ရခိုင်မှာ မိုင်းပေါက်ကွဲမှုတွေဆက်ဖြစ်, ပုဏ္ဏားကျွန်းမြို့နယ်က လေးဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြု့နယ်အတွင်း မနေ့ ဩဂုတ်လ ၁၃ ရက် က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားလေးဦး ထိခိုက်ဒဏ်ရာတွေ အပြင်းအထန်ရရှိခဲ့ကြတယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာနဲ့ မော်ရွာကျေးရွာက အရပ်သားတောင်သူတွေဖြစ်ကြပါတယ်။
ပေါက်ကွဲမှုဟာ ဗုဒ္ဓေါကျေးရွာအနီးက ဆနွင်းတောင်တန်းပေါ်မှာ မနေ့က နေ့လယ် ၁ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီတောင်ပေါ်ကို နွားရှာသွားကြစဉ်မှာ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
'' နွားတွေမရောက်လို့ သွားရှာကြတဲ့အခါမှာ ကျွန်တော်တို့ရွာက နှစ်ယောက်နဲ့ မော်ရွာကနှစ်ယောက် မိုင်းပေါက်ပြီး ဒဏ်ရာရခဲ့ကြတယ်။ အဲ့ဒီနေရာမှာ စစ်တပ်က စခန်းရှိတယ်”လို့ ဗုဒ္ဓေါကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့ကြသူတွေဟာ မော်ရွာကျေးရွာက ဦးအောင်ဝင်းသိန်း အသက် ၃၅ နှစ် ညာဘက်ရင်အုပ် မိုင်းစထိမှန်ဒဏ်ရာ၊ ဦးအောင်ချမ်းစိန် အသက် ၆၀ နှစ်၊ ညာဘက်လက်ချောင်းများပြတ်၊ ဗုဒ္ဓေါကျေးရွာက ဦးဝင်းအောင် အသက် ၂၁ နှစ်၊ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာနဲ့ ဦးအောင်ကြီးအောင် အသက် ၅၇ နှစ်၊ ဘယ်ဘက်ပေါင် မိုင်းထိဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒဏ်ရာရလူနာတွေကို လူမှုကူညီရေးအဖွဲ့တွေက နီးစပ်ရာ ယိုးတရုတ်ဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ လက်ပြတ်သွားသူ မော်ရွာကျေးရွာက ဦးအောင်ချမ်းစိန်ကိုတော့ စစ်တွေဆေးရုံကိုပို့ဆောင် ပေးထားရတယ်လို့ အကူအညီပေးခဲ့သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ တစတစများပြားလာနေပြီး မိုင်းပေါက်ကွဲမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကျောက်တော်မြို့နယ်အတွင်း လယ်သမားကျေးရွာသားနှစ်ဦးဟာ သူတို့လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ကွင်းအနီးဝန်းကျင်က တောတောင်တွေထဲ နွားကျောင်းနေရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့ကြရပါတယ်။
မြောက်ဦးမြို့နယ်မှာလည်း လယ်ကွင်းအနီးနွားကျောင်းနေတဲ့ မွတ်ဆလင် ကလေးငယ်တွေ အလားတူဖြစ်စဉ်မျိုးနဲ့ကြုံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ အမ်းမြို့နယ်တွေအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း အခုလပိုင်းတွေအတွင်း မိုင်ပေါက်ကွဲမှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် ဟင်းရှာသွားကြတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တင်းမာမှုတွေမြင့်တက်လာခဲ့တဲ့အချိန်ကစလို့ အခုလို မိုင်းပေါက်ကွဲမှုတွေနဲ့ ကြုံနေကြရတာလည်းဖြစ်ပါတယ်။