ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အသက်ကလွဲပြီးဘာမှမကျန်တော့ဘူး

  2. ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးက လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာနိုင်

    ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်း ‌မြောက်ပိုင်းအနီးမှာဖြစ်နေတဲ့လေဖိအားနည်း ရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်တယ်လို့ စစ်ကောင်စီလက်အောက် မိုးလေဝသဌာနက ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီလေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၆ နာရီအတွင်း ပိုအားကောင်းလာနိုင်ပြီး လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်နိုင်တယ်လို့လည်းဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ် အော်တို့မှာ မုတ်သုံလေလည်း အားအလွန်ကောင်းနေတယ်လို့ဆိုပါတယ်။

    အဲဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်ထဲကို ဝင်ရောက်မှာဖြစ်ပေမဲ့ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသဌာနကထုတ်ပြန်ပါတယ်။

    ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီစတဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲက အခြေအနေကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်နာရီ မိုင် ၄၀ နှုန်း လေတိုက်ခတ်နိုင်သလို ၉ ပေကနေ ၁၃ ပေကြားအမြင့်ရှိတဲ့လှိုင်း ရိုက်ခတ်နိုင်တယ်လို့လည်းဆိုပါတယ်။

    ဒါ့ပြင် လာမယ့် ၂ ရက်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုနေဦးမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညပိုင်းနဲ့ ၁၇ ရက်မနက်ပိုင်းအထိ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ခဲ့တာကြောင့် နေရာအတော်များများမှာ ရေကြီး ရေလွှမ်းမှု ဖြစ်ခဲ့ပါတယ်။

  3. သံဖြူဇရပ်ရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်၊ နှစ်ဖက်သေဆုံးမှုရှိတယ်လို့သတင်းထွက်ပေါ်

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရဲစခန်းအရှေ့မှာ မနေ့သြဂုတ်လ ၁၇ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့၀င်နှစ်ဦး သေဆုံးပြီး ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သူထဲက တစ်ဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုဟာ သံဖြူဇရပ်ရဲစခန်းအရှေ့မှာ မနေ့ည ၇ နာရီဝန်းကျင်တုန်းက ဖြစ်ပွားခဲ့တာပါ။

    ‘’ရဲစခန်းက မြို့လယ်နားမှာဆိုတော့ သေနတ်သံတွေလည်းကြားရော အားလုံးက ပြေးကြလွှားကြနဲ့။ ရုတ်ရုတ် သဲသဲဖြစ်ကုန်တယ်။ ပစ်ခတ်သံ အချက် ၄၀၊ ၅၀ လောက်ကြားရတယ်။ ရဲ ၂ ယောက် သေတယ်လို့လည်း ကြားတယ်။ လာပစ်တဲ့သူထဲက ၁ ယောက်လည်း သေတယ်လို့ ကြားတယ်’’ ဆိုပြီး ရဲစခန်းအနီးနားမှာ နေထိုင်သူ အချို့က ဘီဘီစီကို ပြောပါတယ်။ ရဲ ၂ ဦးသေဆုံးတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက သံဖြူဇရပ်ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

    နောက်ပြီး ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သူတွေထဲက အမျိုးသားသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

    နိုင်ငံအတွင်း စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ရဲစခန်းလိုနေရာမျိုးကို လာရောက် ပစ်ခတ်တာအခုတစ်ကြိမ်က သံဖြူဇရပ်မှာတော့ ဒါဟာ ပထမဆုံးဖြစ်စဥ်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သံဖြူဇရပ်က အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Thanphyuzayat Watch ဖေ့ဘွတ်ခ် စာမျက်နှာတော့ တော်လှန်ရေးအရှိန်မြင့် ကာလဖြစ်တာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို မသွားဖို့ လူထုကို အသိပေးချက်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

  4.  ရခိုင်မှာ မိုးခေါင်လို့ လယ်ဧက ၅ သောင်းခန့်ပျက်စီး  

  5. ရေလယ်ကျွန်းက ငတရော်ရွာအနီး တိုက်ပွဲဖြစ်ပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခံရ, နယ်မြေစိုးမိုးမှုရဖို့ စစ်ကောင်စီတပ်တွေ အင်အားသုံးစစ်ကြောင်းထိုးနေတယ်လို့ဆို

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသမှာရှိတဲ့ ငတရော်ကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့သြဂုတ် ၁၇ ရက်ကနေ ဒီကနေ့ ၁၈ ရက်အထိ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာ ညပိုင်းမှာ မီးစရှို့ခဲ့တာဖြစ်ပြီး ဘီဘီစီကဆက်သွယ်မေးမြန်းတဲ့ ဒီကနေ့ သြဂုတ် ၁၈ မွန်းလွဲပိုင်းအထိ ကျေးရွာထဲမှာ မီးဆက်ရှို့နေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ‘’မနေ့က တစ်နေကုန်ရှို့တယ်၊ ည ၁၁ နာရီလောက်အထိ မီးတွေတက်နေတာမြင်ရတယ်။ ဒီကနေ့ လည်း ဆက်ရှို့နေတာ အိမ်ခြေ ၃၀၀ လောက်တောင် မီးထဲပါသွားပြီးခန့်မှန်းတယ်။ အခုထိစစ်တပ်ကရွာထဲရှိနေတုန်းပဲ။ အနီးအနားဘေးပတ်ဝန်းကျင်ကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ သြဂုတ် ၁၇ မနက်ပိုင်းမှာတော့ ရေယှားကျေးရွာကနေ ငတရော် ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၈ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ရေစကြို ပကဖက တိုက်ပွဲသတင်းထုတ်ပြန်ထားပါတယ်။

    ရေလယ်ကျွန်းဒေသကို ပြီးခဲ့ တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ကတည်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး မင်းရွာထဲမှာ တပ်စွဲနေထိုင်ပြီး အနီးအနားကကျေးရွာတွေကို လှည့်ပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ဒီလိုစစ်ကြောင်းထိုးရင်း ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်မှာလည်း ရေလယ်ကျွန်းဒေသက လှေခုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာရှိခဲ့ပြီး ဒေသခံအိမ်ခြေ ၁၅၀ လောက်ဆုံးရှုံးခဲ့သလို စစ်တပ်ပြန်ထွက်ချိန် မီးငြှိမ်းဖို့ရွာထဲဝင်ချိန်မှာ သက်ကြီးရွယ်အို နှစ်ဦး မီးလောင်သေဆုံးနေတာတွေ့ရတဲ့အကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။

    ရေလယ်ကျွန်းဒေသမှာတော့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အခြေအနေတွေကြောင့် ဒေသခံ ၃၀၀၀ လောက်ဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေအားကောင်းခဲ့သလို ဒေသကာကွယ်ရေး တပ်တွေ ကြီးစိုးမှုအားကောင်းခဲ့တဲ့ ရေစကြိုနယ်ကိုတော့ စစ်ကောင်စီက နယ်မြေစိုးမိုးမှုရဖို့ ပြန်လုပ်ဆောင်နေတဲ့ ပုံစံနဲ့ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ပထဝီအနေအထားရဆက်စပ်နေတဲ့ မန္တလေးတိုင်းမြင်းခြံမြို့နယ်အတွင်းမှာ ခြေကုတ်ယူနိုင်မှုအားကောင်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေကြီးစိုးမှုအားကောင်းတဲ့ ရေစကြိုရေလယ်ကျွန်းဒေသကိုလည်း နယ်မြေစိုးမိုးမှုရအောင်ပြန်လုပ်ဆောင်နေတာဖြစ်တယ်လို့ ရေစကြိုဒေသကာကွယ်ရေးတပ်တွေဘက်ကသုံးသပ်ပြောဆိုပါတယ်

  6. စစ်တပ်ရဲ့နှိမ်နင်းမှုတွေကို စိုးရိမ်တဲ့အကြောင်း ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်မောင်ဘို ပြော

    နိုင်ငံအတွင်းမှာ စစ်တပ်ရဲ့ နှိမ်နင်းဖြိုခွင်းမှုလုပ်ရပ်တွေကို စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံကတ်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ် မောင်ဘိုက ပြောလာပါတယ်။ သြစတေးလျနိုင်ငံကို သွားရောက်တဲ့ ခရီးစဥ်မှာ ဆရာတော်က အခုလိုပြောလိုက်တာဆိုပြီး ဗာတီကန်သတင်းဌာနက သတင်းဖော်ပြပါတယ်။

    နိုင်ငံအတွင်းက လက်ရှိအခြေအနေဟာ အရမ်းကို ရှုပ်ထွေးနေပြီး ခန့်မှန်းမရတဲ့အခြေအနေလည်း ဖြစ်နေတယ်လို့ သူက ပြောတယ်လို့ ဆိုပါတယ်။

    ‘’သူတို့(စစ်တပ်)ဟာ တစ်နိုင်ငံလုံးကို အကြောက်တရားစွက်အောင် လုပ်‌နေတယ်’’ဆိုပြီး ဆရာတော်ကပြောထားတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ ဒါ့ပြင် စစ်တပ်က ဟာ အခုနှစ်ကုန်ပိုင်းမှာ အရာအားလုံးငြိမ်သက်သွားစေဖို့ မှန်းထားပြီး လက်ရှိစစ်တပ်က လုပ်နေတဲ့ ရက်စက်မှုတွေနဲ့ ခြိမ်းခြောက်မှုကြောင့် ဘယ်ခုခံမှုမှ ရှိတော့မှာမဟုတ်ပါဘူး’’လို့လည်း သူက ပြောပါတယ်။

    လက်ရှိမှာ ကျေးရွာတွေ မီးရှို့ခံရတာ၊ နောက် လက်ရှိနိုင်ငံ့လူဦးရေ တဝက်နီးပါး ဆင်းရဲမွဲတေမှုကြုံနေရပြီး အဲဒီထဲက ၈ သန်းနီးပါးဟာ အရေးပေါ် အကူအညီလိုနေတာအပြင် ရွှေ့ပြောင်းနေထိုင်နေရသူသန်းနဲ့ချီရှိနေတာကိုလည်း ကာဒီနယ်ဘိုက ပြောထားပါတယ်။

    ကာဒီနယ်ဘိုဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ ဘက်အားလုံးတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အရင်တုန်းကလည်း တောင်းဆိုထားပါတယ်။

    ဒါပေမဲ့ ကာဒီနယ်ဘိုဟာ ပြီးခဲ့တဲ့နှစ် ခရစ္စမတ်ကာလမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီး ခရစ္စမတ်ကိတ်ကို အတူခွဲခဲ့တာကြောင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပါတယ်။

  7. ဖရူဆိုမြို့နယ်ဆိုလျားကူးရွာ မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်, စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုရှိတယ်လို့ထုတ်ပြန်

    ကယားပြည်နယ်ထဲက ဖရူဆိုမြို့နယ်မှာရှိတဲ့ ဆိုလျားကူးရွာမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့၊ ဒေသကာကွယ်‌ရေးပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကနေ ၁၆ရက်နေ့အတွင်း သုံးရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာတော့ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinper နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး Sinper အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတယ်လို့ ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့မှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

    ဖရူဆိုမြို့နယ်အတွင်းမှာတော့ အခုသြဂုတ်လ ပထမပတ်ကစလို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိတဲ့အကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းတွေဆက်တိုက်ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဖရူဆိုမြို့နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိ‌သေးပါဘူး။

  8. ကနီနယ်က ကင်းရွာကြီးကို စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်, စစ်တပ်ဝင်ချိန် ထွက်ပြေးတဲ့ သက်ကြီးပိုင်းတစ်ဦး အမောဖောက်သေဆုံး

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကင်းစံပြကျေးရွာကို စစ်ကောင်စီတပ်က မနေ့ သြဂုတ် ၁၈ ရက်နေ့တုန်းက ရဟတ်ယာဥ် ၄ စီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းကို စစ်တပ်ဝင်ချိန်မှာထွက်ပြေးတဲ့ သက်ကြီးပိုင်း အမျိုးသား တစ်ဦး အမောဖောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    စစ်ကောင်စီတပ် ဝင်ရောက်ချိန် ပစ်ခတ်မှုတွေကြောင့် နောက်ထပ် အရပ်သားတစ်ဦးလည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့၀င် အယောက် ၄၀ ခန့်ဟာ ရွာကို ဝိုင်းပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပေမဲ့ ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ချင်းတွင်မြစ် အနောက်ဘက်ကမ်းမှာ ကင်းရွာရဲ့ ဒီကနေ့ သြဂုတ် ၁၈ ရက် အခြေအနေကို သိရဖို့ ဘီဘီစီက ဆက်သွယ်ကြိုးစားနေပေမဲ့ ကနီမြို့နယ်ထဲမှာ စစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်ရဖို့ ခက်နေပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကင်းကျေးရွာအုပ်စုနဲ့ဆက်နေတဲ့ မင်းကင်းနယ်ထဲက သင်တောကျေးရွာထဲကို ဝင်ရောက်နေတယ်လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ‘’ကင်းရွာအုပ်စုထဲက သင်တောကို ရေတပ်သင်္ဘော သုံးစီး မနေ့က ကပ်တယ်။ ရွာဦးဘုန်းကြီးကျောင်းမှာ ဒေသခံတွေ စုထားတဲ့ ရိက္ခာတွေကို သယ်ယူနေတယ်လို့လည်းကြားတယ်။ သူတို့လာရင် ပျက်စီးဆုံးရှုံးမှာ စိုးလို့ ရွာသားတွေက ဘုန်းကြီးကျောင်းထဲမှာ ရိက္ခာပစ္စည်းတွေ စုထားကြတာပါ။ အခု ကင်းအုပ်စုထဲက ရွာတွေ အကုန် ကားလမ်းနဲ့အဝေး တောထဲကို ပြေးနေကြရပြီ။ မနက်အစောတည်းက ချက်ပြီး ပြုတ်ပြီး ပြေးကြတာ။ ဖုန်းလိုင်းပြတ်နေတော့ နောက်ဆုံးအခြေအနေ မသိရသေးပါဘူး’’ လို့ စစ်ရှောင်တွေ အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

    ကင်းရွာကို စစ်ကောင်စီတပ်တွေ ဘာကြောင့် ဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ စစ်ကောင်စီတပ်ဟာ မင်းကင်းနယ်ထဲ ရောက်နေတဲ့ စစ်သင်္ဘောတွေကို ကာကွယ်ဖို့၊ နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်လေ့ရှိတဲ့ မွေတောင်အနီးက ကင်းရွာကို နယ်မြေရှင်းလင်းတဲ့အနေနဲ့ ဝင်ရောက်တာဖြစ်နိုင်တယ်လို့ နယ်မြေခံဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ထားပါတယ်။

  9. ပေါက်မြို့နယ်အတွင်း ရွာနှစ်ရွာက ဒေသခံနေအိမ် ၇၀ နီးပါးနဲ့ စာသင်ကျောင်းမီးရှို့ခံရ, ရွာအနီးစစ်ကြောင်းထိုးနေလို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေအကူအညီမရ

    မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ထဲက အထက်ချိုင်ဇောက်ကျေးရွာနဲ့ အောက်ချိုင်ဇောက်ကျေးရွာတွေကို မနေ့ သြဂုတ် ၁၇ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်နဲ့ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကစပြီး ကျေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ရွာအတွင်း တစ်ညတာ တပ်စွဲနေထိုင်ပြီးနောက် ရွာကပြန်ထွက်တဲ့ မနေ့သြဂုတ် ၁၇ ရက်နေ့မှာ နေအိမ်တွေကိုမီးရှို့သွားတာဖြစ်တယ်လို့ဆိုပါတယ်။

    ဒီအခြေအနေတွေကြောင့် အထက်ချိုင်ဇောက်ကျေးရွာထဲမှာ ဒေသခံနေအိမ် ၆၅ အိမ်နဲ့ အောက်ချိုင်ဇောက်ရွာထဲမှာ အိမ်ခြေ ၆ အိမ်နဲ့ စာသင်ကျောင်းတစ်ကျောင်းကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရွာအနီးစစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေဟာလည်း ဒီကနေ့ အထိနေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    "စစ်တပ်က ပစ်ခတ်ဝင်လာတာနဲ့အကုန်လုံးကပြေးကြရတာပဲ။ ဒီကနေ့အထိလည်း ရွာပြန်မကပ်ရဲသေးဘူး။ ဘေးလွတ်ရာ တောတွေထဲပဲနေရတယ်။ မိုးတွင်းဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒုက္ခတွေလည်းများတယ်။ ရွာအနီးမှာ စစ်ကြောင်းထိုးနေဆဲဆိုတော့ ဘယ်ကမှအကူအညီလည်းရောက်မလာသေးဘူး" လို့ ချိုင်ဇောက်ဒေသခံက ဘီဘီစီကိုပြောပါတယ်။

    မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲတွေရှိနေသလို ဒေသကာကွယ်ရေးတပ်ဘက်က ပြောက်ကျားတိုက်ခိုက်မှုတွေရှိနေပြီး နှစ်ဖက်အကျအဆုံးတွေရှိနေတာကိုလည်း ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    တိုက်ပွဲတွေနဲ့ ဒေသခံနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေရှိနေပေမဲ့ စစ်ကောင်စီဘက်က မြိုင်နဲ့ ပေါက် ဒေသကတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  10. စစ်ကောင်စီရဲ့ သေဒဏ်ကို ထောင်တွင်းဆန့်ကျင်နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ မျက်ကွယ်ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်ခံနေရ

    ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အထင်ကရနိုင်ငံရေးသမားနှစ်ဦးနဲ့ အရပ်သားနှစ်ဦးကိုစစ်ကောင်စီက သေဒဏ်ချမှတ်တဲ့ကြေညာချက်အပြီး အကျဥ်းထောင်တွေထဲမှာနိုင်ငံရေးအကျဥ်းသားတွေက သေဒဏ်ကိုဆန့်ကျင်ပြီး အစာငတ်ခံဆန္ဒပြတာတွေလုပ်ခဲ့ ထောင်တွင်းသတင်းတွေအရသိရပါတယ်။

    ဒီလို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်တွင်းတိုက်ပိတ်တာတွေနဲ့ရိုက်နှက်ခံရပြီး ‌ဆေးကုသခွင့်တွေမရတဲ့ အခြေအနေတွေကိုလည်း ထောင်တွင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုဆက်သွယ်ပြောပြကြသလိုသက်ဆိုင်ရာ နိုင်ကျဥ်းတွေရဲ့ ပင်မအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ကြပါတယ်။

    ဒီထဲကမှ မန္တလေးအိုးဘိုထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြပြီး ရိုက်နှက်ဒဏ်ရာတွေနဲ့ဆေးကုသခွင့်မရတဲ့ အခြေအနေဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ထားတဲ့ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ကိုနောင်ထက်အောင်နဲ့အခြေခံပညာသပိတ်ကော်မတီက ဆရာနိုင်းသီဟကျော်တို့ကို ရုံးထုတ်စစ်ဆေးတာမလုပ်ဘဲ ပုဒ်မ ၅၀၅(က)နဲ့ သြဂုတ်လ ၁၁ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်ထားပါတယ်။

    အခြေခံပညာသပိတ်ကော်မတီက ဆရာနိုင်းသီဟကျော်ကိုတော့ မနေ့သြဂုတ် ၁၇ ရက်မှာပုဒ်မ ၅၂(က)နဲ့ မျက်ကွယ်ထောင်ဒဏ်ထပ်မံချမှတ်လိုက်တယ်လို့ ဒီကနေ့ သြဂုတ်လ ၁၈မှာအခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ထုတ်ပြန်လာပါတယ်။

    ဒါကြောင့် အခြေခံပညာသပိတ်ကော်မတီက ဆရာနိုင်းသီဟကျော်ဟာဆိုရင် ရုံးထုတ်စစ်ဆေးတာမရှိဘဲမျက်ကွယ်ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

    ‘’ဆရာ နိုင်းသီဟကျော်လက်ရှိရင်ဆိုင်နေရတာလည်း အဲဒီပုဒ်မနှစ်ခုဖြစ်တဲ့ ပုဒ်မ ၅၂(က)နဲ့ ၅၀၅(က)ပါပဲ။ အဲဒီနှစ်ခုလုံးကို တရားရုံးထုတ်စစ်ဆေးတာမရှိဘဲ ထောင်ဒဏ်တွေချလိုက်တာပါ။ဆရာနိုင်းသီဟကျော်ဟာလည်း စစ်ကောင်စီရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုမရှိတဲ့သေဒဏ်စီရင်မှုနဲ့ပတ်သက်ပြီး သပိတ်မှောက်ထားတဲ့အတွက် တခြားအကျဥ်းသားတွေနဲ့တွေ့ခွင့်မရတာ၊ ရှေ့နေတွေနဲ့ ပေးမတွေ့ပဲ မျက်ကွယ်အမိန့်ချမှတ်ခံထားရပြီး တိုက်ပိတ်ခံရတဲ့အခြေအနေဖြစ်နေတာကိုလည်း ကြားသိထားရပါတယ်” လို့အခြေခံပညာသပိတ်ကော်မတီကတာဝန်ရှိသူက ပြောပါတယ်။

    ရန်ကုန်အင်းစိန်အကျဥ်းထောင်နဲ့ မန္တလေးအိုးဘိုထောင်အပါအဝင် နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲမှာ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ဆန့်ကျင်တဲ့ထောင်တွင်းလှုပ်ရှားမှုတွေ သပိတ်မှောက်တာတွေဖြစ်ခဲ့ပြီးဒီနောက်ပိုင်းမှာလည်း အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေကိုပိုပြီး ဖိနှိပ်မှုတွေလုပ်လာတဲ့အကြောင်း ပြောဆိုချက်တွေကိုလည်းထောင်တွင်းအရင်းအမြစ်တွေကတဆင့် ဘီဘီစီကလက်ခံရရှိထားပါတယ်။

    လက်ရှိမှာလည်း ထောင်တွင်း ဆန္ဒထုတ်ဖော်နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုမျက်ကွယ်ထောင်ဒဏ်တွေဆက်တိုက်ချမှတ်နေပေမယ့် အကျဥ်းထောင်တွင်း ဖိနှိပ်မှုတွေမရှိဘူးလို့ ထောင်အာဏာပိုင်တွေက ဘီဘီစီရဲ့ မေးမြန်းချက်တွေကို တုံ့ပြန်နေပါတယ်။

    အကျဥ်းထောင်တွေထဲက ဖိနှိပ်မှုတွေနဲ့ ဆန္ဒထုတ်ဖော်နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာအထိအသံထွက်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကအသံကျယ်ကျယ်လောင်လောင်ထွက်ပေးဖို့လိုတယ်လို့ လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။

  11. ကော့ကရိတ် ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့၀င်တွေနာရေးကို လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီပြုလုပ်, ကော့ကရိတ်မြို့တွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူထား၊ ဧည့်စာရင်းစစ်ဆေးတာတွေလည်းရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ ကော့ကရိတ်မြို့ ရဲစခန်း နှစ်ခုကို ပြီးခဲ့တဲ့ သြဂုတ် ၁၅ရက် က KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ် ရဲတပ်ဖွဲ့ မှူး တစ်ဦးအပါအဝင် ၆ ဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင် တစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကြောင်း လူမှုကွန်ရက်ကိုပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ကြေးနန်းတွေအရ သိရပါတယ်။ အဲဒီဖြစ်စဥ်မှာသေဆုံးခဲ့တဲ့အထဲက ရဲမှူးရဲ့နာရေးကိုမနေ့ သြဂုတ် ၁၇ ရက်မှာ ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ သေဆုံးသူတွေရဲ့နာရေးကို ဒီနေ့သြဂုတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီရဲမှူးဖြစ်သူရဲ့နာရေးအခမ်းအနားကို စစ်ကောင်စီဘက် စကခ ၁၂ က တပ်မှူး လာရောက်ချိန် တင့်ကားတွေနဲ့ မြို့တွင်းမှာနေရာချထားတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲစခန်းနှစ်ခုနဲ့ ဘန်ကာတစ်ခု တိုက်ခိုက်မှုအပြီးမှာ မနေ့ သြဂုတ် ၁၇ ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်တွေထဲ ပစ်ခတ်ခြောက်လှန့်တာတွေရှိခဲ့ပြီး ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့သလို အဲဒီလိုစစ်ဆေးရာမှာ အနည်းဆုံး လူ ၄ ဦး ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ သြဂုတ် ၁၈ ရက်မနက်ပိုင်းမှာ ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ ဆက်လက်ထွက်ခွာလာနေတယ်လို့သိရကြောင်း ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်က ကော့ကရိတ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ အထိအခိုက်အကျအဆုံးကိုဖော်ပြထားခြင်းမရှိပါဘူး။

    "မနေ့ က ညနေပိုင်း သူတို့ ရဲတွေသေတာကို သင်္ဂြိုဟ်ဖို့ ခနိမ်းမူ သင်္ချိုင်း ဘက်ရော မြို့ထဲ ရပ်ကွက်တွေ ဘက်ရော လုံခြုံရေး ချထားတယ်။ မြို့ထဲမှာလည်း သံချပ်ကာအမြောက်ကားနှစ်စီး ၊ စက်သေနတ်တင့်ကား တစ်စီး၊ စစ်ကားရဲ ကားတွေနဲ့ အင်အား ၁၀၀ ကျော် ကင်းပတ်နေတယ်၊ ညနေကြတော့ ရွာသစ်ကုန်းဘက်မှာ တိုက်ပွဲ ဖြစ်သံ ကြားတယ်။ ညဘက်ကြတော့ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဧည်စာရင်း ရပ်ကွက် အစုံ စစ်တာမှာ အောက်ရွာ ကွက်သစ် ပိုင်းနဲ့ မြို့ထဲ ရပ်ကွက် ပိုင်းမှာ လူ ၄ ယောက် ဖမ်းသွားတယ် လို့ သိရ တယ် ဟု ကော့ကရိတ် မြို့ခံ ကပြောပါတယ်။

  12. ဖမ်းဆီးထိန်းသိမ်းထားတဲ့ကလေးတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလကိုယ်စားလှယ်တောင်းဆို, ရှောင်တာနယ်ကို လွှတ်ပေးဖို့ သြစတေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ကိုလည်း အသိပေး

    မြန်မာပြည်တွင်းက အကျဉ်းထောင်တွေနဲ့ တခြားနေရာတွေမှာထိန်းသိမ်းထားတဲ့ကလေးတွေအားလုံးကို လွှတ်ပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌကို ကိုယ်တိုင်တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌနဲ့ မနေ့ သြဂုတ် ၁၇ ရက်နေ့တုန်းက နေပြည်တော်မှာတွေ့ဆုံချိန် အခုလိုတောင်းဆိုခဲ့တာလို့ အထူးကိုယ်စားလှယ်ရုံးကနေ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    ဖမ်းဆီးထိန်းသိမ်းထားသူတွေအရေးနဲ့ပတ်သက်ပြီး သြစတေးလျစီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်ကို လွှတ်ပေးဖို့ သြစတေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ကိုလည်း အသိပေးခဲ့တဲ့အကြောင်းကိုလည်း သူကပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက အာဏာသိမ်းဆန့်ကျင်သူတွေကို ဖမ်းဆီးမှုလုပ်တဲ့အခါ အလိုရှိတဲ့ မိဘတွေကို မတွေ့ရင် ကလေးငယ်တွေကို ဓားစာခံအသွင်ဖမ်းဆီးတာ၊ နောက် မိခင်အဖမ်းခံရတဲ့အခါ စောင့်ရှောက်သူမရှိလို့ ကလေးငယ်က မိခင်နဲ့အတူ ထိန်းသိမ်းခံရတဲ့ ဖြစ်စဥ်တွေ ရှိထားပါတယ်။

    လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၂ ဦးလည်း ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြောထားပါတယ်။

    အဲဒီကလေးနှစ်ဦးကိုတော့ အခုအခါ ကလေးသူငယ်တရားရုံးကိုပြန်လည်လွှဲပြောင်းပေးထားပြီး အမှုရင်ဆိုင်ဆဲအခြေအနေမှာ ရှိနေတယ်လို့သိရကြောင်း AAPP က ထပ်မံဖော်ပြထားတာလည်းတွေ့ရပါတယ်။

  13. ရိုဟင်ဂျာတွေ နေရပ်ပြန်ရမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော

    ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း က ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ရိုဟင်ဂျာတွေဟာ နေရပ်ဖြစ်တဲ့မြန်မာနိုင်ငံကို ပြန်ရမယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က ပြောလာပါတယ်။

    ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ရှဲ ဘာချလက်နဲ့ မနေ့တုန်းက ဒါကာမြို့မှာ တွေ့ဆုံချိန် အခုလို ပြောလိုက်တာလို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

    ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဟာ မြန်မာနိုင်ငံနဲ့နယ်စပ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ကောက်ဘဇား ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီးဖြစ်ပါတယ်။ ''ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်လို့ သူတို့ကို ပြန်ခေါ်ရပါမယ်''ဆိုပြီး ဝန်ကြီးချုပ်ကပြောထားတယ်လို့ ဝန်ကြီးချုပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောလာတာဖြစ်ပါတယ်။

    စစ်တပ်က ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

    ''လက်ရှိမှာ နယ်စပ်တစ်လျှောက်အခြေအနေတွေက နေရပ်ပြန်သင့်တဲ့အခြေအနေ မဟုတ်ပြန်ဘူး'' လို့ ဘာချလက်က ဒါကာမြို့မှာပြုလုကပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းဖြစ်တာ ၅ နှစ်နီးပါးကြာလာတဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံထဲမှာ ဒုက္ခသည်ဦးရေပမာဏများနေတဲ့အပေါ် ထုတ်ဖော်ပြောဆိုလာတာတွေရှိလာပါတယ်။ စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ စီစဥ်နေပါတယ်။

    ပြန်လည်လက်ခံရေးအစီအစဥ်ကို အခုလကုန်ပိုင်းမှာ ပြန်စဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ပြောပေမဲ့ ဒုက္ခသည် ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ တစ်ဖက်နိုင်ငံက လွှဲပြောင်းပေးပို့တဲ့အပေါ် မူတည်တယ်လို့ ပြည်နယ်ကောင်စီဘက်က ပြောထားပါတယ်။

  14. မန္တလေးမှာ မြို့ပြပြောက်ကျားတွေ ဆက်တိုက်ဖမ်းဆီးခံရပေမဲ့ တိုက်ခိုက်မှုတွေဆက်လုပ်နေကြောင်း ထုတ်ပြန်လာ

    ပြီးခဲ့တဲ့ သြဂုတ်လထဲမှာပဲ မန္တလေးမြို့မှာ မြို့ပြပြောက်ကျားအဖွဲ့၀င်တွေဆက်တိုက်ဖမ်းဆီးခံခဲ့ရပြီးနောက် သေဆုံးသူတွေလည်းရှိတဲ့အကြောင်း မန္တလေးက မြို့ပြ ပြောက်ကျားတွေက ထုတ်ပြန်ထားပါတယ်။

    သြဂုတ် ၁ ရက်နေ့မှာတော့ မန္တလေးမြို့က မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Return Ranger Force- M.R.R.F အဖွဲ့က ခေါင်းဆောင်ဗိုလ်အောင်မြေအပါအဝင် လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက မန္တလေးမြို့၊ မြောက်ပြင်ရပ်ကွက်နေအိမ်တစ်ခုကနေဖမ်းဆီးသွားခဲ့တဲ့အကြောင်းကိုလည်း မန္တလေးကတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားခဲ့ပါတယ်။

    အဲဒီလို ဖမ်းဆီးသွားပြီးနောက်ပိုင်း မှာတော့ Myanmar Return Ranger Force ကအဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို အမြန်လမ်းတစ်နေရာမှာတွေ့ရတဲ့အကြောင်းစစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်နေတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာလည်း ဓါတ်ပုံတွေထုတ်ပြန်ထားပါတယ်။

    မြို့ပြပြောက်ကျားတွေဘက်ကတော့ဖမ်းဆီးခံရပြီးနောက်သေဆုံးတဲ့ မြို့ပြပြောက်ကျားအဖွဲ့ ဝင် ၃ ဦးဖြစ်တယ်လို့ထုတ်ပြန်ကြပါတယ်။

    အဲဒီနောက်မှာပဲ မန္တလေးမြို့ကမြို့ပြပြောက်ကျားတွေ သြဂုတ်လအတွင်းမှာ ဆက်တိုက်ဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိနိုင်ကြောင်းကိုလည်း မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    အခုလိုဆက်တိုက်ဖမ်းဆီးမှုတွေနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှုတွေရှိနေတဲ့ မန္တလေးမြို့မှာတော့မနေ့ သြဂုတ် ၁၇ ရက်ညပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ် ၅ ရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗုံးနဲ့တိုက်ခိုက်မှုလုပ်ခဲ့တဲ့အကြောင်း မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Kings cobra guerilla forceက ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်လာပါတယ်။

    ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး မစိုးရိမ်ရ ဒဏ်ရရခဲ့ပြီး မြို့ပြပြောက်ကျားတွေအထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာလာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

    "မန္တလေးမှာ မြို့ပြပြောက်ကျားတွေဆက်တိုက်ဖမ်းဆီးခံနေရတာဟုတ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက်ဆက်တွဲတွေလည်း ဘာမှမသိရသေးပါဘူး။ အခုလုပ်တဲ့နေရာကတော့ ကျဆုံးသွားတဲ့ ဗိုလ်‌အောင်မြေတို့ရှိကတည်းက အကြိမ်ကြိမ်လုပ်ဖို့ စီစဥ်ထားတဲ့နေရာပါ။ ပြည်သူတွေရှုပ်ထွေးနေလို့ လက်လွှတ်ခဲ့တာ။ အခုလုပ်ဆောင်ချက်ကတော့ ကျဆုံးသွားတဲ့ ဗိုလ်အောင်မြေ၊ ကိုရိူင်းနဲ့ ကိုတက်သစ်စတို့အတွက် ရယ်ရွယ်ပြီး သူတို့ဆန္ဒကိုဖြည့်ဆည်းပေးတာပါ’’ လို့ Kings cobra guerilla force အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမြို့မှာ ဖမ်းဆီးခံရတဲ့ မြို့ပြပြောက်ကျား အယောက် ၁၀၀ ထက်မနည်းရှိနေပြီး မြေပြင်မှာ လှုပ်ရှားတဲ့ သပိတ်အဖွဲ့တွေဖမ်းဆီးခံရမှုလည်း ဆယ်ချီရှိနေခဲ့တာဖြစ်တယ်လို့ မန္တလေးက တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီက မန္တလေးမြို့တွင်းမှာ စစ်ဆေးတင်းကျပ်နေတဲ့အပြင် မြို့အဝင်အထွက်တွေမှာလည်း CCTV တွေတပ်ဆင်ပြီး ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတယ်လို့ လည်း သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ မန္တလေးမြို့က မြို့ပြပြောက်ကျားတွေကိုဖမ်းဆီးမှုနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးတဲ့ဖြစ်စဥ်တွေအပေါ် သတင်းထုတ်ပြန်လာတာမရှိပါဘူး။

  15. ကုလရဲ့ ထိတွေ့ဆက်ဆံမှုက တရားဝင်မှု ပေးတာမဟုတ်ဘူးလို့ဆို

    စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကုလရဲ့ ထိတွေ့ဆက်ဆံမှုဟာ ဘယ်လို တရားဝင်မှုကိုမှ ပေးတာမဟုတ်ဘူးလို့ ကုလဘက်က ထုတ်ပြန်ခဲ့ပါတယ်။

    မနှစ်က ရာထူးရယူပြီး အခုမှ မြန်မာနိုင်ငံကို လာရောက်နိုင်ခဲ့တဲ့ မစ္စနိုလင်းဟေဇာရဲ့ ခရီးစဥ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ရုံးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    သူရဲ့ ဒီခရီးစဥ်က အကြမ်းဖက်မှုလျှော့ချရေးအပါအဝင် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေးစတာတွေကို လူချင်းတွေ့ဆုံ ပြောကြားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီတွေ့ဆုံမှုမှာ ဒီမိုကရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှုတွေကို ဆိုင်းငံ့ထားဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကိုလည်း တောင်းဆိုခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    စစ်ကောင်စီကတော့ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို တရားစီရင်ဆဲပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    စစ်ကောင်စီဘက်က ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ဆိုပြီး တခြားဆွေးနွေးချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

  16. ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ခေါင်းဆောင်နဲ့တွေ့

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဒီရာထူး စတင်ယူပြီးနောက် မြန်မာနိုင်ငံကို အခုမှ ပထမဆုံး လာရောက်နိုင်တာဖြစ်ပါတယ်။

    ဒီတွေ့ဆုံမှုမှာ မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ဆိုပြီး တခြားဆွေးနွေးချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

    သူဟာ ဒီကနေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အထူးကိုယ်စားလှယ်ဟာ နိုင်ငံရေးအဝန်းအဝိုင်းက ပါဝင်ပတ်သက်သူအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်းတွေ အားလုံးနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ မနေ့က ကုလ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အာဆီယံအထူးသံတမန်အပါအဝင် မြန်မာ့အရေး ဖြေရှင်းရေးမှာ ပါဝင်သူတွေကို တရားစီရင်ဆဲသူတွေနဲ့ တွေဆုံခွင့်မပေးဘူးဆိုတဲ့ မူကိုစွဲကိုင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုတွေကို ငြင်းဆန်ထားပါတယ်။

    အထူးကိုယ်စားလှယ်ရဲ့အခုခရီးစဥ်ကို စစ်ကောင်စီဘက်က လိုရာစွဲသုံးတာမျိုး မဖြစ်အောင် သတိထားသင့်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

    • အားလုံးနဲ့တိုင်ပင်ပြီးမှလာတယ်ဆိုတဲ့ နော်လင်းဟေဇာ အားလုံးနဲ့တွေ့ခွင့်ရမှာလား
  17. လောင်စာဆီ အကျပ်အတည်း ဘယ်ထိ ဦးတည်နေလဲ

  18. ရာစုနှစ်ဝက်ကျော်အတွင်း မိုးရေချိန် စံချိန်သစ်ကိုရောက်ခဲ့တဲ့ရန်ကုန်

    ရန်ကုန်မြို့မှာ မနေ့ကနေ ဒီကနေ့မနက်ပိုင်းအထိ ‌အဆက်မပြတ်ရွာခဲ့တဲ့ မိုးကြောင့် နေရာအတော်များများမှာ ‌ရုတ်တရက်ရေကြီး ရေလျှံတာတွေရှိခဲ့ပါတယ်။

    အင်းစိန်၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ကမာရွတ် စတဲ့မြို့နယ်တွေမှာ လမ်းမပေါ်တွေသာမက၊ နေအိမ်တွေအထဲထိ ရေဝင်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    မင်္ဂလာဒုံမြို့နယ်ထဲမှာဆိုရင် ရေကြီး ရေလျှံလို့အခက်တွေ့နေသူတွေကို ကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ပေးခဲ့ရတဲ့အထိ ရှိခဲ့ပါတယ်။

    မိုးလေဝသဌာနကတော့ ရန်ကုန်မြို့က မိုးရေချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်အသစ်တင်တယ်လို့ သိရပါတယ်။

    မိုးသည်းရေကြီးမှုတွေနဲ့ရန်ကုန်က မြင်ကွင်းတွေကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

  19. မန္တလေးကျောက်ဝိုင်းက အဖမ်းခံရသူ ၁၀ ယောက်ကို ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချ

    we chat နဲ့ ကျောက်အရောင်းအဝယ်လုပ်လို့ ဆိုပြီး မန္တလေး မဟာအောင်မြေနဲ့ အောင်မြေသာဇံ မြို့နယ်ထဲ ကနေ ဖမ်းဆီးခံခဲ့ရသူတွေထဲက အနည်းဆုံး ၁၀ ယောက်ကို ကျောက်လက်ဝယ်တွေ့ရှိမှုပုဒ်မနဲ့ အိုးဘိုထောင်တွင်း အထူးတရားရုံးက ဩဂုတ်(၁၁)ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်ခွဲစီ အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

    အဖမ်းခံရတုန်းက တရုတ်နိုင်ငံသားတွေ ပါဝင်ပေမဲ့ အခုထောင်ဒဏ်အမိန့်ချခံရသူတွေက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။

    ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ်မလုပ်ဘဲ အွန်လိုင်းကတဆင့် we chat နဲ့အရောင်းအဝယ်လုပ်လို့ဆိုပြီး မဟာအောင်မြေနဲ့ အောင်မြေသာဇံ မြို့နယ်တွေမှာရှိတဲ့ ကျောက်လုပ်ငန်းကုမ္ပဏီတွေက လူလေးရာကျော်ကို စစ်‌ကောင်စီဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့တာပါ။

    အဲ့ဒီထဲက ကျောက်မျက် လက်ဝယ်တွေ့ရှိသူ နှစ်ရာကျော်ကို မြို့နယ် နှစ်ခုခွဲပြီး စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။ တရားရင်ဆိုင်နေရ သူတွေထဲ တရုတ်လူမျိုး တစ်ရာလောက်လည်း ပါဝင်ပေမဲ့ အဲဒီထဲက တရုတ်လူမျိုးအများစုကတော့ ဧပြီလကတည်းက အာမခံနဲ့ ပြန်လည်လွှတ်မြောက်ခဲ့တာတွေ လည်းရှိနေပါတယ်။

    မြန်မာနိုင်ငံသားကျောက်လုပ်ငန်းရှင်တွေအပါအဝင် ဖမ်းခံရသူ မြန်မာနိုင်ငံသား တစ်ရာကျော်နဲ့ တရုတ် နိုင်ငံသားအချို့ လည်း အာမခံလျှောက်ထား ခဲ့ကြပေမယ့် စစ်ဆေးတဲ့ တရားရုံးတွေက အာမခံခွင့်ပြုကာ ပြန်လွှတ်ပေးတာမျိုး မရှိဘဲ ဖမ်းဆီးထိန်းသိမ်းပြီး အမှုစွဲဆိုကာ စစ်ဆေးနိုင်ရေးလုပ်ဆောင်ခဲ့တာလို့လည်း သူတို့ရဲ့ မိသားစုဝင် တွေက သိရပါတယ်။

    တချို့အဖမ်းခံရသူတွေမှာလည်း လချီကြာနေတာကြောင့် မိသားစုဝင်တွေမှာ အခက်ခဲဖြစ်နေကြရပါတယ်။

    အဖမ်းခံရသူတစ်ယောက်ရဲ့ အမျိုးသမီးက “ ဖမ်းခံရကတည်းက မိသားစုနဲ့တွေ့ခွင့်မရဘူး။ သက်သေခေါ်တွေ့တဲ့အဆင့်ကို မရောက်သေးဘူး။ အခုအမိန့်ချခံရသူတွေကတစ်နှစ် ခြောက်လ၊ ပွဲစားအနေနဲ့ ျပေါ့နော်။ အခုတော့ ထောင်ဝင်စာပို့တာရော၊ ကလေးအတွက်နဲ့ ကျမအိမ်အသုံးစရိတ်အတွက်ရော ခက်ခဲတာပေါ့“ လို့ ပြောပါတယ်။

    မန္တလေးမြို့ မြို့နယ်နှစ်ခုက ကျောက်မျက်အရောင်းဝယ်လုပ်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရတုန်းက ကျောက်တန်းဖိုးနဲ့ ငွေကြေးတွေဟာ ကျပ်သိန်းပေါင်း သောင်းချီရှိတယ်လို့ ဒေသခံကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

    ဒါပေမယ့် အဲ့ဒီ ကျောက်စိမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖုန်း၊ မော်တော်ယာဉ်နဲ့ ငွေကြေးတွေကို ပြန်လည်ထုတ်ယူလို့ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

  20. အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်ခ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

    ဖေ့ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေခဲ့ပေမဲ့ VPN ကျော်ပြီး သုံးစွဲနေတာမျိုးကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဆိုရှယ်ပလက်ဖောင်းအသစ်တစ်ခုကို ဖန်တီးဖို့ လုပ်တာလို့လည်း သူကပြောပါတယ်။

    မြန်မာပြည်တွင်း ဖေ့ဘွတ်ခ်ဟာ အမျိုးသားရေးစရိုက်လက္ခဏာအပေါ်မှာရော၊ ယဥ်ကျေးမှုအပေါ်မှာရော တော်တော်လေးလွှမ်းမိုးမှုရှိတာ၊ နောက် စံနှုန်းနဲ့ မကိုက်တာတွေကို ပယ်ဖျက်နေတယ်လို့ဆိုပေမဲ့ အမျိုးဘာသာ၊ သာသနာနဲ့ ဆက်နွှယ်တွေတာဆိုရင် ဖယ်ရှားခံနေရတုန်းဖြစ်တယ်လို့ သူက ပြောပါတယ်။

    ရုရှားနိုင်ငံမှာပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်သွားရောက်ယှဥ်ပြိုင်တဲ့အဖွဲ့ ဆုရတဲ့အခါ နိုင်ငံတော်သီချင်းဖွင့်ပြီး ဂုဏ်ပြုခံရတဲ့ရုပ်သံကို တပ်ဘက်ကရော၊ အရပ်ဘက်ကပါ ဖေ့ဘုတ်ခ်ပေါ် တင်တဲ့အခါ ခဏခဏ ဖြုတ်ချခံရတာကို ထောက်ပြပြီး ဖေ့ဘွတ်ခ်ရဲ့ စံနှုန်းတွေကို သူက မေးခွန်းထုတ်ပါတယ်။

    လက်ရှိမှာ အဲဒီလူမှုကွန်ရက်အသစ်အတွက် ဝန်ကြီးဌာနအချို့၊ နောက် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖန်တီးနေတာလို့လည်း သူက ပြောထားပါတယ်။