ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာစစ်တပ်အနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ရပ်ရွာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာမလုပ်ဖို့ ကုလအထူးကိုယ်စားလှယ်တောင်းဆိုချက် စစ်ခေါင်းဆောင် ငြင်းဆို

    မြန်မာနိုင်ငံရဲ့ဒေသတချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမပြုလုပ်ဖို့နဲ့ ပြည်သူလူထုနေထိုင်ရာ ရပ်ရွာတွေနေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးတာမပြုလုပ်ဖို့ ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာက စစ်ခေါင်းဆောင်ကို သြဂုတ်လ ၁၇ ရက်ကတွေ့ဆုံစဥ် တောင်းဆိုခဲ့ပါတယ်။

    ဒါနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာရောက်တိုက်ခိုက်တဲ့ သောင်းကျန်းသူတွေ တည်ရှိရာနေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်ပြီး မိမိတို့က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း သြဂုတ် ၁၉ ရက်ညပိုင်းက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အခုတုံ့ပြန်ချက်အရတော့ မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တယ်ဆိုတဲ့အပေါ် ငြင်းချက်ထုတ်တဲ့သဘောမတွေ့ရဘူးလို့နားလည်ရပါတယ်။

    တစ်ခါပြည်သူလူထုရဲ့ ကျေးရွာနဲ့ လူထုနေအိမ်တွေကိုမီးရှို့တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ လုံး၀မှားယွင်းတယ်လို့ စစ်ခေါင်းဆောင်က ငြင်းချက်ထုတ်ပြီး ပြည်သူကို ကာကွယ်ပေးနေတာသာဖြစ်တယ်၊ ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတော့ လုံး၀ငြင်းဆိုတယ်လို့ သူက ဆက်ပြောပါတယ်။

    ဒါပေမဲ့ လက်ရှိ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအ၀င် စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ဒေသတွေမှာ နေ့စဥ်လိုလို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး၀င်ရောက်နေပြီး ပီဒီအက်ဖ်တွေရှိတယ်ဆိုတဲ့သံသယ၊ ယူဆချက်၊ တစ်ခါ ပီဒီအက်ဖ်တွေကို ထောက်ခံကူညီတဲ့ဆိုတဲ့ ယူဆချက်တွေနဲ့ ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့မျက်မြင်ကြုံတွေ့ရတဲ့ကာယကံရှင်တွေ၊ ဒေသခံတွေက ပြောပါတယ်။

  2. စက်သုံးဆီတစ်လီတာ ကျပ် ၃၀၀၀ နားကပ်လာ၊ နှစ်ရက်အတွင်း တစ်လီတာ ကျပ် တစ်ရာကျော် ပြန်တက်

    ဒီနေ့ သြဂုတ်လ ၂၀ ရက်မှာ ရန်ကုန်က စက်သုံးဆီ စျေးနှုန်းတွေမှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်စျေးအရ ၉၅ အောက်တိန်းတစ်လီတာဟာ ကျပ် ၂၄၉၀ ဖြစ်ပြီး တစ်လီတာကျပ် ၃၀၀၀ နား တဖြည်းဖြည်းကပ်လာတာတွေ့ရပါတယ်။

    ၉၂ အောက်တိန်း တစ်လီတာဟာ ကျပ် ၂၄၀၀ ကိုရောက်ရှိလာပြီး ဒါဟာ သြဂုတ်လ ၁၈ ရက်နေ့နဲ့စျေးနဲ့နှိုင်းယှဥ်ရင်တစ်လီတာကို ကျပ် ၁၁၀ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

    စက်သုံးဆီစျေးတွေဟာ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်၀န်းကျင်မှာအနည်းငယ်ပြန်လည်ကျဆင်းသွားပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အခုလို အမြင့်စျေးကို ပြန်ရောက်လာတာဖြစ်ပါတယ်။

    ရန်ကုန်မှာတော့ စက်သုံးဆီ စောင့်ဆိုင်းတန်းစီ၀ယ်ယူရတဲ့အခက်အခဲအနည်းငယ်သာရှိပေမဲ့ နယ်မြို့တွေမှာ ဆီကို အကန့်အသတ်နဲ့သာ ၀ယ်ယူရရှိတာ၊ ဆီ၀ယ်ဖို့ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရတာတွေရှိနေပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စက်သုံးဆီ အရောင်းဆိုင်အများစု အချိန်အကန့်အသတ်နဲ့ရောင်းချတာကြောင့် စက်သုံးဆီကို မှီခိုပြီးလုပ်ကိုင်နေရတဲ့ သုံးဘီးမောင်းသူတွေနဲ့ ဆိုင်ကယ်အသုံးပြုတွေ အခက်အခဲဖြစ်နေကြတာပါ။

    ဆီ၀ယ်ယူရဖို့ကိုလည်း နေ့စဥ်လိုလို အချိန်တစ်ခုပေးပြီး ကြာမြင့်စွာတန်းစီစောင့်ဆိုင်း၀ယ်ယူရတာ၊ စက်သုံးဆီတစ်လီတာကို သြဂုတ် ၁၉ ရက်နေ့ပေါက်စျေး ကျပ် ၃၀၈၀ နဲ့ထည့်နေရပေမဲ့ လိုသလောက်၀ယ်ယူလို့မရတာစတဲ့အခက်အခဲတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

    သုံးဘီးယာဥ်မောင်းနှင်သူတွေကတော့ တန်းစီရတာ အချိန် အချိန်ကြာလို့ ခရီးသည်မရနိုင်တဲ့အကျပ်အတည်းရှိတာကြောင့် စက်သုံးဆီဆိုင်တွေမှာ တန်းမစီတော့ဘဲ အပြင်မှာထည့်သူတွေလည်းရှိပါတယ်။

    ဒါပေမဲ့ အဲဒီလို ပြင်ပမှာ ၀ယ်ထည့်တဲ့အခါ ဆီတစ်လီတာကို ကျပ် ခြောက်ထောင်ကနေ ရှစ်ထောင်တွေအထိ ပေးပြီး ၀ယ်ရတာရှိနေတယ်လို့ ဆိုပါတယ်။

    "လမ်းဘေးမှာဝယ်ရတဲ့ဆိုင်တွေက တစ်လီတာကိုခြောက်ထောင်ရောင်းတယ်။ တန်းစီမယ်ဆိုရင်လည်း တန်းစီလို့မရဘူးလေ။ အချိန်က တအားပေးနေရတဲ့အတွက် ခက်ခဲမှုတအားရှိပါတယ်။ တန်းစီမယ်ဆိုရင်က သုံးဘီးဆွဲစားဖို့ မလွယ်တော့ဘူးလေ။ မနက်တန်းရင်နေ့ခင်းမှရတယ်။ ပြီးတော့ ဆီဆိုင်တွေကလည်း သုံးဘီးတစ်စီးမှ ငါးထောင်လောက်ပဲပေးတာလေ။ အဲဒါကြောင်မိုလို့ပါ။ အခုက ဈေးကို အရင်ကတစ်ခေါက်ကို သုံးထောင်နဲ့ပို့နိုင်ရင် အခုက အနည်းဆုံးငါးထောင်ရမှပို့နိုင်တော့မှာလေ။ ဆီဈေးတက်နေတဲ့အတွက် အဲ့ဒါကြောင့်မို့အခုနောက်ပိုင်းက သုံးဘီးဆွဲရတာလည်း ပါးသွားပြီ။ ဆီဈေးကြောင့်စီးမဲ့ ကာစတန်မာတွေကလည်း မရှိတော့ဘူးလေ။ ခြေလျင်ပဲ လျှောက်ကြတော့တာအခုက" လို့မြစ်ကြီးနားက သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

  3. ယင်းမာပင်မြို့နယ်က ကျေးရွာ ၄ ရွာ မီးရှို့ခံရ

    အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ ယင်းမာပင်မြို့နယ်ထဲက ကပိုင်၊ သီးကုန်းရွာကို ရောက်ရှိလာပြီး ကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့ ဩဂုတ် ၂၀ ရက် မနက်မှာလည်း အဲဒီရွာနှစ်ရွာကို ထပ်ရှို့တဲ့အပြင် အနီး၀န်းကျင်က ပေါင်းဝနဲ့ ကဗြူကျေးရွာတွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့က မီးရှို့ခံရတဲ့ ကပိုင်၊ သီးကုန်းကျေးရွာမှာ နေအိမ်ပေါင်း ၁,၈၀၀ လောက်ရှိပြီး မီးရှို့ခံရတဲ့အရေအတွက်က အိမ်ခြေ ၈၀ လောက်ရှိတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    “ဒေသခံတွေက စစ်ကြောင်းလာမယ်ဆိုတဲ့ သတင်းကြားပြီး နှစ်ရက်လောက်ကတည်းက ကြိုရှောင်နေရတယ်။ ကပိုင်၊သီးကုန်းက ကျေးရွာထဲက မီးရှို့ခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပါသွားတယ်"လို့ သူက ပြောပါတယ်။

    အဲဒီကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဩဂုတ် ၁၈ ရက်မှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်သွားပြီး လက်နက်အင်အားမမျှတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေ နောက်ဆုတ်ခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်းမှာ ကပိုင်၊ သီးကုန်းကို စတင်စစ်ကြောင်းထိုးတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကနေ ၁၃ ရက်အထိ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို လေကြောင်းရော၊ ကုန်းကြောင်းနဲ့ပါ တိုက်ခိုက်ပြီး မီးရှို့ခဲ့တဲ့စစ်ကြောင်းလို့လည်း ပြောကြပါတယ်။

    စစ်ကြောင်းထွက်ခွာသွားပြီးနောက်ပိုင်း ရင်ပေါင်တိုင်ကျေးရွာ အသတ်ခံရတဲ့ ရုပ်အလောင်း ၂၀ နီးပါး တွေ့ရှိခဲ့ကြရပါတယ်။

  4. ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ရွာ မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာကို ဩဂုတ် ၁၉ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးမီးရှို့သွားတာကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ သြဂုတ် ၂၀ ရက်မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီကျေးရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်အခြေစိုက် ၆၀၂၊ ၅၆ တပ်တွေဖြစ်ပြီး အင်အား ၁၂၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။ "စစ်ကြောင်းတွေက ဆက်တိုက်ထိုးနေလို့ ပြေးနေရတာ၊ ရွာလည်းမီးရှို့ခံရတယ်။ စစ်တပ်ကတော့ ရွာကထွက်သွားပြီ။ ကျွန်တော်တို့မှာ ညအိပ်မရတဲ့ရက်တွေများပြီး စစ်ကြောင်းလာရင် ပြေးဖို့ အထုပ်အပိုးက အမြဲပြင်ထားရတယ်" လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ အဲဒီကျေးရွာကနေ ထွက်ခွာသွားတဲ့ စစ်ကြောင်းဟာ သက်ကယ်ချင်းကျေးရွာဘက်ကို ဦးတည်သွားပြီး ကျောက်ထုံးကြီးရွာကို ပြန်လည်ရောက်ရှိလာနိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

  5. စစ်ကိုင်းရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည်တင်ယာဥ်မောင်းနဲ့ယာဥ်အကူအပါအ၀င် သုံးဦး ဖမ်းဆီးခံထားရ

    သြဂုတ်လ ၁၇ ရက်မနက်က မန္တလေးကနေ စစ်ကိုင်းကို အသွား ခရီးသည်တင်ယာဥ်တစ်စီးကို ရတနာပုံတံတားအဆင်းမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်မှာ အဲဒီခရီးသည်တင်ယာဥ်ရဲ့ ယာဥ်မောင်း၊ ယာဥ်အကူအပါအ၀င် သုံးဦး ဖမ်ဆီး ထိန်းသိမ်းခံထားရပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ အဆိုပါယာဥ်လိုင်းရဲ့တာ၀န်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေကို ယာဥ်မောင်းဖြစ်သူက သတင်းပေးခဲ့လို့ PDF တပ်ဖွဲ့၀င်တွေကို ခုလို ပစ်ခတ်ဖမ်းဆီးမှုဖြစ်တာဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့လည်း အဲဒီဖြစ်စဥ် မဟုတ်မှန်ကြောင်း အဆိုပါတာ၀န်ရှိသူက ဆက်ပြောပါတယ်။

    “ကျွန်တော်တို့ကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းခံနေရတာပါ။ လက်ရှိ ကျွန်တာ်တို့ ကားနဲ့၊ ယာဥ်မောင်းရော ယာဥ်အကူတွေပါ ခုထိပြန်မလွတ်သေးပါဘူး။ ဖြစ်စဥ်က ရုတ်တရက် ဖြစ်သွားတာပါ။ အားလုံးက ၀ပ်နေကြတာပါ။ ပစ်ကြခတ်ကြဆိုတော့။ ပစ်တာကတော့ အောက်ကလည်း ပစ်တယ်ပေါ့နော်။ ထိတာတော့ယာဥ်နောက်ပိုင်းကို ထိတယ်” လို့ သူက ပြောပါတယ်။

    စစ်ကောင်စီက ဖြစ်စဥ်ဖြစ်ပြီးပြီးချင်းမှာ ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကိုရော ယာဥ်မောင်းယာဥ်နောက်လိုက်အကုန်လုံးကို ဖမ်းဆီးသွားကြောင်းနဲ့ ခရီးသည်တွေကိုစစ်ဆေးမေးမြန်းပြီးနောက်ပြန်လွှတ်လိုက်ကြောင်း၊ ဒါပေမဲ့ ယာဥ်မောင်းနဲ့ယာဥ်အကူအပါအ၀င် ယာဥ်လိုင်းက ၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားကြောင်း သူက ဆက်ပြောပါတယ်။

    “ကျွန်တော်တို့ပြောနိုင်တာကတော့ ကျွန်တော်တို့ပယောဂလုံး၀မပါပါဘူး။ ဂိတ်က ပယောဂလည်းမပါသလို ယာဥ်မောင်းတွေရဲ့ပယောဂလည်းမပါပါဘူး။ အမှန်တကယ်လည်းကျွန်တော်တို့ဘာမှမသိပါဘူး” လို့ သူက ဆက်ပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေက စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပြီး လုံခြုံရေးတပ်ဖွဲ့၀င် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး PDF နှစ်ဦးနဲ့ ခရီးသည်နှစ်ဦး သေဆုံးခဲ့ကြောင်း၊ PDF တစ်ဦးကို အရှင်ဖမ်းမိပြီး စစ်ဆေးချက်အရ ယာဥ်ပေါ်မှာပါလာတဲ့ လက်နက်ခဲယမ်းတွေကိုဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးရှိကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။ အဲဒီခရီးသည်ရှစ်ဦးရဲ့နောက်ဆက်တွဲအခြေအနေကိုသိရဖို့ ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

    သေဆုံးသွားတဲ့ခရီးသည်နှစ်ဦးမှာ တစ်ဦးက အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးက သက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ပြောကြားချက်တွေရှိပြီး သေဆုံးခရီးသည်နှစ်ဦးရဲ့အခြေအနေကိုလည်း ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

    အခုဖြစ်စဥ်မှာ သေဆုံးသွားတဲ့ PDF တပ်ဖွဲ့၀င်နှစ်ဦးနဲ့ အရှင်ဖမ်းမိတယ်ဆိုတဲ့တပ်ဖွဲ့၀င် ၁ ဦး စုစုပေါင်း ၃ ဦးဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာတော့ စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာမပါရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုဘက်က ထုတ်ပြန်လာတာတော့ ဒီနေ့သြဂုတ်၂၀ ရက်မနက်ထိ မတွေ့ရသေးပါဘူး။

  6. မြ၀တီ၀ေါလေလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်း သြဂုတ် ၁၉ ရက်တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်, စစ်ကောင်စီတပ်သား ၂ ဦးကို သုံ့ပန်းအနေနဲ့ဖမ်းဆီးထားကြောင်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်

    မြ၀တီ ၀ေါလေ ကားလမ်းမ၊ ဘုရားကုန်းကို စစ်ကောင်စီတပ်တွေဘက်က နယ်မြေသိမ်းပိုက်ဖို့ ဒီနေ့သြဂုတ် ၁၉ ရက် မနက် ၃ နာရီမှာ ထိုးစစ်ဆင်လာခဲ့တာကြောင့် ဘုရားကုန်းအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံ့ပန်း ၂ ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သုံ့ပန်းနှစ်ဦးရဲ့ဓာတ်ပုံနဲ့အတူ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

    ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့၀င် ၀တ်စုံကို ၀တ်ဆင်ထားသူနှစ်ဦး ပါရှိပြီး လက်မောင်းတစ်ဖက်တစ်ချက်စီမှာ ၄၄ ဆိုတဲ့အမှတ်တံဆိပ်နဲ့ မြန်မာစစ်တပ်အမှတ်တံဆိပ်တို့ ပါရှိတာတွေ့ရပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ထားပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဖမ်းဆီးရမိတဲ့သုံ့ပန်း၂ ဦးကိုတော့ ဂျီနီဗာကွန်ဗားရှင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။ သြဂုတ် ၁၉ ရက် တစ်ရက်တာ တိုက်ပွဲအတွင်း ကော်ဘရာ စစ်ကြောင်းဘက်ကလည်း တပ်ဖွဲ့၀င် ၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး စစ်သုံးယာဥ်တချို့နဲ့လက်နက်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။

  7. ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ ဆက်လက်စဉ်းစားလုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာ ပြောဖို့အချိန်စောသေးတယ်လို့ စစ်ခေါင်းဆောင် ပြော, စွဲဆိုထားတဲ့အမှုတွေအားလုံးအတွက်အပြစ်မရှိကြောင်းဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုထား

    ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ တရားစီရင်မှုတွေ ပြီးဆုံးတဲ့နောက် မိမိတို့လုပ်ဆောင်ချက်ပေါ် တုံ့ပြန်လာမှုတွေကို မူတည်ပြီး ၄င်းအပေါ် စဥ်းစားဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုထက်ပိုတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ပေမဲ့ သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း ဒီနေ့ သြဂုတ်လ ၁၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နိုလင်းဟေဇာရုံးက စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တဲ့အပေါ် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ဆိုပြီး စစ်ကောင်စီက သြဂုတ် ၁၉ ရက် ညပိုင်းမှာ စာမျက်နှာ ၂၈ မျက်နှာရှိတဲ့တုံ့ပြန်တဲ့ ထုတ်ပြန်ချက်တစ်ခုကို စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာခဲ့ပါတယ်။

    ကုလအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ကိုပြန်လည်ပို့ဆောင်ဖို့ တောင်းဆိုစဥ်မှာ စစ်ခေါင်းဆောင် အခုလိုတုံ့ပြန်ပြောကြားခဲ့တာဆိုပြီးထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုတွေကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ပေမဲ့ မဖြေရှင်းခဲ့တဲ့အပြင် ဥပဒေနဲ့မညီတာတွေဆောင်ရွက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ကုလအထူးကိုယ်စားလှယ်ကိုပြောခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်က ဆက်လက်ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့ကိစ္စကိုလည်း မလေးရှား၀န်ကြီးချုပ်ဟောင်း နဂျစ်ရာဇတ်၊ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွန်ဟေးတို့ကို တရားစွဲဆိုတဲ့ဖြစ်စဥ်တွေကို ဥပမာပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

    ဒါကြောင့် ဥပဒေအရ​စဥ်းစားဆောင်ရွက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာပြောဖို့အချိန်စောသေးတယ်လို့ သူက ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ကိုပြန်ပို့ဖို့ ကုလအထူးကိုယ်စားလှယ်ရဲ့တိုက်တွန်းချက်ကိုလည်း စစ်ခေါင်းဆောင်က 'ဒေါ်အောင်ဆန်းစုကြည်အပေါ်အထူးအခွင့်အရေးပေးပြီးနေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားတယ်"လို့ ဆိုခဲ့ပါတယ်။

    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေပြည်တော်အကျဥ်းထောင်တွင်းနေထိုင်ရတဲ့ အခြေအနေဟာ အဆင်မပြေမှုတွေရှိပြီး အသက်အရွယ်အရရောကျန်းမာရေးအရပါ သင့်တော်မှုမရှိကြောင်းနဲ့ အခန်းက မိုးရွာ၊ နေပူတာနဲ့ လေပြင်းတိုက်တာတွေအတွက် အကာအကွယ်မရတဲ့အနေအထားလို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း အမှု ၁၉ ခုနဲ့ တရားစွဲဆိုထားပြီး ၉ မှုဟာ ဆက်လက်ရင်ဆိုင်ဖို့ကျန်ရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ စွဲချက်တင်ပြီးအမိန့်ချထားသမျှ အမှု ၁၀ မှုလုံးကို ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်းငြင်းဆိုထားသလို ချမှတ်ထားတဲ့အမိန့်တွေနဲ့ပတ်သက်လို့ အထက်တရားရုံးအဆင့်ဆင့်ထံ ပြင်ဆင်မှုတွေ အယူခံတွေကို ဆက်တက်တက်ရောက်ရင်ဆိုင်နေတာတွေလည်း ရှိထားပါတယ်။

  8. စျေးကစားမှုတွေ အရေးယူမယ် ပြောပေမဲ့ ကုန်ပစ္စည်းစျေးတွေ မထိန်းနိုင်

  9. အရေးကြီး ဌာနတချို့ အစားထိုးခန့်အပ်မှုအပါအဝင် စစ်ကောင်စီအဖွဲ့ပြင်ဆင်ဖွဲ့စည်း

    မြန်မာနိုင်ငံရဲ့ငွေကြေးစီးဆင်းလည်ပတ်မှု အခက်အခဲ ကြုံတွေ့နေချိန် နဲ့ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေ အာရုံစိုက် လုပ်ဆောင်နေချိန်မှာပဲ အဲဒီနေရာက တာဝန်ရှိသူတွေကို အပြောင်းအလဲ လုပ်တာအပြင် စစ်ကောင်စီက သူတို့အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတယ်လို့ ဒီကနေ့ ကြေညာခဲ့ပါတယ်။

    ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို ပြီးခဲ့တဲ့ လပိုင်းက နေအိမ်မှာ လုပ်ကြံခံရတဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အစားထိုး ခန့်အပ်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးနေရာမှာ ဦးခင်ရီအစား အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်ကို အစားထိုးခန့်အပ်ခဲ့ပြီး ဝန်ကြီးတချို့ကို ရာထူးက အနားယူခွင့်ပြုတယ်လို့လည်း ကြေညာခဲ့ပါတယ်။

    အစိုးရအဖွဲ့အပြောင်းအလဲ အပါအဝင် ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ကိုလည်း ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

    ဒါနဲ့အတူ တိုင်းနဲ့ ပြည်နယ် လေးခုက လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးလေးယောက်ကိုလည်းအစားထိုးခန့်အပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

  10. ထီးလင်း - ဂန့်ဂေါကားလမ်းမပေါ်က မင်းရွာရဲစခန်းတိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ထီးလင်း - ဂန့်ဂေါကားလမ်းမကြီးပေါ်မှာရှိတဲ့ ဂန့်ဂေါမြို့နယ်အပိုင် မင်းရွာရဲစခန်းကို ယောကာကွယ်ရေးအဖွဲ့ (YDF) နဲ့ ပူးပေါင်းအဖွဲ့တွေက ဩဂုတ် ၁၅ ရက်နဲ့ ၁၇ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကနေ သိရပါတယ်။

    မနေ့ ဩဂုတ် ၁၈ ရက်မှာတော့ မင်းရွာကို စစ်ကူလာဖို့ ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိမ်သစ်ကျေးရွာနားမှာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က (၆)ဦးခန့် သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ YPDFဘက်က ထုတ်ပြန်ပါတယ်။

    “မင်းရွာရဲစခန်းကို သိမ်းဖို့ကြိုးစားတာ မသိမ်းနိုင်သေးဘူး။ အခုဂန့်ဂေါတောင်ဘက်ကနေ လာတဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းကလည်း အခုမင်းရွာမှာ ပူးပေါင်းလိုက်ပြီ” လို့ မြေပြင်အခြေအနေသိရှိသူ ဂန့်ဂေါဒေသခံတစ်ဦးက ပြောပါတယ်။

    ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ကနေ လက်နက်ခဲယမ်းနဲ့အတူ ထွက်ပြေးလာတဲ့ စစ်ကောင်စီရဲတပ်သားတစ်ဦးကိုလည်း ထိန်းသိမ်းထားတယ်လို့ YPDFက ထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒီကနေ့ ဩဂုတ် ၁၉ ရက်ညနေပိုင်းအထိ တစုံတရာမတုံ့ပြန်ပါဘူး။

  11. အခြေခံဆေးဝါးတွေ စျေးထက်ဝက်ကျော်မြင့်တက်လာ, ဆေးဝါးပြတ်တောက်မှာစိုးရိမ်နေကြ

    သွင်းကုန်အဓိကအားထားနေရတဲ့ ပြည်တွင်းဆေးစျေးကွက်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်တက်တာကြောင့်ရော သွင်းကုန်လိုင်စင်အခက်အခဲတွေကြောင့်ပါ အခြေခံဆေးဝါးတွေ အရင်စျေးထက် ထက်ဝက်နီးပါး စျေးတက်လာနေတယ်လို့ ရောင်းချသူ တွေကဘီဘီစီကိုပြောပါတယ်။

    “ဇူလိုင်ကနေ အခုဩဂုတ်၁၉ ရက်အထိ တစ်လကျော်လောက်ထိ ၃၀ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် အထိ စျေးတက်လာတယ်။ အခြေခံဆေးဝါးပါရာစီတမောတို့ကတော့ ဒါမရှိရင် အမျိုးစားတူဆိုတာမျိုး ရောင်းလို့ရသေးတယ်၊ သွေးတိုးဆီးချိုဆေးတွေလို နာတာရှည်သောက်တဲ့ဆေးတွေဆို အမျိုးစားတူဆို တာတောင် ရောင်းဖို့မရှိတော့ဘူး” လို့ ဆေးရောင်းချသူ ကုန်သည်တစ်ဦးက ပြောပါတယ်။

    ရောင်းချသူတွေဘက်မှာလည်း အမေရိကန်ဒေါ်လာငွေနဲ့ ဝယ်ယူရတာကြောင့် ငွေစျေးမတည်ငြိမ်မှုတွေကြား အခက်အခဲဖြစ်လာတာကြောင့် ရေရှည်မှာဆေးဝါးပြတ်တောက်မှာကိုပါ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ မြန်မာငွေကျပ်တန်ဖိုး ဆက်လက်ကျဆင်းပြီး ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာတာ ကြောင့် ၀ယ်ယူစုဆောင်းဖို့ဆိုတာထက် နေ့စဥ် သုံးစွဲဖို့တောင်မှ ဆေးဝါးဝယ်ယူနိုင်နှုန်းတွေကျလာပြီး ဆေးစျေးကွက်အရောင်းအေးနေတယ်လို့ စျေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။

  12. ကချင်မှာ စစ်ကောင်စီဆန့်ကျင်ရေးသပိတ်လှုပ်ရှားသူ ၈ဦးကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ ဆိုင်းတောင် (ဆိပ်မူ) စစ်အာဏာသိမ်း ဆန့်ကျင်သပိတ်ပြုလုပ်အပြီး လူစုခွဲတဲ့အပြန်လမ်းမှာ ဖမ်းခံရတဲ့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသားတစ်ယောက်တို့ကို တရားစွဲဆိုထားတယ်လို့ သပိတ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    အဲဒီထဲကအမျိုးသမီး ၇ ယောက်ကိုတော့ ၅၀၅-က နဲ့ စွဲဆိုထားတာဖြစ်ပြီး အမျိုးသားတစ်ဦးကိုတော့ပုဒ်မ ၅၀၅အပါအဝင် လက်နက်ကိုင်ဆောင်မှုနဲ့ပါ စွဲဆိုခံထားရတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်တဲ့ သပိတ်ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။

    “ကိုသိန်းထွန်းကတော့ အခုထိ စစ်ကြောရေးမှာထားပြီး အမျိုးသမီးတွေကတော့ ဖားကန့်မြိုန့ယ် အချုပ်ထဲမှာထည့်ထားတယ်။ တစ်လကျော်ပြီ၊ မိသားစုနဲ့တွေ့ခွင့်တော့မရသေးဘူး” လို့ သပိတ်ခေါင်း‌ ဆောင်တစ်ယောက်ကဆက်ပြောပါတယ်။

    ဒီလို ဆိုင်းတောင်မှာ ဒီ ၈ယောက်ဖမ်းခံရပြီးနောက်ပိုင်း သပိတ်မှာဦးဆောင်ပါဝင်သူတွေဟာ တိမ်းရှောင်နေထိုင်ရတာတွေရှိနေပါတယ်။

    ဒါပေမဲ့ ဒီလိုအခက်အခဲတွေကြားကနေပဲ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ သပိတ်ကတော့ အနည်းဆုံး တစ်ပတ် ၃ ရက် ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

  13. ကန့်ဘလူ၊ ကိုးထောင်ဘို့ရွာက ဒေသခံအမျိုးသမီးနှစ်ဦး လက်နက်ကြီးထိမှန်လို့ သေဆုံးတယ်လို့ဒေသခံတွေပြော, ချောင်းကြားရွာက ရိက္ခာဆန်တွေ အသိမ်းခံနေရတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကိုးထောင်ဘို့ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကိုးထောင်ဘို့ဘူတာအနီးက နေအိမ်ပေါ်ကျကာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ဒီကိုးထောင်ဘို့ရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေး အသိုင်းအဝိုင်းကနေသိရပါတယ်။

    သေဆုံးမှုအခြေအနေကိုတော့ ဘီဘီစီဘက်ကသီးခြားအတည်မပြနိုင်ခဲ့ပါဘူး။

    “၁၇ရက်နေ့ညပိုင်းလည်းတိုက်ပွဲဖြစ်တယ်။ ၁၈ ရက်မှာလည်း သူတို့ချပ်သင်းစခန်းကိုသွားတိုက်ကြတယ်။ မိုင်းတွေပတ်ပတ်လည်ထောင်ထားတော့ ပြန်ဆုတ်လာခဲ့ကြတယ်။ ၈ လပိုင်းထဲမှာက ကျွန်တော်တို့ဘက်က တိုက်တာများပြီး သူတို့က ကန့်ဘလူမြို့ပေါ်ကို ခံစစ်နဲ့ လေကြောင်းပိုသုံးဖို့လုပ်လာတာမျိုး တွေ့ရတယ်” လို့ ကိုးထောင်ဘို့ဒေသခံတစ်ဦးက ပြောပါတယ်။

    ကန့်ဘလူကနေ ကျွန်းလှဘက်ကိုကူးဖို့လုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကတော့ ပင့်သာ - ကျွန်းလှ ကားလမ်းပိုင်းမှာရှိတဲ့ ချောင်းကြားရွာကို ဝင်ရောက်တပ်စွဲနေပြီး ရွာအတွင်းက ရိက္ခာဆန်တွေကို သိမ်းဆည်းနေတယ်လို့ ချောင်းကြားဒေသခံတွေကဆိုပါတယ်။

    လက်ရှိအချိန်ထိ တပ်စွဲနေဆဲဖြစ်တာကြောင့် ဒေသခံတွေရိက္ခာအဖြစ်သိမ်းဆည်းထားတဲ့ ဆန်စပါး ဘယ်လောက်ပါရှိသွားလည်းဆိုတာမသိရသေးဘူးလို့ ပြောပါတယ်။

  14. မြန်မာမှာ ပဋိပက္ခဒဏ်သင့်ဒေသတွေထံ အကူအညီပေးရေးညှိနှိုင်းမှုတွေကို နိုင်ငံရေးအတွက်အသုံးချမှုမရှိသင့်ကြောင်း ကုလ ပြော, မြန်မာမှာ ဘေးဒုက္ခဒဏ်ခံနေရသူ ၃ သန်းကျော်ကို ဒီရှစ်လတာအတွင်း ကူညီပေးခဲ့ပြီးပြီလို့ဆို

    ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှာ ဘေးဒုက္ခခံရသူဦးရေ ၃ သန်းကျော်ကို အလှူရှင်နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ရန်ပုံ‌ငွေတွေနဲ့ ပြည်တွင်းရောနိုင်ငံတကာအဖွဲ့အစည်းတွေကနေ ကူညီပေးခဲ့ပြီးဖြစ်သလို ဆက်လက်လုပ်ဆောင်စရာတွေလည်းရှိနေသေးတယ်လို့ ကုလသမဂ္ဂညှိနှိုင်းရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စတာရာမနသန်က ပြောပါတယ်။

    ဒီကနေ့ ဩဂုတ် ၁၉ ရက်နေ့ဟာ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်တာကြောင့် အသက် အန္တရာယ်ကို ပဓာနမထားဘဲ စိတ်ရောကိုယ်ပါ‌ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံက အကူအညီပေးရေးလုပ်သား တွေကို ဂုဏ်ပြုသလို ထိခိုက်သေဆုံးခဲ့ရသူတွေကိုလည်း အမှတ်တရရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မြန်မာပြည်တွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေကြသူတွေကိုအကန့်အသတ်နဲ့ အနှောင့်အယှက်မရှိ ဆောင်ရွက်ခွင့်ပေးရမယ်လို့ ကုလက ပြောကြားပြီး အရပ်သားပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

    အကူအညီလိုအပ်နေသူတွေဆီ သွားရောက်ကူညီခွင့် ပိုမိုရရှိဖို့နဲ့ ရှုပ်ထွေးကြန့်ကြာလွန်းတဲ့ ရုံးလုပ်ငန်းဆိုင်ရာ အကန့်အသတ်တွေလျော့ပါးသက်သာစေဖို့်လည်း လိုအပ်တယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်အကူအညီပေးခွင့်ရရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်တာကို နိုင်ငံရေးအတွက် အသုံးချတာ၊ အပေးအယူလုပ်တာမျိုးမရှိအပ်ဘူးလို့လည်း ကုလထုတ်ပြန် ချက်ကဖော်ပြပါတယ်။

    ကုလထုတ်ပြန်ချက်မှာ အဲဒီအချက်နဲ့ပတ်သက်လို့ အသေးစိတ် ဖော်ပြထားတာမရှိပေမဲ့ မြန်မာပြည်တွင်းမှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီနဲ့ တွေ့ဆုံမှုတချို့ ကန့်ကွက်၀ေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိထားပါတယ်။

    အခုနောက်ဆုံး ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ မြန်မာပြည်ခရီးစဥ်ကို တော်လှန်ရေး အင်အားစုတွေက ကန့်ကွက်ထားပြီး အဖြေတစ်စုံတစ်ရာထွက်လာမယ့် ခရီးစဥ်မဟုတ်ဘူးလို့လည်း Burma Campaign UK က ထုတ်ပြန်ထားပါတယ်။

    ကုလရုံးဘက်ကတော့ ဒါဟာ တရား၀င်မှုပေးတာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    မြန်မာမှာ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပြည်တွင်းမှာကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁ ဒသမ ၂ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို ဆင်းရဲနွမ်းပါးမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကိုပါ ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် အခုနှစ်မကုန်မီ မြန်မာပြည်တွင်းမှာ ဘေးဒုက္ခခံစားနေရသူဦးရေ ၆ သန်းကျော်ကို အကူအညီ ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ဒီ ၂၀၂၂ ခုနှစ် သြဂုတ်လအထိ ရှစ်လတာအတွင်းမှာတော့ လူဦးရေ ၃ သန်းကျော်ကို ကူညီပေးထားနိုင်ပြီလို့ ပြောပါတယ်။

    ဒါပေမဲ့လည်း လိုအပ်တဲ့ရန်ပုံငွေရရှိမှုဟာ ၁၇ ရာခိုင်နှုန်းသာ ရရှိနေတာကြောင့် မြန်မာပြည်သူတွေနဲ့အတူ ရက်ရောစွာရပ်တည်ပေးကြဖို့ နိုင်ငံတကာအလှူရှင်အသိုင်းအဝန်းကို ဒီကနေ့ လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့မှာ ကုလကပန်ကြားလိုက်ပါတယ်။

  15. ရန်ကုန်မှာ ခရိုင်တရားရုံး ၁၄ ရုံး တိုးချဲ့ဖွဲ့စည်း

    ရန်ကုန်တိုင်းမှာ ခရိုင်တရားရုံး ၄ ရုံးပဲ ရှိရာကနေ ၁၄ ရုံးအထိ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သြဂုတ် ၁၇ ရက်က ထုတ်ပြန်ပါတယ်။

    လက်ရှိ ရှိနေတဲ့ အရှေ့ပိုင်းခရိုင်တရားရုံး၊ အနောက်ပိုင်းခရိုင်တရားရုံး၊ တောင်ပိုင်းခရိုင်တရားရုံးနဲ့ မြောက်ပိုင်းခရိုင်တရားရုံးတွေကို အဲဒီအမိန့်နဲ့ ပယ်ဖျက်လိုက်တာပါ။

    တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်းနဲ့ကမာရွတ် တို့ကို ခရိုင်တရားရုံး ၁၄ ခု အဖြစ် ဖွင့်လှစ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

    အလားတူ ခရိုင်ဥပဒေရုံးတွေလည်း တိုးချဲ့ဖွဲ့စည်းပြီးပြီလို့ ဥပဒေအရာရှိတွေထံက သိရပါတယ်။

    လိုအပ်တဲ့ ခရိုင်တရားရုံးအဆောက်အအုံ၊ဝန်ထမ်းဖွဲ့စည်းမှုနဲ့ အမှုတွေ ဘယ်လိုခွဲဝေမလဲဆိုတာကို ရန်ကုန်တိုင်းတရားလွှတ်တော်မှာ အစည်းအဝေးထိုင်နေတယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

    ရှေ့နေတွေနဲ့ အမှုသည်တွေကိုလည်း ရုံးသစ်တွေကို မချိန်းဆိုသေးဘဲ လက်ရှိခရိုင်ရုံး ၄ ခုမှာပဲ အမှုတွေဆက်လက်စစ်ဆေးနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာနက ခရိုင်တွေတိုးချဲ့ဖွဲ့စည်းပြီးတဲ့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွေနဲ့အတူ ခရိုင်တရားရုံးတွေပါ အခုလို တိုးချဲ့ဖွင့်လှစ်လာရတာဖြစ်ပါတယ်။

    ပြည်နယ်နဲ့တိုင်းတွေမှာ ပြီးခဲ့မေလက ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းခဲ့လို့ စုစုပေါင်းခရိုင် ၁၂၁ ခရိုင်အထိ ရှိလာတာပါ။

  16. ကုလအထူးကိုယ်စားလှယ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို သင့်တော်တဲ့အချိန်မှာတွေ့ခွင့်ပေးဖို့ လမ်းဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်ပြော, ကုလကိုယ်စားလှယ်ရဲ့ ရာထူးကို ရုတ်သိမ်းသင့်တယ်လို့ ဘားမားကမ်ပိန်းအဖွဲ့တောင်းဆို

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ နိုင်ငံတော်အတိုင်ပင်ဒေါ်အောင်ဆန်းစုကြည်ကို သင့်တော်တဲ့အချိန်မှာ တွေ့ခွင့်ရဖို့စီစဉ်ပေးမယ့်အကြောင်း စစ်ခေါင်းဆောင်ကပြောခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့နဲ့ ကောင်းကောင်းမွန်မွန်နေနိုင်ရေးအတွက်လည်း အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ပေးမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စနိုလင်းနဲ့တွေ့ဆုံချိန်မှာ ထည့်သွင်းပြောခဲ့ပါတယ်။

    အခုတွေ့ဆုံမှုမှာ သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုပြန်လည်ပို့ဆောင်ဖို့၊ ဖမ်းဆီးထားတဲ့ကလေးသူငယ် တွေကိုပြန်လွှတ်ပေးဖို့၊ သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို လွှတ်ပေးဖို့ သြစတြေးလျအစိုးရကတောင်းဆိုထားတာတွေကိုပါ ထပ်လောင်းအသိပေးခဲ့တယ်လို့ ဆိုထားပြီး ဒီခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်မှုပေးတာ မဟုတ်ဘူးလို့ ကုလကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကတော့ ဒါဟာ စစ်ကောင်စီကို တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့ခရီးစဉ်လို့ဆိုထားပြီး မြန်မာနဲ့ ကုလကြားက ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန် ထားပါတယ်။

    မစ္စနိုလင်းဟေဇာဟာ ဒီတာဝန်စယူခဲ့တဲ့ ၊ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်း ဒါဟာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးစဉ်ဖြစ်ပြီး ဩဂုတ် ၁၆ ရက်မှာ စတင်လာရောက်ခဲ့ပြီး မနေ့ ဩဂုတ် ၁၈ရက်မှာ မြန်မာပြည်ကပြန်ထွက်ခွာသွားပြီလို့ သူ့ရဲ့ရုံးက ဘီဘီစီကို ပြောပါတယ်။

    သူ့ရဲ့မြန်မာခရီးစဥ်အတွင်းစစ်ကောင်စီခေါင်းဆောင်အပါအဝင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ ခရီးစဉ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသလို Burma Campaign UK အဖွဲ့ကလည်း ဒီကုလအထူးကိုယ်စားလှယ်ရာထူးကို ရုတ်သိမ်းသင့်ပြီလို့ မနေ့ သြဂုတ် ၁၈ ရက်က တရားဝင်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

    ဒီခရီးစဉ်ဟာ အငြင်းပွားဖွယ်ရာဖြစ်နေပြီး ထူးခြားတဲ့အဖြေတစ်ခုထွက်မလာနိုင်ဘူးလို့ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရန်ကုန်အပါအဝင် မြို့တချို့မှာလည်း ကုလကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်ကို လူငယ်တွေက ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့ပါတယ်။

  17. စစ်ရေးတင်းမာခဲ့တဲ့ မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ်နဲ့ ကုန်သွယ်ရေးဇုန် ဒီမနက် ပြန်ဖွင့်, ကုန်သွယ်ရေးဇုန်အ၀င်မှာ အစစ်အဆေးတင်းကျပ်ထားလို့ ကုန်ကားတွေ စောင့်ဆိုင်းနေရ

    မြ၀တီ - ကော့ကရိတ် အာရှလမ်းမသစ် အပါအ၀င် မြ၀တီကုန်သွယ်ရေးဇုန်ကို မနေ့ သြဂုတ်လ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီက ပိတ်ထားခဲ့ပြီး ဒီကနေ့ သြဂုတ် ၁၉ ရက် မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။

    ဒါပေမဲ့ဇုန်အ၀င်မှာ အစစ်အဆေးတင်းကျပ်ထားလို့ကုန်ကားတွေ တန်းစီ စောင့်ဆိုင်းနေကြရ ကြောင်း သိရပါတယ်။

    “ဒီမနက်က ကုန်ကားတွေ မြ၀တီမြို့ထဲကထွက်ကြတယ်၊ ဇုန် လမ်းမ တစ်လျှောက် မဲကနယ် ရွာသစ် တစ်လျှောက် ကားတွေ ပိတ်နေတယ်။ ဇုန်က ပြန်ဖွင့်တော့ အစစ်ဆေးခံဖို့ ကားတန်းတွေ တန်းစီစောင့်နေကြတာ တွေ့ရတယ်။ ကော့ကရိတ်ဘက်က ကားတွေ တက်လာကြတာတော့မတွေ့ သေးဘူး။ ကော့ကရိတ် တောင်ပိုင်း၊မြောက်ပိုင်းနဲ့ ကျေးရွာချင်းဆက်ထားတဲ့လမ်းမတွေကို ကတ္တရာပုံးတွေမှာ ကွန်ကရစ်တွေ လောင်းထည့်ထားတဲ့ ပုံးတွေ လာစီတန်းချပြီး လမ်းတွေပိတ်ထားတယ်။ ညက လေယာဉ် ၃ ကြိမ်လာတယ်။ လေးကေကော် ၃ ထပ်ကွေ့ ဘက်ကို ဗုံးတွေလာချတယ်။ ည ၁၁ နာရီကျော်မှာ ကောကရိတ် ဘက်ကိုလည်း ကင်းထောက်လေယာဉ် ပျံဝဲတာတွေ လုပ်နေတယ်၊ ဒီ မနက်တော့ ပစ်ခတ်သံ မကြား ရသေးဘူး” လို့ မြ၀တီဒေသခံ က ပြောပါတယ်။

    သြဂုတ်လ ၁၈ ရက် က မြ၀တီ သင်္ဃန်းညီနောင် ၊ကွင်းကလေး၊ ကွမ်းသီးတန်းကွေ့ စတဲ့ နေရာတွေနဲ့ ကော့ကရိတ် ရွာသစ်ကုန်း၊ တောင် ၃လုံး စတဲ့နေရာတွေမှာ စစ်ကောင်စီ တပ်တွေနဲ့ KNLA ပူးပေါင်း တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်သင်္ဃန်းညီနောင် ရဲစခန်းက ရဲတပ်ဖွဲ့မိသားစုတွေ၊ မြ၀တီ ကုန်သွယ်ရေးဇုန်မှာ တာ၀န်ထမ်းဆောင်နေသူတွေကို မြ၀တီ မြို့ဘက် ရွှေ့ပြောင်းကြဖို့ စစ်ကောင်စီက သတိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါကြောင့် ကုန်သွယ်ရေးဇုန်ကိုလည်း ပိတ်လိုက်ပြီး မြ၀တီမြို့ထဲ နေရာရွှေ့ပြောင်းတာတွေပြုလုပ်ခဲ့ပါတယ်။

    ဒီကနေ့ သြဂုတ် ၁၉ ရက် မနက်ပိုင်းမှာလည်း ကော့ကရိတ်မြို့ တတန်ကူး၊ ချောင်းသောင်၊ ရန်ကုတ်၊ ဝါဆိုဦးနဲ့ မြို့အ၀င် ကြာပန်း အဝိုင်း လမ်းမထိပ်နေရာတွေမှာ လမ်းပိတ်ထားပြီး စစ်ကောင်စီ တပ်တွေ နေရာယူထားတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

  18. ရွှေပြည်သာမြို့နယ်က ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး, ရွှေပြည်သာမြို့နယ်မှာ တစ်လအတွင်း ပစ်ခတ်ခံရလို့ သေဆုံးတဲ့ရာအိမ်မှူး ၂ ဦး ရှိပြီဖြစ်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ထ/ ၁၆ရပ်ကွက်က ရာအိမ်မှူး ဦးဝင်းဇော် ဆိုသူဟာ ဒီကနေ့ဩဂုတ် ၁၉ရက်မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

    ရွှေပြည်သာမြို့နယ်ထဲက လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေးမှတ်တိုင်အနီးက နီလာစျေးထဲမှာ ဇနီးဖြစ်သူနဲ့ စျေးဝယ်ချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

    “ပထမအချက်ကဦးခေါင်းမှန်တယ်၊ လဲကျသွားချိန်မှာ ရင်ဘတ်နဲ့မျက်လုံးထပ်ထိတယ်။ စုစုပေါင်း ငါးချက်ပါ။ စျေးအတွင်းဆိုတော့ ဆိုင်ခန်းတွေရော လမ်းဘေးဆိုင်တွေရော အကုန်ပိတ်သွားပြီ။ စစ်ကား ၃စီးနဲ့လည်း စျေးထဲလည်းစစ်တယ်၊ ကားလမ်းလည်းပိတ်စစ်တယ်” လို့ ရွှေပြည်သာမြို့နယ်နေ ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့တဲ့ ဦးဝင်းဇော်ဟာ စစ်ကောင်စီခန့်အပ်ထားတဲ့ ရာအိမ်မှူးဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားသူတွေရဲ့ သတင်းပေးလေ့ရှိတယ်လို့ ဒေသခံတွေကပြောကြပေမဲ့ ဘီဘီစီဘက်က သီးခြားအတည် မပြုနိုင်ခဲ့ပါဘူး။

    အခုဩဂုတ်လအတွင်း ရွှေပြည်သာမြို့နယ်မှာ ရာအိမ်မှူး ၂ ဦးနဲ့ အရံမီးသတ်ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရလို့သေဆုံးထားပြီး ၇ ရပ်ကွက်နဲ့၊ ၁၀ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေကိုလည်း တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

    ရွှေပြည်သာမြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် သတ်မှတ်ထားတာ တစ်နှစ်ကျော်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေးမှုတွေလည်း ဆက်တိုက်လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

  19. ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ဒေသတွေမှာ ဒီကနေ့ညနေအထိ မိုးကြီးနိုင်

    ဒီကနေ့ ဩဂုတ် ၁၉ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ပါတယ်။

    မိုးဇလရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ကယားပြည်နယ် တွေမှာ နေရာခပ်ကျဲကျဲမိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ လည်း မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနေပြီလို့ ဖော်ပြပါတယ်။

    ဒီမုန်တိုင်းငယ်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေပါ တယ်။

    အခုဩဂုတ်လအတွင်း ရန်ကုန်လိုမြို့ကြီးတွေအပြင် ပြင်ဦးလွင်၊ တာချီလိတ်စတဲ့ တောင်ပေါ်ဒေသတွေမှာပါ စံချိန်တင်မိုးရွာသွန်းပြီး ရေကြီးရေလျှံတဲ့အခြေအနေကိုရင်ဆိုင်နေရတာကြောင့် မြို့ပြတွေမှာ ရေနုတ်မြောင်း စနစ်ကောင်းမွန်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဘက်ကအလေးထားဆောင်ရွက်သင့်ပြီလို့ သဘာဝပတ်ဝန်း ကျင်အရေးကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

  20. မကွေးတိုင်း ငတရော်ကျေးရွာကို စစ်ကောင်စီ မီးရှို့