ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးဂျင်မီနဲ့ ဦးဇေယျာသော်တို့ အွန်လိုင်းကတစ်ဆင့် မိသားစုနဲ့တွေ့ဆုံခွင့်ရ, စီရင်ချက်ချဖို့မရှိသေးဘူးလို့စစ်ကောင်စီပြော

    အကြမ်းဖက်မှုစွပ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီနဲ့ NLD အမတ်ဟောင်းဦးဖြိုးဇေယျာသော်တို့ကိုဗီဒီယိုလင့်ခ်ကတစ်ဆင့်မိသားစုက တွေ့ဆုံခွင့်ရခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောသလို စစ်ကောင်စီဘက်ကအတည်ပြုပါတယ်။

    မနေ့ဇူလိုင် ၂၂ ရက်နေ့ညနေ ၆ နာရီလောက်မှာ မိသားစုတွေကို ဗီဒီယိုလင့်ခ်ကတစ်ဆင့် တွေ့ဆုံခွင့်ပေးခဲ့တာဖြစ်ပြီး အကျဥ်းထောင်လုပ်ထုံးအတိုင်းလုပ်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရကဆိုပါတယ်။ဗီဒီယိုနဲ့တွေ့ဆုံမှုကို အင်းစိန်အကျဉ်းထောင်ဝင်းအတွင်းမှာ ရှိတဲ့ အကျဉ်းဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးဂျင်မီဟာ အင်းစိန်ထောင်အတွင်းမှာ ရှိနေတယ်လို့ သိရပါတယ်။

    ဦးဂျင်မီရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ဒီလို မိသားစုနဲ့ တွေ့ဆုံခွင့် စစ်ကောင်စီဘက်က ပေးတဲ့အပေါ်မှာ စီရင်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေရှိကြတာလည်းရှိပါတယ်။

    စစ်ကောင်စီဘက်ကတော့ အခုလိုမိသားစုနဲ့တွေ့ဆုံခွင့်ပေးပေမဲ့ သူတို့ကို သေဒဏ်စီရင်တာမျိုးလုပ်ဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

    ‘’အခုလောလောဆယ်တော့ မဟုတ်သေးဘူးပဲ ပြောလို့ရပါတယ်” လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

    ဦးဂျင်မီနဲ့အတူ သေဒဏ်စီရင်ချက်ချမှတ်ခံထားရတဲ့ အဲန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကတော့ မိသားစုနဲ့တွေ့ခွင့်ရခဲ့ခြင်းရှိ၊ မရှိကိုတော့ ဘီဘီစီက မိသားစုတွေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နဲ့အတူ သေဒဏ်ချမှတ်ခံထားရသူ အရပ်သားနှစ်ဦးကိုလည်းမိသားစုနဲ့တွေ့ဆုံခွင့်ပေးသွားမယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

    ဒီလိုစစ်ကောင်စီဘက်က အကျဉ်းသားအခွင့်အရေးပေးတာဟာ နိုင်ငံတကာရော အာဆီယံရဲ့ ဖိအားတွေကြောင့်ဖြစ်လာတာလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင် ကပြောပါတယ်။

    သူတို့နှစ်ဦးကိုသာ နောက်တစ်ကြိမ်မိသားစုနဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုရင် နိုင်ငံရေး အရ ပိုကောင်းတဲ့အလားအလာရှိလာနိုင်တယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

    စစ်ကောင်စီရဲ့ သေဒဏ်အမိန့်နဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပအင်အားစုတွေအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်တာတွေလုပ်ထားပါတယ်။

  2. လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ ဆယ်ဇင်းရွာထဲမှာ စစ်ကောင်စီတပ်ဆက်ပြီးတပ်စွဲထား, ဒေသခံတွေနေရပ်မပြန်နိုင်ကြသေး

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကဟောင်ပါးကျေးရွာအုပ်စုမှာရှိတဲ့ ဆယ်ဇင်းကျေးရွာကိုပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီးနောက်မှာအင်အား ၂၀၀ လောက်နဲ့ ရွာအတွင်းမှာဆက်ပြီးတပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဆယ်ဇင်းရွာအနီးမှာတော့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကေအိုင်အေ၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နောက်မှာ စစ်ကောင်စီက ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဆယ်ဇင်းရွာထဲက ဘုရားငါးဆူရပ်ကွက်အတွင်းကို လေကြောင်းကတိုက်ခိုက်မှုလုပ်ခဲ့ပြီးတဲ့နောက် စစ်ရဟတ်ယာဥ်တွေနဲ့ အင်အားတိုးချဲ့ ချထားခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် ဒေသခံတချို့ဟာ ဘေးလွတ်ရာမြို့နယ်တွေကိုထွက်ပြေးကြပြီး တချို့ကတော့ ဖားကန့်မြို့နယ်ထဲက တာမခံကျေးရွာက ဘုရားကျောင်းနဲ့စာသင်ကျောင်းတွေမှာ ဒီကနေ့ ထိထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ဆယ်ဇင်းမှာတော့ ဒေသခံ သုံးပုံနှစ်ပုံလောက်က ပြေးပြီ။ အခုတာမခံမှာ စစ်ရှောင်စခန်းနှစ်ခုလုပ်ထားတယ်။ စာသင်ကျောင်းမှာတစ်ဖွဲ့၊ နှစ်ခြင်းဘုရားကျောင်းမျာတစ်ဖွဲ့၊ အခြေအနေကအရမ်းဆိုးတယ်လေ။ စစ်တပ်ကတော့ စစ်ကိုင်းတိုင်းထဲဝင်မရအောင် ရွာထိပ်တွေမှာစောင့်ထားတာ။ ရွာထဲအင်အား ၂၀၀ လောက်ချထားတော့ ပြည်သူတွေကကြောက်လို့အကုန်ပြေးပြီ ‘’ လို့ ဆယ်ဇင်းရွာဒေသခံက ဘီဘီစီကို ပြောပါတယ်။

    ဆယ်ဇင်းကျေးရွာဟာဆိုရင် လူဦးရေ ၃၀၀၀ လောက်နေထိုင်တဲ့ရွာကြီးဖြစ်ပြီး ရွှေမျောလုပ်ငန်းနဲ့စျေးအရောင်းအဝယ်လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။

    အခုလက်ရှိမှာလည်း ဆယ်ဇင်းရွာအတွင်းမှာ ဒေသခံ ၁၀ ယောက်ထက်မနည်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ဖားကန့်မြို့နယ်အတွင်းက ဆယ်ဇင်းကျေးရွာအနီးတစ်ဝိုက်နဲ့ ဝိုင်းမော်မြို့နယ်အနီးက ဝါးရှောင်ရွာတွေဘက်မှာစစ်ကောင်စီနဲ့ ကေအိုင်အေ၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း နယ်မြေအတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

  3. ကော့ကရိတ်- မြဝတီအာရှလမ်း ကော့နွဲ့ရွာအနီးမှာ လောင်စာဆီတင်ဆောင်လာတဲ့ ကားတစ်စီးပစ်ခတ်ခံရ

    ကော့ကရိတ်- မြဝတီလမ်းပေါ်ကကော့နွဲ့ကျေးရွာအနီးမှာ ဒီကနေ့ဇူလိုင် ၂၃ ရက် မနက်ပိုင်းကလောင်စာဆီတင်ဆောင်လာတဲ့ ကားတစ်စီးပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကော့ကရိတ်မြို့အထွက် တစ်မိုင်လောက်မှာရှိတဲ့ ကော့နွဲ့ရွာအနီးမှာ ပစ်ခတ်ခံရတာဖြစ်ပြီးဓါတ်ငွေ့လောင်စာ တင်ဆောင်လာတဲ့ ကားဖြစ်တယ်လို့လည်း အနီးအနားကဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာ ပြောဆိုထုတ်ပြန်ထားတာမရှိသေးပါဘူး။

    ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးတာတွေ သွားရောက်ကူညီပေးရတာတွေမရှိဘူးလို့လည်း ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ကားတွေ အာရှလမ်းမပေါ်မှာ ဖြတ်သန်းသွားလာတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

  4. ဆားလင်းကြီးမြို့နယ်၊ စည်ပင်စျေးအနီးက လက်ဖက်ရည်ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်ခံရပြီး ‌သေဆုံး, ပစ်ခတ်ခံရတဲ့ အနီးတစ်ဝိုက်မှာလုံခြုံရေးတင်းကျပ်ထား

    ဆားလင်းကြီးမြို့နယ်ထဲက စည်ပင်စျေးအနီးမှာရှိတဲ့ ရွှေလင်းလက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေတဲ့ ရဲတပ်သား တွေမနေ့ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက လူတစ်ခုဝင်ရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ဖက်ရည်ဆိုင်အတွင်းကို ဝင်ရောက်ပစ်ခတ်နေတဲ့ ရုပ်သံဗီဒီယိုတစ်ခုလည်း ဒီကနေ့ဇူလိုင် ၂၃ မနက် အစောပိုင်းမှာလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

    နာရီဝက်နီးပါး ကြာမြင့်တဲ့ ဒီရုပ်သံမှာတော့ လက်နက်ကိုင်ထားတဲ့ လူသုံးဦးဟာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်မှုလုပ်ခဲ့ပြီး ကားနဲ့ပြန်ထွက်သွားခဲ့တာကိုတွေ့ရပါတယ်။

    ပစ်ခတ်သူတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တယ်လို့လည်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ဘီဘီစီက ဒေသခံတွေကိုဆက်သွယ်မေးမြန်းအတည်ပြုရမှာတော့ ရဲတပ်သားတွေ ဝင်ရောက်တိုက်ခိုက်ခံရတဲ့ဖြစ်စဥ် မှန်ကန်ကြောင်းနဲ့ ရဲတပ်သားတွေသေဆုံးမှုရှိတဲ့ အကြောင်းအတည်ပြုပြောဆိုကြပါတယ်။

    ‘’ဒေသကာကွယ်ရေးတပ်တွေကတော့ ထုတ်ပြန်တာမတွေ့ဘူး။ ဖြစ်စဥ်ကတော့ မှန်ကန်ပါတယ်။ စည်ပင်စျေးနားကလက်ဖက်ရည်ဆိုင်မှာဖြစ်တာ၊ ဒုရဲအုပ်အပါအဝင် ၄ ဦးသေတယ်။ စျေးဆိုတော့ လူလည်းစည်တဲ့နေရာပဲ။ အရပ်သားပြည်သူတော့ ဘယ်သူမှထိခိုက်တာမရှိပါဘူး။ဒီကနေ့မနက်တော့ အလောင်းတွေမြေချချိန် မြို့ထဲက လက်ဖက်ရည်ဆိုင်တွေကို လိုက်ပိတ်ခိုင်းနေတယ်’’ လို့ ဆားလင်းကြီးမြို့နယ်အတွင်းသတင်းတွေကိုပုံမှန်ထုတ်ပြန်နေတဲ့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဘီဘီစီကိုပြောပါတယ်။

    အခုလို ရဲတပ်သားတွေသေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

    လက်ရှိဆားလင်းကြီးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပတ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တာ ၇ ကြိမ်ထက်မနည်း ရှိခဲ့တာကိုလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ဗီဒီယိုမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။

    မနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်ထဲက ရဲတပ်သားတွေ ပစ်ခတ်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ဒီကနေ့ဇူလိုင် ၂၃ မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ထားတာမရှိသေးသလို ဘီဘီစီကလည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  5. ICJ ဆုံးဖြတ်ချက် ကို အချက် ၃ချက်နဲ့ စစ်ကောင်စီတုံ့ပြန်လာ, တရားရုံးဆုံးဖြတ်ချက်ကကျူးလွန်သူစစ်ခေါင်းဆောင်တွေစာရင်းကို ထုတ်ပေးလိုက်မယ့်သဘောလို့ လူ့အခွင့်အရေးသမားတွေပြော

    ရခိုင်ပြည်နယ်‌မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာတရားရုံး - အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှု အပေါ် တရားရုံးက လက်ခံသင့် မသင့် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားကို လေးချက်စလုံးကို ပယ်ချကြောင်း တရားရုံးက မနေ့ဇူလိုင် ၂၂ရက် ကြေညာခဲ့ပါတယ်။

    ဒီအပေါ်မှာ စစ်ကောင်စီဘက်က အချက် ၃ချက်နဲ့ တုံ့ပြန်ကြောင်း ပြောဆိုလာပါတယ်။ စစ်ကောင်စီ တုံ့ပြန်ချက်တွေထဲ စစ်ကောင်စီကန့်ကွက်မှုအပေါ် အိုင်စီဂျေရဲ့ ပယ်ချမှုကို နိုင်ငံတကာ တရားဥပဒေတွေနဲ့အညီ ရှေ့ဆက်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမယ့် အကြောင်း၊ အိုင်စီဂျေ အနေနဲ့လည်း နိုင်ငံတကာ တရားဥပဒေကို အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ မှန်ကန်တဲ့ မှတ်ကျောက်တင်ခံနိုင်လိမ့်မယ်လို့ ဆက်လက်မျှော်လင့်ကြောင်းနဲ့ ကုလသမဂ္ဂရဲ့ အဓိက အဖွဲ့အစည်း ၆ခုမှာ အိုင်စီဂျေဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖွဲ့အနေနဲ့ လက်ခံဆောင်ရွက်ခဲ့တာကလည်း မြန်မာအစိုးရအဖြစ်အသိအမှတ်ပြုတာဆိုပြီး ပြောလာတာပါ။

    ဒီလို စစ်ကောင်စီဘက်က တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရမှု ‌အပေါ်မှာ ဦးစားပေးစဥ်းစားချက်နဲ့ပြောနေပေမဲ့ လူ့အခွင့်အရေးနဲ့နိုင်ငံတကာအရေးလေ့လာသူတွေကတော့ ဒါဟာ စစ်ကောင်စီကိုအကျပ်ရိုက်စေမှာဖြစ်သလို တရားရုံးဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်သင့်တဲ့ဆုံးဖြတ်ချက်လို့ ပြောကြပါတယ်။

    လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ မခင်ဥမ္မာကတော့ "အိုင်စီဂျေတရားရုံးက ကျူးလွန်သူတွေကို ထောင်ကနေ ခုံရုံးတင် ၊ ဒါမျိုးလုပ်တဲ့တရားရုံးတော့မဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ရှိတဲ့ကျူးလွန်သူစစ်ခေါင်းဆောင်တွေစာရင်းကို ထုတ်ပေးလိုက်မယ့်သဘောပဲ" လို့ ‌ သုံးသပ်ပြပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှုကိုခံစားပြီးမှအသက်ရှင်ကျန်ရစ်သူတွေ ရော သေဆုံးသွားကြရတဲ့ ရိုဟင်ဂျာ ကွန်မြူနတီအတွက် တရားမျှတမှုရဖို့ တရားရုံးဘက်က ကြားနာနိုင်ဖို့ အဆင့်ကို တက်သွားတဲ့အတွက် ဒါအင်မတန်မှကောင်းတဲ့အချက်ဖြစ်တယ် လို့ ဆိုပါတယ်။

    မနေ့ကတော့ မြန်မာရဲ့ ကန့်ကွက်ချက်အားလုံးကို ပယ်ချခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပယ်ချချက် သုံးခုကို တရားသူကြီး အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ဂမ်ဘီယာဟာ တိုက်ရိုက်နစ်နာသူမဟုတ်တဲ့အတွက် စွဲဆိုခွင့် မရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို ပယ်ချတဲ့ ဆုံးဖြတ်ချက်မှာတော့ တရားသူကြီး အားလုံးထဲမှာ တရုတ်နိုင်ငံသူ တရားသူကြီး ရွှီဟန်ချင်းက သဘောမတူ ကြောင်း မဲပေးခဲ့လို့ ၁၅ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တဲ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဂျုံးဒိုနိုဟူးက ကြေညာခဲ့ပါတယ်။

    မြန်မာရဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချခဲ့ပြီးတဲ့နောက်မှ အိုင်စီဂျေတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားသူကြီး ၁၅ ဦးက သဘောတူဆုံးဖြတ်ပြီး တရုတ်တရားသူကြီး ရွှီဟန်ချင်း တစ်ဦးတည်းကပဲ ကန့်ကွက်လို့ ၁၅-၁ မဲ နဲ့ ဆုံးဖြတ်ခဲ့ကြကြောင်းတရားသူကြီး ဂျုံးဒိုနိုဟျူးက ဖတ်ကြားသွားခဲ့တာပါ။

  6. ခင်ဦးမြို့နယ် မောင်းချောက်တောရွာကို ဒီနေ့မနက် စစ်ကြောင်းထိုးနေ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မောင်းချောက်တောရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ ဇူလိုင် ၂၃ ရရက် မနက် ၉ နာရီလောက်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

    “အဲ့ဒီစစ်ကြောင်းက ကျီစုကို မီးရှို့လာတဲ့စစ်ကြောင်း၊ မနက်ကတည်းက လက်နက်ကြီးတွေနဲ့ တဒိုင်းဒိုင်း ထုပြီးဝင်လာတာ ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

    လတ်တလော စစ်ကြောင်းထိုးခံနေရတာကြောင့် စစ်ကောင်စီတပ်အင်အား၊ ထွက်ပြေးနေရတဲ့ ကျေးရွာနဲ့ ဒေသခံအရေအတွက်တွေ၊ ထိခိုက်ဒဏ်ရာရတာတွေကို မသိကြရသေးပါဘူး။ ခင်ဦးမြို့နယ်မှာ မနေ့က မြင်းဒေါင်းကျေးရွာနဲ့ ကျူရှင်းကျေးရွာအကြားမှာ အင်အား ၉၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ ကျော် သေဆုံးတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

    စစ်ကြောင်းထိုးခံနေရတဲ့ မောင်းချောက်တော ကျေးရွာအခြေအနေတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

  7. မြိတ်၊ ထားဝယ်ကကျေးရွာအချို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန် သေဆုံးမှုတွေရှိ, လနဲ့ချီစစ်ရှောင်ရသူတွေရှိလာပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက သဲချောင်းကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကစပြီး အခုဇူလိုင်နောက်ဆုံးပတ်အထိ စစ်ကောင်စီနဲ့ ဒေါင်းမင်းစစ်ဆင်ရေး (TYC- PDF ) ပူးပေါင်းအဖွဲ့တွေကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေး ကသတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ်ထဲက သဲချောင်းကြီးကျေးရွာမှာ စခန်းချနေထိုင်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဇူလိုင် ၁၀ ရက်နေ့အထိ စာရင်းအရ စစ်ကောင်စီဘက်က အယောက် ၄၀ နီးပါးကျဆုံးခဲ့သလို ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း တပ်စိပ်မှုးတစ်ဦးအပါအဝင်၆ဦးကျဆုံးခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးက မနေ့ဇူလိုင် ၂၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

    တနင်္သာရီတိုင်းထဲမှာတော့ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေအတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်လ ကစလို့ အခုလက်ရှိ ဇူလိုင်လအထိစစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်း တနင်္သာရီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာ ကို မြို့ပေါ်ရပ်ကွက်တွေအထိ လုပ်ဆောင်နေပြီး ဒါဟာ နန်းထိုက်အောင်စစ်ဆင်ရေးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လကတည်းက ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရသူ ထောင်ချီရှိနေပြီး ဒေသခံတချို့ဟာတော့ လနဲ့ ချီစစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီရဲ့ လမ်းကြောင်းပိတ်ဆို့ကန့်သတ်မှုတွေ၊ ရိက္ခာသယ်ယူခွင့်ကန်သတ်ချက်တွေကြောင့် အခက်အခဲတွေဖြစ်နေပြီး သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင်ကလေးငယ်တွေမှာလည်း ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ပြောပါတယ်။

  8. မီးရှို့မှု၊ သတ်ဖြတ်မှုနဲ့ မုဒိန်းမှုတွေ အကြောင်း စစ်သားဟောင်းတွေ ဝန်ခံ

  9. မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှု မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံး ပယ်ချခံရ

    လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီး တစ်ခုလုံး မဆုံးဖြတ်ခင် ဒုတိယမြောက် ကြားဖြတ်ဆုံးဖြတ်ချက်လို့ ဆိုနိုင်တဲ့ ဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံမှာ ဒီကနေ့ ကြေညာခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားကို လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

    မြန်မာရဲ့ ပထမဆုံးကန့်ကွက်ချက်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ တရားစွဲလို့ မရကြောင်း ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံနဲ့ ဂျီနိုဆိုက် တားဆီးရေး စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် မြန်မာကန့်ကွက်ချက်ကို ပယ်ချရမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

    မြန်မာရဲ့ နောက်ကန့်ကွက်ချက်တစ်ခုကတော့ အမှုကို တိုင်ကြားချိန်မှာ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှုရှိမနေဘူး၊ ဒါကြောင့် တရားရုံးမှာ တိုင်ကြားနိုင်တဲ့ တရားဝင်မှုမရှိဘူးဆိုတဲ့ အချက်အပေါ်မှာ တရားသူကြီးက ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိချက်တွေ တင်ပြချိန်မှာကတည်းက ဂမ်ဘီယာရဲ့ ရပ်တည်ချက်၊ ဂမ်ဘီယာဘက်က ပေးပို့ခဲ့တဲ့စာတွေနဲ့ မြန်မာဘက်က တုံ့ပြန်ချက် မတုံ့ပြန်ချက်တွေကို ကြည့်ပြီး မြန်မာနဲ့ ဂမ်ဘီယာကြားမှာ အငြင်းပွားမှုရှိခဲ့ပါတယ်လို့ ဆုံးဖြတ်တဲ့အတွက် မြန်မာရဲ့ ဒီကန့်ကွက်ချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

    မြန်မာရဲ့ တတိယကန့်ကွက်ချက်ဖြစ်တဲ့ မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုးစဉ်က ခြွင်းချက်ထားခဲ့တဲ့ ပုဒ်မ ၈ ကြောင့် အိုင်စီဂျေတရားရုံးအနေနဲ့ အခုအမှုကို ကြားနာစီရင်ဆုံးဖြတ်ခွင့်မရှိဘူးဆိုတဲ့ အပေါ်မှာ တရားရုံးကတော့ မြန်မာဟာ ပုဒ်မ ၈ ကို ခြွင်းချက်ထားပေမဲ့ ပုဒ်မ ၉ ကို လက်ခံထားတဲ့အတွက်ရယ်၊ တရားစွဲဆိုမှုကို ကြားနာခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ ဆက်စပ်အခြေအနေတွေကိုပါထည့်သွင်းစဉ်းစားရတာမို့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ပြီး မြန်မာရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။

    မြန်မာရဲ့ နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂမ်ဘီယာက သူတို့မြေမှာဖြစ်တာလည်းမဟုတ်၊ သူတို့လူမျိုးတွေ ထိခိုက်နစ်နာတာလည်းမဟုတ်လို့ တိုင်ကြားစွဲဆိုနိုင်တဲ့ အခွင့်အလမ်းမရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို တရားသူကြီးက ဂမ်ဘီယာဟာ လူမျိုးတုံးသတ်ဖ့တ်မှုကာကွယ်တားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တယ်၊ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအားလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ဆန္ဒသဘောထားရှိကြတယ်၊ ဒါကြောင့် စွဲဆိုနိုင်ခွင့်ရှိတယ်၊ မြန်မာဘက်က ကန့်ကွက်ချက်ကို ပယ်ချတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    မြန်မာရဲ့ ကန့်ကွက်ချက်အားလုံးကို ပယ်ချခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပယ်ချချက် သုံးခုကို တရားသူကြီး အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ဂမ်ဘီယာဟာ တိုက်ရိုက်နစ်နာသူမဟုတ်တဲ့အတွက် စွဲဆိုခွင့် မရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို ပယ်ချတဲ့ ဆုံးဖြတ်ချက်မှာတော့ တရားသူကြီး အားလုံးထဲမှာ တရုတ်နိုင်ငံသူ တရားသူကြီး ရွှီဟန်ချင်းက သဘောမတူ ကြောင်း မဲပေးခဲ့လို့ ၁၅ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တဲ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဂျုံးဒိုနိုဟူးက ကြေညာခဲ့ပါတယ်။

    မြန်မာရဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချခဲ့ပြီးတဲ့နောက်မှ အိုင်စီဂျေတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားသူကြီး ၁၅ ဦးက သဘောတူဆုံးဖြတ်ပြီး တရုတ်တရားသူကြီး ရွှီဟန်ချင်း တစ်ဦးတည်းကပဲ ကန့်ကွက်လို့ ၁၅-၁ မဲ နဲ့ ဆုံးဖြတ်ခဲ့ကြကြောင်းတရားသူကြီး ဂျုံးဒိုနိုဟျူးက ဖတ်ကြားသွားခဲ့ပါတယ်။

  10. ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် - အိုင်စီဂျေ တရားရုံး မကြာခင်ဆုံးဖြတ်ချက်ချဖို့ရှိ

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး အိုင်စီဂျေတရားရုံးက ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။

  11. ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတချို့သေဆုံးတယ်လို့ ဖယ်ခုံPDF ထုတ်ပြန်လာ

    ရှမ်း၊ကယားနယ်စပ်မှာရှိတဲ့ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲက လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ခုံ PDF နဲ့ KNDF BO3 တို့ကမနေ့ဇူလိုင် ၂၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်လာပါတယ်။

    တိုက်ပွဲတွေကြောင့် ဖယ်ခုံမြို့နယ် နားဟီးကျေးရွာနဲ့ ဗန်ခူးကျေးရွာက ဒေသခံတွေလည်း စစ်ဘေးရှောင်နေရာကနေ နေရပ်ပြန်ရောက်ချိန် ထပ်မံစစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေသလို အရပ်သားတွေကို ပစ်ခတ်၊ ဖမ်းဆီးတာတွေနဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေဆက်ရှိနေတယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့ များကွန်ယက်ကလည်း မနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပဲ ဖယ်ခုံ၊ လွိုင်ကော်၊ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အထိလုပ်ခဲ့တယ်လို့ ကရင်နီဒေသကာကွယ်ရေးတပ်တွေဘက်ကလည်းထုတ်ပြန်ထားပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ဇူလိုင်လထဲမှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းလုပ်ခဲ့ပြီးဇူလိုင် ၆ ရက်နေ့ ဆိုလဆယ်အနီးမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ ကျေးရွာနေပြည်သူတစ်ဦးကို စစ်ကောင်စီဘက် ကပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ ကရင်နီလူမှုလူမှုအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    တိုက်ပွဲတွေအပြင် အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့ အပြင်ဒေသခံနေအိမ်တွေထဲဝင်ရောက်ပြီး စားနပ်ရိက္ခာတွေယူဆောင်တာတွေနဲ့ နေအိမ်ထဲက ပစ္စည်းတွေကိုဖျက်ဆီးတာတွေရှိတဲ့အကြောင်းလည်း ဒေသခံတွေကပြောဆိုထားပါတယ်။

    ဇူလိုင် ၈ ရက်နေ့မှာလည်း လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဘက်ကပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အလားတူပဲ ဇူလိုင် ၁၂ ရက်နေ့က လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်မှာလည်း ဆိုင်ကယ်စီးနင်းလာတဲ့ဒေသခံတွေကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ခြေသလုံးကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

    တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ကရင်နီပြည်နယ်ထဲမှာ နှစ်ဖက်သေဆုံးမှုတွေလည်းဆက်ရှိနေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တွေကတော့ စစ်ရေးသတင်းတွေကို တောက်လျောက်ထုတ်ပြန်နေပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရံဖန်ရံခါသတင်းထုတ်ပြန်လေ့ရှိပေမယ့် ပြီးခဲ့တဲ့ ဇွန်လနဲ့ အခုဇူလိုင်လမှာတော့ ကယားပြည်နယ်ထဲကအခြေအနေတွေကို သတင်းထုတ်ပြန်လာတာမရှိပါဘူး။

    အခုဖယ်ခုံတိုက်ပွဲမှာ စစ်တပ်ဘက်က ၉ ဦးထက်မနည်းသေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  12. ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံကို တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ခေါင်းဆောင် ကတိပေးကြောင်း ဖနွမ်းပင်သတင်းဖော်ပြ

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန် ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းတို့ တွေ့ဆုံခွင့်ရဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုလိုက်ပြောကြားကြောင်း ဝန်ကြီး ပရက်ဆော့ခွန်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ကမ္ဘောဒီးယား အခြေစိုက် ဖနွမ်ပင်သတင်းက ဒီကနေ့ဇူလိုင် ၂၂ ရက်မှာ ဖော်ပြလာပါတယ်။

    ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာဆီယံအထူးသံဟာ မြန်မာနိုင်ငံကို ဇွန် ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး ချမှတ်ခဲ့တဲ့ အာဆီယံ ငါးမှတ် သဘောတူညီမှု ဆိုင်ရာ တိုးတက်မှုတွေကို နောက်ဆက်တွဲ ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းက ဆက်လက်ဖော်ပြထားပါတယ်။

    သူ့ရဲ့အဲဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် အရေးပါတဲ့ အဓိကျသူတစ်ဦးအဖြစ် ရှိနေတယ်လို့လည်း သူက မြန်မာခရီးစဉ်အပြီး အစီရင်ခံစာမှာ ပြောကြားထားပါတယ်။

    စစ်ကောင်စီကတော့ ပြစ်ဒဏ်ကျခံနေသူတွေ၊ ဥပဒေကြောင်းအရအမှုရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ဘက်ကနေ အာဆီယံအထူးသံရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်တွေကို အမြဲငြင်းဆန်ခဲ့ပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့ အာဆီယံအထူးသံရဲ့မြန်မာပြည်ခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မပြုတဲ့ဆုံးဖြတ်ချက်ကို ဆက်လက်စွဲကိုင်ထားပေမဲ့ နိုင်ငံရေးမှာမဖြစ်နိုင်တာမရှိဘူး လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောလာခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဗဟိုအလုပ်ကော်မတီကလည်း ပါတီကိုကိုယ်စားပြုသူဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

  13. ပြည်ပခရီးသွား ၀င်ရောက်မရှိသလောက်ဖြစ်နေလို့ ခရီးသွားကုမ္ပဏီတွေ လုပ်ငန်းပိတ်သိမ်းရပ်နားရတာတွေရှိလာ, ခရီးသွားလုပ်ငန်းပြန်လည်ရုန်းထနိုင်ဖို့မလွယ်ဘူးလို့ သုံးသပ်

    ကိုဗစ်ရောဂါကန့်သတ်ချက်တွေကြောင့် ကမ္ဘာတဝန်းခရီးသွားလုပ်ငန်းတွေကျဆင်းခဲ့တဲ့နောက် ၂၀၂၁ ခုနှစ်မှာတော့ နိုင်ငံတချို့မှာကန့်သတ်ချက်တချို့ပြန်ဖြေလျော့ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်ပခရီးသွားဝင်ရောက်မှုဟာ မရှိသလောက်ကျဆင်းခဲ့တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။

    ဒီအခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ၊ ခရီးသွားကုမ္ပဏီတွေနဲ့ ဆက်စပ်တဲ့ ဧည့်လမ်းညွှန်တွေမှာလည်း ရုန်းကန်ရတဲ့အခြေအနေဖြစ်လာပြီး လုပ်ငန်းပိတ်သိမ်းတာ၊ လုပ်ငန်းပြောင်းလုပ်ကိုင်တာတွေလည်းဖြစ်လာပါတယ်။

    ‘’အခုနေ့စဥ်နဲ့ အမျှ လာနေတယ်ဆိုတာလည်း တစ်ဦးစနှစ်ဦးစပဲ၊ အဲဒီလူတွေကလည်း သူတို့ပြန်လာတာလား၊ ဘယ်မှာတည်းတာလဲ ဆိုတာ သေချာစိစစ်ဖို့လိုမယ်။ ဒါကိုသက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပေါင်းပြီး သေချာထုတ်ပြန်ရမှာ။ အဲလိုမဟုတ်ဘဲ ဗီဇာလျှော့လိုက်ပြီ ထောင်နဲ့ချီဝင်နေပြီဆိုပြီး မဂ်လာသတင်းပဲလုပ်နေလို့မရဘူး။ အောက်ခြေမှာက အားလုံးက ရုန်းကန်ဖို့ကြိုးစားနေရပြီ။ ဝန်ကြီးဌာနစာရင်းမှာ အရင်နှစ်တွေမှတ်ပုံတင်ထားတဲ့ ခရီးသွားကုမ္ပဏီ သုံးသောင်းကျော်၊ လေးသောင်းရှိပေမဲ့ အခု ရာဂဏန်းပဲရှိမယ်။ ဒါတွေတောင်မှ အကုန်လည်ပတ်တာမရှိတော့ဘူး။ ဝင်ငွေဇီးရိုးဖြစ်နေချိန်အကုန်လုပ်ငန်းပြောင်းသူ ၊ ပြည်ပထွက်သူ တွေရှိလာပြီ။ ဧည့်လမ်းညွှန်တွေဆိုရင်လည်း ဘာသာစကားဆိုတာ လုပ်ငန်းခွင်ထဲမှာပြောဆိုလေ့ကျင့်နေမှရတာလေ။ ခရီးသွားလုပ်ငန်းဟာလည်းRed Zone ( အနီရောင်) အဆင့်မှာ ရုန်းကန်နေရပြီ။ တစ်နှစ်နှစ်နှစ်နဲ့တော့ပြန်ရုန်းထနိုင်မှာမဟုတ်သေးဘူး’’ လို့ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကတော့ ခရီးသွားလုပ်ငန်းတွေပြန်လည်ပတ်နိုင်ဖို့ ပြည်တွင်းမှာ ခရီးသွားလာမှုကန့်သတ်ချက်တွေ လျှော့ချလိုက်သလို ပြီးခဲ့တဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နောက်ပိုင်း ပြည်ပခရီးသွားတွေ ဝင်ရောက်နိုင်ဖို့ လေကြောင်းလိုင်းတချို့ကိုပြန်ဖွင့်ပေးခဲ့ပါတယ်။

    ဗီဇာကန့်သတ်ချက်တချို့ကိုလည်း ဖြေလျှော့လိုက်ပြီးထိုင်း၊ စင်ကာပူ၊ မလေးရှား လေကြောင်းလိုင်းတချို့ဝင်ရောက်လာပေမဲ့ အလည်အပတ်လာတဲ့ ခရီးသွားမရှိသလောက်ဖြစ်ခဲ့တာပါ။

    ဒီအခြေအနေမှာပဲ ခရီးမသွားသင့်တဲ့ အန္တရာယ်ရှိတဲ့ ၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာလည်း အန္တာရာယ်ရှိတဲ့ သတ်မှတ်ချက်နဲ့ အနီရောင်အဆင့် ၄ သတ်မှတ်ချက်မှာပါဝင်တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ခရီးသွားသတိပေးချက်မှာ ပါဝင်လာပါတယ်။

    "ဗီဇာဖွင့်ပေးသော်လည်းပဲ အခုလိုအချိန်မှာ လုံခြုံရေးအခြေအနေရ ခရီးသွားလာမှုနဲ့ပတ်သတ်ပြီး သတိပေးချက်တွေထုတ်လာတဲ့ အခါမှာ ခရီးသွားကုမ္ပဏီတွေကလည်း တာဝန်ကြီးတယ်။ စစ်ပွဲဖြစ်နေတဲ့ နေရာလို့သတ်မှတ်ထားတဲ့အတွက် သူဖြစ်သူခံပေါ့၊ ဘယ်ခရီးသွားအာမခံကမှလည်းပေးမှာမဟုတ်ဘူး။ ပရီမီယံကြေးကလည်းအရမ်းမြင့်တဲ့အတွက် ဘယ်သူမှလည်းလာမှာမဟုတ်ဘူး" လို့ ပြည်ပခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    တဖက်မှာလည်း ပြည်တွင်းခရီးသွားလာမှုလုပ်ငန်းတွေမှာဆိုရင်လည်း နိုင်ငံတဝန်းမငြိမ်သက်မှုတွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေကြား အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတဲ့အတွက် ကမ်းခြေဧရိယာတချို့က လွဲရင် ခရီးသွားမှု ကျဆင်းနေတယ်လို့ ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကပြောပါတယ်။

  14. ရန်ကုန်နဲ့ မန္တလေးမှာ ပေါက်ကွဲမှုတွေဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လျှပ်စစ်ဝန်ထမ်းအပါအဝင်အရပ်သားထိခိုက်မှုတွေရှိ

    ရန်ကုန်မြို့၊ ကုန်သည်လမ်းမပေါ်နဲ့ ၃၉ လမ်းထိပ်မှာရှိတဲ့ ကျောက်တံတားလျှပ်စစ်ရုံးမှာဒီကနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းပိတ်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    ဒီကနေ့ နေ့လယ် ၁ ၂နာရီလောက်က လျှပ်စစ်ရုံးအနီးကို မြို့ပြပြောက်ကျားအဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး လျှပ်စစ်ရုံးအတွင်းကို အနီးကပ်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ လည်းဖြစ်စဥ်အနီးမှာရှိနေခဲ့တဲ့ ဒေသခံတွေကပြောပါတယ်။

    ဒီဖြစ်စဥ်ကြောင့် ကုန်သည်လမ်း၊ ဆိပ်ကမ်းသာလမ်းနဲ့ ဗိုလ်‌အောင်ကျော်လမ်းတွေကို ဒီကနေ့မွန်းတည့် ၁၂ နာရီလောက်ကနေ ဘီဘီစီကမေးမြန်းသိရှိရတဲ့ မွန်းလွဲ ၂ နာရီအထိ လမ်းတွေဆက်ပိတ်ထားဆဲဖြစ်ပြီး နေ့လယ် ၂ နာရီလောက်မှာလည်း နောက်ဆက်တွဲ ပေါက်ကွဲသံတွေဆက်ကြားနေရတယ်လို့ အနီးအနားက ဒေသခံကပြောပါတယ်။

    တစ်ခါ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အဝင်မှာလည်း ဒီကနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်းကပဲ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။

    ပေါက်ကွဲမှု နှစ်ကြိမ်အထိဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ EPC လျှပ်စစ်ဌာနက ဝန်ထမ်းတစ်ယောက်နဲ့ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မိုင်းထိမှန်သူတွေကို လူမှုကူညီရေးအသင်းတွေကသယ်ဆောင်နေချိန်မှာပဲ ဒုတိယအကြိမ်ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လူမှုကူညီရေးအသင်းသား ၃ ဦးနဲ့ အနီးအနားကပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒဏ်ရာရသူတွေကို ‌ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမယ့် နန်းတွင်းကိုသယ်ဆောင်သွားတာကိုတွေ့ရတယ်လို့လည်းအနီးအနားကဒေသခံတွေကပြောပါတယ်

    ။ဒေသခံတွေ ပြောပြချက်အရ မီတာလာဖြုတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကားကို ဗုံးနဲ့တိုက်ခိုက်ရာကနေပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီက မန္တလေး-ပုသိမ်ကြီးလမ်းကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

    လက်ရှိပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မန္တလေး-ပုသိမ်ကြီးလမ်းပိုင်းမှာတော့ စစ်ကောင်စီက လမ်းသွားလမ်းလာတွေကိုနေ့စဥ်စစ်ဆေးမှုတွေလုပ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မနက်ပိုင်းမှာလည်း အဲဒီအနားမှာ ဂျပ်ဖာဘူးနဲ့ထည့်ထားတဲ့ လက်လုပ်မိုင်းနှစ်ခိုကို စစ်ကောင်စီကတွေ့ရှိပြီး သယ်ဆောင်သွားတဲ့ဖြစ်စဥ်လည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

  15. ပညာရေးမှုဝါဒနဲ့မကိုက်ညီတဲ့ ပုဂ္ဂလိကကျောင်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

    စစ်ကောင်စီရဲ့ ပညာရေးမူဝါဒနဲ့ မကိုက်ညီတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို စိစစ်ပြီးအရေးယူ သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမနေ့ ဇူလိုင် ၂၁ ရက်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ထုတ်ပြောလာပါတယ်။

    စစ်ကောင်စီရဲ့ ပညာရေးမူဝါဒနဲ့ မကိုက်ညီတဲ့ စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီးဘယ်လိုသတ်မှတ်ထားတယ်ဆိုတာ ထည့်သွင်းပြောဆိုသွားတာမရှိပေမဲ့ ကျောင်းဖွင့်လှစ်မှုတွေကို စိစစ်အရေးအယူသွားမယ်လို့ ပြောဆိုသွားတာပါ။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပညာရေးအသိုင်းအဝိုင်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ အများအပြားရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြားကာလပညာရေးအစီအစဉ်ဖော်ဆောင်ပြီး အင်တာနက်အွန်လိုင်းက သင်ယူရတာတွေအပြင် ဒေသတချို့မှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပါတယ်။

    ဒီထဲက မှ အွန်လိုင်းစာသင်ကျောင်းတစ်ခုဖြစ်တဲ့ ကောင်းဖော်ယူ ကျောင်းက ကျောင်းအုပ်အပါအဝင် ဆရာ တချို့ကို ဖမ်းဆီးခံခဲ့သလို ကျောင်းမှာစာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေလည်းဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရပါတယ်။

    စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ကောင်းဖော်ယူကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို အရေးမယူဘူးလို့ပြောကြားထားပါတယ်။

    လက်ရှိမှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ကျောင်းဆရာ၊ ဆရာမတွေ နဲ့ ကြားကာလပညာရေးမှာ ပါဝင်သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဖမ်းဆီးခံရမှုဟာ ဒေသတချို့မှာဆက်ဖြစ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

    ဒီအချိန်မှာပဲ စစ်ကောင်စီ ဥက္ကဋ္ဌက စစ်ကောင်စီရဲ့ ပညာရေးမူဝါဒနဲ့ မကိုက်ညီတဲ့ စာသင်ကျောင်းဖွင့်လှစ်မှုတွေကို အရေးယူမယ်လို့ ထပ်ပြီးထုတ်ပြောလာတာပါ။

    အခုလို စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကိုဆန့်ကျင်ပြီး ကြားကာလပညာရေး မှာပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေကိုဖမ်းဆီးတာတွေနဲ့ ကျောင်းသားမိဘတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဟာ ကလေးသူငယ်တွေရဲ့ လွတ်လပ်စာ ပညာသင်ခွင့်ကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာက ထုတ်ပြန်ပြောဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို နယ်စပ်လုံခြုံရေးစခန်းတွေကနေ ဥပဒေဘောင်အတွင်းပြန်နေထိုင်ကြဖို့ဆိုပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့သတင်းစာတွေကနေ ဆက်တိုက်ခေါ် ယူတာတွေလုပ်နေပါတယ်။

  16. မော်လမြိုင် အထက(၅) ကျောင်းအုတ်တံတိုင်းပြိုကျပြီး ၅ ဦးသေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ

    မော်လမြိုင်မြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ အထက်လမ်းမကြီးမှာရှိတဲ့ အထက(၅) ကျောင်းအုတ်တံတိုင်းဒီကနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်းမှာ ပြိုကျမှုဖြစ်ခဲ့ပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ကျောင်းအုတ်တံတိုင်းအနီးမှာ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တွေဖွင့်ထားတာရှိပြီးမိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျချိန် အနီးက ဆိုင်ခန်းမှာရှိနေတဲ့ လူတွေ အုတ်တံတိုင်းပိပြီးသေဆုံးရတာဖြစ်တယ်လို့ သွားရောက်ကူညီကယ်ဆယ်ပေးနေတဲ့ လူတွေကပြောပါတယ်။

    ‘’ အုတ်တံတိုင်းကတော့ တော်တော်ကြာနေပြီ၊ ဖြစ်တာတော့ မိုးများလို့ပဲဖြစ်တာ။ဆိုင်တွေလည်း အဲဒီအနားမှာဖွင့်ထားတာတော့ အကုန်ပြေးချိန်မရဘဲ ပိသွားတာ။အသက် ၂၀ အရွယ်တစ်ယောက်ပါတယ်။ ကျန်တာတော့ သက်ကြီးပိုင်းတွေပဲ။အမျိုးသမီး ၃ယောက် ၊ အမျိုးသား ၂ယောက်အကုန်ပိမိနေတာ ။ စုစုပေါင်း ၅ယောက်သေဆုံးပြီး၂ ယောက်ဒဏ်ရာရပါတယ်’’ လို့ ရမညအရေးပေါ်လူမှုကူညီရေးအသင်းက တာဝန်ရှိသူက‌ ပြောပါတယ်။

    လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးသွားပြီး ဒဏ်ရာရသူတွေကိုဆေးရုံပို့ဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

  17. အခြေခံဆေးဝါးအပါအဝင် ဆေးဝါးပစ္စည်းတချို့စျေးတက်, ဆေးကုမ္ပဏီတချို့ ဆေးရောင်းချတာရပ်နားထား

    ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံးဆေးဝါးတွေအပါအဝင် ဆေးဝါးတွေ စျေးတက်နေပြီးဆေးကုမ္ပဏီတချို့လည်း ဆေးအရောင်းရပ်နားထားတယ်လို့ ဆေးဝါးဖြန့်ဖြုးရောင်းချသူတွေကပြောပါတယ်။

    ဒါ့အပြင် ဆေးဆိုင်တချို့မှာလည်း ဆေးဝါးတွေကို လူတစ်ဦးချင်းကန့်သတ်ချက်နဲ့ရောင်းနေပြီး စျေးဝယ်ယူဖို့တန်းစီနေတဲ့ မြင်ကွင်းတွေလည်း ခုရက်ပိုင်းမှာပဲ ရန်ကုန်ကနေရာတချို့မှာတွေ့လာနေရပါတယ်။

    " ဆေးကုမ္ပဏီတွေက ၁၉ရက်နေ့ (အာဇာနည်နေ့) နောက်ပိုင်းကတည်းက အရောင်းအားလုံးနားထားလိုက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရောင်းရတဲ့ရ မြန်မာကျပ်ငွေကို ဒေါ်လာပြန်လဲပြီးဆေးဝယ်ရတော့ နေ့တိုင်းအရှုံးတွေပေါ်နေတာ။ ဒီနေ့ရောင်းရတဲ့ငွေသည်မနက်ဖြန်အတွက် အရှုံးဖြစ်သည်ဆိုတဲ့ စကားအတိုင်းပဲ။ ဒီလိုပိတ်လို့မရဘူးပြောတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ တစ်နေ့တစ်နေ့အရှုံးပေါ်နေတာက " လို့ ဆေးဝါးဖြန့်ဖြူးရောင်းချနေသူတစ်ဦးကပြောတယ်။

    ဆေးကုမ္ပဏီတွေဘက်က အခုလိုဆေးဝါးဖြန့်ဖြူးရောင်းချတာ ရပ်နားထားတဲ့အခြေအနေကြောင့်‌ဆေးဆိုင်တချို့မှာလည်း ဆေးဝါးတွေကို လူတစ်ဦးကို ဝယ်ယူရမယ့်ဆေးဝါးကန့်သတ်ချက်တွေနဲ့ရောင်းချတာတွေရှိလာပါတယ်။ ဒါ့အပြင် အိမ်သုံးဆေးအပါအဝင် ဆေးဝါးတချို့ဟာလည်း ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်ူးအထိ ‌စျေးနှုန်းမြင့်တက်တာတွေဖြစ်နေတယ် စျေးကွက်ထဲကသိရပါတယ်။

    "ကိုဗစ်တတိယလှိုင်းနဲ့ မတူဘူးလေ။ အဲဒီတုန်းက ဆေးပြတ်မှာကြောက်တာ၊ စျေးကအဲလောက်မတက်ဘူး။အခုက ကုမ္ပဏီတွေကိုယ်တိုင်က မြန်မာငွေနဲ့ ဆေးရောင်းပြီး ဒေါ်လာနဲ့ နိုင်ငံခြားငွေနဲ့ ဆေးပြန်ဝယ်နေရတော့ ခွက်ထိုးခွက်လန်ရှုံးတော့ ရောင်းဖို့ကြောက်နေတာ " လို့ဆေးကုမ္ပဏီတစ်ခု အရောင်းတာဝန်ခံကပြောပါတယ်။

    ဆေးကုမ္ပဏီတွေ၊ ဆေးဝါးတင်သွင်းသူတွေအနေနဲ့သွင်းကုန်လိုင်အတွက် ဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းကို တင်ပြရမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကိုတင်ပြပြီးရင်နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတင်ပြဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းကထုတ်ပြန်ထားပါတယ်။

    ဆေးပစ္စည်းတွေပြတ်လပ်တာမဖြစ်စေဖို့နိုင်ငံခြားငွေမဝယ်ဘဲ ကုမ္ပဏီအစီအစဥ်နဲ့ဝယ်ယူမယ်ဆိုရင် ကုမ္ပဏီဒါရိုက်တာကိုယ်တိုင် လတ်မှတ်ထိုးဝန်ခံကတိလုပ်ပြီး အသင်းကိုတင်ပြရမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    လက်ရှိမှာတော့ ဆေးကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင်ရဖို့ ခက်ခဲကြန့်ကြာမှုတွေကြောင့်ပြင်ပဒေါ်လာငွေနဲ့ ဆေးဝယ်ယူနေရာတွေရှိနေပြီး စျေးကွက်ထဲမှာ ဆေးဝါးစျေးမြင့်တာတွေဆက်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်နေကြပါတယ်။

  18. စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ဆီထွက်သီးနှံ စိုက်ပျိုးမှု လျော့ကျ

  19. ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် - အိုင်စီဂျေ တရားရုံး ဘယ်လို ဆုံးဖြတ်မလဲ

  20. လက်နက်ကိုင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဟုမ္မလင်းက CDM ကျောင်းအုပ် အလောင်းပြန်တွေ့

    ဟုမ္မလင်းမြို့နယ် ဟဲဖက်ရွာနေအိမ်ကနေ ဇူလိုင် ၁၆ ရက်က လက်နက်ကိုင်ဆောင်ထားသူ လူတစုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ CDM ကျောင်းအုပ်ဆရာကြီးရဲ့ အလောင်းကို ဇူလိုင်လ ၁၈ ရက်မှာ ပြန်တွေ့ပြီလို့ မိသားစုက ပြောပါတယ်။

    ဆရာကြီးက သက်ကယ်သောင်ရွာက အလယ်တန်း ကျောင်းအုပ် အသက် ၃၈ နှစ် အရွယ် ဦးအောင်ဆန်းလင်း ဖြစ်ပြီး အလောင်းပြန်တွေ့တဲ့ညနေမှာပဲ မိသားစုက ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီး လာမယ့် ၂၂ ရက်နေ့မှာ မိသားစုက ရက်လည်လုပ်မယ်လို့ သိရပါတယ်။

    ဇူလိုင်လ ၁၆ ရက်နေ့ ည သန်းခေါင်ကျော်က မိသားစုတွေ အားလုံး အိပ်ပျော်နေချိန်မှာ ဆရာကြီးရဲ့ နေအိမ်ကို လက်နက်ကိုင်လူအုပ်စု ရောက်လာပြီး ဆရာကြီးကို ဖမ်းဆီးသွားတယ်လို့ မိသားစုက ဆိုပါတယ်။

    သူ့နေအိမ်မှာ ညဖက် သေနတ် နှစ်ချက်ဖောက်ပြီး ဖမ်းခေါ်သွားပြီး အိမ်အောက်ရောက်တော့ လက်ထိပ်ခတ် ခေါ်ဆောင်သွားတယ်၊ ဘာစကားမှ ပြောခွင့်မပေးသလို ရှင်းပြခွင့် မပေးဘူးလို့လည်း ဒီဖြစ်ရပ်ကို သိရှိသူတွေက ပြောပါတယ်။

    မိသားစုတွေကတော့ သူတို့ အိပ်နေတဲ့ ညအချိန် လာဖမ်းတာဖြစ်ပြီး မှောင်လည်း မှောင်နေလို့ လာဖမ်းသူတွေက ဘယ်သူဘယ်ဝါ ဆိုတာ မသိရသလို မခန့်မှန်းနိုင်ဘူးလို့ လည်း ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး PDF အဖွဲ့တွေကို ထောက်ပံ့တယ်လို့ ဆရာကြီးကို စွပ်စွဲပြီး ဖမ်းဆီးတာလို့လည်း ဒေသတွင်း သတင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

    ဆရာကြီးကို အိမ်ကနေ ခေါ်သွားပြီး သိပ်မကြာခင်မှာပဲ အိမ်ကနေ သေနတ်သံ သုံးချက်ကြားလိုက်ရတယ်၊ ဖမ်းခေါ်သွားသူနောက်ကနေ လိုက်သွားခွင့်မရလို့ မြင်တွေ့ရတာတော့ မရှိဘူးလို့ မိသားစုက ပြောပါတယ်။

    ဆရာကြီးသေဆုံးသွားပြီ ဆိုတဲ့အကြောင်း အုပ်ချုပ်ရေးမှူးက နောက်တနေ့မှာ လာပြောပြတယ် လို့လည်း ဆိုပါတယ်။

    ဆရာကြီးမှာ အသက် ၃ နှစ် အရွယ် ကလေးငယ် အပါအဝင် သားသမီးသုံးယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ပါတယ်။

    ဖမ်းဆီး သတ်ဖြတ်လိုက်သူတွေ ဘယ်သူဘယ်ဝါ ဆိုတာ မိသားစုက မသိပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ယောက်ကတော့ ဆရာကြီးကို ဖမ်းဆီးခေါ်ဆောင် သွားသူတွေထဲမှာ SNA ရှမ်းနီ အဖွဲ့က အရာရှိတစ်ယောက် ပါဝင်တယ်လို့ စုံစမ်းသိရှိရကြောင်း ဘီဘီစီကို အခိုင်အမာ ပြောပါတယ်။

    ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေညာချက်လည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    SNAရှမ်းနီ အမျိုးသားများ တပ်မတော်ကတော့ ဖြစ်ပျက်ပုံ အသေးစိတ်ကို လတ်တလော မသိရသေးကြောင်းနဲ့ အရပ်ထဲက စွပ်စွဲမှုတွေရှိနေတဲ့ ဖမ်းဆီးရာမှာပါတယ်ဆိုတဲ့ ရှမ်းနီ အရာရှိဆိုသူကို ဖမ်းဆီး စစ်ဆေးနေတယ်လို့SNA ရှမ်းနီ အဖွဲ့က ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဘီဘီစီကို ပြောပါတယ်။

    SNA အနေနဲ့က PDF တချို့ကို လေ့ကျင့် သင်တန်းပေးခဲ့တာတွေ ရှိပြီး နယ်မြေတွင်းမှာ အတူ လက်တွဲ ဆောင်ရွက်နေတာတွေ ရှိတယ်၊ PDF ကို ထောက်ပံ့တယ် ဆိုသူကို SNA က ဖမ်းဆီး အပြစ်ပေးစရာ အကြောင်း မရှိဘူးလို့ သူက ပြောပါတယ်။