲ့ အင်စတာဂရမ်လို လူမှုကွန်ရက်ပေါ်မှာ ပေါ့ပေါ့ပါးပါးပြောဆိုဆက်ဆံတဲ့ဟန်ကို သုံးလာပါတယ်။
လွန်ခဲ့တဲ့တစ်လခန့်အထိ မိုဒီရဲ့အင်စတာဂရမ် စာမျက်နှာမှာ သေသေချာချာ ရွေးပြီး တင်ထားတဲ့ ပို့စ်တွေကိုပဲ တွေ့ရတာပါ။ အခုတော့ သူ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာပြတဲ့ရုပ်သံတိုတွေ၊ ''ရောင်းရင်းတို့'' လို့ လူငယ်တွေကို ခေါ်ပြီး ဆယ်ဖီရုပ်သံပုံစံ မိန့်ခွန်းပြောတာတွေ တင်လာပါတယ်။
ရုပ်သံတစ်ခုမှာဆိုရင် ဒေလီက ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားတွေကို မိန့်ခွန်းပြောရင်း Gen Z လူငယ်တွေကြား ရေပန်းစားတဲ့စကားအသုံးအနှုန်းကိုတောင် သုံးခဲ့ပါတယ်။ "ကျွန်တော့် မျိုးရိုးထဲမှာ ပထမဆုံး ဒုံးပျံ၊ ချပ်စ်ပြား(chip) နဲ့ ဒရုန်း တည်ဆောက်သူ" ဆိုတဲ့ Gen Z တွေ သုံးနေကျစကားစုကို သူ့မိန့်ခွန်းထဲ ထည့်ပြောခဲ့တာပါ။
မိုဒီဟာ အင်စတာဂရမ်မှာ ဖော်လို၀ါ ၁၀၆ သန်းကျော်ရှိတာကြောင့် ကမ္ဘာမှာ ဖော်လို၀ါအများဆုံး နိုင်ငံရေးခေါင်းဆောင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အင်စတာဂရမ်ပေါ်က ဒီလိုလေသံ၊ ဒီလိုအပြောမျိုးဟာ သူ့ ဆက်သွယ်ဆက်ဆံရေးအဖွဲ့အတွက်ရော၊ သူ့ပါတီ BJP အတွက်ရောဆိုရင် လူမှုကွန်ရက်မဟာဗျူဟာပိုင်းမှာ အလေးထားလုပ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ BJP ပါတီ ၂၀၁၄ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဒစ်ဂျစ်တယ်မီဒီယာ အသုံးချနည်းကြောင့်လို့ နာမည်ကြီးခဲ့ပေမဲ့ အင်စတာဂရမ်လို လူမှုကွန်ရက်ကတော့ သူတို့ရဲ့အဓိကအာရုံစိုက်တဲ့နေရာ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ ဒီနှစ်အတွင်း အိန္ဒိယမှာဖြစ်ခဲ့တဲ့လူငယ်ဆန္ဒပြပွဲတွေနောက်ပိုင်း အခြေအနေတွေ ပြောင်းသွားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟာသသဘောနဲ့ စတင်ခဲ့တဲ့ ပိုးဟပ်ပါတီ(CJP)ရဲ့ဦးဆောင်တဲ့လှုပ်ရှားမှုဟာ သရော် မီ(memes) တွေ၊ လူမှုကွန်ရက်တိုက်ရိုက်ထုတ်လွှင့်ပြောဆိုချက်တွေ၊ အင်စတာဂရမ် ရုပ်သံတိုတွေအထိ ပျံ့နှံ့ခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယဝန်ကြီးတစ်ဦး ရာထူးကနေ နုတ်ထွက်ရတဲ့အထိ ဖိအားပေးနိုင်တဲ့နိုင်ငံရေးအင်အားတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း WhatsApp ဂရုတွေ၊ ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ X (အရင်က တွစ်တာ)တွေကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ အားကောင်းတဲ့နိုင်ငံရေးစက်ယန္တရားတစ်ခု တည်ဆောက်ထားနိုင်ခဲ့တယ်လို့ စာရေးဆရာနဲ့ နိုင်ငံရေးသုံးသပ်သူ အနုရတ် မိုင်နု ဗာမာက သုံးသပ်ပါတယ်။
ဒါပေမဲ့ ယနေ့ခေတ်လူငယ်တွေကတော့ နိုင်ငံရေးကိုသာမက အွန်လိုင်းပေါ်က အကြောင်းအရာတွေကိုပါ ရယူပုံက မတူတော့ပါဘူး။
အိန္ဒိယလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က အသက် ၃၅ နှစ်အောက်ဖြစ်ပြီးပါတယ်။ ဒီထဲ Gen Z (၁၉၉၇ မှ ၂၀၁၂ အတွင်း မွေးဖွားသူတွေ)ဟာ ၂၀၂၉ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်အင်အားအကြီးဆုံးအုပ်စုတွေထဲက တစ်ခုဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီလူငယ်တွေ ကိုယ့်ဘက်ပါအောင် ဆွယ်ဖို့ဆိုရင် သမာရိုးကျ ပြောရိုးပြောစဉ် နိုင်ငံရေးသတင်းစကားပါးထားတာထက် အင်စတာဂရမ်လို ပလက်ဖောင်းတွေမှာ လူငယ်တွေနဲ့ ရင်ဘတ်ချင်းနီးတာတွေ လုပ်ပြမှပဲရမှာဖြစ်ပါတယ်။
မိုဒီရဲ့အင်စတာဂရမ်ပို့စ်အသစ်တွေ ထွက်လာချိန်မှာ အဲဒီပြောင်းလဲမှုကို သိသိသာသာမြင်ရပါတယ်။ ဒါနဲ့အတူ လူငယ်အသုံးပြုသူတွေရဲ့ အထေ့အလှောင်တွေလည်း ချက်ချင်းထွက်ပေါ်လာပါတယ်။
အိန္ဒိယမှာ ဆန္ဒပြပွဲတွေ စဖြစ်တုန်းက အသံတိတ်နေခဲ့တဲ့မိုဒီဟာ ဆန္ဒပြပွဲတွေဖြစ်နေတုန်းမှာပဲ ဆယ်ဖီပုံစံ ရုပ်သံအတို တစ်ခုကို ပထမဆုံးတင်ပါတယ်။ စစချင်းမှာ လူအများက အဲဒီရုပ်သံတိုကို လှောင်ခဲ့ကြပေမဲ့ ''ရောင်းရင်းတို့...'' လို့ဆိုပြီး သုံးထားတဲ့ သူ့စကားလုံးကိုတော့ နောက်ပိုင်းမှာ သတိထားမိခဲ့ကြပါတယ်။
အဲဒီအပိုင်းကို ပြန်တည်းဖြတ်ထားတဲ့ရုပ်သံတိုတွေ၊ ဟာသအပြောတွေ အွန်လိုင်းပေါ်မှာ ခပ်မြန်မြန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။ သူ့ရုပ်သံထဲ အလင်းအမှောင် ကောင်းကောင်း မလုပ်ထားတာနဲ့ ရုပ်သံကို ရိုက်ကူးထားပုံ ရှုထောင့်တွေကိုလည်း လှောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
အဲဒီနောက်ပိုင်း တင်လာတဲ့ပို့စ်တွေမှာတော့ ကင်မရာရှုထောင့်အမျိုးမျိုး၊ နောက်ခံအပြင်အဆင်နဲ့ မီးအလင်းရောင်တွေကိုပါ စမ်းသုံးလာတာကြောင့် မိုဒီရဲ့အဖွဲ့ဟာ ၀ေဖန်မှုအချို့ကို တုံ့ပြန်ဖို့ ကြိုးစားပုံရပါတယ်။
လူငယ်အချို့ကတော့ သူတို့နဲ့ဆက်သွယ်ဖို့ ကြိုးစားတာကို သဘောကျကြပေမဲ့ အများစုကတော့ အခုလိုအချိန်မှာ ဘာကြောင့် ရုတ်တရက် ပြောင်းလဲလာလဲဆိုတဲ့မေးခွန်းတွေ ရှိနေပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျီနီ မာလီယာကတော့ BJP က သူ့လို လူငယ်တွေနဲ့ချိတ်ဆက်ချင်တာကို နားလည်ပေမဲ့ "အခုလိုအချိန်မျိုးမှာ လူငယ်တွေနဲ့ ပိုနီးစပ်အောင် လုပ်လာတာကိုတော့ စောင့်ကြည့်ရမယ့်အရာ" လို့ ပြောပါတယ်။
"ရုပ်သံတွေမှာ Gen Z တွေရဲ့စကားအသုံးအနှုန်းနဲ့ ပုံစံတွေကို လိုက်သုံးထားပေမဲ့ လူငယ်တွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့စိုးရိမ်ချက်တွေကိုတော့ မဖြေရှင်းပေးနိုင်ဘူး" လို့ ရုပ်သံတွေကို ကြည့်ပြီး သူက မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ ဒါဟာ မိုဒီရဲ့အကောင့်တစ်ခုတည်း မဟုတ်ပါဘူး။ BJP ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း မီ(memes)တွေ၊ လူငယ်တွေသုံးတဲ့ ဗန်းစကားလုံးတွေ၊ ပေါ့ပ်ယဉ်ကျေးမှုကို ကိုးကားတဲ့အကြောင်းအရာတွေကို အသုံးပြုပြီး လူငယ်ပရိသတ်ကို ဆွဲဆောင်ဖို့ ကြိုးစားလာပါတယ်။
ဆန္ဒပြပွဲတွေ ပြီးဆုံးပြီး မကြာခင်မှာ BJP က အားကစားရုံတစ်ခုကို နောက်ခံထားတဲ့ ရုပ်သံတို တစ်ပုဒ် တင်ခဲ့ပါတယ်။ အဲဒီရုပ်သံမှာ လူငယ်တွေနဲ့ အသက်ကြီးတဲ့လေ့ကျင့်ရေးဆရာတစ်ယောက် ပါဝင်ပြီး လူငယ်တွေ ဆန္ဒပြပွဲတွေကနေ ဝေးဝေးနေသင့်တယ်လို့ ငြင်းခုံပြောဆိုထားပါတယ်။ ဒါပေမဲ့ မှတ်ချက်ပေးသူနဲ့ ပြန်လည်မျှ၀ေသူ အများအပြားမှာတော့ အဲဒီဗီဒီယိုကို ''ဖားယားတဲ့ရုပ်သံ'' လို့ ခေါ်ပြီး လှောင်ပြောင်ခဲ့ကြပါတယ်။
နောက်ထပ် BJP တင်ခဲ့တဲ့ရုပ်သံတစ်ခုမှာ ၁၉၉၀ ပြည့်နှစ်တွေက နာမည်ကြီး Friends ဇာတ်လမ်းတွဲရဲ့ဇာတ်၀င်တေး တီးလုံးကို အသုံးပြုထားပြီး "မင်းတို့အတွက် ၀န်ကြီးချုပ်မိုဒီ ရင်ဖွင့်ထားပါတယ်'' လို့ စာတန်းထိုးထားပါတယ်။
ဒီဇာတ်လမ်းဟာ ထောင်စုနှစ်ဖွားမျိုးဆက်ကြားမှာ အလွန်နာမည်ကြီးခဲ့တဲ့ပေမဲ့ Gen Z လူငယ်တွေအတွက်တော့ သိပ်ပြီး မှတ်မိစရာတောင် မရှိတော့ပါဘူး။
မာလီယာကတော့ သူရဲ့အသိုင်းအဝိုင်းထဲက လူငယ်တွေဟာ အဲဒီရုပ်သံတွေကို "နိုင်ငံရေး သတင်းစကား" အဖြစ် မမြင်ဘဲ "ဟာသအကြောင်းအရာ" အဖြစ်သာ ကြည့်ကြတယ်လို့ ပြောပါတယ်။
သတင်းတွေအရတော့ BJP ကလည်း လူငယ်တွေနဲ့ နီးစပ်ဖို့ ကြိုးစားမှုတွေဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဖြစ်နေတာကို သတိထားမိပုံရပါတယ်။
ဆန္ဒပြပွဲတွေဖြစ်နေတဲ့အချိန်မှာ မိုဒီက သူ့အစိုးရ၀န်ကြီးတွေကိုခေါ်ပြီး လူမှုကွန်ရက်ပေါ်မှာ ပိုပြီး မီးစိမ်းနေဖို့နဲ့ လူငယ်တွေနဲ့ ထိတွေ့မှု ပိုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဗုဒ္ဓဟူးနေ့ကလည်း အိန္ဒိယဗဟိုအစိုးရအဖွဲ့၀င် ဝန်ကြီးတွေဟာ လူမှုကွန်ရက်ပေါ်မှာ သူ့တို့ရဲ့ ရှိနေတဲ့အခြေအနေနဲ့ စွမ်းဆောင်ရည်ကို ''အကဲဖြတ်မယ့်ကတ်တွေ'' ကို အပေးခံရပြီး လူမှုကွန်ရက်အသီးသီးမှာ သူတို့ရှိနေတယ်ဆိုတာ မြင်သာအောင်လုပ်ဖို့ လမ်းညွှန်ခံရတယ်လို့ Hindustan Times သတင်းစာက ဖော်ပြပါတယ်။
မကြာသေးခင်ကတော့ BJP ဟာ ၂၀၁၅ ခုနှစ်ကတည်းက ပါတီရဲ့လူမှုကွန်ရက် တာဝန်ခံအဖြစ် တာဝန်ယူခဲ့တဲ့ အမစ် မယ်လ်ဗီယာနေရာမှာ တခြားတစ်ယောက်ကို အစားထိုးခန့်လိုက်ပါတယ်။
လေ့လာသုံးသပ်သူအချို့ကတော့ လူငယ်ဆန္ဒပြပွဲကာလအတွင်း BJP အပေါ် အွန်လိုင်းဝေဖန်မှုတွေ မြင့်တက်ခဲ့တာနဲ့ လူမှုကွန်ရက်ပေါ်မှာ ပုံဖော်ခံနေရတာကို မထိန်းနိုင်တော့လို့ ဒီလိုအပြောင်းအလဲ ဖြစ်လာတာလို့ပြောပါတယ်။
ဒါပေမဲ့ လူငယ် ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း နီးစပ်ဖို့ ကြိုးစားနေတာ BJP တစ်ပါတီတည်းတော့ မဟုတ်ပါဘူး။
ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူး ဂန္ဓီကလည်း အင်စတာဂရမ်ပေါ်မှာ ဆယ်ဖီ ပုံစံရုပ်သံတွေ၊ သဘာဝကျကျရိုက်ထားတဲ့ဓာတ်ပုံတွေ မကြာခဏ တင်လေ့ရှိပါတယ်။
ဆန္ဒပြပွဲတွေပြီးဆုံးပြီးနောက် သူက အင်စတာဂရမ်မှာ "လူငယ်တွေအမေးနဲ့ ကျွန်တော့်အဖြေ" အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပြီး "ကျွန်တော်နဲ့ လင်းနို့လူသားကို တစ်ခန်းတည်းမှာ တွေ့ဖူးလား" ဆိုတဲ့ ဟာသဆန်တဲ့အဖြေမျိုးတွေနဲ့ ပြန်လည်ဖြေကြားရင်း လူငယ်တွေကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ အင်စတာဂရမ်ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုရအောင်လုပ်တာက တစ်မျိုးဖြစ်ပြီး သွားချင်တဲ့လမ်းကြောင်းကို ထိန်းချုပ်နိုင်တာက တစ်ဖုံလို ဖြစ်နေပါတယ်။
လူမှုကွန်ရက်ကို နိုင်ငံရေးအတွက် အသုံးချမှုအကြောင်း မီရှီဂန်တက္ကသိုလ်မှာ ပို့ချနေတဲ့ ဂျိုင်ယိုယိ ပယ်လ်ကတော့ BJP ဟာ X (အရင်က တွစ်တာ) နဲ့ WhatsApp ပေါ်က ထောက်ခံသူကွန်ရက်တွေကို အားကိုးပြီး သူတို့ရဲ့သတင်းစကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကာ လူထုအမြင်ကို နှစ်ပေါင်းများစွာ ပုံဖော်လာခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အင်စတာဂရမ်မှာတော့ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။
အင်စတာဂရမ်ဟာ လူတွေရဲ့ပါဝင်တုံ့ပြန်မှုများတဲ့အကြောင်းအရာတွေကို သုံစွဲသူတွေကြား ပိုရောက်အောင်၊ မြင်ရအောင် လုပ်လေ့ရှိပါတယ်။
ပယ်လ်ကတော့ "ဖော်လို၀ါ ၂၀၀ လောက်ပဲရှိတဲ့အကောင့်က တင်ထားတဲ့ရုပ်သံအတိုတစ်ပုဒ် ကြည့်သူ သန်း ၁၀ ကျော်သွားတာကို ရှာတွေ့ဖို့ မခက်ပါဘူး။ တစ်ဖက်မှာတော့ ဖော်လို၀ါ အရမ်းများတဲ့အကောင့်က တင်ထားတဲ့ရုပ်သံတိုတချို့ဟာ ကြည့်သူ ထောင်ဂဏန်းပဲ ရနေတာမျိုးလည်း ရှိတယ်" လို့ ပြောပါတယ်။
"ဒါက BJP အတွက် စိန်ခေါ်မှုတစ်ခုပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မဟာဗျူဟာက ကွန်ရက်ကို အခြေခံတဲ့အင်တာနက်ခေတ်အတွက် တည်ဆောက်ထားတာ ဖြစ်ပေမဲ့ ဒီနေ့ခေတ် လူမှုကွန်ရက် တွေကတော့ လူတွေရဲ့စိတ်ခံစားချက်နဲ့ တုံ့ပြန်မှုကို ပိုပြီး အခြေခံလာတယ်" လို့ ဆိုပါတယ်။
BJP အတွက် နောက်ထပ်အခက်အခဲတစ်ခုကတော့ ရုပ်သံတင်ပြီးသွားပြီးနောက် ဖြစ်ပျက်တာတွေကို မထိန်းချုပ်နိုင်တော့တဲ့အခြေအနေဖြစ်ပါတယ်။
ကြည့်သူ သန်း ၄၀၀ ကျော်ရရှိထားတဲ့မိုဒီရဲ့ပထမဆုံးရုပ်သံတိုက အဲဒီအချက်ကို ကောင်းကောင်း ပြသနေပါတယ်။
အဲဒီရုပ်သံတိုဟာ လူအများရဲ့စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့ပေမဲ့ လူငယ်တွေက လှောင်ပြောင်တဲ့ပုံစံ တည်းဖြတ်ပြီး ပြန်တင်တာ၊ ပြန်လည်မျှ၀ေတာတွေ လုပ်ခဲ့တယ်လို့ လေ့လာသုံးသပ်သူ ဗာမာက ပြောပါတယ်။ အဲဒီကြောင့် မိုဒီရည်ရွယ်ထားသလိုမဟုတ်ဘဲ အဆုံးသတ်ခဲ့ပါတယ်။
BJP အတွက်တော့ အဲဒီလိုသဘောသဘာဝကို လက်ခံတတ်ဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
စာရေးဆရာနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဗာမာကတော့ "အင်စတာဂရမ်ဆိုတာ အခြေခံအားဖြင့် အရွဲ့တိုက်တာ၊ ဟာသလုပ်တာ၊ အဓိပ္ပါယ် နှစ်ခွ ထားတာတွေ အခြေခံတဲ့ကွန်ရက်တစ်ခုပါ။ ရုပ်သံတိုပေမဲ့ နိုင်ငံရေးတွေအများကြီးထည့်ထားရင် အလှောင်ခံရနိုင်တယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ အကဲခတ်တွေကတော့ BJP ရဲ့ Gen Z ကို ဆွဲဆောင်ဖို့ ကြိုးစားမှုတွေကို အလွန်အမင်းအာရုံစိုက်နေတာမျိုးကိုတော့ သတိချပ်ဖို့ ပြောပါတယ်။
BJP ရဲ့ရွေးကောက်ပွဲအောင်မြင်မှုဟာ အင်စတာဂရမ်ပေါ်က အရုပ်တွေ၊ အသံတွေ ဘယ်လောက်အောင်မြင်သလဲဆိုတာထက် ပါတီရဲ့အဖွဲ့အစည်းအင်အားနဲ့ အမာခံထောက်ခံသူအခြေခံတဲ့အင်အားအပေါ် ပိုပြီး မူတည်နေဆဲဆိုတာကို သူတို့က ထောက်ပြကြတာပါ။
ပယ်လ်ကတော့ "ရွေးကောက်ပွဲ အနိုင်ရတာနဲ့ လူမှုကွန်ရက်ပေါ်မှာသွားစေချင်တဲ့ဇာတ်ကြောင်းဖော်လိုက်နိုင်တာကို ခွဲခြားမြင်ဖို့ အရေးကြီးပါတယ်" လို့ ပြောပါတယ်။
"Gen Z လူငယ်အားလုံးက BJP ကို လူမှုကွန်ရက်ပေါ်မှာ မုန်းနေရင်တောင် BJP ဟာ ရွေးကောက်ပွဲတွေကို အပြတ်အသတ် အနိုင်ရနိုင်တဲ့အင်အား ရှိနေဆဲပါ" လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ BJP ဟာ အိန္ဒိယနိုင်ငံရေးလောကထဲက အခြားပါတီတွေလိုပဲ မရင်းနှီးသေးတဲ့နယ်ပယ်အသစ်တစ်ခုမှာ အသားကျဖို့ သင်ယူနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ BJP က ဒီလူမှုကွန်ရက်တွေရဲ့သဘောသဘာဝကို နားလည်ပြီး အောင်အောင်မြင်မြင် အသုံးချလာနိုင်မယ်ဆိုရင်လည်း အံ့သြစရာမရှိဘူးလို့ ပယ်လ်က ပြောပါတယ်။
BJP ဟာ နိုင်ငံရေးဆက်သွယ်ရေးနည်းလမ်းအသစ်တွေကို အမြဲ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတတ်တဲ့သမိုင်းကြောင်း ရှိပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် လူမှုကွန်ရက်ကို အစောပိုင်းကတည်းက အသုံးပြုခဲ့ပါတယ်။ အသံထုတ်လွှင့်ချက်(Podcast)တွေလို အွန်လိုင်းနာမည်ကြီးတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေလို ပုံစံတွေကို အရင့်အရင်က အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။
"ဒါပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ်။ အခုဒီပြဿနာမျိုးကို တွေ့နေရတယ်ဆိုတာက သူတို့ဟာ နည်းလမ်းအသစ်တွေကို သင်ယူဖို့ လိုနေသေးတယ်ဆိုတာတော့ ပြနေပါတယ်။'' လို့ ပယ်လ်က ပြောပါတယ်။















