ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ
စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးရှိ, မြို့တွင်းမှာလည်းလက်နက်ကြီးသံတွေကြားနေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကလေးနည်းပညာတက္ကသိုလ်တောင်ဘက်သာယာရွာကုန်းရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့စပြီး စစ်ကောင်စီနဲ့ ကလေးဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးတွေရှိခဲ့တယ်လို့ ကလေး PDF ကထုတ်ပြန်လာပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ အပြင်သာယာကုန်းကျေးရွာအတွင်းကနေအိမ်တချို့ကိုမီးရှို့ဖျက်ဆီးတာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲတွေကြား သြဂုတ်လ ၃ရက်နေ့မှာတော့ PDF (Kalay) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၄ ရက်နေ့တိုက်ပွဲမှာတော့ ပကခတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထဲကတပ်ဖွဲ့ဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
ဒ့အပြင် သြဂုတ်လ ၃ ရက်နေ့က နေ ၄ ရက်နေ့ညနေပိုင်းအထိဖြစ်တဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးနိုင်သလို ကလေးမြို့နယ်မြောက်ပိုင်းမှာလည်းတမူးကနေ ကလေးမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးတယ်လို့PDF(kalay) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ကလေးမြို့တွင်းမှာလည်းမနေ့ သြဂုတ်လ ၄ ရက်နေ့မှာ ပေါက်ကွဲပစ်ခတ်သံတွေကြားနေရပြီး ဒီကနေ့ သြဂုတ်လ ၅ ရက်မနက်ပိုင်းမှာလည်း ကလေးမြို့အနောက်ဘက်ရပ်ကွက်တွေမှာ လက်နက်ကြီးသံတွေနဲ့ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိကလေးမြို့တွင်းက တိုက်ပွဲအခြေအနေတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းကိုဖြတ်သန်းသွားလာတာမလုပ်ကြဖို့ကိုလည်း PDF (Kalay) ကထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေး အာဆီယံမှာ ဘယ်နိုင်ငံတွေ ဘယ်လိုရပ်တည်လဲ
စစ်တပ်ဖမ်းထားတဲ့ ရွာသားတွေကယ်ဖို့သွားရင်း CDF Zotung ခေါင်းဆောင် အသတ်ခံရ
မတူပီမြို့နယ် ရမ်စီးရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF Zotung ရဲ့စစ်ဦးချုပ် အပါအ၀င် ၃ ယောက် ပြီခဲ့တဲ့ရက်ပိုင်းက အသတ်ခံခဲ့ရပါတယ်။
စစ်တပ်၀င်ရောက်စီးနင်းမယ့်သတင်းကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရွာသားတွေ နီးစပ်ရာကို တိမ်းရှောင်နေခဲ့ကြရာမှာ ရွာထဲမှာ မီးဖွားဖို့ ကျန်ရှိနေသူတွေနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအ၀င် လူ ၂၇ ယောက် အနက် ၂၁ ယောက်ဟာ ဇူလိုင် ၂၂ ရက်မှာ ဘုရားကျောင်းထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရပါတယ်။
ဒီသတင်းကိုကြားရတဲ့အတွက် CDF Zotung က စစ်ဦးစီးချုပ် ထန်ကျဲအို အသက် ၃၅နှစ် နဲ့ ရွာသားတွေ ဖွဲ့ထားတဲ့ အုပ်ချုပ်ရေး အဖွဲ့က အုပ်ချုပ်ရေးအဖွဲ့၀င် အောင်မင်ထန်း အသက် ၃၀နှစ် အပြင် CDF က ထန်ကျင်းမန် အသက် ၂၂ နှစ် တို့ ၃ ယောက်ဟာ ရွာသားတွေကို ကယ်ဖို့ သွားရင်း ဇူလိုင် ၂၇ ရက်မှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရတယ်လို့ CDF Zotung Supreme Council ရဲ့ အတွင်းရေးမှူးက ဘီဘီစီကို ပြောပါတယ်။
ရွာသားတွေကိုဖမ်းထားတဲ့ ဘုရားကျောင်းနဲ့ မီတာ ၁၀၀ လောက်မှာ အစိတ်စိတ်ကြေနေတဲ့ ဦးခေါင်းရိုးခွံနဲ့ တပိုင်းတစ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၃လောင်း ကို သြဂုတ်လ ၃ ရက်မှာ တွေ့ရှိခဲ့ကြပြီး အနားတဝိုက်မှာလည်း သူတို့ကိုင်ခဲ့တဲ့ ဓားနဲ့ တခြားအသုံးအဆောင်တွေ အပြင် အဝတ်အစားတွေကို တွေ့ရပြီး မီးသင့်ရုပ်အလောင်းတွေအရ သူတို့သုံးယောက် နှိပ်စက်မီးရှို့သတ်ဖြတ်ခံရတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လလောက်က ဂန့်ဂေါ မှာ CDM မ၀င်တဲ့အတွက်လို့ဆိုကာ CB Bank ဘဏ်မန်နေဂျာ ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီး ၊ နောက်ပိုင်းမှာ မန်နေဂျာကို ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့ပါတယ်။
စစ်ကောင်စီ တပ်တွေက အဲဒီအဖွဲ့ကို လိုက်လံ ရှာဖွေရာက အခုလို ကိစ္စတွေ ပေါ်ပေါက်ခဲ့တာလို့ ထင်မြင်ယူဆကြောင်း CDF Zotaung အတွင်းရေးမှူး နီဘွေးလေသောင် က ပြောပါတယ်။
CDF Zotaung ဟာ အဖွဲ့အတွင်း သဘောထားကွဲပြားမှုတွေကြောင့် အဖွဲ့ ၂ ဖွဲ့ ကွဲသွားခဲ့ပြီး အခု စစ်ဦးချုပ်အသတ်ခံရတဲ့ CDF Zotaung အဖွဲ့က CNF/CNA နဲ့ သွားရောက်ပူးပေါင်းကာ CNF/CNA လမ်းစဥ်အတိုင်းဆက်လျှောက်မယ်လို့ ဇူလိုင် ၂၃ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အခုလို အဖွဲ့ကွဲတွေကြားမှာ ပြိုင်ဘက်အဖွဲ့က စစ်ကောင်စီတပ်တွေကို သတင်းပေးလို့ CDF Zotaung စစ်ဦးချုပ် ချောင်းမြောင်း ဖမ်းဆီး အသတ်ခံရတာ ဆိုတဲ့ သတင်းကိုတော့ နီဘွေးလေသောင်က ငြင်းဆို ထားပါတယ်။
ရမ်စီးရွာကို အရင်သီတင်းပတ်က ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စစ်ကောင်စီ တပ်ဖွဲ့ အခုအခါ ထွက်ခွာ သွားပြီ ဖြစ်ပေမယ့် ကလေး-ဂန့်ဂေါဘက်က နောက်စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ အဲဒီရွာဘက်ဦးတည် လာနေတာကြောင့် စစ်ရှောင်နေတဲ့ ရွာသား ၁၀၀၀ ကျော် အနေနဲ့ ရွာကို မပြန်သင့်သေးဘဲ ဘေးကင်းရာမှာ ဆက်နေကြဖို့ သူက တိုက်တွန်း ထားပါတယ်။
သူတို့ အနေနဲ့ အခက်အခဲ ကြုံနေတဲ့ ရွာထဲကျန်ရှိနေသူတွေကို တတ်နိုင်သလောက် ကူညီထားပြီး အသင်းတော်တွေ အနေနဲ့လည်း အရေးကြုံလာလို့ အကူညီတောင်းခံလာတဲ့ ရွာသားတွေရှိရင် အခုလို အကြပ်အတည်းဆိုက်နေချိန်မှာ ကူညီထားဖို့ CDF Zotaung အဖွဲ့က ပန်ကြားထားပါတယ်။
လက်ရှိမြေပြင် အခြေအနေအရ ဒီနေ့ သြဂုတ်လ ၄ ရက် မနက် ၁၁ နာရီအချိန်မှာ အင်အား ၈၀ ကျော် ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းတစ်ခု ရမ်းစီးကျေးရွာကိုထပ်မံ ရောက်ရှိလာပြီး ခါတိုင်းစစ်ကြောင်းနဲ့ မတူဘဲ လက်နက်ခဲယမ်း အမြောက်အများအပြင် လက်နက်ကြီးနဲ့ စက်သေနတ်မျိုးစုံပါလာတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ပြည်မြို့မှာ စစ်ကောင်စီတပ်သားကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ ၆ တန်းကျောင်းသားကို ပစ်ခတ်ဖမ်းဆီး, သေနတ်ဒဏ်ရာနဲ့စစ်ဆေးရုံရောက်နေ၊ ဒဏ်ရာပြင်းထန်တယ်လို့ဒေသခံတွေပြော
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မှော်ဇာရွာမကျေးရွာမှာရှိတဲ့ အထကကျောင်းခွဲရှေ့မှာ အစောင့် စစ်ကောင်စီတပ်သားတစ်ဦးကို မနေ့သြဂုတ်၃ ရက်နေ့ မနက်ပိုင်းက အသက် ၁၄ နှစ်အရွယ်၆ တန်းကျောင်းသားတစ်ဦးက ဓားနဲ့ထိုးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီကျောင်းသားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ရာမှာ ကျောင်းရဲ့အနောက်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ဖမ်းမိခဲ့ပြီး ၆ တန်းကျောင်းသားမောင်အောင်မြင့်မြတ်ကို သေနတ်ဒဏ်ရာနဲ့ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့် ကျောင်းသားမောင်အောင်မြင့်မြတ်မှာ ဒဏ်ရာပြင်းထန်တယ်လို့ အနီးအနားကဒေသခံတွေကပြောကြပါတယ်။
စစ်ကောင်စီတပ်သားကတော့ နောက်ကျောမှာဓားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်? အဲဒီဖြစ်စဥ်အပြီးမှာ အနီး၀န်းကျင်က တချို့ကို စစ်ကောင်စီတပ်တွေက စစ်ဆေးဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ဒီကနေ့ သြဂုတ် ၄ ရက်နေ့က စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ ၆တန်းကျောင်းကို အကြမ်းဖက်အဖွဲ့တွေက ခြိမ်းခြောက်စေခိုင်းတယ်ဆိုပြီး စွပ်စွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။
ရန်ကုန်မြို့ အောင်ဆန်းကွင်းကဂိတ်တွေကို ပစ္စည်းတင်ပို့သယ်ယူခွင့် ရက်အကန့်အသတ်မရှိပိတ်, နှစ်ရက်အတွင်း ဆိုင်ခန်းပြောင်းပေးဖို့ ပြော
ရန်ကုန်မြို့ကနေ နယ်ကို ကုန်ပစ္စည်းပို့ဆောင်သယ်ယူနေပေးနေတဲ့ အောင်ဆန်းကွင်းပတ်လယ်က ကားဂိတ်ခွဲ တွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီးဆိုင်ခန်းတွေ နှစ်ရက်အတွင်းဖျက်ပေးဖို့ ထုတ်ပြန်ထားတယ်လို့ သက်ဆိုင်ရာ ဂိတ်တွေကပြောပါတယ်။
မနေ့ သြဂုတ် ၃ ရက်ကနေစတင်ပြီးဆိုင်ခန်းတွေဖျက်ဖို့သက်ဆိုင်ရာ ပစ္စည်းပို့ဆောင်သယ်ယူတဲ့ ကားဂိတ်တွေကို ညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာလည်း အောင်ဆန်းကွင်းမှာရှိတဲ့ ပစ္စည်းသယ်ယူပို့ဆောင်တဲ့ကားဂိတ်တချို့ စတင်ဖျက်သိမ်းနေကြပြီလို့ သက်ဆိုင်ရာကားဂိတ်လိုင်းတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ဒီအောင်ဆန်းကွင်းပစ္စည်းသယ်ယူပို့ဆောင်ရေးကားဂိတ်ကို ၃ ရက်တာပိတ်ထားဖို့စစ်ကောင်စီက ညွှန်ကြားထားခဲ့ပါသေးတယ်။
‘’ ဆိုင်ခန်းတစ်ချို့တော့ စဖျက်နေကြပြီ။ ဒီတစ်ခါ အပြီးပိတ်ရမယ်ထင်တယ်’’ လို့ပစ္စည်းသယ်ယူပို့ဆောင်နေတဲ့ ကားဂိတ်က တာဝန်ရှိသူက ပြောပါတယ်။
အခုလို ကားဂိတ်ကနေပစ္စည်းသယ်ယူခွင့်တွေပိတ်တာနဲ့ဆိုင်ခန်းတွေပိတ်သိမ်းခိုင်းရတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရန်ကုန်ကနေ နိုင်ငံတဝန်းဒေသအသီးသီးကို ကုန်ပစ္စည်းနဲ့ လူသုံးကုန်တွေအပြင်စျေးရောင်းစျေးဝယ်လုပ်ကြတဲ့နေရာမှာ အောင်ဆန်းကွင်းကနေပဲ ပို့ဆောင်၊သယ်ယူမှုတွေအများဆုံးလုပ်ကြတာဖြစ်ပါတယ်။
အခုအောင်ဆန်းကွင်းက ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ဂိတ်ကို ပိတ်သိမ်းဖို့ စစ်ကောင်စီလက်အောက်ကတာဝန်ရှိသူတွေကလုပ်ဆောင်နေပေမယ့် ရန်ကုန်မြို့ တွင်းမှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေတဲ့ကားဂိတ်ခွဲတွေနဲ့ အောင်မင်္ဂလာကားဂိတ်က ပစ္စည်းသယ်ယူပို့ဆောင်ခွင့်တွေကိုတော့ဆက်လက်လုပ်ဆောင်လို့ရတယ်လို့ သက်ဆိုင်ရာ ကားဂိတ်တွေကနေ သိရပါတယ်။
NUG၊ NUCCတို့နဲ့အရှိန်မြှင့်ထိတွေ့ဆက်ဆံဖို့ အာဆီယံကို မလေးရှားတောင်းဆို
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ သြဂုတ် ၃ ရက်ကနေ စတင်ကျင်းပနေတဲ့ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံ ပဋိပက္ခ အပါအဝင် အဓိက ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့မွန်းလွဲပိုင်းက ရေးသားလာပါတယ်။
မလေးရှားက ဒီအစည်းအဝေးမှာ မြန်မာနဲ့ပတ်သက်လို့ မူလတည်းက တိုက်တွန်းထားတဲ့ အချက်နှစ်ချက်ကို ထပ်မံအဆိုပြုခဲ့ပါတယ်။
အဲဒီနှစ်ချက်ကတော့ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများ အားလုံးကိုမြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူတွေကိုပါ တက်ရောက်ခွင့်မပြုဖို့နဲ့မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောထားငါးရပ်ကို အကောင်အထည်ဖော်ရာမှာရှင်းလင်းပြတ်သားတဲ့ အဆုံးသတ်ချိန် ပါရှိတဲ့ မူဘောင်တစ်ခုရှိခြင်းဖြင့် ဒီငါးချက်ကို အကောင်အထည်ဖော်ရေး ပိုအားကောင်းလာစေဖို့ ဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ရေးသားထားပါတယ်။
အဆုံးသတ်တိုက်ပွဲဟာ အခြေခံဥပဒေအရ မြန်မာပြည်သူတွေကိုအာမခံပေးထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေဖြစ်တဲ့ဒီမိုကရေစီစနစ်၊ အားလုံးပါ၀င်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ သဟဇာတရှိပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံပဲ ဖြစ်တယ်လို့လည်း သူက ဆက်ရေးသားပါတယ်။
အဲဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပါ၀င်အကောင်အထည်ဖော်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တည်ငြိမ်ရေးနဲ့ အသွင်ကူးပြောင်းရေး၊ လွတ်လပ်ပြီးအများသဘောတူညီတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးတွေလည်း လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့မြန်မာ့အရေးမှာ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးရာမှာ အားလုံးပိုမိုပါ၀င်တဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့နဲ့ အဲဒီလိုဖြစ်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့လည်းထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့၊ အဲဒီလိုဆွေးနွေးမှုတွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အတိုက်အခံတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းဟာ မြန်မာစစ်အာဏာပိုင်တွေက အာဆီယံကို မလေးမစားပြုလုပ်တာ ထင်ရှားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
မကြာသေးခင်က အတိုက်အခံ တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုတွေကို ကြီးမားတဲ့ ဆုတ်ယုတ်မှုဖြစ်စေခဲ့ပြီး အာဆီယံအပေါ် မြန်မာစစ်အာဏာပိုင်များ၏ ပြတ်ပြတ်သားသား မလေးစားမှုပြတဲ့လုပ်ရပ်အဖြစ် ထင်ဟပ်စေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန်ဘလာကရစ်ရှနန်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သြဂုတ် ၃ ရက်မှာစတင်ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ ဆွေးနွေးဖက်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ အပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိခြင်း အပါအဝင် အဓိက ကိစ္စရပ်တွေကို လည်း အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သေဒဏ် စီရင်မှုမပြုလုပ်ဖို့ ဇွန် ၆ ရက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့ခဲ့ပါသေးတယ်။
အဆိုတော် အီတိုးကို စစ်ကောင်စီက ထောင် ၃ နှစ်ချ
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးမှ ထပ်မံဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅-က တရားရင်ဆိုင်နေရတဲ့ အဆိုတော် အီတိုးကို ဒီကနေ့သြဂုတ် ၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ ဘီဘီစီကိုအတည်ပြုပြောပါတယ်။
အဆိုတော် အီတိုးကို ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကိုဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အဆိုတော်အီတိုးကိုဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာတာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်မှာတော့ စစ်ကောင်စီကအီတိုးကို နေအိမ်ကနေ ထပ်မံဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက်ပိုင်းမှာတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး အခုလို ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဟာ စစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ လာမယ့် ၂၀၂၃ မှာ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ၇၅ ပြည့် စိန်ရတုအခမ်းအနားကျင်းပရေး၊ ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ အရပ်ဘက်၊စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံထဲက ပဋိပက္ခအခြေအနေအတွေအပြင် မြန်မာ့ဒီမိုကရေစီရေးစတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားမှာ မြန်မာနိုင်ငံက ကောင်စစ်ဝန်ရုံး နှစ်ရုံး ထပ်မံဖွင့်သွားမယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပေမဲ့ စစ်ကောင်စီလက်ထက်မှာ နိုင်ငံတချို့ နဲ့ သံအဆက်အသွယ် အပြန်အလှန် အဆင့်လျှော့ချမှုတွေ လုပ်လာရပြီး ဒီရက်ပိုင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ကိုယ်စားလှယ်ရုံးတွေကို နိုင်ငံတချို့မှာ တိုးချဲ့ဖွင့်လှစ်လာတာကို တွေ့ရပါတယ်။
မစ္စတာ လက်ဗ်ရော့ဟာ မြန်မာက အပြန်မှာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးဆက်ဖို့ရှိပြီး အဲဒီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြန်မာနိုင်ငံကို လာရောက်ပြီး လန်ချန်း-မဲခေါင် အစည်းအဝေးလာတက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ ပုဂံမြို့မှာ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးတက်ပြီး စစ်ကောင်စီခေါင်းဆောင်ကို မတွေ့ဆုံဘဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ပလက်ဝမှာ ကျောင်းကြိုပို့ စက်လှေ အပစ်ခံရပြီး ငါးတန်းကျောင်းသားနှစ်ဦး သေဆုံး
မြို့တော်ခန်းမဘေးက ပေါက်ကွဲမှုအပြီးဖမ်းဆီးခံရသူတွေထဲက လူငယ်တစ်ဦးသေဆုံး
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့တော်ခန်းမဘေးက စည်ပင်ရုံးဝင်ပေါက်မှာ ဇူလိုင် ၃၀ရက် မနက်ပိုင်းက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ဆပ်စပ်ပြီး ဖမ်းဆီးခံရသူ လူငယ် ၂ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီနေ့က ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာ လူငယ် ၂ ဦးဖြစ်တဲ့ ကိုမိုးဝေနဲ့ ကိုမျိုးမင်းအောင်(ခေါ် ) ကိုပိုးဟပ်ဖြူဆိုတဲ့ လူငယ်နှစ်ယောက်ကိုဖမ်းလိုက်တာဖြစ်တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။
အဲဒီအထဲက အသက် ၂၀ အရွယ် လူငယ် ကိုမိုးဝေဟာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီးနောက်ပိုင်း စစ်ဆေးမေးမြန်းရင်း သေဆုံးရတာဖြစ်တယ်လို့ နီးစပ်သူတွေကပြောဆိုလာတာပါ။
မြို့တော်ခန်းမဘေးက ဒီဖြစ်စဥ်မှာတော့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ စည်ပင်နေ့စား ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရပြီးနောက်သေဆုံးတယ်လို့နီးစပ်သူတွေကပြောဆိုထားတဲ့ ကိုမိုးဝေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာမရှိသေသးလို့ ဘီဘီစီကလည်း စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မြင်းမူလက်ပံကျင်းရွာကို လေကြောင်းပစ်ခတ်မှုမှာ ဒေသခံ ၁၀ ဦးသေဆုံး, စာသင်ကျောင်းအတွင်းပိတ်မိနေတဲ့ကလေးငယ်တွေကို ကယ်ထုတ်နိုင်ပြီလို့ ဒေသကာကွယ်ရေးတပ်တွေပြော
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက်ပံကျင်းကျေးရွာအနီးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်နေ့ကစစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ မြေပြင်ကတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး စာသင်ကျောင်းအတွင်းကကလေးငယ်တွေအပါအဝင် ရွာသား ၁၆၀ ကျော်ကို ပိတ်ဆို့ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာအတွင်း ၂ ရက်ကြာ တပ်စွဲပြီး ဒီကနေ့စစ်တပ်ပြန်ထွက်ခွာချိန်မှာတော့ရွာသား ၁၀ ဦးအလောင်းကို တွေ့ရှိရပြီး သေဆုံးသူတွေလည်းထပ်ရှိနိုင်တယ်လို့ဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ မြင်းမူသတင်းမှန်ပြန်ကြားရေးကဓါတ်ပုံ မှတ်တမ်းတွေနဲ့တကွထုတ်ပြန်လာပါတယ်။
သေဆုံးသူတွေဟာ ကွမ်းခြံအတွင်းကရွာသားတစ်ဦး၊ ထွန်စက်မောင်းနှင်နေတဲ့ရွာသားတစ်ဦးအပါအဝင်ရွာသား ၁၀ ဦးဖြစ်တယ်လို့ထုတ်ပြန်ထားပြီးနေရာအနှံမရှာဖွေနိုင်သေးတာကြောင့်သေဆုံးအလောင်းတွေထပ်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
‘’စစ်ကြောင်းတွေ ပေါင်းပြီးထိုးနေတာ ၃ ရက်လောက်ရှိပြီ။ အရှေ့ဘက်စစ်ကြောင်းကတော့ မူးမန္တလေးရွာကနေစဝင်လာတာ။ အင်းမရွာကိုဝင်တယ်၊ ဂုံညင်းဆိပ်ရွာကိုဝင်ပြီး ဂန်ဖလားရွာမှာ အထိုင်ချထားတာ။ ထိတွေ့တိုက်ပွဲတွေမှာ သူတို့ဘက်ကလည်းအကျအဆုံးတွေရှိလာတော့ လေကြောင်းနဲ့သုံးပြီးပစ်တာ။ စစ်လေယာဥ် ၄ စီးနဲ့အတင်းလှိမ့်ပစ်တာ။မနေ့ကတော့ ကလေးတွေပါအကုန်ပိတ်မိတာ။ ဒီနေ့တော့ အကုန်ကယ်ထုတ်နိုင်ပြီ’’ လို့မြင်းမူဒေသကာကွယ်ရေးတပ်ရင်း ဦးဆောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် လက်ပံကျင်းကျေးရွာအတွင်းက နေအိမ် ၁၅ လုံးလောက်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလိုအိမ်မွေးအိမ်မွေးတိရစ္ဆာန်တချို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သလိုစစ်ကောင်စီတပ်တွေရွာအတွင်းက ထွက်ခွာချိန်မှာ ရွာသား ၁၄ ဦးကို ဓါးစားခံအဖြစ်ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ပံကျင်းကျေးရွာအတွင်းကဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေကိုသတင်းပေးမှုအရဝင်ရောက်ဖမ်းဆီးပစ်ခတ်ခဲ့တာဖြစ်ပြီး PDF ၅ ဦးသေဆုံးတယ်လို့ စစ်တပ်သတင်းတွေကိုဖော်ပြရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေက သတင်းထုတ်ပြန်ရေးသား ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ဘက်ကို စစ်ကြောင်းဆက်ထိုးနေပြီးလက်ပံကျင်းကျေးရွာထဲမှာ ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၄ ဦးကို စစ်ကောင်စီတပ်သားဝတ်စုံတွေဝတ်ဆင်ခိုင်းပြီး လက်နက်ခဲယမ်းပါအထုတ်အပိုးတွေကိုသယ်ဆောင်ခိုင်းနေတယ်လို့ ဖမ်းဆီးရာမှပြန်လည်လွတ်မြောက်လာသူတစ်ဦးကဒေသတွင်းအရာတော်ပိုစ့် သတင်းဌာနကို ဖြေကြားထားပါတယ်။
ဒါ့အပြင် ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာလည်းအရာတော်မြို့နယ်တောင်ဘက်ခြမ်းမှာရှိတဲ့ ဇီးပင်လယ်ရွာ၊ ညောင်ပင်ရွာနဲ့ ရသာရွာတွေကိုစစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်အရာတော်-ထီးဆောင်း-မြင်းမူလမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ အရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
မလေးရှားမှာ ချင်းအမျိုးသားတစ်ဦးက ကလေးတွေနဲ့အတူ တံတားပေါ်က ခုန်ချမှုဖြစ်, အမျိုးသားအပါအဝင် ၃ ဦးသေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ချင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့ကလေး ၃ ဦးနဲ့အတူ လမ်းလျှောက်ထွက်လာရင်း ကလေးတွေကို ကုန်းတံတားပေါ်က ပစ်ချကာ သူကိုယ်တိုင်လည်း ခုန်ချမှု မနေ့ သြဂုတ်လ ၂ ရက်အစောပိုင်းက ဖြစ်ခဲ့တယ်လို့ မလေးရှားက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
အဲဒီဖြစ်စဥ်မှာ အဲဒီအမျိုးသားရော အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ ၆ နှစ်နီးပါးအရွယ် ယောက်ျားလေးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မလေးရှား သတင်းစာ The Star က သတင်းဖော်ပြပါတယ်။
အဲဒီအမျိုးသား ကျောပိုးလာတဲ့ ၅ နှစ်အရွယ်ကလေးကတော့ တံတားအောက်ကို ပစ်ချခံရချိန်မှာ မြက်ခင်းပေါ်ကျခဲ့တာကြောင့် အသက်မသေခဲ့ပေမဲ့ စိုးရိမ်ဒဏ်ရာနဲ့ဆေးရုံတင်ထားရပါတယ်။
အဲဒီအမျိုးသားဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မိုင်ဆာဂိုတလာကျေးရွာဇာတိ အသက် ၃၈ နှစ်အရွယ်ဦးပူပါးချိုလှေဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေကို ကိုးကားပြီးချင်းဂျာနယ်က သတင်းဖော်ပြပါတယ်။
သူဟာ ဇနီးသည်အလုပ်သွားချိန်မှာ ကလေးတွေကို ကြည့်ရှုသူဖြစ်ပြီး မလေးတွေကို ခေါ်ကာ အပြင်ကို လမ်းလျှောက်ထွက်တတ်လေ့ရှိတဲ့အကြောင်း၊ အခုတစ်ခါမှာတော့ အတွေးလွန်ပြီး ဒီလိုဝမ်းနည်းစရာဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်နိုင်ကြောင်း အဲဒီနီးစပ်သူက ပြောတယ်လို့လည်း ဆိုပါတယ်။
ဘာကြောင့် အခုလိုကြံစည်သွားတယ်ဆိုတာရှင်းရှင်းလင်းလင်း မသိရသေးသလို မလေးရှားရဲတပ်ဖွဲ့ကလည်း ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်စုံစမ်းနေပြီး သိရှိသမျှ သတင်းပေးဖို့ကြဖို့ကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
မြန်မာကိုယ်စားပြုသူမပါတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေ
မြန်မာနိုင်ငံကို ကိုယ်စားပြုသူမပါဝင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှာ ဒီနေ့ သြဂုတ်လ ၃ ရက်ကစလို့ ကျင်းပနေပါတယ်။
အဲဒီအစည်းအဝေးပွဲကို မြန်မာ့အရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဦးဆောင်ကျင်းပနေတာဖြစ်ပါတယ်။
အစည်းအဝေးပွဲကို မြန်မာကလွဲပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုတက်ရောက်ကြပါတယ်။ ဒါပေမဲ့ ဖီလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကတော့ ကျန်းမာရေးကြောင့် မတက်ရောက်ဘဲ အကြီးတန်းအရာရှိကြီးတစ်ဦး တက်ရောက်တာပဲ တွေ့ရပါတယ်။
ဝန်ကြီးတွေရဲ့ မျက်နှာစုံညီအစည်းအဝေး အဖွင့်မိန့်ခွန်းမှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ရပ်တည်လာနိုင်တဲ့ သဘောထားတစ်ရပ်ကို ပွင့်ပွင့်လင်းလင်းထုတ်ပြောသွားတာတွေ့ရပါတယ်။
အဓိကကတော့ အရပ်သား ၄ ဦးကို ပြစ်ဒဏ်စီရင်မှုကို ပြန်စဥ်းစားဖို့ တိုက်တွန်းနေတဲ့ကြားက မြန်မာစစ်တပ်က အဲဒီလူပုဂ္ဂိုလ်တွေကို ပြစ်ဒဏ်စီရင်ခဲ့တာဟာ မြန်မာ့အရေးအတွက် ထားရှိတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံဘက်က ပြန်လည်စဥ်းစားသုံးသပ်လာနိုင်ချေရှိတာကို ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသွားပါတယ်။
ရုရှားနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဘရော့ဗ်ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒီနေ့ သြဂုတ်လ ၃ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးထားတယ်ဆိုပြီး ရုရှားဘက်က သတင်းထုတ်ပြန်ပါတယ်။
မစ္စတာ လက်ဘရော့ဗ်ဟာ ဒီနေ့ မနက်ပိုင်းကပဲ နေပြည်တော်ကို ရောက်နေတာဖြစ်ပါတယ်။
အခုလိုတွေ့ဆုံချိန် ဘယ်လိုကိစ္စတွေကို အဓိကထားဆွေးနွေးတယ်ဆိုတာ သတင်းမထုတ်ပြန်ပေမဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေးဆွေးနွေးမှု၊ စီးပွားရေးနဲ့ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အကူအညီကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ရုရှားဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
မစ္စတာ လက်ဘရော့ဗ်ဟာ မြန်မာက အပြန်မှာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးဆက်ဖို့ရှိပြီး အဲဒီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ဖို့ရှိပါတယ်။
မအီမြို့မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရ၊ ဒေသခံတွေစိုးရိမ်မှုရှိနေ
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲမှာရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဩဂုတ်လ ၂ ရက်နေ့ညက ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်မှာ အသက် ၅၀ နှစ်အရွယ် တပ်ကြပ်အဆင့်ရှိသူ ဦးထွန်းရွှေမောင် ဖြစ်ပြီး မနေ့ကည ၉ နာရီလောက်မှာ လမ်းမပေါ်ကနေ ဖမ်းခေါ်သွားတာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
၎င်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာနေထိုင်သူဖြစ်ပြီး အခုမအီမြို့မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးလို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့မနက်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး လေးဦးကို မေးမြန်းစရာ တွေရှိနေတယ် ဆိုပြီး စစ်တပ်က ခေါ်ထားတယ်လို့ သိရပါတယ်။
“လူတွေကတော့ စိုးရိမ်နေကြတာပေါ့နော်၊ အဖမ်းအဆီးတွေတော့မရှိဘူး။ ဒီနေ့ အုပ်ချုပ်ရေးမှူးလေး ဦးကိုတော့ တပ်ကခေါ်ထားတယ်။ မေးမြန်းစရာတွေရှိတယ်လို့ ပြောတာပဲ။”လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီဘက်က ဒေသခံတွေကို ရှာဖွေဖမ်းဆီးတာတွေမရှိသေးပေမယ့် ဒေသခံ တွေဘက်ကတော့ စိုးရိမ်ကြောက်လန့်နေကြသလို၊ မအီမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေလည်း မရှိသ လောက်နည်းပါးနေတာတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အခုဖြစ်စဥ်မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်အတွင်း အေအေနဲ့ စစ်တပ်တို့အကြားအပြန်အလှန်ဖမ်းဆီးတာ တွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြပါသေးတယ်။ ဇူလိုင်လ ဒုတိယအပတ်ကစလို့ အေအေဘက်ကဖမ်းဆီးခဲ့သူ လူ ၂၀ ကျော်အထိရှိခဲ့သလို၊ စစ်ဆေးမေးမြန်းပြီး အဲဒီထဲကအချို့ကိုပြန်လွှတ်ပေးခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။ ဆက်လက်ဖမ်းဆီးထားသူတွေလည်းကျန်နေဆဲလို့သိရပါတယ်။
စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့သူတွေထဲမှာ အရပ်သားအများစုပါနေပြီး အဲဒီထဲက ၅၀ လောက်လည်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံနေရတာလည်း ရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီနဲ့အေအေတို့ အကြား တစ်နှစ်ကျော်အကြာ အပစ်ခတ်ရပ်စဲထားတဲ့နောက်ပိုင်းမှာ ဒီရက်ပိုင်းမှာပဲ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ လည်း ပြန်ဖြစ်နေပါတယ်။
တင်းတိမ်ရံစျေးမီးရှို့ဖျက်ဆီးခံရမှုကြောင့် ရေဦးနဲ့ဒီပဲယင်းက ကျေးရွာတွေပါ ရိက္ခာခက်ခဲ, ဒီပဲယင်းနယ်ထဲမှာလည်း စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ရွာတွေပါထပ်ပြေးနေရ
ရေဦးမြို့နယ်အတွင်းက တင်းတိမ်ရံစျေးနဲ့ ကျေးရွာနေအိမ်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တင်းတိမ်ရံစျေးက ဆိုင်ခန်းပေါင်း ၂၀၀ ကျော်နဲ့ နေအိမ်အလုံး ၅၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲမရှိဘဲ ကျေးရွာအတွင်းကို ဇူလိုင် ၂၈ ရက်နေ့ကစတင်ဝင်ရောက်လာတာဖြစ်ပြီး ၃ရက်ကြာတပ်စွဲနေထိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
‘‘တိုက်ပွဲမှမရှိဘဲ သတင်းပေးကြောင့်အကြောင်းမဲ့ ဝင်လာတာ။ အင်အား ၁၈၀ လောက်နဲ့အလုံးအရင်းဝင်လာတာ။ ရွာကလည်းရွာကြီးဖြစ်တယ်။ ငွေကြေးတတ်နိုင်သူတွေလည်း ပေါများတယ်။ ရွာထဲတပ်စွဲနေသွားပြီးအကုန်ပြာကျအောင်လုပ်သွားတာပဲ’’ လို့ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီစျေးဟာ ရေဦးမြို့နဲ့ ဒီပဲယင်းအစပ်မှာရှိတာဖြစ်ပြီး ကျေးရွာအုပ်စု ၁၅ ခုက ရွာပေါင်း ၄၅ ရွာလောက်က အားထားပြီး စားနပ်ရိက္ခာဝယ်ယူနေရတဲ့နေရာဖြစ်တာကြောင့် လက်ရှိမှာ ဒေသခံကျေးရွာတွေဟာလည်း စားနပ်ရိက္ခာဝယ်ယူဖို့အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
‘‘တင်းတိမ်ရံစျေးကလည်း မြို့မစျေးပြီးရင်ရေဦးမှာ အကြီးဆုံးစျေးပဲ။ ရေဦးဘက်ကရွာတွေအပြင် ဒီပဲယင်းဘက်က ရွာတွေကလည်း ရွာတွေမှာစစ်တပ်တပ်စွဲထားတဲ့အခြေအနေကြောင့် အဲဒီစျေးကပဲ ရိက္ခာနဲ့ လူသုံးကုန် စတာတွေ အဲဒီကဝယ်တာပြန်ရောင်းတာလုပ်ရတာ။ အခုတော့ အားလုံးအခက်တွေ့နေရကြပြီ’’ လို့ လည်းဒေသခံတစ်ဦးကပြောပြပါတယ်။
ဒါ့အပြင် တင်းတိမ်ရံကျေးရွာမှာ မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီပဲယင်းဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်းကိုလည်း ဒီပဲယင်း PDF ကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်အတွင်းကနေ ဒီပဲယင်းနယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
မနေ့သြဂုတ်လ ၂ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ် ထဲက ငြိမ်းချမ်းသစ်ကျေးရွာမှာတပ်စွဲထားပြီး ဒီကနေ့မှာလည်း ဘုရားထွက်ကျေးရွာအတွင်းဝင်ရောက်ပြီး ရွာသားတချို့ကိုဖမ်းဆီးမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းနယ်ထဲမှာ လှည့်လှည်စစ်ကြောင်းထိုးနေတဲ့အခြေအနေတွေကြောင့် အခုရက်ပိုင်းမှာပဲ ဒေသခံရွာပေါင်း ၆ ရွာထက်မနည်း ထပ်မံ ဘေးလွတ်ရာပြေးနေရတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
ဒီကျေးရွာတွေထဲမှာတော့ ဒီပဲယင်းနယ်ထဲက စစ်ရှောင်တွေသွားရောက်ခိုလှုံနေထိုင်နေတဲ့ ကျေးရွာတွေပါဝင်နေတာကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေဖြစ်နေတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။
မြန်မာအတွက် ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်စဥ်းစားဖို့ ရှိလာမယ်လို့ အာဆီယံဥက္ကဋ္ဌပြော
မြန်မာစစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို သေဒဏ်စီရင်မှု ဆက်ပြီးလုပ်နေမယ်ဆိုရင် အာဆီယံကထားရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်ပြီး စဥ်းစားရဖို့ ရှိလာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောလာပါတယ်။
''အကျဥ်းသားတွေကို ပိုပြီး ကွပ်မျက်တာလုပ်လာမယ်ဆိုရင် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပြန်ပြီး စဥ်းစားရပါလိမ့်မယ်''လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်ပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအစမှာ ပြောပါတယ်။
အာဆီယံဟာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တိုက်တိုက်တွန်းတန်း ပြောဆိုနေတာဖြစ်ပြီး ဒီမိုကရေစီအရေးတက်ကြွလုပ်ရှားသူ ၄ ဦးကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းက ပြစ်ဒဏ်စီရင်ခဲ့တာကိုလည်း ရှုတ်ချပြောဆိုထားပါတယ်။
မြန်မာပြည်တွင်းက နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာအကျပ်အတည်းတွေဟာ အာဆီယံရဲ့စည်းလုံးမှုကို စိန်ခေါ်မှု တစ်ရပ်ဖြစ်နေစေတယ်လို့လည်း မစ္စတာဟွန်ဆန်က ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အားလုံးဖြစ်စေချင်တဲ့ဆန္ဒအတိုင်း ထိထိရောက်ရောက်ရှေ့တိုးနိုင်ခဲ့တာမျိုး မရှိပေမဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်တာအပါအဝင် တိုးတက်မှု အချို့တော့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း စစ်တပ်ရဲ့ ကွပ်မျက်မှုတွေကြောင့် လက်ရှိအခြေအနေဟာ သိသိသာသာပြောင်းလဲသွားပြီး ငြိမ်းချမ်းရေးသဘောတူညီချက်မရခင်ကထက် ပိုဆိုးလာနိုင်မှုအဖြစ် ရှုမြင်နိုင်တယ်လို့လည်း အာဆီယံဥက္ကဋ္ဌက ပြောပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ''သေဒဏ်ပေးတာကို ပြန်စဥ်းစားသုံးသပ်ဖို့ ကျွန်တော်ကိုယ်တိုင်ရော အခြားလူတွေကပါ တိုက်တွန်းခဲ့ပေမဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို ကွပ်မျက်ခဲ့တာကြောင့် ကမ္ဘောဒီးယားအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အတော်လေးစိတ်ပျက်ခဲ့ရတယ်''လို့ ပြောပါတယ်။
အခုသီတင်းပတ်အစည်းအဝေးမှာ မြန်မာဟာ ကိုယ်စားပြု တက်ရောက်မယ့်သူမရှိဘူးလို့ အာဆီယံဥက္ကဋ္ဌ ပြောခွင့်ရသူက ပြောထားပါတယ်။
နိုင်ငံရေးရာထူးမယူထားသူကိုပဲ အစည်းအဝေးပွဲတွေကို တက်ရောက်စေမယ့် အာဆီယံအဆိုပြုချက်ကို မြန်မာစစ်တပ်ဘက်က ပယ်ချခဲ့တာကြောင့်ဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကပ်ရောဂါဘေးနဲ့ ပြည်တွင်းအတည်ငြိမ်မှုတွေကြောင့် အာဆီယံဘုံသဘောတူညီချက်တွေကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်တာဆိုပြီး အာဏာသိမ်း တစ်နှစ်ခွဲပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။