ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား

ဦးမင်းအောင်လှိုင်၊ လူကာရှန်ကိုနဲ့  ပူတင်

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, ကရင်မလင်နဲ့ မင့်စ်မှာ ပူတင်၊ လူကာရှန်ကိုတို့နဲ့ အတူ ဖက်လှဲတကင်းဖြစ်နေတာကို ဦးမင်းအောင်လှိုင်က နိုင်ငံတကာကို ပြချင်ခဲ့
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့နောက် သူ့မိတ်ဆွေတွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်ကို မပျက်မကွက် သွားလည်ခဲ့ပါတယ်။

သူ့ရဲ့တရား၀င်မှုအတွက် ကရင်မလင်နဲ့ မင့်စ်မှာ ပူတင်၊ လူကာရှန်ကိုတို့နဲ့အတူ ဖက်လှဲတကင်းဖြစ်နေတာကို ဦးမင်းအောင်လှိုင်က နိုင်ငံတကာကို ပြချင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ဒီနှစ်နိုင်ငံက မြန်မာကို လက်နက်တင်ပို့တဲ့ထိပ်တန်းသုံးနိုင်ငံစာရင်းမှာပါနေတယ်လို့ ရုရှားနဲ့ ဘယ်လာရုစ်ကို ခရီးစဥ်ကို လိုက်ပါဖူးတဲ့ စစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

"လက်နက်အရောင်းအဝယ်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရီးစဥ်တိုင်းမှာတော့ မပါမဖြစ်ပါ" လို့ သူက ပြောပါတယ်။

စျေးအပြိုင်ရောင်းတဲ့နိုင်ငံ့ခေါင်းဆောင်တွေ

ရုရှား-မြန်မာစီးပွားရေးဖိုရမ်မှာ တွေ့ရတဲ့ မြန်မာထုတ်ကုန်တချို့

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, ရုရှား-မြန်မာစီးပွားရေးဖိုရမ်မှာ တွေ့ရတဲ့ မြန်မာထုတ်ကုန်တချို့

ဦးမင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။

လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။

ဦးမင်းအောင်လှိုင်က MAI လေယာဥ်ပေါ်မှာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကို တင်ခေါ်သွားခဲ့ပြီး ရုရှားနဲ့ ဘယ်လာရုစ်က စီးပွားရေးဖိုရမ်တွေမှာ မြန်မာပြည်က အချမ်းသာဆုံးစာရင်းဝင်တွေကို တွေ့ရပါတယ်။

ဒါပေမဲ့ ပူတင်၊ လူကာရှန်ကိုတို့ရဲ့ရောင်းချင်စိတ်ကလည်း ဦးမင်းအောင်လှိုင်ထက်တော့ လျော့မနေပါဘူး။

ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ရုရှားအာကာသအေဂျင်စီအကြီးအကဲလို ပူတင်ရဲ့လက်ရုံးတွေက စီးပွားရေးပိုင်းဆိုင်ရာကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ကလည်း မြန်မာမှာလာရင်းနှီးမြှုပ်နှံကြဖို့ ရုရှားနဲ့ ဘယ်လာရုစ်က စီးပွားရေးဖိုရမ်တွေမှာ တိုက်တွန်းပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းလို စီမံကိန်းကြီးတွေအကြောင်း ဆွေးနွေးခဲ့ကြပေမဲ့ ရုရှားက ပိုက်ဆံသုံးနိုင်ပါ့မလားဆိုတာ စဥ်းစားစရာပါလို့ ရုရှားမှာ ပါရဂူဘွဲ့ယူခဲ့တဲ့ ဒေါက်တာဝေယံဖြိုးနိုင်က ပြောပါတယ်။

"ရုရှားက စစ်စရိတ် ထောင်းနေတယ်။ သူ့ရဲ့နိုင်ငံရပ်ခြားပိုင်ဆိုင်မှုတွေ တော်တော်များများ ထိန်းသိမ်းခံထားရတယ်။ ပြည်တွင်းစီးပွါးရေးကလည်း ကျနေတယ်" လို့ သူကပြောပါတယ်။

ဒါပေမဲ့ ပူတင်က မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေဖို့၊ ကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံကို ရုရှားကနေ LNG သဘာဝဓာတ်ငွေ့ရည်တင်ပို့ဖို့ ဆန္ဒရှိနေပါတယ်။

LNG ကို မြန်မာပြည်ကနေတဆင့် တခြားနိုင်ငံတွေကိုပါ တင်ပို့လို့ရတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

အသေးစားနျူကလီးယားစွမ်းအင်စီမံကိန်း

ဦးမင်းအောင်လှိုင်နဲ့ပူတင် ဧည့်ခန်းထဲမှာထိုင်နေပြီး ဘေးမှာ ဝန်ကြီးအဖွဲ့တွေပါဝင်ပါတယ်။ နောက်ခံကတော့ မြန်မာနဲ့ ရုရှား အလံတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, မြန်မာမှာ နျူကလီးယားစွမ်းအင်စက်ရုံဆောက်ပေးဖို့ကိစ္စ ပူတင် အလေးပေး ပြောကြားခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသေးစား နျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု တည်ဆောက်ရေးက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလို့ ရုရှားသမ္မတပူတင်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ (NPP) တည်ဆောက်ရေး သဘောတူညီချက်တွေကို ရုရှားက စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင် ကလည်း ဦးမင်းအောင်လှိုင်နဲ့တွေ့တဲ့အခါ ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) က မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်ပေးမှာ ဖြစ်ပါတယ်။

ROSATOM ရဲ့ အရင်က ထုတ်ပြန်ခဲ့ဖူးတဲ့အချက်အလက်တွေအရ မြန်မာမှာဆောက်မယ့်စက်ရုံက ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ဖြစ်ပြီး ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ကြဖို့ သဘောတူထားကြပါတယ်။

မြန်မာမှာဆောက်မယ့် အသေးစား နျူကလီးယားစက်ရုံအရွယ်အစားကို ရုရှားက ဥဇဘက်ကစ္စတန်မှာလည်း ဆောက်ပေးနေပါတယ်။

ဥဇဘက်ကစ္စတန်က ၃၃၀ မဂ္ဂါဝပ်စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံ မကျော်ဖို့ မှန်းခဲ့ကြပြီး ၁၁၀ မီဂ္ဂါဝပ် စက်ရုံအတွက် ဒေါ်လာ ၁ ဘီလျံ အောက်ပဲ ကုန်ကျဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေသတွင်းသတင်းတွေက ၂၀၂၅ ခုနှစ်က ဖော်ပြခဲ့ကြပါတယ်။

ဘယ်လာရုစ်ထုတ် ရိုင်ဖယ်

လူကာရှန်ကိုက ပြည်တွင်းဖြစ် VSK-100B ချေမှုန်းရေးရိုင်ဖယ်တွေကို ဦးမင်းအောင်လှိုင်ကို မိတ်ဆက်ပေးခဲ့လိမ့်မယ်လို့ ယူဆရ

ဓာတ်ပုံ ရင်းမြစ်, belarus gov

ဓာတ်ပုံ ပုံစာ, လူကာရှန်ကိုက ပြည်တွင်းဖြစ် VSK-100B ချေမှုန်းရေးရိုင်ဖယ်တွေကို ဦးမင်းအောင်လှိုင်ကို မိတ်ဆက်ပေးခဲ့လိမ့်မယ်လို့ ယူဆရ

၂၀၂၁ အာဏာသိမ်းမှုကြောင့် သံတမန်ရေးမျက်နှာစာမှာ ဖယ်ကျဥ်ခံထားရတဲ့ ဦးမင်းအောင်လှိုင်နဲ့ အာဏာရှင်ဆန်တာ ကျွန်တော့်စရိုက်လို့ ထုတ်ပြောထားတဲ့ လူကာရှန်ကိုတို့က အတော်ရင်းနှီးနေကြပါပြီ။

လူကာရှန်ကိုက နေပြည်တော်ကို ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင်က ပထမဆုံးလာခဲ့သလို ရွေးကောက်ပွဲပြီးတော့လည်း ထပ်လာလည်ပါတယ်။

သူတို့နှစ်ဦးရဲ့ရင်းနှီးမှုဟာ ဘယ်လာရုစ်က နေပြည်တော်ကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းပေးခဲ့ကတည်းက ပိုခိုင်မြဲလာတာပါ။

မြန်မာစစ်တပ်ဟာ ရုရှားထုတ် တစ်ပတ်ရစ်လက်နက်တွေနဲ့ လေယာဥ်အပိုပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ ဘယ်လာရုစ်နေ တဆင့်ခံဝယ်ယူလို့ရနေတယ်လို့ စစ်ဘက်ရေးရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်အုပ်စုကို တခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်း ရောင်းချမှုမှာ ဘယ်လာရုစ်ရဲ့ပါဝင်ပတ်သက်နေမှုတွေကို လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကလည်း ဖော်ထုတ်ထားပါတယ်။

ဒီတစ်ခေါက်ခရီးစဥ်မှာတော့ လူကာရှန်ကိုက ပြည်တွင်းဖြစ် VSK-100B ချေမှုန်းရေးရိုင်ဖယ်တွေကို ဦးမင်းအောင်လှိုင်ကို မိတ်ဆက်ပေးခဲ့လိမ့်မယ်လို့ ယူဆရပါတယ်။

ဦးမင်းအောင်လှိုင်ရောက်မလာခင် သြဂုတ် ၁၈ မှာ လူကာရှန်ကိုက ခစ်ဒ်မာတက်ခ် (Kidma Tech) လက်နက်စက်ရုံကို သွားခဲ့ပြီး ပြည်တွင်းမှာ ပထမဆုံးထုတ်တဲ့ ချေမှုန်းရေးရိုင်ဖယ်တွေကို စစ်ဆေးခဲ့ပါတယ်။

လူကာရှန်ကိုက VSK-100B ကို ပြည်ပကို တင်ပို့ရောင်းချဖို့ ရည်မှန်းထားပါတယ်။

လွတ်လပ်ရေးနန်းတော်မှာ ပြသဖို့ လူကာရှန်ကိုက VSK-100B တစ်လက်သယ်သွားခဲ့ပြီး

ဦးမင်းအောင်လှိုင်ကို အဲဒီနန်းတော်မှာ ကြိုဆိုဧည့်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာတော့ လက်နက်ကိစ္စတွေ ဘယ်တော့မှ ပါဝင်လေ့မရှိပါဘူး။

လက်နက်ဆက်ဆံရေးထက်ကျော်လွန်

မင့်စ်က မြန်မာသံရုံးဖွင့်ပွဲ

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, မင့်စ်က မြန်မာသံရုံးဖွင့်ပွဲ

အရင်က ရုရှား၊ ဘယ်လာရုစ်နဲ့ မြန်မာရဲ့ဆက်ဆံရေးက လက်နက်ဆက်ဆံရေးလို့ အကဲခတ်တွေကပြောကြပေမဲ့ အဲဒီအဆင့်ထက်ကျော်လွန်နေပါပြီ။

နိုင်ငံတကာမျက်နှာစာမှာ အထီးကျန်အချင်းအချင်း ပေါင်းဖက်နေကြတဲ့ဆက်ဆံရေး ဖြစ်နေကြပါပြီ။

ရုရှားခရီးစဥ်မှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ (၁၂) ခု လက်မှတ်ရေးထိုးခဲ့ပြီး "တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ဆိုးရွားတဲ့သက်ရောက်မှုတွေကို တုံ့ပြန်ဖြေရှင်းဖို့နည်းလမ်းတွေနဲ့ ပတ်သက်တဲ့သဘောတူမှု" တစ်ခုလည်း ပါဝင်ပါတယ်။

ဒါက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကို အတူဆက်ရင်ဆိုင်သွားကြဖို့ နည်းလမ်းတွေဖြစ်ပါတယ်။

မင့်စ်မှာဆိုရင်လည်း မြန်မာကောင်စစ်ဝန်ရုံးအဆင့်ကနေ သံရုံးအဖြစ်ပြောင်းလဲခဲ့ပါတယ်။

ရုရှားရော ဘယ်လာရုစ်ကပါ မြန်မာကို အရှေ့တောင်အာရှက စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံလို့ ထုတ်ပြောခဲ့ကြပါတယ်။

ရုရှားမှာ ပညာတော်သင်ခဲ့တဲ့ မြန်မာ ၇,၀၀၀ ကျော်နေပြီဖြစ်ပြီး အများစုက စစ်ဗိုလ်တွေဖြစ်ပါတယ်။

ဘယ်လာရုစ်ကိုပါ ပညာတော်သင်တွေ ထပ်လွှတ်နေပြီး လူကာရှန်ကိုကလည်း ကြိုဆိုနေပါတယ်။

မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံအကြား သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၉ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

"မြန်မာပြည်သူတွေအတွက် ဒီကနေ့ရော နောင်အနာဂတ်မှာပါ လိုတာမှန်သမျှ ကူညီဖို့ရှိနေတယ်" လို့ လူကာရှန်ကိုက မီဒီယာတွေရှေ့မှာ ပြောပါတယ်။

ဒါပေမဲ့ ဦးမင်းအောင်လှိုင်နဲ့ အလွတ်သဘောတွေ့ဆုံမှုမှာတော့ လူသိမခံသင့်တဲ့ကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

ဘယ်သူအမြတ်ထွက်လဲ

ဦးမင်းအောင်လှိုင်  မော်စကိုမြို့ရှိ အာကာသမှတ်တမ်းပြတိုက် ကို သွားရောက်လေ့လာ

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အာကာသမှတ်တမ်းပြတိုက် ကို သွားရောက်လေ့လာ

သြဂုတ် ၁၇ ရက်ကတည်းက နေပြည်တော်ကထွက်သွားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ တစ်ပတ်ကျော်ကြာ ရုရှားနဲ့ ဘယ်လာရုစ် ခရီးစဥ်က သူတို့ရဲ့ချစ်ကြည်ရင်းနှီးမှုကို ပိုတိုးမြှင့်ပေးရာ ရောက်ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံချင်းစီမှာ မတူညီတဲ့အကျိုးစီးပွားနဲ့ ပြဿနာတွေလည်း ကိုယ်စီရှိနေပါတယ်။

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာ ရုရှားဆီက နျူကလီးယား၊ ခေတ်မီလေယာဥ်တွေနဲ့ လက်နက်တွေကို အစဥ်အဆက် စိတ်ဝင်စားခဲ့ကြသလို ရုရှားကလည်း လက်နက်ဖောက်သည်လိုပဲ သဘောထားဆက်ဆံခဲ့ပါတယ်။

အခုတော့ ရုရှားရော ဘယ်လာရုစ်ပါ မြန်မာပြည်က သယံဇာတတွေကို စိတ်ဝင်စားလာတာ တွေ့ရပြီး လူသိရှင်ကြား ထုတ်ပြောလာပါတယ်။

ပူတင်ရဲ့စကားထဲမှာ မြန်မာနဲ့ပတ်သက်ရင် စွမ်းအင်၊ သဘာဝသယံဇာတရှာဖွေရေး၊ ကျောက်မီးသွေးနဲ့ သံမဏိ ဆိုတဲ့ကဏ္ဍတွေကို စိတ်ဝင်စားကြောင်း ထုတ်ပြောခဲ့ပါတယ်။

လူကာရှန်ကိုကလည်း သူမြန်မာပြည်ကိုလေ့လာနေတာ နှစ်နှစ်ရှိပြီဖြစ်ပြီး မြန်မာပြည်အကြောင်းကောင်းကောင်းသိနေပြီလို့ ပြောပါတယ်။ မြန်မာပြည်က သယံဇာတတွေကို စိတ်ဝင်စားတယ်လို့လည်း သူကပြောပါတယ်။

ကဏ္ဍပေါင်းစုံနီးပါးလောက်မှာ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုလည်း အလေးပေးပြောပါတယ်။

သုံးနိုင်ငံလုံးကလည်း သူတို့ရဲ့မိုင်ထောင်ချီ အလှမ်းကွာမှုကို အားမလိုအားမရ ဖြစ်နေကြပါတယ်။

ရုရှားဟာ ဥရောပမှာ ယူကရိန်းနဲ့ စစ်တိုက်နေပြီး လူကာရှန်ကိုကလည်း ဥရောပရဲ့နောက်ဆုံးအာဏာရှင်ဖြစ်ပါတယ်။

နေပြည်တော်အနေနဲ့ ရုရှားနဲ့ ဘယ်လာရုစ်လို သူ့ထက်အင်အားကြီးတဲ့ နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးခွင့်ရတဲ့အတွက် အကျိုးမယုတ်ဘူးလို့ အလွယ်တွက်နိုင်ပေမဲ့ အဲဒီအားသာချက်ကပဲ အားနည်းချက်ပြန်ဖြစ်နိုင်ပါတယ်။