ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗန်းမောက်မြို့နယ်ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်တွေဝင်တိုက်, အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ က ဗန်းမောက်မြို့နယ် PDF နဲ့ ပကဖအဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ဒီတိုက်ခိုက်မှုမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကျော်မင်းဟန်ဟာ ပစ်ခတ်ခံရပြီးနေရာမှာတင် သေဆုံးခဲ့ကာ ဗန်းမောက် PDF အဖွဲ့ဝင်တစ်ဦးလည်း တင်ပါးနဲ့ ဖနောင့်မှာကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဗန်းမောက် ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Banmauk Revolution - BRက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

    ဗန်းမောက်မြို့နယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းဟန် သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ ဒီပစ်ခတ်မှုအပြီးမှာ ဗန်းမောက်မြို့နယ်တွင်းက အောင်သာကုန်းတံတားမှာလည်း ဆက်ပြီးပစ်ခတ်သံတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဗန်းမောက်မြို့ပေါ်က ဒီပစ်ခတ်မှုအတွင်းမှာ တားမြစ်ထားတဲ့ကြားက အမျိုးသမီးတစ်ဦးဖြတ်သန်းသွားလာမှုကြောင့် ဆက်လုပ်မယ့် စစ်ဆင်ရေးတွေကိုလည်း သေနတ်ပစ်ဖောက်ပြီး ဖျက်သိမ်းခဲ့ရတယ်လို့ Banmauk Revolution - BR အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ‌ဖော်ပြထားပါတယ်။ ဒေသခံတွေအနေနဲ့ ဗန်းမောက်ဒေသကာကွယ်‌ရေးတပ်တွေက ထုတ်ပြန်ချက်တွေနဲ့ တားမြစ်ချက်တွေကို လိုက်နာကြဖို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဗန်းမောက်မြို့နယ်အနီးက ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့အခု သြဂုတ်လထဲမှာ စစ်ကောင်စီနဲ့ ကေအိုင်အေ၊ ဗန်းမောက်ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဗန်းမောက်ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။

  2. ရွေးကောက်ပွဲကော်မရှင်အမှုရုံးချိန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တက်ရောက်, အပြီးသတ်လျှောက်လဲချက် ပေးဖို့ရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို ဒီနေ့ သြဂုတ် ၁၂ ရက်က နေပြည်တော်အကျဉ်းထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

    ဒီရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သုံးဦးလုံးတက်ရောက်ခဲ့ပြီး ဦးမင်းသူဘက်က တင်ပြတဲ့ သက်သေတစ်ဦးကိုစစ်ဆေးဖို့ဖြစ်ပေမဲ့ သက်သေမလာရောက်တာကြောင့် မစစ်ဖြစ်ဘဲ လာမယ့် သြဂုတ် ၂၆ ရက်မှာ အမှုအတွက်နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ကို ပေးဖို့ရှိနေပါတယ်။

    ဒီအမှုစွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး အဖွဲ့တွေကို ဌာနဆိုင်ရာတာ၀န်ရှိသူတွေပါ ပါ၀င်တဲ့အဖွဲ့တွေကို ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုထားတာဖြစ်ပါတယ်။ အမှုကို အပြီးသတ်လျှောက်လဲချက်ပေးပြီးရင်တော့ နောက်ရုံးချိန်းဟာ အမှုအတွက်အပြီးသတ်အမိန့်ချဖို့အဆင့်သာကျန်ရှိတော့တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ဒီနေ့ရုံးချိန်းလာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့သိရပြီး ၄င်းအမှာရှိတဲ့ ထောင်၀င်စာပစ္စည်းတွေကို ပေးပို့ခွင့်ရကြောင်းလည်း နီးစပ်သူတွေထံက သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရတဲ့ အကျဥ်းထောင်တွင်းအခန်းမှာ နေပူသက်သာစေဖို့ လိုက်ကာတွတပ်ဆင်ထားပြီးဖြစ်သလို ရေချိုးခန်းအတွင်း ချော်လဲမလိုဖြစ်ခဲ့တဲ့နောက် ကြမ်းပြင်အခင်းကို အကျဥ်းထောင်ဘက်က စီစဥ်ပေးလိုက်တယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့၊ ရင်ဆိုင်နေရတဲ့အမှုပေါင်းတစ်ဒါဇင်ကျော်အနက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီးစွဲဆိုထားတဲ့ အဂတိမှု ၄ မှုအတွက် အပြီးသတ်အမိန့်တွေကို သြဂုတ်လ ၁၅ ရက်မှာ ချမှတ်ဖို့ရှိနေပါတယ်။

  3. မိုးကောင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့စာသား ရေးသားတယ်ဆိုပြီး လူငယ်တချို့ဖမ်းခံရ

    သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲ က မိုးကောင်းမြို့ မြို့ဦးရပ်ကွက်မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးစာတန်းတွေကို မှုတ်ဆေးနဲ့ လိုက်လံရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တချို့ ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ယောက်ကပြောပါတယ်။ "ကျွန်မသားလေးပါသွားတာ။

    ဖြစ်စဉ်ကတော့ သေချာမသိဘူး။ မအလ လို့ မှုတ်ဆေးနဲ့ ရေးတဲ့ထဲမှာပါတာတဲ့။ ကျွန်မသားနဲ့ သူ့သူငယ်ချင်းနဲ့ က မိုးကောင်းရဲစခန်းမှာ။ အခုထိ တော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူး။ ဘာကြောင့် ဆိုတာကို မသိဘူး။ ပြောနေတာကတော့ လမ်းပေါ်မှာ စာရေးတဲ့ အဖွဲ့ဆိုပြီးပဲ ပြောနေတာ”လို့ ဖမ်းခံရသူ တစ်ယောက်ရဲ့မိသားစုဝင်ကပြောပါတယ်။

    မနေ့ညနေ ၆ နာရီခွဲမှာ စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုအခါ မိုးကောင်းမြို့၊ နတ်ကြီးကုန်းမှာရှိတဲ့ မိုးကောင်းရဲစခန်းမှာချုပ်နှောင်ခံထားရကာ ထမင်းနဲ့ အဝတ်အစား တချို့သာပို့ခွင့်ရပြီး မိသားစုနဲ့တွေ့ခွင့်မရသေးတာကြောင့် စိုးရိမ်တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဥ်မှာ ဖမ်းဆီးခံရသူလူငယ်အများစုဟာ အသက် ၂၀ ဝန်းကျင် အရွယ်ဖြစ်ကြတယ်လို့သိရပါတယ်။

  4. ရွှေပြည်သာမှာ အုပ်ချုပ်ရေးမှူးရုံးနဲ့ အုပ်ချုပ်ရေးမှူးအိမ်အနီး ပေါက်ကွဲမှုတစ်ညအတွင်း နှစ်ကြိမ်ဖြစ်, နန်းထိုက်အောင်စစ်ဆင်ရေးဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ထုတ်ပြန်

    အင်းစိန်မှာလည်း အရံမီးသတ်ခေါင်းဆောင်တစ်ဦးလည်းပစ်ခတ်ခံရ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်အတွင်းမှာ မနေ့သြဂုတ် ၁၁ ရက် ညပိုင်းက မြို့နယ်တွင်းက အုပ်ချုပ်ရေးမှူးနေအိမ်နဲ့အုပ်ချုပ်ရေးမှူးရုံးတွေမှာပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ရွှေပြည်သာမြို့နယ်၊ ၇ရပ်ကွက်၊ နဝရတ်လမ်းမပေါ် မှာရှိတဲ့ ရပ်ကွက်ဆွမ်းချက်ဓမ္မာရုံအနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီးဒီပေါက်ကွဲမှုမှာတော့ လူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    တခါ မနေ့ညပိုင်းမှာပဲ ရွှေပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်ထဲမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုထပ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ပေါက်ကွဲမှုတစ်ခုက ဆွမ်းချက်ဓမ္မာရုံနားမှာပေါက်တာ၊ နောက်တစ်ခုက အုပ်ချုပ်ရေးမှူးရုံးမှာပေါက်တာ။လမ်းပိတ်စစ်တာတွေဘာတွေတော့မရှိဘူး။ ဗုံးပစ်သွားတဲ့ ဆိုင်ကယ်ကို လိုက်ရှာပြီး စစ်ဆေးမေးမြန်းနေတာတော့ရှိတယ်။ ထိခိုက်တာကတော့ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲမှာ ရာအိမ်မှူး ခြေထောက်‌ဗုံးစမှန်သွားတာရှိတယ်။ ဖမ်းမိတဲ့လူတွေဘာတွေရှိတယ်ဆိုတာတော့ မကြားမိဘူး’’ လို့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ရွှေပြည်သာမြို့နယ်အတွင်းက ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အုပ်ချုပ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ကမနေ့ သြဂုတ် ၁၁ ရက်ကပဲ ထုတ်ပြန်ထားခဲ့ပါတယ်။

    ဒီကနေ့ သြဂတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း ရန်ကုန်၊ အင်းစိန်မြို့နယ် ၄/၁၅ ရပ်ကွက်‌၊ မြတ်အိမ်ယာလမ်းသွယ်(၂)လမ်းအတွင်းမှာအရံမီးသတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ကို နိုင်လင်းထွန်း(ခ) လှိုင်မင်းထွန်းကိုသေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပစ်ခတ်မှုမှာတော့ အရံမီးသတ်ခေါင်းဆောင် ကိုနိုင်လင်းထွန်းနေရာမှာပဲ သေဆုံးသွားတယ်လို့သတင်းတွေထွက်ပေါ် နေပြီး အနီးမှာရှိတဲ့ တပည့်ဖြစ်သူလည်းခြေထောက်ကို သေနတ်မှန်ခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    အင်းစိန်မြို့နယ်အတွင်းက ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာသတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

    ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက လုံခြုံရေးဘန်ကာ ကင်းစခန်းတွေ အရင်ထက်ပိုတိုးချဲ့ ချထားသလိုဘန်ကာတွေအတွင်းမှာလည်း အသင့်အနေအထားနဲ့ သေနတ်တွေနဲ့ ချိန်ရွယ်ထားတဲ့ပုံစံနဲ့ လုံခြုံရေးတင်းကျပ်တာတွေရှိနေပြီး စစ်ကောင်စီတပ်တွေရဲ့ ‌လှည့်လှည်စစ်ဆေးမှုနဲ့ ရှောင်တခင်ပိတ်ဆို့စစ်ဆေးတာတွေဆက်ရှိနေပါတယ်။

    ဒီစစ်ဆေးတင်းကျပ်မှုတွေကြားကနေပဲ ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီလက်အောက်ရုံးတွေကိုတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရသူတွေ ပစ်ခတ်ခံရမှုတွေဆက်ဖြစ်နေသလို စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေလည်းနေ့စဥ်ဆိုသလို ဆက်ရှိနေပါတယ်။

  5. မြန်မာမှာ ကိုဗစ်နဲ့ သေဆုံးသူပြန်ရှိလာ, ရက်ပေါင်း ၁၂၆ ရက်အတွင်း ကိုဗစ်နဲ့သေဆုံးမှု ပြန်ရှိလာတာဖြစ်

    မြန်မာမှာ ကိုဗစ်နဲ့သေဆုံးသူတစ်ဦးပြန်ရှိလာတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက မနေ့သြဂုတ် ၁၁ ရက် ညပိုင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါဟာ ကိုဗစ်နဲ့လူသေဆုံးမှုမရှိခဲ့တာ ရက်ပေါင်း ၁၂၆ ရက်ကြာမြင့်ပြီးတဲ့နောက် အခုလို ပထမဆုံးသေဆုံးသူ ပြန်ရှိလာတဲ့ဖြစ်စဥ် ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအသေးစိတ်ဖော်ပြထားတာမရှိသေးပါဘူး။

    ကျန်းမာရေး၀န်ကြီးဌာနရဲ့ဖော်ပြချက်အရတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးရှိမရှိ လူ ၆ ထောင်ကျော်ကိုစစ်ဆေးခဲ့တဲ့အနက် ပိုးတွေ့ရှိသူ ၂၁ ဦး၊ ပိုးတွေ့ရာခိုင်နှုန်းက ၀.၃၅ ရာခိုင်နှုန်းရှိခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့ဖော််ပြထားတာပါ။ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နဲ့သူ့ရဲ့မျိုးစိတ်အသစ်တွေကို သတိထားဖို့ လိုအပ်ပြီးထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံဖို့ ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။

  6. စက်သုံးဆီစျေးတစ်လီတာ၂,၂၄၅ ကျပ် ရှိလာ၊ တစ်ပတ်အတွင်း ကျပ် ၅၀၀ ကျော်အထိ စျေးတက်

    ပြည်တွင်းစက်သုံးဆီစျေးကွက်တွင်းမှာ ဒီကနေ့သြဂုတ် ၁၂ ရက်နေ့မှာ ဓါတ်ဆီ 92 တစ်လလီတာကို၂,၂၄၅ ကျပ်အထိဖြစ်လာပြီး ဒါဟာ တစ်ရက်အတွင်း တစ်လီတာကို ၁၀၀ ကျော်စျေးထပ်တက်လာတာပါ။

    စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ စာရင်းတွေအရ စက်သုံးဆီစျေးဟာ သြဂုတ်လ ပထမပတ်မှာ 92 တစ်လီတာကို ၂,၀၀၀ အောက်မှာ ငြိမ်နေခဲ့ပြီး ၁၆၀၀ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

    လက်ရှိမှာ 92 တစ်လီတာစျေးကို ၂,၂၄၅ ကျပ်အထိ စျေးတက်လာတာကြောင့်ရက်သတ္တပတ်အတွင်း ၅၀၀ ဝန်းကျင်အထိ အတက်စျေးဖြစ်ခဲ့ပါတယ်။

    သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ စက်သုံးဆီပေါက်စျေးစာရင်းတွေအရ ဓါတ်ဆီ 92 တစ်လီတာကို၁,၆၀၀ ဝန်းကျင်ရှိခဲ့တာကြောင့် ရက်သတ္တပတ်အတွင်းဆိုရင် စက်သုံးဆီစျေးဟာ ၅၀၀ ဝန်းကျင်အထိ စျေးတက်ခဲ့တာပဲဖြစ်ပါတယ်။

    ဒီကနေ့ စျေးကွက်ထဲမှာတော့ ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၆၂၅ ကျပ်အထိဖြစ်နေပြီး 92 တစ်လီတာကို ၂၂၄၅ ကျပ်နဲ့ 95 တစ်လီတာကို ၂၃၁၀ အထိစျေးရှိခဲ့ပြီး မနေ့ သြဂုတ် ၁၁ ရက်ပေါက်စျေးထက် ၁၀၀ ဝန်းကျင်စျေးတက်ခဲ့တယ်လို့ စက်သုံးဆီစျေးကွက်ကသိရပါတယ်။

    ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေ တင်သွင်းမှု လျှော့ချသွားဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၈ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း အခုလို ရက်သတ္တပတ်အတွင်းမှာ စက်သုံးဆီ ရည်ညွှန်းစျေးလည်း တစ်လီတာ ကျပ် ငါးရာခန့် ခုန်တက်သွားသလို နယ်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်လို့ အရောင်းရပ်ဆိုင်းထားရတာတွေ ဖြစ်လာနေပါတယ်။

  7. လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြန်မာစစ်တပ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာလို့ ကုလအစီရင်ခံစာကပြော

  8. အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တပ်တွေတိုက်ပွဲဖြစ်, ခရီးသွားပြည်သူတွေ ဘေးလွတ်ရာ ပုန်းအောင်းရှောင်တိမ်းရ

    မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်း မိုင်တိုင်အမှတ် (149.5)km တောနော် ရေတံခွန် အနီး ဩဂုတ်လ(၁၁)ရက်နေ့ မနက် ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့်တောင်ပြို လမ်းပိတ်နေတဲ့ နေရာအနီး လမ်းရှင်းဖို့ စစ်ကောင်စီ တပ်တွေ ရောက်ရှိလာချိန်မှာ တစ်ဖက်တောင်ကြောပေါ်မှာရှိတဲ့ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

    ဒါကြောင့် အာရှလမ်းမကြီးကိုဖြတ်သန်းသွားလာမောင်းနှင်နေကြတဲ့ ခရီးသည်တင်ယာဥ်တွေအပါအ၀င် ဖြတ်သန်းသွားလာသူတွေ သတိနဲ့ သွားလာနေရတယ်လို့ ဒေသခံယာဥ်မောင်းတွေထံက သိရပါတယ်။

    "တောင်ပေါ် လမ်းက မိုးကြီးတော့ ဒီ မနက် မြေပြိုတယ်။ ၁၀ နာရီ ခွဲ လောက် တောနော်ကွေ့ ဘက် တောင်ပြိုနေတော့ ကားကြီးတွေ ပိတ်မိနေတယ်။ လမ်းရှင်း ဖို့ စစ်တပ်တွေ က သူတို့ လမ်းကင်း အဖွဲ့ တွေ ဆင်းလာ တာမှာ တစ်ဘက် တောင်ပေါ် က သေနတ် လှမ်းပစ် တော့ တိုက်ပွဲ ဖြစ်တယ်။ အရပ်သားထိတာလား၊ စစ်သားထိတာလား တော့ မသိရဘူး။ လူနာတင်ကားတော့ လာတာ တွေ့တယ် ။ ကျွန်တော်တို့ ကားသမား တွေခရီးသည် တွေလည်း ကားလမ်းဘေး ရေမြောင်း မှာ ဝပ် နေရတယ်၊ အခု တော့ ကားတွေ ပြန်သွားနေပြီ ။ သတိ နဲ့ တော့ မောင်း နေကြရတယ်" လို့ မြဝတီ ကားသမား တစ်ဦးက ဒီနေ့မွန်းလွဲပိုင်းကကြုံရတဲ့ဖြစ်စဥ်ကို ပြောပါတယ်။

    အာရှလမ်း သစ် လမ်းပိုင်း တောနော် ရေတံခွန် နေရာမှာ စစ် အာဏာရှင် ဆန့်ကျင် တော်လှန်တဲ့လက်နက်ကိုင် အဖွဲ့ တွေနဲ့ စစ်ကောင်စီ တပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွား လေ့ ရှိပါတယ်။ အဲဒီနေရာတစ်၀ိုက် ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဥ်တွေနဲ့ ခရီးသည်တင်ယာဥ်တွေလည်း တိုက်ခိုက်မှုတွေအတွင်း ကားမီးရှို့ခံရတာတွေရှိခဲ့ပြီး လူသေဆုံးမှုကလည်း ၅ ဦးထက် မနည်း ရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

  9. ကျဆုံးတဲ့ ဗိဿနိုးနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးရဲ့အလောင်းကို ပြန်မရဘူးလို့ဆို

    နယ်မြေစိုးမိုးရေး စည်ရုံးရေးသွားရောက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့ ပစ်ခတ်မှုခံခဲ့ရပြီး ကျဆုံးတဲ့ မကွေးတိုင်းဒေသကြီးအနောက်ခြမ်းက ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်မရခဲ့ဘူးလို့ အဲဒီတပ်ဖွဲ့ကပြောပါတယ်။

    ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြီးတန်းတာဝန်ခံတစ်ဦးအပါအဝင် ၆ ဦးဟာ မြို့သစ်မြို့၊ ကနီကျေးရွာကို ရောက်ရှိချိန် ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တာလို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ''နယ်မြေစည်းရုံးရေးသွားတဲ့အဖွဲ့မှာ ကျွန်တော်တို့ အကြီးတန်းတာဝန်ခံတစ်ဦးလည်းပါဝင်တော့ ဒေသခံတချို့က မျက်မှန်းတန်းမိတာရှိနိုင်တယ်။ အဲဒီမှာ သတင်းပေးကြောင့် ဒေသတိုက်နယ်ရဲစခန်းမှာ ပုံမှန် ၁၅ ယောက်လောက်ပဲရှိတဲ့စစ်ကောင်စီတပ်က အင်အား ၃၀ လောက်နဲ့ လာဝိုင်းတာ ခံခဲ့ရတယ်။ အလောင်းတွေကို မြို့သစ်ဆေးရုံကို ပြန်သယ်သွားပြီး သူတို့ပဲ သင်္ဂြိုဟ်သွားတယ်။ မိသားစုတွေဆီကို အလောင်းပြန်မပေးဘူး'' လို့ တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကအတည်ပြုပါတယ်။

    အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း အဲဒီအဖွဲ့က အကြီးတန်းအဖွဲ့ဝင် အမျိုးသားတစ်ဦးဟာ တာဝန်ထမ်း ဆောင်ရင်း မြို့သစ်မြို့ အနောက်ဘက်ခြမ်းမှာ ဖမ်းခံခံခဲ့ရတယ်လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

  10. ထိုင်းမှာ ယာဥ်တိမ်းမှောက်သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေအတွက် လျော်ကြေး ဘတ် ၂ သန်းရရှိ

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း အခုနှစ်အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ယာဥ်တိမ်းမှောက်မှုမှာ သေဆုံးခဲ့သူ ၅ ဦးထဲက အထောက်အထားပြည့်ပြည့်စုံစုံဖော်ပြနိုင်သူ ၄ ဦးအတွက် လျော်ကြေး ထိုင်းဘတ်ငွေ ၂ သန်းရရှိသွားပြီဖြစ်ပါတယ်။

    သေဆုံးသူ ၄ ဦးအတွက် တစ်ဦးကို ဘတ် ၅ သိန်း လျှော်ကြေးငွေရရှိတာဖြစ်ပြီး ထိုင်းနိုင်ငံ၊ မြန်မာသံရုံးမှာ လက်ခံရယူခဲ့တယ်လို့ အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။

    အဲဒီလျော်ကြေးငွေတွေကို သက်ဆိုင်ရာမိသားစုက အကုန်အကျခံပြီး ထိုင်းအထိလာစရာမလိုဘဲ လွှဲပြောင်းပေးနိုင်အောင် စီစဥ်သွားပေးမယ်လို့လည်း သံအရာရှိရုံးက ပြောပါတယ်။

    သေဆုံးသူမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ကနေ ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်ကို ရောက်လာပြီး တောလမ်းကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

    အဲဒီကမှတဆင့် ပွဲစားအကူအညီနဲ့ ကန်ချနဘူရီခရိုင်အတွင်းကို ကားနဲ့ ဝင်ရောက်ချိန် စစ်ဆေးရေးဂိတ်ကို တွေ့လို့ ပြန်လှည့်ရာကနေ ယာဥ်တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။

    အဲဒီတုန်းက မော်တော်ယာဥ်ပေါ်မှာ လိုက်ပါလာသူ ၁၀ ဦးထဲက အမျိုးသား ၃ ဦးသေဆုံးပြီး နောက်တစ်ဦးကို ဆေးရုံပို့ခဲ့ရပါတယ်။

    သေဆုံးသူတွေဟာ ဖြူးမြို့နယ်က ၂ ဦး၊ ရသေ့တောင်မြို့နယ်က ၂ ဦးဖြစ်ပြီး သေဆုံးသူနောက်တစ်ဦးဖြစ်တဲ့ ပဲခူးမြို့ဇာတိ အမျိုးသမီးတစ်ဦးကတော့ အ‌ထောက်အထားအပြည့်အစုံ မဖော်ပြနိုင်ဘူးလို့ သံရုံးဘက်က ပြောထားပါတယ်။

  11. မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဆယ်ဇင်းရွာမြင်ကွင်းများ, တိုက်ပွဲအတွင်း သေဆုံးသူ ၄၀ ဦးထက်မနည်းရှိတယ်လို့ ဆို

    စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာကို သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရတဲ့မြင်ကွင်းတွေပါ။

    ဆယ်ဇင်းကျေးရွာမှာ ရပ်ကွက် ၅ ရပ်ကွက်ရှိပြီး ရပ်ကွက် ၃၊ ၄ နဲ့ ၅ တို့မှာရှိတဲ့ အိမ်ခြေပေါင်း ခြောက်ရာခန့်မှာ အိမ်ခြေ ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ သြဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်မှာလည်း စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ပူးပေါင်းအဖွဲ့ရယ် ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့ တို့ နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်လို့လည်းဒေသခံတွေက ပြောကြပါတယ်။

    ဆယ်ဇင်းရွာမှာ တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ကေအိုင်အေစစ်ရေးသတင်းရင်းမြစ်က ၄င်းတို့ရရှိထားတဲ့ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဒေသခံတွေဆီက အထောက်အထားတွေကို ကိုးကားပြီး ပြောကြားပါတယ်။ ဒေသခံတွေ ဆယ်နဲ့ချီသေဆုံးရတာနဲ့ ဆယ်ဇင်းတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  12. ရေဖြူမြို့နယ်မှာ ကျန်းမာ‌ရေးစောင့်ရှောက်မှု မရတာကြောင့် စစ်ရှောင်ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းဖြန့်ကြက်နေတာ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ရှောင်အရေအတွက်လည်း တိုးလာနေတယ်လို့ စစ်ရှောင်တွေ အရေးကူညီသူတွေက ပြောပါတယ်။

    ဒီ့နောက်ဆက်တွဲအနေနဲ့ ဒေသခံစစ်ရှောင်တွေထဲက ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် အခုတစ်ပတ်အတွင်း သေဆုံးသွားတယ်လို့ မွန်မြေလူ့အခွင့်အရေးဖိုရမ်က ပြောပါတယ်။

    သေဆုံးခဲ့တဲ့ကလေးငယ်ဟာ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာနေထိုင်သူဖြစ်ပြီး မိသားစုတွေနဲ့အတူ စစ်ရှောင်အဖြစ်ထွက်ပြေးခဲ့ရတာကြောင့် အမောဖောက်ရောဂါအခံရှိသူ အဲဒီကလေးငယ်ဟာ ကျေးရွာဆေးပေးခန်းမှာ ပုံမှန်ဆေးခန်းမပြနိုင်ဘဲ သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူကို ကိုးကားပြီး အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့တုန်းကလည်း ၂ ရက်ကြာနာမကျန်းဖြစ်ပြီးနောက် ရေဖြူ စစ်ရှောင်စခန်းကိုရောက်လာတဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဟာ စခန်းအတွင်းမှာ ဆေးအလုံအလောက်မရှိတာကြောင့် သေဆုံးခဲ့တယ်လို့လည်း အဲဒီစခန်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

    ရေဖြူမြို့နယ်ထဲက ဒေသခံတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးတဲ့ ဇူလိုင်လကုန်ပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

    လက်ရှိမှာ တနင်္သာရီတိုင်းအတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံ တစ်သောင်းနီးပါးအထိရှိနေတယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။

    တစ်ဖက်မှာလည်း တနင်္သာရီတိုင်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ စစ်တပ်က ဝင်ရောက်စီနင်းတာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်တာတွေနဲ့ အရပ်သားတွေကိုဖမ်းဆီးထောင်ချတာတွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံမီဒီယာတွေရဲ့အချက်အလက်ကို ကိုးကားပြီး မြန်မာပြည်တွင်းက ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ထားပါတယ်။

  13. ရိခေါ်ဒါရ်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၅ ဦး သေဆုံးတယ်လို့ ချင်းကာကွယ်ရေး တပ်ပြော, လက်နက်ကြီးထိလို့ အရပ်သားတစ်ဦး သေဆုံးတယ်လို့လည်းဆို

    အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့က အမှတ် -၂ စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

    ၅ နာရီနီးပါးကြာဖြစ်ပွားခဲ့တဲ့အဲဒီတိုက်ခိုက်မှုကို မနေ့ သြဂုတ်လ ၁၀ ရက်နေ့ညနေပိုင်းတုန်းက ပြုလုပ် ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးလည်း လက်နက်မပါဘဲ အလင်းဝင်လာတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    အဲဒီတိုက်ပွဲအတွင်း မြို့တွင်း အမှတ် -၁ စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါ့ပြင် ရိခေါဒါရ်မြို့က မနေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ဒါဇင်ချီပြုလုပ်ခဲ့သလို စစ်ကောင်စီကလည်း တိုက်ပွဲငြိမ်သွားတဲ့ ည ၉ နာရီဝန်းကျင်မှာ စခန်းကနေ ၁၀ မိုင် လောက်အဝေးမှာရှိတဲ့ တောင်ယာနယ်မြေဘက်ကို ပစ်ခတ်မှုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်ဟာ မနေ့ညနက်ပိုင်းမှာ အမှတ် -၂ စခန်းကနေ ဆုတ်ခွာသွားပြီလို့ ပြောသလို စစ်ကောင်စီတပ်သား တချို့လည်း ထပ်မံသေဆုံးတယ်လို့ ဒေသခံ မျက်မြင်တွေကို ကိုးကားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

  14. သာကေတမြို့နယ်ထဲက ဦးပိုင်ဟိုတယ်ဝင်း ဗုံးဖောက်ခံရ, ရဲတပ်ကြပ်တစ်ဦးလည်း ပစ်ခတ်ခံရ

    ရန်ကုန်မြို့၊ သာကေတမြို့နယ်ထဲက ဦးပိုင်ဟိုတယ်ဝင်းဟာ မနေ့ သြဂုတ်လ ၁၀ ရက် ည ၇ နာရီဝန်းကျင်မှာ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘‘အဲဒီဝင်းက အိမ်နဲ့ နည်းနည်းလှမ်းပေမဲ့ ဗုံးပေါက်ကွဲသံက တော်တော်ကျယ်တယ်။ အိမ်တောင် တုန်သွားတယ်။ မိုးကလည်းရွာနေတော့ လူတွေက အပြင်ကို သိပ်မထွက်ပေမဲ့ စစ်ကောင်စီဘက်က လမ်းတွေပေါ်မှာ ကင်းလှည့်စစ်ဆေးတာတွေ ဆက်လုပ်နေခဲ့တယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့(Soul Takers)ကတော့ အဲဒီဟိုတယ်ဝင်းကို ချိန်ကိုက်ဗုံးကြီးနဲ့ ဖောက်ခွဲ ရေးလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

    ပြန်ဆုတ်တဲ့လမ်းကြောင်းမှာ လက်ပစ်ဗုံး အသုံးပြုခဲ့ရတာ၊ ခုခံတိုက်ခိုက်ခံခဲ့ရတာတွေကြောင့် တိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးတဲ့ အတိုင်းအဆကို မသိရသေးဘူးလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    တစ်ခါ မနေ့နေ့လယ်ပိုင်းမှာ သာကေတ၊ ၁၀ တောင်ရပ်ကွက်၊ ဆုထူးပန်ဘုန်းကြီးကျောင်းနားမှာ ဆိုင်ကယ် ကယ်ရီသမား အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။

    ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ ရန်ကုန်မြေအောက် တော်လှန်ရေးအဖွဲ့ကတော့ သာကေတနယ်မြေရဲစခန်းမှာ ဆိုင်ကယ်ကယ်ရီသမားအသွယ်ဆောင်ထားတဲ့ ရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ မြို့နယ်အတွင်းမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  15. မိုးကုတ်မှာ မြေပြိုမှုအတွင်း အမျိုးသားတစ်ဦး သေဆုံး, မိုးများပြီးချောင်းရေလျှံလေ့ရှိတဲ့ မိုးကုတ်မှာ မြေပြိုမှုအန္တရာယ်နဲ့ ကြုံ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဩဂုတ် ၉ မနက်ပိုင်းက မြေပြိုကျပြီး တွင်းပိလို့ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ မိုးရေချိန် နှစ်လက်မကျော် ရွာသွန်းခဲ့တဲ့ မိုးကြောင့် မိုးကုတ်မြို့က ရပ်ကွက်တချို့မှာ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။ တချို့လမ်းတွေမှာလည်း သစ်ပင်တွေ လဲကျတာ၊ လမ်းတချို့ မြေပြိုကျ ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ဩဂုတ်လတွင်းမှာလည်း လဆန်းပိုင်းစလို့ နေ့စဉ်ဆိုသလို မိုးရွာသွန်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မိုးများပြီး ချောင်းရေလျှံတာကနေတစ်ဆင့် မိုးကုတ်ဒေသ ကျောက်မျက်တွင်းတွေကနေ ချောင်းရေတွေ မြင့်တက်လာတတ်ပြီး ရေလျှံကြတာများကြောင့် ကျောက်မျက်တွင်းတွေ မကြာခဏဆိုသလို မြေပြိုကျတာတွေ ရှိတာဖြစ်ပါတယ်။ သြဂုတ်လ ၉ ရက်မနက်ပိုင်းက လူသေဆုံးခဲ့တဲ့မြေပြိုကျမှုဟာလည်း ကျောက်မျက်တွင်းအတွင်း သဲဖတ်ရှာရာက တွင်းပြိုပြီး မြေပိသေဆုံးတာလို့ ဒေသခံက ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို အဲဒီနေ့လယ်ပိုင်းမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

  16. ဖိုက်ဘာဆက်ကြောင်း အပြစ်ဖြစ်ပေါ်လို့ အင်တာနက်လိုင်းနှေးကွေးနေ

    ပြည်တွင်းမှာ အသုံးပြုတဲ့ ပင်လယ်ရေအောက် အင်တာနက်ဖိုက်ဘာဆက်ကြောင်းကြီး တစ်ခုမှာ အပြစ်ဖြစ်ပေါပြီး အရန်ဖိုက်လိုင်းတွေကနေ အင်တာနက်ကို ပြန်လည်မျှဝေနေတာကြောင့် လိုင်းနှေးကွေးတာတွေပေါ်နေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    စင်ကာပူကနေ ဥရောပကို ချိတ်ဆက်ထားပြီး မြန်မာကလည်း ချိတ်ဆက်ယူထားတဲ့ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ဆက်ကြောင်း(SEA-ME-WE 5) မှာ မနေ့ညနေပိုင်းကတည်းက အပြစ်ဖြစ်ပေါ် နေတာလို့သိရှိရပါတယ်။

    အဲဒီဖိုက်ဘာဆက်ကြောင်းဟာ ကုန်းတွင်းပိုင်းမှာ အပြစ်ပေါ်တာဆိုရင် ပြုပြင်ဖို့ လွယ်ကူပေမဲ့ ပင်လယ် ရေအောက်မှာ ဖြစ်ပေါ်တာဆိုရင်တော့ ရာသီဥတုအခြေအနေ၊ အပြစ်ဖြစ်မှု အတိုင်းအဆအလိုက် ပြင်ဆင်မှုမှာ အချိန်ကြာမြင့်မှုတွေ ရှိလာနိုင်ပါတယ်။

    တစ်ခါ ထိုင်းဘက်ကနေ ယူထားတဲ့ ဖိုက်ဘာလိုင်းတစ်လိုင်းဟာလည်း ယာဥ်မတော်တဆမှုတစ်ခုဖြစ်တာ ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပေမဲ့ နယ်စပ်ရေးရာကိစ္စဖြစ်တာကြောင့် အမြန် ပြင်ဆင်ဖို့ ခက်နေတယ် လို့လည်း သိရပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဒေသခုခံကာကွယ်မှုအားကောင်းတဲ့ ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်တာ၊ အင်တာနက်ဒေတာအသုံးပြုခ တိုးမြှင့်ကောက်ခံတာတွေ ပြုလုပ်လာနေပါတယ်။

  17. မြန်မာစစ်တပ်အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထပ်မံတိုက်တွန်း

    မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ စစ်ကောင်စီတစ်ဖက်တည်းကိုသာမဟုတ်ဘဲ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ အရေးကြီးတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဘ်ဒူလာက ထုတ်ပြောလာပါတယ်။

    ''အခုက တစ်ဖက်တည်းဖြစ်နေတယ်။ ကျွန်တော်တို့က စစ်တပ်ကိုပဲ ထိတွေ့ပြောဆိုနေတယ်''လို့ သူက ပြောပါတယ်။

    မလေးရှားနဲ့ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်‌ရေးနဲ့ နယ်စပ်တိုးတက်ရေးကော်မရှင် အစည်းအဝေးအတွက် ထိုင်းဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံချိန် ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမှုလုပ်ဖို့ လိုတယ်လို့လည်း ဝန်ကြီး ဆိုင်ဖူဒင် အဘ်ဒူလာ ကပြောပါတယ်။

    မြန်မာစစ်တပ်ဘက်ကတော့ အကြမ်းဖက်အဖွဲ့လို့ သူတို့သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေနဲ့ ထိတွေ့မှုမလုပ်ဖို့ အာဆီယံကို ထပ်ခါတလဲလဲ တိုက်တွန်းပြောဆိုနေပါတယ်။

    တစ်ဖက်မှာလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံဦးဆောင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို သံခင်းတမန်ခင်းနဲ့ အကူအညီပေးဖို့ တတိယနိုင်ငံ တစ်နိုင်ငံရဲ့ အကူအညီယူမလားဆိုတာကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆွေးနွေးထားတယ်လို့လည်း ဝန်ကြီးက ပြောထားပါတယ်။

  18. ရန်ကုန်မြို့နယ်နေရာတချို့မှာ လုံခြုံရေးတင်းကျပ်, စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်းရဲပူးပေါင်းအဖွဲ့တွေ ပူးပေါင်းစစ်ဆေး

    ရန်ကုန်က မြို့နယ်တချို့မှာ ဒီနေ့ သြဂုတ် ၁၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ ယာဉ်ထိန်းရဲပူးပေါင်းတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့တွေ နေရာအတော်များများမှာ တွေ့ရပါတယ်။

    သာကေတ၊ ဒေါပုံ၊ တာမွေ၊ သန်လျင်၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ လသာ စတဲ့မြို့နယ်တွေက အဓိကလမ်းမကြီးတွေတစ်လျှောက် အဲဒီလိုပူးပေါင်းစစ်ဆေးနေတာကိုတွေ့ရပြီးအိမ်စီးကားတွေကို အဓိကစစ်ဆေးတာတွေ့ရပါတယ်။

    ရဲ၊ စစ်တပ်နဲ့ ယာဥ်ထိန်း ပူးပေါင်းအဖွဲ့ထဲမှာ အမျိုးသမီးယာဥ်ထိန်းရဲတပ်ဖွဲ့၀င်တွေပါ၀င်တာကိုလည်းတွေ့ရပါတယ်။ မနက်ခင်းရုံးတက်ချိန်ဖြစ်တာကြောင့် အဲဒီလို စစ်ဆေးနေစဥ် လမ်းမကြီးတချို့ ယာဥ်ကြောပိတ်ဆို့တာတွေဖြစ်ပေါ်နေပါတယ်။

  19. ဆယ်ဇင်းတိုက်ပွဲကြား ပိတ်မိနေသူတွေကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်, စစ်တပ်က ဆယ်ဇင်းရွာမှာ တပ်စွဲထားဆဲ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၉ ရက်နေ့ကစပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ဦးထက်မနည်းသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်။

    တိုက်ပွဲတွေကြား ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာလည်း သြဂုတ် ၁၀ ရက်နေ့အထိ ကျေးရွာဘုန်းကြီးကျောင်းမှာပိတ်မိနေခဲ့တာပါ။ ကျေးရွာတွင်းကနေ ပိတ်မိနေတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်တွေက မနေ့က ထွက်ခွာခွင့်ပြုတာကြောင့် ဒီနေ့မနက်ပိုင်းစလို့ စစ်ရှောင်တွေက ထွက်ခွာဖို့ကြိုးစားရာမှာ လူမှုကယ်ဆယ်ရေးအသင်းတွေက ကားတွေနဲ့ကယ်ဆယ်ခေါ်ထုတ်ပြီး ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်စစ်ရှောင်စခန်းကို ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်မှာလည်းလည်း စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ပူးပေါင်းအဖွဲ့ရယ် ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့ တို့ နှစ်ဖက်တိုက်ပွဲတွေလည်း ဒီနေ့အထိ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။

    ဒီနေ့ သြဂုတ် ၁၁ ရက်မနက်ပိုင်းမှာတော့ ရွာထဲမှာ နေရာယူတပ်စွဲထားဆဲဖြစ်ပြီး တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

    "ရွာထဲက အကုန်လုံး လူတစ်ထောင်လုံးက တစ်ထောင်လုံးထွက်ချင်တယ်။ စစ်တပ်က မနေ့ကတည်းက ထွက်ခွင့်ပေးလို့ ကျွန်တော်တို့ မနက်ခပ်စောစောတည်းက ထွက်လာခဲ့တယ်။ ကျွန်တော့်တို့နောက်မှာ လူတစ်ရာလောက်ပါလာတယ်။ နောက်ပိုင်းထွက်တဲ့လူတွေကိုတော့ပြန်ပိတ်လိုက်တယ်လို့ ကြားတယ်။ စစ်တပ်ကတော့ရွာထဲမှာတပ်စွဲထားတုန်းပဲ။ ဖုန်းလိုင်းတွေက မနေ့ ညတည်းက စပြီးပြတ်နေတယ်" လို့ ဆယ်ဇင်းကနေ တာမခန်ကို ရောက်ရှိလာတဲ့ ဆယ်ဇင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ပြည်သူတွေကို နေရာ ၄ နေရာနဲ့ လူဦးရေစုစုပေါင်း (၈၀၀)ကျော်လက်ခံကျွေးမွေးစောင့်ရှောက်ပေးနေတယ်လို့ တာမခန်နွေဦးတော်လှန်ရေးက ထုတ်ပြန်ထားပါတယ်။

  20. လေကြောင်းရန် ကာကွယ်ရေး စီမံချက် ရန်ပုံငွေ NUG စတင်အသုံးပြု