ရုရှားနိုင်ငံခြားရေး၀န်ကြီး လက်ဘရော့ဗ် နေပြည်တော်ရောက်ရှိ
ရှရှား နိုင်ငံခြားရေး၀န်ကြီး ဆာဂေးလက်ဘရော့ဗ်ဟာ နေပြည်တော်ကို ဒီနေ့သြဂုတ်လ ၃ ရက်မနက်ပိုင်းမှာ လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကိုးနှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ မြန်မာပြည်ခရီးစဥ်လည်းဖြစ်ပါတယ်။
ဒီခရီးစဥ်အတွင်း မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံဖို့ရှိတယ်လို့ ရုရှားအခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်။
သူ့ခရီးစဥ်အတွင်းမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ဩဂုတ် ၃ ရက်နေ့မှာ အလုပ်သဘော လာရောက်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သူ့ရဲ့ ခရီးစဥ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံဖို့ရှိပြီး အခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခရိုဗာကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တွေ့ဆုံဆွေးနွေးမယ့်အပြင် ကုန်သွယ်မှု စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထည့်သွင်း ဆွေးနွေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။