ဝူယန်ကျေးရွာက စစ်ကောင်စီ ပြည်သူ့စစ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်နေ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်ဂိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ မနက်၂ နာရီလောက်က ကေအိုင်အေက ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ဇူလိုင်လ ၂၈ ရက် မနက် ၇ နာရီ လောက်ကနေစပြီး အဲဒီဂိတ်အနီး ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ ဆိုပါတယ်။
“ဒီမနက် ကျွန်မတို့က မနေ့က ဝိုင်းမော်ကနေ ဝါရှောင်ကို ပြန်လာတာ။ အဲအချိန်မှာ ဝူယန်ဂိတ်မှာ ကားနောက်ဖုံးတွေကိုရောအကုန်စစ်တယ်။ ဘယ်ကပြန်လာတာလဲ ၊ ဘယ်သွားမလို့လဲဆိုပြီး မေးတယ်။ မနေ့ညသန်းခေါင်ကျော်အချိန်လောက်မှာ လက်နက်သံ သေနတ်သံတွေ မနက် ၂ နာရီလောက်မှာကြားတယ်” လို့ ဝိုင်းမော်ကနေ ဝါရှောင်ဒေသကို ပြန်တဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“ဒီမနက် ယောက္ခမတွေ တောင်ယာသွားတာ၊ ဝူယန်ဂိတ်မှာ စစ်နေလို့ တောင်ယာမသွားဘဲပြန်ခေါက်လာတာ။ ဟိုဘက်ဒီဘက် ကားဆိုင်ကယ်တွေ အများကြီးကို တားပြီးစစ်နေတာလို့ ယပြောတယ်။ မနက် ၇နာရီလောက်ကဖြစ်မယ်" လို့ ဝိုင်းမော် ဒေသခံတစ်ယောက်ကပြောပါတယ်။
ဝူယန်ကျေးရွာမှာ ရှိတဲ့ ပြည်သူ့စစ်ဂိတ်ဟာ ဖြတ်သန်းသွားလာသူတွေကို အခုလို မကြာခဏစစ်ဆေးပေးမဲ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ကတော့ ကားဆို နောက်ဖုံးတွေ၊ ဆိုင်ကယ်ဆို တူးဘောက်တွေကိုပါဖွင့်ခိုင်းပြီး သေချာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ စစ်ဆေးခံရသူတွေကပြောပါတယ်။
ဝိုင်းမော်မြို့နယ် ဝါရှောင်ဘက်က နန်ဇော်ယန် ကျေးရွာဘက်မှာတော့ ကေအိုင်အေ နဲ့ စစ်ကောင်စီတွေ ထိတွေ့ တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ကောင်စီဘက်မှ လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရှိထားပါတယ်။
အခု ဝူယန်ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က အထိအခိုက်စာရင်းကိုမသိရသေးပေမဲ့ ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသတွင်းမီဒီယာတချို့က ဖော်ပြနေပါတယ်။