ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေထဲက အနိမ့်ဆုံးလိုအပ်ချက်ဖြစ်တဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီးပြီဖြစ်လို့ အခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အပြုသဘောဆောင်တဲ့တရား၀င်တွေ့ဆုံမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ကြောင်း မြန်မာ့အရေးအထူးအကြံပေးကောင်စီ Special Advisory council က တိုက်တွန်းလိုက်ပါတယ်။
ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ကိုးလအကြာမှာ နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ နောက်ဆုံးမှာတွေ့ဆုံနိုင်ခဲ့တဲ့အပေါ် အကြံပေးကောင်စီက ၀မ်းမြောက်မိပေမဲ့အကြံပေးကောင်စီအဖွဲ့၀င်တွေဟာ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ရသူအဖြစ် ၎င်းတို့၏ ရာထူးတာဝန်များ ထမ်းဆောင်စဉ်ကတည်းက လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် စစ်ခေါင်းဆောင်ကို တရားစွဲဆိုဖို့တောင်းဆိုခဲ့ကြပြီးဖြစ်တယ်လို့ ပါရှိပါတယ်။
“လူသတ်မှုတွေနဲ့ပတ်သက်ပြီးတာ၀န်ရှိတဲ့ စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ရပ်ဟာ အလွန်ဆိုးရွားကြောင်းနဲ့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခြင်းဟာကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့ အထူးသံတမန်အတွက် မရှိမဖြစ်လိုအပ်ပေမဲ့ သိသာထင်ရှားမှုဘာတစ်ခုမှ ရှိလာမှာမဟုတ်ဘူးလို့ အကြံပေးကောင်စီအဖွဲ့၀င် မစ္စတာ ခရစ္စဆီဒိုးတီးက ပြောပါတယ်။
အကြံပေးကောင်စီမှာမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ မစ္စရန်ဟီးလီလည်း ပါ၀င်ပါတယ်။
ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ရုံးကတော့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာဟာ တရား၀င်မှုပေးတာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့နှစ်ရက်တာခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုပြန်လည်ပို့ဆောင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအပါအ၀င်မြန်မာ့ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ကိုတောင်းဆိုခဲ့တာတွေပါ၀င်တဲ့ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက် ကတော့ မစ္စနိုလင်းဟေဇာဟာ သူ့အလုပ်သူလုပ်နေတာကို နားလည်ပေမယ့် စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမျိုး မဖြစ်စေဖို့ သတိပေးပါတယ်။
"မြန်မာနိုင်ငံအတွက်အကျိုးရှိတဲ့ရလဒ်ဖြစ်မယ်လို့ကျွန်တော်တို့ မျှော်လင့်တယ်။ အထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီရဲ့အသုံးချခံမဖြစ်ဖို့ သတိပြုစေလိုပါတယ်။ အထူးကိုယ်စားလှယ်လာတဲ့ဟာကိုတိုးတက်မှုတစ်ခုရတဲ့ဆိုတဲ့ပြချင်တာမျိုးမဖြစ်ဖို့ပါ" လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဘီဘီစီကို သြဂုတ် ၁၇ ရက်က ပြောကြားထားပါတယ်။