ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာထောင်က အကျဉ်းသားတွေကို ဒုတိယအကြိမ်ထောင်ပြောင်း

    မုံရွာထောင်က အကျဉ်းသားတွေကို မြင်းခြံထောင်ဆီပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ပါတယ်။

    ဧပြီလတုန်းကလည်း ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား ၁၅၀ လောက်ကိုမြင်းခြံထောင်ဆီ ပြောင်းရွှေ့ခဲ့ပါသေးတယ်။

    မုံရွာထောင်က ကျဉ်းပြီး အကျဉ်းသားဦးရေက များနေတဲ့အတွက် ပိုကျယ်တဲ့ မြင်းခြံပင်မ အကျဉ်းထောင်ကို ပြောင်းရွှေ့တာလို့ သိရကြောင်း ပြောင်းရွှေ့ခံရသူတစ်ဦးဖြစ်တဲ့ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ရဲ့ မိသားစုဝင်က ပြောပါတယ်။

    ပြစ်ဒဏ်ကျ အကျဉ်းသား ၁၀၀ ဝန်းကျင်ကို မြင်းခြံထောင်ဆီ ပြောင်းရွှေ့လိုက်တဲ့သီတင်းပတ်ထဲမှာပဲ သြဂုတ်လ ၅ ရက်နေ့က ထောင်တွင်းကို အထူး စစ်ဆေးရေး ဆိုပြီး ဝင်ရောက်စစ်ဆေးပြီးနောက် ထောင်တွင်းက အကျဉ်းသားတွေရဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ မိသားစုတွေက ဆက်သွယ်ပို့ထားတဲ့စာတွေ၊ စာအုပ်တွေ စတဲ့ ပစ္စည်းတွေအားလုံးကို သိမ်းသွားပြီးနောက် ပြန်မပေးတဲ့အတွက် မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ဦးဆောင်တဲ့ အကျဉ်းသား လေးယောက်က အကျဉ်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုပြီးအစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

    ကျန်တဲ့ ထောင်တွင်းက အကျဉ်းသား ၆၀၀ ကျော်ကလည်း ထောင်ကကျွေးတဲ့ ထမင်းဟင်းလုံးဝ မစားဘဲ သူတို့မှာ ရှိထားတဲ့ စားစရာလောက်ကိုသာ စားပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

    အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တောင်းဆိုတဲ့ အချက် ၉ ချက်ကို အစာငတ်ခံ ဆန္ဒပြမှုနှစ်ရက် အကြာမှာ ထောင်အာဏာပိုင်တွေက နှစ်ဖက် ညှိနှိုင်းပြီး အလျှော့အတင်း လုပ်ခဲ့ကြတဲ့အတွက်အစာငတ်ခံဆန္ဒပြမှု ပြီးသွားပြီလို့လည်း သိရပါတယ်။

    အကျဉ်းသားတွေကို ထောင်တွင်းမှာပဲ အထူးတရားရုံးတွေမှာ ကြားနာစစ်ဆေးနေတာဖြစ်တဲ့ အတွက် အမှု တစ်မှုနဲ့ ပြစ်ဒဏ်ကျသွားပြီး နောက်ထပ်အမှု ရင်ဆိုင်ဖို့ အပြင်ထွက်မယ်ဆိုရင် ခြေကျင်း မခတ်ဖို့၊ အမှုတွဲ တူသူ အချင်းချင်း အကျဉ်းထောင်အတွင်း တွေ့ခွင့်ပေးဖို့၊မိသားစုကို စာနဲ့ ဆက်သွယ်တဲ့ အခါ ကြန့်ကြာမှုတွေ မဖြစ်အောင် ဆောင်ရွက်ပေးဖို့ အပါအဝင်အချင် ၉ ချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

    အဲဒီ ၉ ချက်ထဲမှာ တချို့ကို လိုက်လျောခဲ့တဲ့အတွက် ဆန္ဒပြမှု ပြေလည်သွားပြီးနောက်သိမ်းသွားတဲ့ကပစ္စည်းတွေထဲက အဝတ်အစား တွေကို ပြန်ပေးပေမဲ့ ကျန်တဲ့ ပစ္စည်းတွေကိုတော့ဘာတခုမှ မပေးဘူးလို့ လည်း သိရပါတယ်။

    ကိုဝေမိုးနိုင်ကို လူသတ်မှု ပုဒ်မ ၃၀၂၊ ပုဒ်မ၅၀၅ - က အပါအဝင် ပြစ်မှုတွေနဲ့ အမှုပေါင်း ၁၀ ဂဏန်းလောက် စွဲဆိုခံထားရတဲ့အမှုတွေအပြင်ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းကပဲသဘာဝဘေး စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေအရ နောက်တစ်မှု ထပ်တိုး စွဲဆိုလိုက်တယ်လို့လည်းသိရပါတယ်။

    ­­­­

  2. မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်ကို နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုး

    မကွေးတိုင်း၊ မြိုင်မြို့နယ်ကို အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဩဂုတ် ၉ ရက် မနေ့ကစပြီး ဒီနေ့အထိ ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ မြိုင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီစစ်ကြောင်းဟာ ပခုက္ကူမြို့နယ် အင်ပင်ရွာကနေ မနေ့နေ့လယ်က ထွက်လာပြီးနောက် မြိုင်မြို့နယ် တောင်ပိုင်း သာစည်ရွာကို မီးရှို့ခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း ပေါက်ပင်ကိုင်းရွာကို မီးရှို့ပြီး နောက်ထပ်စစ်ကြောင်းတစ်ခုကလည်း ပခုက္ကူမြို့နယ် မန်ကျည်းသုံးပင်ကျေးရွာအုပ်စု သစ်ပုလွေကုန်းကျေးရွာကို မီးရှို့တယ်လို့ We Love Myaing က သတင်းထုတ်ပြန်ထားပါတယ်။

    “ မိုးတွင်းဆိုတော့ တောင်ပေါ်တွေဘက်ကို စစ်ကြောင်းမထိုးဘဲ ပခုက္ကူနဲ့မြိုင်က ရွာတွေဘက်ကို စစ်ကြောင်းထိုးတာ၊ မီးရှို့ခံရတဲ့ အိမ်ခြေတွေကိုလည်း ရွာတွေထဲဝင်မရလို့ မသိရသေးဘူးဗျ။ “လို့ မြိုင်မြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဒီနေ့ နေ့လယ်မှာတော့ မြိုင်မြို့နယ် အရှေ့မြောင်ဘက်က ကွမ်းတောရွာကို စစ်ကြောင်းထိုးနေတယ်လို့ ပြောပါတယ်။

    စစ်ကြောင်းဝင်ရောက်နေတာကြောင့် အဲ့ဒီကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပျက်စီး၊ ထိခိုက်တဲ့ အချက်လက်တွေကိုတော့ မသိကြရသေးပါဘူး။

    မကွေးတိုင်းဟာလည်း စစ်ကောင်စီရဲ့ ကုန်းကြောင်းအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်ခံနေရတဲ့ တိုင်းတစ်ခုဖြစ်ပါတယ်။

  3. နိုင်ငံခြားသုံးငွေလဲနှုန်း သုညဒသမသုံး ရာခိုင်နှုန်းသာခွာရမယ်၊ ကျော်လွန်ဆောင်ရွက်ရင် အရေးယူမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်

    နိုင်ငံခြားသုံးငွေတွေကို ပြည်ပကိုလွှဲပြောင်းတာ၊ ပြည်ပကနေ လွှဲပို့တာတွေကို လုပ်တဲ့အခါမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြနမာနိုင်ငံတော် ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းနဲ့ သုဒသမသုံးရာခိုင်နှုန်းအတွင်းသာ ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ဒီနေ့ ဩဂုတ် ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲ့ဒီသတ်မှတ်ချက်ကို ကျော်လွန်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်မှာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၁၀ ရက်ကစပြီး အကျိုးသက်ရောက်မယ်လို့ ပါရှိပါတယ်။

    ဒါနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က “ နိုင်ငံခြားသုံးငွေဆိုတဲ့အထဲမှာ ဒေါ်လာတင်မကဘူး Exchange လုပ်တဲ့နိုင်ငံခြားငွေအားလုံးကိုပြောတာပေါ့။ ဒါပေမဲ့ ဒါကတော့ ဘာမှသက်ရောက်တာ မရှိပါဘူး။ ဘာလို့ဆို ၂၁၀၀ နဲ့ ဝယ်ရောင်းမှ မရှိတာ၊ ဒါက သူတို့ဘာသာထုတ်ပြန်တာ တကယ့် Money Changer တို့ ဘဏ်တို့မှာအရောင်းဝယ်လုပ်တဲ့သူမှ မရှိတာ။ “ လို့ ပြောပါတယ်။

    နိုင်ငံခြား‌ငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD)လိုင်စင်ရဘဏ်တွေ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်(MC)လိုင်စင်ရဘဏ်တွေ၊ နိုင်ငံခြားငွေလဲလှယ်ပေးခွင့် (MC)လိုင်စင်ရဘဏ်မဟုတ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကနေ နိုင်ငံခြားငွေ ရောင်းချတာ၊ ရောင်းဝယ်တာ၊ လဲလှယ်တာတွေကို အခုသတ်မှတ်လိုက်တဲ့ နှုန်းအတိုင်းသာ ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

  4. လေကြောင်းကပစ်ခတ်မှုတွေကို တန်ပြန်နိုင်တဲ့ ကနဦးပစ္စည်းတချို့ တာဝန်ထမ်းဆောင်နေပြီလို့ NUG ထုတ်ပြော

    Project Dragonfly စီမံချက်အောင်မြင်ပြီး အဲ့ဒီစီမံချက်ကနေ ရရှိလာတဲ့ စစ်ရေးမဟာဗျူဟာတွေနဲ့အညီ အသုံးချနေတဲ့ ကနဦးပစ္စည်းတချို့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဩဂုတ် ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    လိုအပ်တဲ့ပစ္စည်းတွေ ဆက်ရရှိဖို့နဲ့ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ စနစ်တကျဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

    Project Dragonfly စီမံချက်ကရရှိတဲ့ ကနဦးပစ္စည်းတချို့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ ဆိုပေမယ့်၊ ဘယ်လိုလက်နက်မျိုးဆိုတာနဲ့ ဘယ်လိုနေရတွေမှာ စတင်အသုံးပြုနေတယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြောတာမရှိပါဘူး။

    ဒီသတင်းအချက်လက်ကို ကြားသိရပေမဲ့ အဲ့ဒီလက်နက်တွေရနိုင်မယ့်အခြေအနေကို မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

    “လေကြောင်းပစ်တဲ့လက်နက် လိုအပ်နေတာကြာပြီ။ အဲ့ဒါသာရရင် တော်တော်အဆင်ပြေပြီ။ အခုဟာက ကုန်းကြောင်းကလာရင် ကျနော်တို့ တိုက်နိုင်တယ်။ လေကြောင်းကလာပြီဆို ဆုတ်ရပြီ။ သူတို့က အပေါ်ကနေ ပစ်တာ၊ ဘယ်သူထိထိဆိုပြီး။ ဒီတော့ အရပ်သားတွေလည်း မလွတ်ဘူး”လို့ ပြောပါတယ်။

    NUG က လေယာဉ်ပစ်လက်နက်တွေ စတင်သုံးနေပြီလို့ မနေ့က ထုတ်ပြန်ပြီး ဒီနေ့မှာပဲ စစ်ကောင်စီက ရေဦးမြို့နယ်ကို မနက်ပိုင်းကစပြီး လေကြောင်းနဲ့ပစ်ခတ်နေတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးပြင်းထန်ပြီး တိုက်ပွဲတွေရှိနေတဲ့ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေ အများဆုံးလုပ်နေတာဖြစ်ပါတယ်။

  5. မတ္တရာမှာ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ၃ဦး ပစ်ခတ်ခံရ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက် ဒီနေ့(ဩဂုတ် ၁၀) မနက်မှာ ပစ်ခတ်ခံရပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး နှစ်ဦးက ထိခိုက်ဒဏ်ရာနဲ့ မြို့နယ်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ထီးတော်မိုး၊ ဝသုန္ဒရ၊ လင်းမြွေချောင်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး မနက်ပိုင်း ဝသုန္ဒရကျေးရွာက လ္ဘက်ရည်ဆိုင်ထိုင်နေစဥ် အပစ်ခံရတာဖြစ်ပါတယ်။

    ပစ်ခတ်မှုကြောင့် နှစ်ဦးက လက်မောင်း၊ ရင်ဘတ်နဲ့ ပေါင်မှာ ဒဏ်ရာရရှိခဲ့ပေမယ့် ကျန်တစ်ဦးက ပြင်းထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

    "ထီးတော်မိုးနဲ့ လင်းမြွေချောင်း ဥက္ကဋ္ဌကို ကောင်းကောင်းသိတယ်။ နောက်တစ်ယောက်လဲ ပါမှာပေါ့။ သူတို့ကြောင့် လင်းမြွေချောင်းမှာ ပါတီဆိုဒ်က အကြီးကြီးတယောက် အဖမ်းခံရတယ်။ အဲ့မှာစစ်တပ်လဲ ခြေကုပ်ယူနေတော့ စစ်ကြောင်းလာရင် အဲ့ဒီ ဥက္ကဋ္ဌတွေက ကျွေးမွေးတာတွေ ရှိတယ်။ ပြည်သူတွေ အဖမ်းခံရဖို့ သတင်းပေးတဲ့ထဲလဲ ပါတယ်"လို့ မတ္တရာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ဩဂုတ်လ ၄ရက်နေ့ကလဲ မတ္တရာမြို့နယ် ပိုဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်လဲ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရတာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ လက်ရှိ ပစ်ခတ်မှုဖြစ်ပွါးရာနေရာမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  6. ရေဦးမြို့နယ် ကုန်းသာရွာအနား တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ ရွာ ၈ ရွာကိုပစ်ခတ်, နှစ်ဖက်အကျဆုံးရှိ၊ ပြည်သူတွေလည်း ထိခိုက်နိုင်

    စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ကုန်းသာရွာကို အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၀ ရက် ဒီနေ့မနက်ပိုင်း ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

    တိုက်ပွဲမှာ စစ်ကောင်စီက စစ်ဗိုလ် ၂ ယောက်အပါဝင် အယောက် ၃၀ ဝန်းကျင်လောက် သေဆုံးနိုင်ပြီး စစ်ကောင်စီဘက်က အထိနာနေချိန်မှာ မုံရွာ နမခ ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးတယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ဦးဆောင်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    “ တိုက်ပွဲဖြစ်တဲ့နေရာအနားမှာ ကျန်ခဲ့တဲ့ ကျောပိုးအိတ်ထဲက ပစ္စည်းတွေကို ကြည့်ပြီး သေတဲ့အထဲမှာ စစ်ဗိုလ်နှစ်ယောက်ပါနိုင်တယ်လို့ ခန့်မှန်းတယ်။ ကျနော်တို့က အသာစီးရပေမဲ့ လေကြောင်းဝင်လာတော့ သူတို့ကို တက်လုံးလို့မရဘူး။ လေကြောင်းကနေ ၄၅ မိနစ်လောက်ပစ်နေပြီး သူတို့လူတွေကို သယ်ထုတ်သွားတယ်။ မနက်ကတည်းကနေ နေ့လယ် ၂ နာရီလောက်အထိကို သုံးခါရှိပြီ လေကြောင်းနဲ့ပစ်တာ၊ မနက်က သူတို့စစ်ကောင်စီတွေအထိနာလို့ နေ့လယ်ပိုင်းက တိုက်ပွဲမဟုတ်ဘဲ သပ်သပ်လာပစ်တာ“လို့ အဲ့ဒီတာဝန်ခံက ပြောပါတယ်။

    စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်လာတာ‌တော့မရှိသေးပါဘူး။

    လေကြောင်းကနေ ပစ်တဲ့အခါ တိုက်ပွဲဖြစ်ပွားတဲ့အနားက ကုန်းသာရွာ၊ ရမိတ်ရွာတွေသာမက ပတ်ဝန်းကျင်ရွာ ၈ ရွာလောက်ကို ပစ်ခတ်သွားတာကြောင့် အရပ်သားတွေလည်း ထိခိုက်တာတွေ ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    လက်ရှိအချိန်မှာတော့ အရပ်သားတွေ ထိခိုက်တဲ့သတင်းအချက်လက်တွေကို မရရှိသေးပါဘူး။

    ဒီနေ့မနက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက် ၅ လက်၊ စကားပြောစက်တွေအပါဝင် စစ်သုံးပစ္စည်းတချို့ကို ရရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    လက်ရှိအခြေအနေမှာ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ် လေးရွာအစုမှာ ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆေးကုနေတာ၊ အင်အားထပ်ချထားတာ စတဲ့သတင်းတွေရထားတာကြောင့် နောက်ထပ် စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းပစ်ခတ်တာတွေ ရှိလာနိုင်တဲ့အတွက် ဒေသခံတွေကို ရှောင်တိမ်းကြဖို့ကိုလည်း သတိပေးထားကြပါတယ်။

  7. လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့ ဆယ်ဇင်းကျေးရွာမှာ အရပ်သားထိခိုက်သေဆုံးမှုတွေရှိလာ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီက ဩဂုတ် ၈ ရက်မှာ မနက်ပိုင်းကနေ ည ၁၂ နာရီအထိ လေယာဉ်နဲ့တိုက်ခိုက်အပြီးမှာ ဒေသခံ ၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီက ဆယ်ဇင်းရွာကို လေယာဉ်နဲ့ ဗုံးကျဲ သလို မြေပြင်မှာလလည်း စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ပူးပေါင်းအဖွဲ့ရယ် ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲဖြစ်နေတာဟာ အရင်တိုက်ပွဲတွေထက် ပိုပြင်းထန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံတွေကို သြဂုတ်လ၉ ရက်နေ့ မနက်အထိ စစ်ကောင်စီဘက်က ထွက်ခွင့်မပေးသေးတာကြောင့် ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ပိတ်မိနေတဲ့ စစ်ရှောင်လူဦးရေဟာ ထောင်ဂဏန်းလောက်ရှိပြီး အဲ့ထဲမှာ AHRN ကနေ ဖွင့်ထားတဲ့ နားခိုရာက ဝန်ထမ်း ၆ဦးလဲ ရှိနေတယ်လို့ သိရပါတယ်။

    “သုံးပွင့်ဆိုင်ဖြစ်နေတော့ ဒီဘက်ကလည်း အရှိန်မြှင့်တယ်။ စစ်မြေပြင်ပဲ၊ ဘုန်းကြီးကျောင်းမှာ ရှောင်နေတဲ့သူတွေကိုလည်း တပ်မမှူးအမိန့်မရလို့တဲ့ မလွှတ်ပေးဘူး တညလုံးခေါ်ထားတာ၊ ကျနော်တို့အိမ်ထဲထိ ဝင်လာပြီးတော့ နေရာယူပြီးပစ်ကြတယ်။ ကျနော်တို့လည်း ထွက်ခွင့်မရဘူး။ မီးလောင်တော့မှ မီးလောင်တဲ့နေရာက အပေါက်ဖြစ်ပြီး ထွက်လာခဲ့ရတာ၊ မဟုတ်ရင် အပိတ်ခံရပြီး အပစ်ခံရမှာ“လို့ တိုက်ပွဲထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို ဆယ်ဇင်းရွာသားတစ်ယောက်က ပြောပါတယ်။

    အရပ်သားသေဆုံးတာတွေရှိသလို ဩဂုတ် ၉ ရက် မနေ့ကညပိုင်းက စစ်ကောင်စီတပ်တွေ မီးရှို့တာကြောင့် ဆယ်ဇင်းကျေးရွာက ရပ်ကွက် ၃ ၊ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅က နေအိမ်တွေအပါဝင် နေအိမ်ပေါင်း ၄၀၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  8. စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာအကျဉ်းထောင်ကနေ မြင်းခြံအကျဉ်းထောင်ပြောင်းရွှေ့ခံရ

    စစ်ကောင်စီကနေ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်ကနေ မြင်းခြံအကျဉ်းထောင်ကို ဩဂုတ် ၂ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ဒေါက်တာမြင့်နိုင်ရဲ့ ဇနီး ဒေါ်ချူးချူးက ဘီဘီစီကို ပြောပါတယ်။

    တရားစွဲဆိုခံရတဲ့ ပုဒ်မပေါင်း ၁၀ ခုမှာ နောက်ဆုံးအမှုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အမှုကို ဇူလိုင် ၂၇ ရက်မှာ အပြီးသတ်အမိန့်ချပြီးနောက် ပြောင်းရွှေ့ခံလိုက်ရတာဖြစ်ပြီး ဒီလိုပြောင်းရွှေ့မယ်ဆိုတာကို မိသားစုကို ကြိုတင်အသိမပေးခဲ့ဘူးလို့ ဒေါ်ချူးချူးက ပြောပါတယ်။

    “မုံရွာအကျဉ်းထောင်က ကျဉ်းတယ်၊ အကျဉ်းသားက ၉၀၀ လောက်ရှိတော့ မနိုင်ဘူး။ အဲ့တော့ အမှုပြီးတာနဲ့ တန်းရွှေ့တာပဲ၊ မြင်းခြံထောင်ကတော့ ကျယ်တယ်လို့ သိရတာပဲ။ သူက ထောင်ပြောင်းခံရမယ်ဆိုတာကို ကြိုသိထားတော့ ရွှေဘိုအကျဉ်းထောင်ကို ပြောင်းပေးဖို့ ထောင်ပိုင်ကြီးကို တောင်းဆိုထားတယ်၊ တကယ်ပြောင်းတော့ မြင်းခြံထောင်ကို ပြောင်းလိုက်တယ်။ မြင်းခြံနဲ့ ရွှေဘိုက တိုက်ရိုက်ကားတွေမရှိဘူး။ ထောင်ဝင်စာပို့ဖို့ အဆင်မပြေဖြစ်တာပေါ့”လို့ ပြောပါတယ်။

    စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ထဲက ဒေါက်တာမြင့်နိုင်နဲ့အတူ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မန္တလေးတိုင်း မြင်းခြံထောင်ကို ဩဂုတ် ၂ ရက်က ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

    ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက်ကိုလည်း ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

  9. ဒီပဲယင်း၊ မူးကမ်းကြီးကျေးရွာ သုံးရက်ဆက်တိုက်မီးရှို့ခံရပြီး ဒီနေ့မနက်အထိ လောင်နေ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို စစ်အင်အားတစ်ရာကျော်လောက်က ဩဂုတ် ၈ ရက်ကနေ ဒီနေ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းအထိဆက်တိုက်မီးရှို့ပြီး ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ ပြန်ထွက်သွားတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    စစ်ကြောင်းထွက်သွားပြီလို့ သိကြရပေမဲ့ ကင်းပုန်းတွေရှိမှာ ၊ နောက်ထပ် အရာတော်မြို့နယ်ဘက်က အင်အား ၃၀ လောက်ရှိတဲ့ နောက်ထပ်စစ်ကြောင်းတစ်ခု မူးကမ်းကြီးဘက်ကို ဦးတည်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ပြန်မဝင်ရဲကြသေးပါဘူး။

    “ မနေ့ကလည်း တနေကုန်ရွာကိုပတ်ရှို့တာ၊ မီးခိုးတွေ ဟိုကတွေ့လိုက်၊ ဒီကတွေ့လိုက်နဲ့၊ ဒီနေ့မနက်ပိုင်းလည်း ရွာကနေမထွက်ခင်ရှို့သွားသေးတယ်။ အဲ့ဒီစစ်ကြောင်းမှာလည်း ဓားစာခံ အယောက် ၅၀ လောက်ကို ဖမ်းသွားတယ်။ လူတန်းက သူတို့ဝင်လာတာထက် ပိုရှည်နေတယ်။ “လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အိမ်ခြေ ၃ ထောင်ဝန်းကျင်လောက်ရှိတဲ့ မူးကမ်းကြီးကျေးရွာကို သုံးရက်ဆက်တိုက်နီးပါး မီးရှို့ခံထားရတာကြောင့် မီးခိုးတွေကို တွေ့မြင်ရတဲ့အခြေအနေအရ အိမ်ခြေ တစ်ဝက်နီးပါး လောင်ကျွမ်းနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

    အဲ့ဒီစစ်ကြောင်းဟာ မူးကမ်းကြီးကနေ မူးအုန်း၊ ညောင်ပင်ထိုး၊ သပြေကုန်း၊ တည်တောစတဲ့ ကျေးရွာတွေဘက်ကို ဦးတည်နေတာကြောင့် ဒေသခံတွေ ရှောင်တိမ်းနေကြရပါတယ်။

  10. ပြည်တွင်းက စက်သုံးဆီစျေးနှုန်းတွေ ချီ ခုန်တက်

  11. စိမ်းလန်းရေးနည်းပညာကြောင့် ကချင်မြေ အဆိပ်သင့်ရမှာလား

  12. စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ရွာတွေ မီးရှို့ခံရ

  13. စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်

  14. ပြည်ပကနေ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှု လျှော့ချဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

    စျေးကွက်ကလိုအပ်တဲ့ ပမာဏကို မဖြည့်ဆည်းပေးနိုင်သေးဘူးလို့ စက်သုံးဆီလုပ်ငန်းရှင်တွေဆို ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေတင်သွင်းမှု လျှော့ချသွားဖို့လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌကပြောလိုက်ပါတယ်။

    ဩဂုတ်လ ၈ ရက်၊ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောလိုက်တာပါ။ ပြည်တွင်းမှာ အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုတွေ စနစ်တကျဖြစ်ဖို့လိုပြီး ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားကြဖို့ လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုတဲ့အထဲမှာ စက်သုံးဆီပါပါဝင်ပေမယ့် လက်ရှိတင်သွင်းခွင့်ပြုနေတဲ့ စက်သုံးဆီပမာဏကို ချက်ချင်းဖြတ်တောက်ဖို့ ညွှန်ကြားတာမဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    “ပထမအဆင့်က ပညာပေးခြင်းအားဖြင့် ခြွေတာနိုင်ဖို့၊ ဒုတိယအဆင့်က ပြည်တွင်းကနေ ထုတ်လုပ်သုံးစွဲနိုင်ဖို့၊တတိယအဆင့်က ပြည်ပကနေ တင်သွင်းတဲ့အခါ ခိုင်မာပြီးစျေးသက်သာတဲ့ ရေနံနဲ့စက်သုံးဆီ ရရှိနိုင်ဖို့ဖြစ်တယ်’လို့ သူကပြောပါတယ်။

    နိုင်ငံတော်ရဲ့အရန်အဖြစ်သိုလှောင်ထားတဲ့ စက်သုံးဆီပမာဏ အလုံအလောက်ရှိတယ်လို့လည်း သူကပြောပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိမှာတောင် စျေးကွက်ကလိုအပ်တဲ့ ပမာဏကို မဖြည့်ဆည်းပေးနိုင်လို့ လက်ရှိထက်လျှော့ချရင် ပိုပြီးကျပ်တည်းတဲ့အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။ ပြည်တွင်းကထုတ်နိုင်တဲ့အခြေအနေလည်း မရှိဘူးလို့ သူကဆက်ပြောပါတယ်။

  15. ဝန်ကြီးဟောင်း သူရဦးအောင်ကို နှလုံးအားနည်းလို့ ဆေးရုံပြ, ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံပယ်ချ

    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း သူရဦးအောင်ကို နှလုံးရောဂါနဲ့ ထောင်တွင်းဆေးရုံကနေ အင်းစိန်ဆေးရုံကို သြဂုတ်လ ၈ ရက်က ပြသခဲ့တယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ‘’နှလုံးအားနည်းတယ်။သွေးအားနည်းတယ်။တစ်ရက်ပါပဲ။ ကုသမှုပေးပြီးနေ့ချင်းကို ပြန်ခေါ်သွားပါတယ်။ ခုတော့သက်သာပါတယ်’’ လို့ အဆိုပါ သတင်းရင်းမြစ်ကပြောပါတယ်။

    အသက် ၇၅ နှစ် အရွယ် သူရဦးအောင်ကိုဟာ နှလုံခုန်မြန်တတ်ပြီး သွေးတိုးနဲ့ ဆီးချိုရောဂါ လည်း ရှိကာ မကြာခဏ ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

    ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သူရဦးအောင်ကိုအပေါ်ချမှတ်ထားတဲ့အမိန့်တွေနဲ့ပတ်သက်လို့ အယူခံတင်ထားတာကို ပယ်ချခံခဲ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

    သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှု ၄ ခု နဲ့ စစ်ကောင်စီက ထောင် ၁၂ နှစ်အထိ ချမှတ်ထားတာပါ။အမိန့်ချပြီးလပိုင်း အကြာမှာပဲ စစ်ကောင်စီက ပြစ်ဒဏ် တစ်ဝက်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

    အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်တဲ့ သူရဦးအောင်ကိုဟာ စစ်တက္ကသိုလ်အပတ်စဉ်(၁၁)ဆင်းသူ တစ်ဦးလည်းဖြစ်ပါတယ

  16. မြန်မာမှာ တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

    အခုနှစ် မတ်လအတွင်းက ရိုက်ကူးထားတဲ့ ဂြိုလ်တုစိစစ်လေ့လာချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းက စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒါကြောင့် မြန်မာမှာ ဒီလိုတရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် တိုးချဲ့ဆောင်ရွက်နေပြီး လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေအပါအဝင် ပတ်ဝန်းကျင်က မြေထုနဲ့ ရေအရင်းအမြစ်ကို အဆိပ်သင့်စေကာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပျက်စီးမှုတွေကို ပိုများလာစေတယ်လို့ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပြည်တွင်းမှာတရားမဝင်သဘာဝသယံဇာတတွေခိုးယူထုတ်လုပ် မှုသိသိသာသာ များလာတယ်လို့ စစ်တမ်းတွေကဖော်ပြထားကြပြီး အခု Global Witness ရဲ့ နောက်ဆုံးတွေ့ရှိချက်အရလည်း မြန်မာပြည်မြောက်ပိုင်းဟာ ကမ္ဘာ့ အတွက် အရေးပါတဲ့ တွင်းထွက် သတ္တုတွေအများဆုံးထွက်ရှိရာ အရင်းအမြစ်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

    ဒါဟာ အခုနှစ်အနည်းငယ်အတွင်းမှာပဲ တရုတ်နိုင်ငံဟာ သူတို့ရဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအများစုကို ကချင်ပြည်နယ်က ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ နယ်စပ်ဖြတ် ‌ကျော်ကာ ရွှေ့ပြောင်း လုပ်ကိုင်နေတာကို တွေ့ရှိနေရတာကြောင့်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီလိုတရားမဝင် မြေရှားတူးဖော်မှုရေးလုပ်ငန်းတွေကနေ စစ်ကောင်စီအပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ ငွေကြေးပံ့ပိုးပေးနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

  17. ဝက်လက်၊ရေလမော်ရွာက နေအိမ် ခြောက်လုံးမီးရှို့ခံရ

    မနေ့ဩဂုတ် ၈ရက်တုန်းက ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရေလမော်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး မီးရှို့သွားခဲ့တယ်လို့ ဒေသခတွေကပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာတွေထဲဝင်ရောက်လာတာဖြစ်ပြီး နေအိမ်ခြောက်လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။

    "ဧရာဝတီအရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ စဉ့်ကူဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေက ဒီဘက်အနောက်ဘက်က ဝက်လက် အပိုင်ရွာတွေထဲကိုဝင်တာပါ။ အခုဒီမနက်လည်း အင်တောင်းရွာကို ဆက်ဝင်နေတယ်"လို့ ဝက်လက်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုစစ်ကောင်စီတပ်တွေဝင်ရောက်နေတာကြောင့် ရေလမော်၊ အင်တောင်း၊ သရက်ပင်ဆိပ်စတဲ့ ရွာတွေအပါအဝင် အနည်းဆုံးရွာငါးရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ

  18. လွိုင်လင်လေးအရှေ့ဘက်ခြမ်းဒေသကို လေကြောင်းနဲ့သုံးကြိမ်တိတိတိုက်ခိုက်

    ဒီကနေ့ဩဂုတ် ၉ရက် မနက်အစောပိုင်းမှာ ကယားပြည်နယ်၊လွိုင်ကော်မြို့အနီးက လွိုင်လင်လေး‌အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ သုံးကြိမ်တိတိလာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။

    "အဲ့ဒီနေရာက စစ်ရှောင်တွေအများစုရှိတဲ့နေရာပါ၊ လွိုင်လင်လေးတဝိုက်ကတချို့ လွိုင်ကော်မြို့ပေါ်ကပါ စစ်ရှောင်နေကြတဲ့စခန်းတွေပါ။ တိုက်ပွဲမရှိဘဲ ရုတ်တရက်ပစ်သလို၊ လက်နက်ကြီး ပစ်ကူတွေလည်း တော်တော်လှမ်းပစ်တယ်" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    ဒီလို လေကြောင်းနဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ပြောပေမဲ့ အသေးစိတ် တော့မသိရသေးပါဘူး။

    ကယားပြည်နယ် (ကရင်နီ) မှာတော့ ဇူလိုင်လကုန် ဩဂုတ်ပထမအပတ်အတွင်း ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာ တိုက်ပွဲတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးနီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

  19. ကချင်၊ ဆယ်ဇင်းရွာကို ‌စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ် ၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဩဂုတ် ၉ရက် မနက်၁၀နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ အဲ့ဒီနောက် ညနေပိုင်းအချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေဆဲလို့ သိရပါတယ်။

    ဒါဟာမနေ့ဩဂုတ် ၈ရက်တုန်းက ကချင်လွတ်လပ်မြောက်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က အဲ့ဒီဆယ်ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတွေကို သိမ်းပိုက်ပြီး နောက်ဆက်တွဲအနေနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

    "ကုန်ပစ္စည်းဂိုထောင်တစ်လုံးနဲ့ ဂိုထောင်တစ်လုံးမီးလောင်သွားတယ်။ ဒေသခံတွေက မနေ့ကထဲက လေကြောင်းနဲ့လာပစ်မှာကိုစိုးရိမ်ပြီး ဘုန်း‌ကြီးကျောင်းမှာပဲ သွားခိုနေကြတာ၊ ဒီနေ့တော့ လာပစ်သွားပြီ" လို့ ဆယ်ဇင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က သိမ်းပိုက်ခံရတဲ့ ရှမ်းနီတပ်စခန်းကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ် ရွှေပြည်မြင့် ကြိုးတံတားနားကစခန်းဖြစ်ပါတယ်။

    ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား ဇူလိုင် ၁၆ ရက်ကစပြီး ၄ရက်လောက်တိုက်ပွဲဖြစ်ခဲ့တာပါ။

    မနေ့တုန်းက ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပြီး အခုလိုတပ်စခန်းသိမ်းခဲ့တာလို့သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီကနေ့ ညနေပိုင်းအချိန်အထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

  20. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။