ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြစ်ကြီးနားက ကျေးရွာနှစ်ခုမှာ တစ်ရက်တည်းလူသတ်လုယက်မှု ဖြစ်ပွား

    မြစ်ကြီးနားမြို့ နယ်၊​ နန်းကွေ့ ရွာနဲ့ က၀ါးခရွာမှာ လုယက်မှုနဲ့ လူသတ်မှု ဖြစ်စဉ်နှစ်ခု ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီရွာနှစ်ရွာလုံးဟာ မြစ်ကြီးနားမြို့အစွန်မှာရှိကြတာဖြစ်ပါတယ်။

    နန်းကွေ့ရွာမှာတော့ JZ အပန်းဖြေစခန်းဘက်သွားတဲ့ လမ်းမှာ ပလုံကောက်သူတစ်ဦးကို ရိုက်နှက်ပြီး လုယက်မှုဖြစ်ပွားခဲ့ကာ လုယက်ခံရသူမှာ ဦးခေါင်းဒဏ်ရာရခဲ့တယ်လို့နန်းကွေ့ဒေသခံတစ်ဦးကပြောပါတယ်။ ဒါအပြင် ဒီနေ့မနက် ၁၀ နာရီခန့်မှာပဲ နောင်နန်းကျေးရွာအုပ်စု ကဝါးခရွာမှာ ဖျာရောင်းတဲ့ သူတစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    “ဒီမနက် ၉ နာရီကျော်လောက်မှာ ကဝါးခရွာမှာ သေနတ်သံ ၃ ချက်ကြားတယ်။ လုယက်တဲ့သူက သေနတ်နဲ့တော့ မကိုင်လောက်ဘူးထင်တယ်။ တချို့ပြောတာက သူက ဖျာလိပ်တင်ပြီး လည့်ရောင်းတဲ့သူလို့တော့ပြောကြတာပဲ။ ကဝါးခရွာရဲ့ တြိနီတိဘုရားကျောင်းနားမှာဖြစ်တယ်လို့ပြောတယ်။ အလောင်းတောင် ခုနက လာကောက်တယ်ပြောတယ်” လို့ ကဝါးခ ဒေသခံကပြောပါတယ်။

    အခုလို ပစ်ခတ်သတ်ဖြတ်ခံရသူနဲ့ပတ်သက်လို့ ဘယ်သူဘယ်၀ါဖြစ်တယ်၊ ဘာကြောင့်သတ်ဖြတ်ခံရတယ်နဲ့ ဘယ်သူတွေကကျူးလွန်တယ်ဆိုတာမသိရသေးဘူးလို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်းမှာလည်း ကဝါးခရွာမှာ သွားလာ သူတွေကိုစစ်ဆေးမေးမြန်းတာတွေ ဒီနေ့ဇူလိုင် ၃၀ ရက် ညနေအထိ ပြုလုပ်တာမျိုးတွေ မရှိသေးဘူးလို့ ပြောပါတယ်။

  2. ပြည်ပပြန်တွေအတွက် ကိုဗစ်စည်းကမ်းသစ်တွေ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

    ပြည်ပကနေလေကြောင်းကတစ်ဆင့် ပြန်ဝင်လာမယ့်သူတွေအတွက် သြဂုတ် ၁ ရက်ကနေစတင်အကျုံးဝင်မယ့် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    ခရီးသည်တင်လေကြောင်းလိုင်းတွေကနေ ဝင်လာမယ့်သူတွေကတော့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးရမှာဖြစ်သလို ၄၈ နာရီအတွင်းစစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း အဖြေကိုလည်းပြရမှာဖြစ်ပါတယ်။

    ဒါ့အပြင် လေဆိပ်ရောက်ရင်လည်း ကိုဗစ်စစ်ဆေးမှုကိုလည်း ထပ်ပြီးခံယူရမှာဖြစ်ပြီး ပိုးမတွေ့ရင် အိမ်ပြန်ရမှာဖြစ်ပါတယ်။

    ပိုးတွေ့ရင်တော့ သတ်မှတ်ထားတဲ့ဆေးရုံ၊ကုသရေးစင်တာနဲ့ ဟိုတယ် တစ်ခုခုကိုသွားရမှာဖြစ်ပါတယ်။

    ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ဝင်လာသူတွေကတော့ လေဆိပ်ကနေ ကွာရန်တင်းစင်တာကို ချက်ချင်းပို့ဆောင်မှာဖြစ်ပြီး ကွာရန်တင်းစင်တာရောက်မှ ကိုဗစ်စစ်ဆေးမှာဖြစ်ပါတယ်။

    ကွာရန်တင်း ၇ ရက် ဝင်ရမှာဖြစ်ပြီး ရောက်ရောက်ချင်းရက်မှာတစ်ကြိမ်၊ ၅ ရက်မြောက်မှာတစ်ကြိမ် ကိုဗစ်ပိုးရှိမရှိစစ်ဆေးမှာဖြစ်ပြီး ပိုးမတွေ့မှ အိမ်ပြန်ရမှာဖြစ်ပါတယ်။

    လေယာဥ်လက်မှတ်ရောင်းတဲ့သူတွေအနေနဲ့ ခရီးသည်တွေကို ဒီစည်းမျဉ်းတွေကိုရှင်းပြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး ခရီးသည်တွေအနေနဲ့လည်း လက်မှတ်မှားမဝယ်ကြဖို့ သတိပေးထားပါတယ်

    ဒါ့အပြင် နယ်စပ်ဝင်ပေါက်တွေကနေ ဝင်လာမယ့်သူတွေအတွက်လည်း အလားတူ ညွှန်ကြားချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ပြည်ပကပြန်လည်ဝင်ရောက်လာသူတွေဆီကနေ ကိုဗစ်ရောဂါပိုးဆက်တိုက်တွေ့ရှိနေပြီး အိုမီခရွန်မျိုးစိတ်ပါတွေ့ရပြီးတဲ့နောက် အခုလိုစည်းမျဉ်းတွေ ထုတ်ပြန်လာတာဖြစ်ပါတယ်။

  3. ကျောက်ဖြူမှာ ရဲအချင်းချင်းပစ်ခတ်မှုမှာ ရဲအုပ်သေဆုံးခဲ့ပြီး ပစ်ခတ်တဲ့ရဲတပ်သားမိသားစု၀င်တွေ ခေါ်ယူစစ်ဆေးခံရတယ်လို့ဆို

    ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အရာရှိအဆင့်ရှိသူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    ပစ်ခတ်မှုဖြစ်စဉ်ဟာ ဇူလိုင်လ ၂၉ ရက် သောကြာနေ့ည ၁၀ နာရီခန့်မှာဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ရဲစခန်းမှာတာဝန်ကျနေတဲ့ နယ်ထိန်းရဲတပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီပစ်ခတ်မှုဟာ ရဲစခန်းရှေ့မှာပင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ရဲအုပ်အုန်းကျော်ဌေးဟာ သေနတ်ဒဏ်ရာနဲ့ နေရာတွင်ပင်သေဆုံးခဲ့သလို ပစ်ခတ်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

    “ဖြစ်တာကတော့ မနေ့ညကဖြစ်တာလို့သိရတယ်။ ရဲသားတွေက ရဲစခန်းကနေပြီး မြို့မှာကင်းလှည့်ဖို့အတွက် လူစုနေကြတာပေါ့နော်၊ အဲဒီမှာ ပစ်တာလို့ကြားပါတယ်။ သူတို့အချင်းချင်းကြားထဲမှာလည်း နှိမ်တာတွေ အနိုင်ကျင့်တာတွေရှိတယ်လို့ပြောကြတယ်။ ဒါကြောင့်ပစ်တာတဲ့” လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

    ကျောက်ဖြူမြို့ပေါ်မှာ ရဲတပ်ဖွဲ့ကနေပြီး ပုံမှန် ပတ်ကင်းလှည့်လေ့ရှိပြီး မနေ့က လှည့်ကင်းထွက်မယ့်အချိန်မှာ တပ်သား စိုးလင်းအောင်က သူကိုင်တဲ့သေနတ်နဲ့ အရာရှိကို ပစ်ခတ်လိုက်တာလို့ သိရပါတယ်။

    ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားစိုးလင်းအောင်ဟာ ကျောက်ဖြူမြို့ခံဖြစ်ပြီး သေဆုံသွားတဲ့ရဲအရာရှိကြတော့ ပြည်မဘက်ကနေ ကျောက်ဖြူမှာတာဝန်ကျနေတာလို့သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သား စိုးလင်းအောင်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသေးပေမဲ့ သူ့ရဲ့မိသားစုတွေကို ရဲစခန်းက ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရကြောင်း ကျောက်ဖြူမြို့ခံတွေက ပြောဆိုကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အခုလိုအချင်းချင်းပစ်ခတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး တချို့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ဆက်လက်တာဝန်မထမ်းဆောင်တော့ဘဲ ထွက်ပြေးနေကြတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

  4. မြင်းမူမြို့နယ်ကန်ဖျားကျေးရွာအနီးမှာ ရဲတပ်ဖွဲ့၀င်နဲ့ပျူစောထီးအဖွဲ့တွေ လိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရ, အင်းမကျေးရွာမှာလည်း ဒေသခံနေအိမ်တချို့မီးရှို့ခံရပြီး စစ်ကြောင်းဆက်ထိုးနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ထဲက ကန်ဖျားဇရပ်ကျေးရွာအနီးမှာ ဒီကနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းမူဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Moe Nyo Revolution Force M.N.R.Fက ထုတ်ပြန်ထားပါတယ်။

    စစ်ကိုင်းရဲသင်တန်းကျောင်းကနေထွက်ခွာလာတဲ့ ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှတ်တမ်းကို ရုပ်သံနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    ဒီတိုက်ခိုက်မှုမှုာ သေဆုံးသူတွေရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပြီး ဘီဘီစီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    တခါ ဒီကနေ့မှာပဲ မြင်းမူမြို့နယ်ထဲမှာရှိတဲ့ အင်းမကျေးရွာထဲမှာ မနေ့ဇူလိုင် ၂၉ ရက်နေ့က တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ဇူလိုင် ၃၀ ရက်မနက်ပိုင်းမှာ ရွာကပြန်ထွက်ခွာချိန် နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးမီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသကခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ အင်းမရွာကနေထွက်ခွာသွားပြီး နောက်ပိုင်းမှာလည်း အနီးကဂုံညင်းဆိပ်ကျေးရွာနဲ့ ညောင်မြစ်ကျေးရွာတွေကို ဆက်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေအိမ်တချို့မီးရှို့ခံရတာတွေဆက်ရှိနေတယ်လို့လည်း ဒေသကခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာလည်း မြင်းမူမြို့နယ်ထဲက မူးမန္တလေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ဒေသခံအများအပြားဖမ်းဆီးခံရတဲ့အကြောင်းကိုလည်း စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

    မြင်းမူမြို့နယ်အတွင်းကကျေးရွာတွေဘက်မှာတော့ စစ်ကောင်စီတပ်တွေက ဇူလိုင်လဆန်းပိုင်းကစလို့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ဒေသခံနေအိမ်တွေမီးရှို့ခံရတာတွေနဲ့ ဘေးလွတ်ရာပြေးရတာတွေရှိနေပါတယ်။

    တဖက်မှာလည်း ဒေသကာကွယ်‌ရေးတပ်တွေရဲ့ စစ်ကောင်စီဘက်ကို ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေလည်းဆက်ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

  5. ကချင်ပြည်နယ် မိုးကောင်းမြို့မ ရဲစခန်းဗုံးပေါက်

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့ထဲကမြို့မရဲစခန်းမှာ ဇူလိုင် ၂၉ ရက် က ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ညနေ ၆နာရီဝန်းကျင်လောက်မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအပြီးမှာ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ အနီးအနားကဒေသခံတွေကပြောပါတယ်။

    ‘ရဲစခန်းနဲ့ဆောက်လုပ်‌ရေးလမ်းကြားတွေကိုတော့ လမ်းတွေပိတ်ထားတယ်။ ရဲစခန်းထဲကို စစ်တပ်ကစစ်သားတွေရဲယူနီဖောင်းတွေနဲ့ရောက်နေတယ်လို့လည်းကြားတယ်။ လူအင်အားဖြည့်တဲ့သဘောပေါ့’’ လို့ မိုးကောင်းဒေသခံက ဘီဘီစီကိုပြောပါတယ်။

    မိုးကောင်းမြို့ထဲမှာ ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့မှာလည်း မြို့တွင်းမီးပွိုင့်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ရဲတစ်‌ယောက်သေဆုံးခဲ့သလို မိုးကောင်းစည်ပင်ရုံးမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။

    ဒီပေါက်ကွဲမှုတွေနောက်ပိုင်းမှာတော့ မိုးကောင်းမြို့ကနေရာတချို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားခဲ့ပါတယ်။

  6. မြဝတီမြို့၊ ဝေါလေ-ရွှေအေးမြိုင်ဒေသအတွင်း စစ်ကောင်စီနဲ့ KTLA ကော်သူးလေ တိုက်ပွဲဖြစ်, ရက်ပိုင်းအတွင်းကမှ နေရပ်ပြန်လာသူ ၅၀၀ ခန့် ထိုင်းနိုင်ငံဘက် ပြန်လည်ထွက်ပြေးတိမ်းရှောင်ရ

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဝေါလေဒေသမှာရှိတဲ့ ရွှေအေးမြိုင်နဲ့ ဝါးမီးထကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ KTLA ကော်သူးလေ ဗွီနွမ် စစ်ကြောင်းတပ်ဖွဲ့တွေ ဇူလိုင်လ ၂၇ ရက်ကစလို့ ဒီနေ့ ဇူလိုင် ၃၀ အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ ယာယီစစ်ရှောင်စခန်းတွေကနေ ‌ဝေါလေဘက်ကို နေရပ်ပြန်လာနေထိုင်တဲ့ ဒေသခံ ၅၀၀လောက်ဟာ ထိုင်းနိုင်ဘက်ကို ထပ်ပြီး စစ်ဘေးတိမ်းရှောင်နေရပြန်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကပြောပါတယ်။

    ၄ ရက်ဆက်တိုက်ဖြစ်လာနေတဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ‘’ ကျွန်မတို့က ဝေါလေအဝင်က ဂျပန်အိမ်ရာဘက်ကို မပြန်ရဲသေးဘူး။ ပြီးခဲ့တဲ့လက ဥကရိထတိုက်ပွဲမှာကတည်းက ထိုင်းဘက်နေနေကြတာ။ ပြန်လို့မရသေးတော့ ထိုင်းတောင်ယာမှာ အလုပ်ဝင်ကူလုပ်ပြီးအိမ်ငှားနေတာ။ ယာယီစစ်‌ရှောင်စခန်းက လူတွေကို ထိုင်းစစ်သားက မြန်မာဘက်ပြန်ပို့တာမှ ရက်ပိုင်းပဲရှိသေးတယ်။ မိုးလင်းတာနဲ့လက်နက်ကြီးနဲ့ တခါပြန်ပစ်နေတော့ ပြန်ပြေးလာနေကြရပြီ။ တချို့လည်း ထိုင်းဘုန်းကြီးကျောင်းဘက်ကူးသွားကြတယ်။ တချို့လည်း သောင်ရင်းကမ်းနားမှာ ခဏခိုနေကြတယ်’’လို့ ဂျပန်အိမ်ရာမှာ နေထိုင်တဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ဥကရိထစစ်ကောင်စီစခန်းကို KNU/KNLA/KNDO ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဝေါလေဗျူဟာကုန်းဘက်မှာရှိတဲ့စစ်ကောင်စီစခန်းကို ရဟတ်ယာဥ်တွေနဲ့ အင်အားဖြည့်တင်းမှုလုပ်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းအရသိရပါတယ်။

    ဒီအခြေအနေမှာပဲ အခုဇူလိုင်လမှာ အသစ်ထပ်ဖွဲ့စည်းထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ KTLA ကော်သူးလေ ဗွီနွမ်စစ်ကြောင်းက စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာြဖစ်ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးနဲ့ ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့စစ်ရေးနယ်မြေသတင်းအရင်းအမြစ်ပြောစကားအရသိရပါတယ်။

    လက်ရှိမှာတော့ တိုက်ပွဲဖြစ်နေတဲ့ ဥကရိထ၊ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ် ဒေသတွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကို ထပ်မံစစ်ဘေးရှောင်နေကြပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းလိုအပ်ချက်တွေလည်းရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေကပြောပါတယ်။

    “ဖုဖရနဲ့ ဝေါလေကြားမှာရှိတဲ့ မိုကိုထိုင်းဘုန်းကြီးကျောင်းဘက်ကို လူ ၅၀၀ လောက်စစ်ပြန်ရှောင်လာရတယ်။တ ိုက်ပွဲက လေးရက်ရှိနေပြီဖြစ်နေတာ၊ မြန်မာဘက်ကမ်းက ဝါးမီးထရွာနဲ့ရွှေအေးမြိုင်ရွာကြားပစ်နေတာ။ ကလေးလူကြီးအကုန် ထိုင်းဘက်ကမ်းပြေးလာနေရတယ်။ လတ်လောစားဖို့သောက်ဖို့ လိုအပ်နေတယ်’’ လို့ စစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့ မဲဆောက်မြို့ခံတစ်ဦးကပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် မြဝတီ-ဖလဓး- ဝေါလေလမ်းပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က အမြောက်၊ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်‌ရေးကိုအရှိန်မြှင့်နေတယ်လို့ နယ်မြေအတွင်းစစ်ရေးသတင်းတွေအရသိရပါတယ်။

  7. ရန်ကုန်မြို့တော်ခန်းမဘေးပေါက်ကွဲမှုဖြစ်၊ ဖမ်းဆီးခံရသူတွေလည်းရှိ

    ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ မြို့တော်ခန်းမဘေးက စည်ပင်ရုံးဝင်ပေါက်မှာဒီကနေ့ ဇူလိုင် ၃၀ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    မနက် ၁၁ နာရီဝန်းကျင်လောက်မှာပဲ ပေါက်ကွဲသံကျယ်ကျယ်လောင်လောင်ကြားခဲ့ရတာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့အကြောင်းအရင်းကိုတော့မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ အနီးအနားကလူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားပေါ်မှာဖမ်းဆီးထားတာတွေ့ရပြီး လူနာတင်ယာဥ် တချို့ရောက်လာတာတွေ့ရတယ်လို့လည်းအနီးအနားနေထိုင်သူတွေကပြောပါတယ်။

    လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးတစ်ဝိုက်အပြင် ပန်းဆိုးတန်း၊ ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထားလမ်းတစ်လျှောက်နဲ့ကုန်သည်လမ်းတွေဘက်မှာစစ်ကောင်စီတပ်ကားတွေလှည့်လှည်သွားလာနေတယ်လို့ ကျောက်တံတားမြို့နယ်တွင်းသတင်းတွေကိုဖော်ပြနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ‌ ဖော်ပြထားပါတယ်။

    ရန်ကုန်မြို့လယ်မှာရှိတဲ့ မြို့တော်ခန်းမအနီးတစ်ဝိုက်ဟာဆိုရင် စစ်အာဏာသိမ်းပြီးကတည်းကစစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ် လမ်းတွေပိတ်ဆို့ထားသလို စစ်ကောင်စီတပ်တွေရဲ့ဘန်ကာတွေနဲ့လုံခြုံရေးတင်းကျပ်ထားတာကိုတွေ့ရပါတယ်။

  8. ကာလုံခေါ်ပြီး စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးဦးမယ်

    လာမယ့်ရက်ပိုင်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ‘ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်မှုရှိအောင်နဲ့ တခြားကိစ္စတွေဆောင်ရွက်ရဦးမှာဖြစ်ပါတယ်’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေအရ သမ္မတက တပ်ချုပ်ကို သက်တမ်း ၂ နှစ်အထိ အာဏာလွှဲပေးခွင့်ရှိပြီး တစ်နှစ် သက်တမ်းတစ်ခါနဲ့ ၆ လသက်တမ်းနှစ်ခါဖြစ်ပါတယ်။

    ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ကာလုံခေါ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တစ်နှစ် အာဏာလွှဲပေးခဲ့ပါတယ်။

    ဒီနှစ်ဖေဖော်ဝါရီမှာ ၆ လ ထပ်တိုးတဲ့အတွက် ဇူလိုင်လကုန်မှာ သက်တမ်းပြည့်ပြီ ဖြစ်ပါတယ်။

    ဒါကြောင့် ကာလုံအစည်းအဝေးဟာ သြဂုတ် ၁ ရက်ထက် နောက်မကျဘဲ ခေါ်ယူနိုင်ချေရှိနေပါတယ်။

    ဒီသက်တမ်းတိုးမှုက စစ်ကောင်စီအတွက် နောက်ဆုံး ၆ လ သက်တမ်းတိုးမှု ဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

    အဲ့ဒီနောက် ကာလုံက ၆ လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမှာ ဖြစ်ပါတယ်။

    ဒီအချိန်ဇယားအပေါ် မူတည်ပြီး စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ သူ့မိန်းခွန်းတွေမှာ ပြောထားပါတယ်။

    အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတ၊ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်ချုပ်၊ဒုတပ်ချုပ်၊ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်ပါတယ်။

  9. တောင်ပြုံးပွဲတော်ပြန်လည်ကျင်းပဖို့စစ်ကောင်စီပြင်ဆင်, ပွဲတော်ကိုမသွားဖို့နဲ့ တစ်စုံတစ်ခုဖြစ်ရင် တာဝန်မယူနိုင်ကြောင်း မန္တလေးမြို့ပြပြောက်ကျားတွေပြေ

    မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ တောင်ပြုံးပွဲတွေအခုနှစ်မှာပြန်လည်ကျင်းပဖို့စစ်ကောင်စီကပြင်ဆင်နေသလို လက်ရှိမှာလည်း ဆိုင်ခန်းတချို့ပြန်ဖွင့်ဖို့လုပ်နေပြီး နတ်ပွဲဆက်သူတွေလည်း သွားရောက်နေကြတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြည်တွင်းမှာH1N1 ရောဂါနဲ့ ကိုဗစ်ကပ်ရောဂါစဖြစ်ကာစနှစ်တွေမှာခရီးသွားလာမှုတချို့ကန့်သတ်ခဲ့ပြီး တောင်ပြုံးပွဲတော်ကို အကျဥ်းချုုံးကျင်းပခဲ့ကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းတောင်ပြုံးပွဲတော်ပြန်လည်ကျင်းပခဲ့ပေမယ့် သွားရောက်သူမရှိသလောက်နည်းပါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိပွဲတော်ကျင်းပဖို့ပြန်လည်ပြင်ဆင်နေတဲ့အပေါ်မှာတော့ ဝါခေါင်လဆန်း ၈ ရက်ကနေစတင်ကျင်းပတဲ့ဒီပွဲကို ဒီနှစ်ပွဲတော်ရာသီ ၈ရက်လုံးမှာ ပြည်သူတွေမသွားဖို့နဲ့ အကြောင်းတစ်စုံတရာ ဖြစ်ပေါ်ခဲ့ရင် တာဝန်မယူဘူးလို့ မန္တလေး မြို့ပြပြောက်ကျား မဟာမိတ် တပ်ပေါင်းစုက ထုတ်ပြန်ထားတာရှိပါတယ်။

    လက်ရှိမှာတော့ ပွဲတော်အတွက် ဈေးဆိုင်ခန်းထွက်နေတာ ပြင်ဆင်နေတာတွေ ရှိသလို ရိုးရာပွဲ ဆက်ကပ်လှူဒါန်းဖို့ ခရီးဝေးက လာရောက်ကျသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘’ ကားတွေကတော့ဆက်တိုက်လာနေတာ၊တော်တော်လေးလာနေကြတယ်အများကြီးပဲ။ မနှစ်ကမသွားလိုက်ရဘူးလေ။ ဒီအချိန်မှာပဲ ကိုဗစ်ကအသည်းအသန်ဖြစ်နေတာ။စျေးသည်တွေလည်း အရင်ကလောက်အများကြီးမရှိသေးပေမယ့် အများကြီးဖွင့်မယ့်သဘောရှိတယ် ဝါးလုံးတွေလည်းတုတ်ပြီးဆိုင်ခန်းပြင်နေပြီ။ လမ်းဘေးမှာရောင်းတဲ့အသည်တွေတော့ရှိနေပြီ။ ဘုရားတောင်မှအဝင်ပေါက်ပဲဖွင့်ထားတာ အထွက်ကိုပိတ်ထားတယ်’’ လို့ တောင်ပြုံးကိုသွားရောက်ခဲ့သူတစ်ဦးကသူမြင်ခဲ့ရတာကိုပြောပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြုလုပ်တဲ့ပွဲတော်တွေကိုတော့ ပြည်သူအများစုက ပါဝင်ဖို့ငြင်းဆန်ခဲ့ကသလို စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာဆိုရင်လည်းအာဏာသိမ်းစစ်ကောင်စီကိုထောက်ခံသူတချို့ကလွဲရင် ပြည်သူအများစုက ပါဝင်ဖို့ငြင်းဆန်ခဲ့ကြပါတယ်။

  10. စီးပွားရေးပြန်လည်ဦးမော့လာအောင်လုပ်ဆောင်နေကြောင်း စစ်ကောင်စီဥက္ကဋ္ဌထုတ်ပြောပြန်, လက်ရှိကုန်စျေးနှုန်းနဲ့ စီးပွားရေးအကျပ်အတည်းတွေအကြောင်းထည့်သွင်းပြောသွားတာမရှိ

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကြေညာထားတဲ့ဦးတည်ချက်တွေအတိုင်းအောင်မြင်အောင်လုပ်ဆောင်မှာဖြစ်ပြီး တိုင်းပြည်စီးပွားရေးဦးမော့လာစေဖို့ ကြိုးစားနေတယ်လို့စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ဇူလိုင် ၂၉ ရက်မှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာထည့်သွင်းပြောဆိုသွားပါတယ်။

    ပြည်တွင်းမှာ စီးပွားရေးကျဆင်းနေတာဟာ ပြီးခဲ့တဲ့ ၂၀၁၈ အရင်အစိုးရလက်ထက်ကတည်းကဖြစ်တာကိုစာရင်းအချက်အလက်တွေအရတွေ့ရကြောင်း အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိစီးပွားရေးကျဆင်းမှုကို ငွေကျပ်ဘီလီယံ ၄၀၀မတည်ဆောင်ရွက်နေတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြလာပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းကနေ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဆိုသလိုထွက်ခွာတာတွေ၊ စီးပွားရေးကျဆင်းမှုတွေအကြောင်းကို ကမ္ဘာဘဏ်အပါအဝင် နိုင်ငံတကာက ထောက်ပြပြောဆိုနေပေမယ့် စစ်ကောင်စီဥက္ကဋ္ဌကတော့ ဒါတွေကို သူရဲ့ မိန့်ခွန်းတွေမှာထည့်သွင်းပြောကြားသွားတာမရှိတာကိုလည်း တွေ့ရပါတယ်။

    ဒါပေမဲ့ နိုင်ငံတွင်း လျှပ်စစ်ရထား၊ ကားစီမံကိန်းတွေနဲ့ စီးပွားရေးတိုးတက်အောင်လုပ်မယ့် အကြောင်းတွေကို စစ်ကောင်စီဥက္ကဋ္ဌက ထပ်တလဲလဲထည့်သွင်းပြောဆိုနေတာကိုလည်း နိုင်ငံရေးနဲ့ စီးပွားရေးအကဲခတ်တွေက ဝေဖန်ထောက်ပြထားကြပါတယ်။

    လက်ရှိမှာလည်း ပြည်တွင်းမှာ သုံးစွဲနေတဲ့ ဆေးဝါးတွေနဲ့ အခြေခံစားသောက်ကုန်တွေ ဆက်တိုက်ဆိုသလိုစျေးတက်နေသလို ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်တာမရှိတဲ့အခြေအနေဖြစ်နေပေမဲ့သူရဲ့ မိန့်ခွန်းမှာတော့ ဒါတွေကိုထည့်သွင်းပြောဆိုတာမရှိပဲ စီးပွားရေးတိုးတက်အောင်လုပ်မယ်လို့ပြောဆိုတဲ့ ပြောဆိုချက်တွေကိုလည်း လူထုကြားမှာ ဝေဖန်မှုတွေမြင့်တက်နေခဲ့ပါတယ်။

    နှစ်စဉ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်နေကျ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အခြေအနေကို ချန်လှပ်ထားတယ်လို့ ပြီးခဲ့တဲ့ လပိုင်းမှာပဲ ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။

    လက်ရှိမှာလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်တွင်းကနေဆက်တိုက်ဆိုသလိုထွက် ခွာနေဆဲဖြစ်ပါတယ်။

  11. လက်နက်ထောက်ပံ့ဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

  12. မဲခေါင်သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုးကို စစ်ကောင်စီထောင် ၆ နှစ်ချ

    စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မဲခေါင်သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက်ကိုမောင်မောင်မျိုးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ဒီကနေ့ဇူလိုင် ၂၉ ရက်နေ့မှာထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    သတင်းထောက်ကိုမောင်မောင်မျိုးဟာ ပြီးခဲ့တဲ့ မေလက ကရင်ပြည်နယ်၊ မြဝတီမြို့မှာစစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲဖြစ်ချိန်မှာသတင်းသွားရောက်ယူခဲ့တာဖြစ်ပြီးအဲဒီကအပြန် ဘားအံ့မြို့ထဲက သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီး သတင်းသမား ၁၄၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲက သတင်းသမား ၆၀ လောက်ဟာ လက်ရှိအကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

  13. လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ, စစ်ကောင်စီတပ်တွေက ပတ်ပတ်လည်ပိတ်ဆို့ပြီး လုံခြုံရေးတင်းကျပ်ထား

    ရန်ကုန်မြို့လယ်က၊ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ ဇူလိုင် ၂၉ ရက်မနက်ပိုင်းက လူရာဂဏန်းလောက်ရှိတဲ့ လူအုပ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    ဒီဆန္ဒထုတ်ဖော်ပွဲကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်းဘူးလက်ဦးလှဆွေက ဦးဆောင်နေတာဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ဓါတ်ပုံမှတ်တမ်းတွေအရသိရပါတယ်။

    ကြံခိုင်ရေးပါတီရဲ့ပြော‌ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ ဒီဆန္ဒပြပွဲဟာ ပါတီနဲ့မသက်ဆိုင်သလို ဘူးလက်ဦးလှဆွေဆန္ဒပြပွဲမှာ ပါဝင်နေတာ မသိရှိဘူးလို့ တုံ့ပြန်ပါတယ်။

    လူအင်အား ၁၀၀ လောက်ရှိတဲ့လူအုပ်ဟာ ဒီကနေ့ မနက် ၉နာရီလောက်စပြီး မြို့လယ်မှာစုဝေးခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကိုထောက်ခံတဲ့ ထောက်ခံပွဲတစ်ခုဖြစ်တယ်လို့လည်း အနီးအနားကဒေသခံတွေကပြောပါတယ်။

    " မနက် ၉နာရီလောက်ကစပြီး မဟာဗန္ဓုလပန်းခြံပတ်ပတ်လည်မှာလည်း လုံခြုံရေးယူထားတယ်။လမ်းသွားလမ်းလာတွေကိုအကုန်စစ်တယ်။ ဆူးလေကို ဗိုလ်ချုပ်လမ်းထိပိတ်ပြီး အောက်ပန်းဆိုးတန်းဘက်ကိုလည်း ပိတ်လိုက်တယ်။ ဆန္ဒပြတဲ့ နေရာပတ်ပတ်လည်ကိုပိတ်ထားတာပေါ့။ မနက် ၁၀ နာရီလောက်မှာတော့ လမ်းဖွင့်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ် "လို့ မြို့တွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဆန္ဒပြလူအုပ်ရှိနေစဥ် လမ်းပိတ်ဆို့ထားတာကြောင့် မြို့တွင်းသွားလာနေတဲ့ YBS ယာဥ်လိုင်းတချို့လမ်းလွှဲကနေမောင်းနှင်ဖို့သတိပေးစာတွေလည်းထုတ်ပြန်နေတာကိုတွေ့ရပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက လူ၅ဦးထက်ပိုမစုရဆိုတဲ့ ထုတ်ပြန်ချက်တွေကိုရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ထုတ်ပြန်ထားသလို စစ်အာဏာသိမ်းတဲ့ ဆန္ဒပြပွဲတွေကိုလည်း ပုံစံမျိုးစုံနဲ့ ပစ်ခတ်ဖမ်းဆီးပြီး ဖြိုခွင်းတာတွေလုပ်ခဲ့ပါတယ်။

    ဇူလိုင် ၂၅ ရက်နေ့က အထင်ကရနိုင်ငံရေးသမား ၂ဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီအပါအဝင် အရပ်သား ၂ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့သေဒဏ်ကျသူတွေရဲ့ မိသားစုဝင်တွေကို လူအုပ်စုလိုက်သွားရောက်တာတွေ နေအိမ်တွေကို ခဲနဲ့ပစ်ပေါက်တာတွေရှိခဲ့ပြီး ဒါကို ဟန့်တားစစ်ဆေးတားဆီးတဲ့ လုံခြုံရေးတွေမရှိခဲ့ပါဘူး။

    ဒါ့အပြင် ဒီကနေ့ ရန်ကုန်မြို့လယ်မှာ လုပ်ခဲ့တဲ့ လူရာဂဏန်းပါဝင်တဲ့ ဆန္ဒပြပွဲကိုလည်းစစ်ကောင်စီတပ်တွေက လုံခြုံရေးယူထားပေးတာကိုတွေ့ရပါတယ်။

  14. သေဒဏ်ချမှတ်ခံထားရသူတွေထဲကအသက် ၁၉ နှစ်အရွယ် ကိုအောင်ချမ်းမြေ့ အယူခံအောင်မြင်၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို လျော့ကျ, သေဒဏ်ကျမိသားစုဝင်တွေ အယူခံအတွက်အသနားခံစားတင်ပြီးတောင်းဆိုမှုတွေဆက်တိုက်လုပ်နေ

    စစ်ကောင်စီက သေဒဏ်ချမှတ်ထားသူတွေထဲက အသက် ၁၉ နှစ်အရွယ် ၁ဝတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ချမ်းမြေ့အတွက် အယူခံဝင်ရာမှာအောင်မြင်ပြီး တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ပြောင်းလဲကျခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

    ကိုအောင်ချမ်းမြေ့ကိုတော့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တင်ဘာလကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး အကြမ်းဖက်မှုပုဒ်မအပါအဝင်မြို့နယ်အလိုက်ပုဒ်မတွေနဲ့စွဲချက်တင်ပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    အယူခံအောင်မြင်ကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလမှာ မိသားစုတွေကသိရှိရတာဖြစ်ပြီးတွေ့ဆုံခွင့်ရတာတော့မရှိဘူးလို့ဆိုပါတယ်။

    ‘’ အယူခံအောင်တာ ၄ လပိုင်း (ဧပြီ) လမှာလို့သိရတယ်။ မေလထဲမှာတော့ ယူနီဖောင်းပြောင်းလိုက်တယ်။ လိမ္မော်ရောင်ကနေ အပြာရောင်ကို။ တခြားသေဒဏ်ကျသူတွေလည်း အယူခံအောင်စေချင်တယ်’’ လို့ ကိုအောင်ချမ်းမြေ့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့အမျိုးသမီး ၉ ဦးထဲက ဒဂုံတက္ကသိုလ်၊ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေဟာလည်း အယူခံတင်ရာမှာအောင်မြင်ခဲ့တာကြောင့် အယူခံအောင်မြင်သူ ၂ ယောက်အထိရှိလာနေပါတယ်။

    စစ်ကောင်စီက သေဒဏ်တွေကို ပြစ်မှုအလိုက်ဆက်လက်စီရင်ဖို့ ရှိနေတယ်လို့ပြောဆိုချက်တွေရှိနေတဲ့အပေါ် သေဒဏ်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေမှာလည်းစိုးရိမ်ချက်တွေကမြင့်တက်နေပါတယ်။

    အထင်ကရ နိုင်ငံရေးသမားနှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အပြီးမှာ သေဒဏ်ကျမိသားစုဝင်တွေကအသနားခံစာတင်တာတွေ အယူခံဝင်တာတွေကို ပိုပြီးလုပ်ဆောင်လာတယ်လို့လည်းသက်ဆိုင်ရာရှေ့နေတွေဆီကသိရပါတယ်။

    ‘’အသနားခံစာကတော့ တစ်ပတ်တစ်စောင်ရေးပြီးပို့တယ်။လုပ်လို့ရတာတွေအကုန်လုပ်နေတာပါပဲ။ ကိုယ့်သားအတွက်ရော တခြားသူတွေအတွက်ရောစိတ်ပူတယ်၊ အယူခံအောင်မြင်အောင် တောင်းဆိုချင်ပါတယ်’’ လို့ စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ကိုဟိန်းထက်အောင်ရဲ့ ဖခင်ကပြောပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက် သေဒဏ်အမိန့်ချမှတ်ထားသူအယောက် ၇၀ ကျော်ဟာလည်း အကျဥ်းထောင်အသီးသီးမှာဆက်ရှိနေတယ်လို့နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း သေဒဏ်စီရင်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ချခံထားရသူတွေကိုယ်တိုင်နဲ့ မိသားစုဝင်တွေကကြိုတင်မသိရှိရတာ၊ သေဒဏ်စီရင်ပြီးတဲ့နောက် ရုပ်အလောင်းတွေပြန်မရတာတွေရှိခဲ့တဲ့ အခြေအနေတွေကြောင့် သေဒဏ်ကျမိသားစုဝင်တွေရဲ့ စိုးရိမ်ချက်ကလည်းဆက်လက်မြင့်တက်နေပါတယ်။

    စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ ကန့်ကွက်ရူတ်ချမှုတွေကလည်း ဆက်တိုက်ဆိုသလို ထုတ်ပြန်ပြောဆိုနေကြပေမဲ့စစ်ကောင်စီဘက်ကလည်း သေဒဏ်ဆက်စီရင်ဖို့ရှိနေတဲ့အကြောင်းထုတ်ပြောထားပါတယ်။

  15. သေဒဏ်ချခံထားသူတွေ အတွက် ဥပဒေအရ အခွင့်အရေးဘာတွေရှိလဲ

  16. ဒေါ်လာစျေးဆက်တက်နေပြီး ဝယ်မရအောင်ရှားနေ

  17. မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ခင်ဦးမြို့နယ်ထဲက မြင်းဒေါင်းနဲ့မြကန်ရွာထဲ​စစ်တပ်၀င်ရောက်

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက မြင်းဒေါင်းရွာနဲ့ မြကန်ရွာထဲ ကို စစ်ကောင်စီတပ်တွေက ဒီနေ့ဇူလိုင် ၂၈ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ သေနတ်တွေနဲ့ ပစ်ဖောက် ၀င်ရောက်ခဲ့ပြီး နွားတွေ ဆိုင်ကယ်တွေ ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ရွာသစ်ကုန်း တပ်စွဲထားတဲ့နေရာကနေ စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၅၀ လောက် နဲ့ မူးတိမ်ချောင်းက အင်အား အယောက် ၄၀ လောက်က က နှစ်ဖွဲ့ ခွဲပြီး မြကန်နဲ့ မြင်းဒေါင်းရွာတွေထဲ ၀င်ရောက်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေ ယူဆောင်သွားခဲ့တာပါ။

    " သေနတ်တွေနဲ့ တအုန်းအုန်းဖောက်ပြီး ၀င်လာတာ။ မြကန် ဘုန်းကြီးကျောင်းထဲ ရောက်တော့ ဆိုင်ကယ်တွေယူသွားတယ်။ နွားတစ်ကောင်ယူသွားတယ်။ နောက် ဆန်အိတ်တွေတွေ့တော့ ဘယ်သူ့ဟာတွေလဲလို့မေးတယ်။ နောက်နေ့ကျ လာထပ်ယူမယ်လို့ ပြောသွားတယ်။ " လို့ မြကန်ရွာနဲ့ နီးစပ်ရွာက မျက်မြင်တစ်ဦးက ပြောပါတယ်။

    တိုက်ပွဲမရှိဘဲ ဒီလို လာရောက်လုပ်ဆောင်တာဟာ မနေ့က စစ်ကောင်စီ အင်အား ၅၀ လောက်က အင်ပက်ကျေးရွာမှာ စစ်ကြောင်းထိုးရာမှာ ဒေသကာကွယ်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်မှုတွေရှိခဲ့လို့ ၁၅ ဦးထက် မနည်း သေဆုံးခဲ့တဲ့အတွက် နီးစပ်ရာ ရွာတွေထဲကို ၀င်ရောက် စီးနင်းခဲ့တာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

    " စစ်ကောင်စီတပ်တွေ မနေ့က မိုင်းထိပြီး တစ်ခါတည်း ၁၅ ယောက်သေတယ်။ နောက်တိုး ၆ ယောက် ဒဏ်ရာနဲ့ ထပ်သေတယ်လို့ ကြားရတယ်။ သေတဲ့သူတွေကို ဒီနေ့ သဂြိုလ်ကြတယ်။ အဓိကကတော့ ရွာတွေကို စစ်ကြောင်းထိုးရတာက သူတို့လူ ၅၀လောက်မှာ ၂၁ယောက်သေတယ်။ ဒဏ်ရာရတဲ့သူလည်း မနည်းဘူးဆိုတော့ ဒဏ်ရာရတဲ့သူတွေကို ပြန်ဆေးသွားကုဖို့ ရွာတွေကို လိုက်နေတာလို့ ထင်ပါတယ်။" လို့ ဒေသကာကွယ်ရေး တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။

    မနေ့က မနက်ပိုင်းမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်ထဲက လက်ပံလှရွာမှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ ကင်းတဲကို စစ်ကောင်စီတပ်တွေက ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာရှိပြီး ကင်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

    အဲဒီ ကင်းတဲကို လာပစ်တဲ့ စစ်ကောင်စီတပ်တွေကပဲ တစ်ခါ လက်ပံလှကျေးရွာထဲကို ၀င်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ပြီး အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ပံလှရွာထဲမှာပဲ နေအိမ်၁၀ လုံး၊ တဲ ၃လုံး၊ စပါးကျီ ၂ လုံး၊ လိုက်ထရပ်ကား တစ်စီးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    အဲဒီစစ်ကြောင်းပဲ တစ်ခါ လောင်းရှည်ရွာဘက်ကို ရောက်ရှိလာပြီး အသက် ၁၈ နှစ်အရွယ်ထောက်ပို့ တစ်ဦးကို ပစ်သတ်ထားခဲ့ပြီး ဒေသခံ၂ဦးလည်း သေနတ်နဲ့ ပစ်ခဲ့ပြီး အသက်ရှင်လား၊ ဘယ်လို အခြေအနေရှိသလဲဆိုတာကို အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

    လက်ရှိမှာတော့ ခင်ဦးမြို့နယ်ထဲမှာ နေ့စဥ်ဆိုသလို ရွာတွေကို မီးရှို့ခံရတာရှိနေပြီး စစ်ကောင်စီတပ်ေတွက ကျေးရွာတွေကို ၀င်ရောက်စီးနင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

  18. သေဒဏ်ချခံထားရတဲ့ မဆောင်းလေပြေ အယူခံအောင်မြင်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပြောင်းလဲ, သေဒဏ်ချအကျဥ်းသားတွေရဲ့ မိသားစု၀င်တွေ စိုးရိမ်ပူပန်မှုတွေမြင့်တက်

    စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်ထားပြီး အကျဥ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသူ ၇၀ကျော်ထဲမှာ အမျိုးသမီး ၉ ဦးလည်း ပါ၀င်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားတဲ့စာရင်းအရ​သိရပါတယ်။

    ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဂျင်မီ နဲ့ လွှတ်တ်ော အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအ၀င် လှိုင်သာယာက လူသတ်မှုမှာ စွပ်စွဲခံထားရတဲ့ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်ပြီးစီးဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဇူလိုင် ၂၅ ရက်က ဖော်ပြပြီးနောက်ပိုင်း သေဒဏ်ကျခံနေရသူတွေရဲ့ မိသားစု၀င်တွေကြား စိုးရိမ်မှုတွေ ရှိနေတာပါ။

    ခုလိုစစ်ကောင်စီက ေသဒဏ်ချခံထားရသူတွေထဲ ပါ၀င်တဲ့အမျိုးသမီး ၉ ဦးအနက် ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေက အယူခံတင်ရာမှာ အောင်မြင်လို့ သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်အစားထိုးပြစ်ဒဏ်ဖြစ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

    " ပြီးခဲ့တဲ့ လက အယူခံစဝင်တာ။ အကုန်လုံးက လွတ်မြောက်ချင်ကြတာဆိုတော့ အယူခံလုပ်ဆိုတော့ တစ်တပတ်အတွင်း သေချာလိုက်လုပ်ရတယ်။ သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် လျှော့လိုက်ပါတယ်။ မိသားစုမတွေ့ရသေးဘူး။ ကျန်းမာရေးတွေကောင်းတယ်။ တခြားသူတွေလည်း လွတ်မြောက်စေချင်ပါတယ်" လို့ မဆောင်းလေပြေရဲ့ မိသားစု၀င်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    မဆောင်းလေပြေဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရတဲ့သူတွေထဲမှာပါ၀င်ခဲ့ပြီး စစ်ကောင်စီက သေဒဏ်ချမှတ်ထားတာဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့ အချိန်ကစပြီး ဒီနေ့ အထိ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၇၆ ဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ထားပြီး ၄၁ ဦးက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရပါတယ်။

    ဒါကြောင့်လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ သေဒဏ်ပေးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားစုစုပေါင်း ၁၁၇ ဦး ရှိနေပြီလို့ AAPP ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

  19. စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ်မှာ တိုက်ပွဲဖြစ်, စဥ့်ကိုင်တောင်ရွာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

    စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်၊ မတ္တရာမြို့နယ်ထဲက စဥ့်ကိုင်တောင်ရွာမှာ မနေ့ ဇူလိုင်လ ၂၇ ရက်ညနေပိုင်းတုန်းက စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ချိန် လက်နက်ကြီးကျည်မှန်ပြီး အဲဒီရွာဘုန်းကြီးကျောင်းကို ရောက်နေတဲ့ဆရာတော်တစ်ပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

    ထုံးဘိုအထက် ဧရာဝတီမြစ်လယ်က ရေလယ်ကျွန်းဆိုတဲ့ရွာကို စစ်ကောင်စီတပ်တွေရောက်ရှိချိန် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် စဥ့်ကိုင်တောင်ရွာထဲ လက်နက်ကြီးကျပြီး ဆရာတော် ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

    ရေလယ်ကျွန်းရွာက ပျူစောထီးခေါင်းဆောင်ဆိုသူအမျိုးသားကို မတ္တရာဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ရှင်းလင်းချိန် အဲဒီအမျိုးသားဘက်က သေနတ်ရော၊ လက်ပစ်ဗုံးပါသုံးပြီး ပြန်လည်ခုခံတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေ ပြန်ဆုတ်ခဲ့ရတဲ့ဖြစ်စဥ်အပြီးမှာ စစ်ကောင်စီတပ်သားဆယ်ဦးထက်မနည်း အဲဒီကိုရောက်နေတာလို့လည်း သိရပါတယ်။

    ''၂၄ ရက်နေ့တုန်းက အဲဒီက ပျူခေါင်းဆောင် သန်းဝင်းထွန်းဆိုသူကို သွားရှင်းတာ။ သူက လက်ပစ်ဗုံးနဲ့ပစ်လို့ ဒေသကာကွယ်ရေးတချို့ ဗုံးဆံမှန်ပြီး ပြန်ဆုတ်လာခဲ့ရတယ်။ အဲဒီဖြစ်ရပ်နောက်ဆက်တွဲအနေနဲ့ စစ်သားတွေ ၇၀ လောက် ရောက်နေတာပေါ့။ ရောက်လာတဲ့စစ်သားတွေနဲ့ တိုက်ပွဲဖြစ်တာပါ'' ဝက်လက်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

    လက်နက်ကြီးမှန်တဲ့ ဆရာတော်ကို ကယ်ထုတ်ဖို့ ကြိုးစားချိန် အပြန်အလှန်ပစ်ခတ်မှုပေါ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးတာတွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

    ဒီတိုက်ပွဲမှာ မတ္တရာနဲ့ ဝက်လက်မြို့နယ်ထဲက ဒေသကာကွယ်ရေးအဖွဲ့တွေအပြင် ဒရုန်းအဖွဲ့ပါ ပါဝင်တာကြောင့် အဲဒီအဖွဲ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီး ပစ်ခတ်တဲ့နေရာကို ဒရုန်းသုံးပြီး ၂ ကြိမ် ဗုံးကြဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ဆယ်ချီ ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

  20. ချောင်းဆုံ(တောင်) ရွာကို စစ်တပ်၀င်ရောက်ပြီးနောက်မီးရှို့ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်ရဲ့ မြောက်ဘက်မှာရှိတဲ့ ချောင်းဆုံ (တောင်) ရွာကို စစ်ကောင်စီတပ်တွေက မနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ ၀င်ရောက်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ၀င်ရောက်မီးလာရှို့တဲ့အချိန်မှာ မပြေးနိုင်တဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေ ကျန်ခဲ့ပြီး အဲဒီအိမ်တွေကို မီးမရှို့ဖို့ စစ်ကောင်စီတပ်တွေကို တောင်းပန်ခဲ့တာကြောင့် တောင်းပန်တဲ့ နေအိမ်တွေကလွဲလို့ ကျန်အိမ်တွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

    " သူတို့၀င်လာတော့ အကုန်ထွက်ပြေးကြတာပဲ။ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့သူတွေကို စိတ်ပူနေခဲ့တာ။ ဒီမနက်ကျတော့ သူတို့ကို ဒီအတိုင်းပြန်တွေ့ရတယ်။ တော်သေးတယ်။ အခုထိ ရွာထဲကို ပြန်မ၀င်ရဲသေးဘူး။ ရွာစပ်လောက်တွေပဲ ၀င်ကြည့်ရဲသေးတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ရွာတစ်ရွာကိုရောက်ရင် ရှေ့ဆက်သွားမယ့်ရွာကို လမ်းကြောင်းရှင်းတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မှ ဆက်လက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

    '' မနေ့ကလည်း ချောင်းဆုံကို မလာခင် လက်နက်ကြီးတွေနဲ့ အရင်လှမ်းထုတယ်။ နောက်မှ ၀င်လာပြီး မီးရှို့တော့တာ။ လက်နက်ကြီးက လူတွေကိုတော့ မထိဘူး၊ ကျွဲတွေ နွားတွေကိုတော့ ထိပြီး သေတာတွေတော့ ရှိပါတယ်။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ချောင်းဆုံ (တောင်)ရွာထဲက ထွက်ခွာသွားပြီး နီးစပ်ရာရွာတွေ ဖြစ်တဲ့ နားဋောင်းကျ ကျေးရွာဘက်ကို စစ်ကြောင်းထိုး၀င်ရောက်သွားတဲ့အတွက် ဒေသခံတွေကတော့ ရွာတွေထဲ ပြန်မ၀င်ရောက်ရဲသေးဘဲ အခြေအနေစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။