ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မောင်းမကန်မှာ ပီဒီအက်ဖ်ထောက်ပံ့တယ်ဆိုပြီး အရပ်သား ၂ ဦး သတ်ဖြတ်ခံရ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တယ်ဆိုနဲ့စွပ်စွဲချက်နဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်ဆိုပြီး လောင်းလုံးမြို့နယ် သပိတ်ကော်မတီက ဒီနေ့ ဇူလိုင်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မောင်းမကန်ရဲစခန်းကရဲတွေနဲ့ စစ်ကောင်စီထောက်ခံတဲ့အရပ်အခေါ် ပျူစောထီးလက်နက်ကိုင်တွေဟာ မောင်းမကန်ကျေးရွာထဲက ဒေါ်ပွားဆိုသူအဲဒီအမျိုးသမီးကို မနေ့ညပိုင်းမှာ အခုလိုစွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သပိတ်ကော်မတီက ဆိုပါတယ်။

    နောက် အဲဒီရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းကိုလည်း မနေ့ညပိုင်းမှာပဲ အခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မောင်းမကန်ရဲစခန်းက ရဲတွေပါဝင်တယ်ဆိုတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘီဘီစီက သက်ဆိုင်ရာရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

    ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း လောင်းလုံးမြို့နယ်ထဲက ဂေ့ါအင်းနဲ့ ဝေဒီကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ချိန်မှာ အရပ်သား ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

    လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ နာမည်ထွက်နေတဲ့သူတွေကို စစ်ကောင်စီတပ်ကပျူစောထီးတွေနဲ့ ပေါင်းပီး ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်ပြီး ဒေသခံတွေက ဘီဘီစီကို ပြောဆိုထားကြပါတယ်။

    ဒေသန္တရသပိတ်ကော်မတီတွေကတော့ အခုလို ပစ်ခတ်မှု ဖြစ်စဥ်တွေကြောင့် လူထုအနေနဲ့ လုံခြုံရေးသတိရှိဖို့ အသိပေးထားပါတယ်။

  2. ရဲတပ်ဖွဲ့ဝင်တွေကို တစ်လ တစ်သောင်းစီ ထောက်ပံ့မယ်လို့ စစ်ကောင်စီပြော

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးကို တစ်လ ထောက်ပံ့ကြေး တစ်သောင်းစီပေးသွားမယ်ဆိုပြီး စစ်ကောင်စီက ဒီနေ့ ဇူလိုင်လ ၂၅ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာလာပါတယ်။

    ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်အနေနဲ့ လာမယ့် သြဂုတ်လကစလို့ အခုလိုလစဥ်ထောက်ပံ့မယ်ဆိုပြီး စစ်ကောင်စီလက်အောက် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက ကြေညာလာတာဖြစ်ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာလို့လည်း ကြေညာချက်ကဆိုပါတယ်။

    စစ်ကောင်စီဟာ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းဝန်ထမ်းတွေကို အိမ်ငှားစရိတ် ၈ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်း စီ ထောက်ပံ့မယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာထားပါတယ်။

    စစ်ကောင်စီလက်အောက် ပြည်ထဲရေးဝန်ကြီးဌာနအောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ပါဝင်ပြီး လူထုအပေါ် ပြုမူဆက်ဆံပုံတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ အာရုံထားတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

  3. ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ရဲ့မိသားစုဝင်အချို့ ထောင်အာဏာပိုင်တွေနဲ့မေးမြန်းဖို့ မိသားစုရှေ့နေနဲ့အတူ အင်းစိန်ထောင်တွင်းရောက်ရှိ

    ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါ ၄ဦး ကို ပြစ်ဒဏ်စီရင်လိုက်ပြီလို့ စစ်ကောင်စီက ကြေညာခဲ့တဲ့နောက်မှာ မိသားစုဝင်အချို့က ရန်ကုန် အင်းစိန်ထောင်ကို ဒီကနေ့ ဇူလိုင် ၂၅ရက်မနက် အစောပိုင်းကရောက်ရှိကြပြီး ‌မနက်၉နာရီကျော်မှာ ထောင်အာဏာပိုင်တွေကိုမေးမြန်းဖို့ အကျဥ်းထောင်ထဲကိုဝင်ရောက်သွားကြပြီလို့ နီးစပ်သူတွေဆီက ဘီဘီစီက သိရှိရပါတယ်။

    ‘‘ကိုဂျင်မီရော ကိုဖြိုးဇေယျာ်သော်မိသားစုဝင်အချို့ရော ထောင်ဗူးဝမှာစောင့်နေတယ်၊ ဒီကြေညာချက်နဲ့ပတ်သက်ပြီး သူတို့ထောင်အာဏာပိုင်တွေကိုမေးစရာတွေရှိလာတယ်။ ဒါတွေအတွက် မိသားစုရှေ့နေ နဲ့ အတူ သွားကြတယ်၊ အခုထောင်ဝင်းထဲဝင်သွားပြီ ’’ လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

    စစ်ကောင်စီရဲ့ အခုလိုကြေညာလာတဲ့အပေါ်မှာ ရှေ့နေတွေနဲ့ ဥပဒေအသိုင်းအဝိုင်းက ဝေဖန်မှုတွေမြင့်တက်နေပြီးစစ်ကောင်စီ ရဲ့လုပ်ရပ်ဟာ ဥပဒေတွေကို ကျော်လွန်လုပ်ဆောင်တာလို့ ဝေဖန်ကြပါတယ်။

    "ဒါစစ်ကြေညာလိုက်ပြီ။ ဘာမဆိုလုပ်မယ်၊ ဘယ်သူ့မှဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ။ သူ့ဆရာတွေမလုပ်ခဲ့တာ‌တောင် လုပ်ပြတဲ့သဘောပဲ။ ဥပဒေအရဆိုရင် သေဒဏ်ကျင့်သုံးတဲ့နိုင်ငံက အနည်းငယ်ပဲရှိတယ်၊ဒါတွေက နိုင်ငံရေးသမားတွေကိုကြိုးပေးတာ မရှိဘူး။ အင်မတန်ရက်စက်တဲ့ လူသတ်သမားတွေ၊ ပြစ်မှုကျူးလွန်သူတွေကိုလုပ်တာ။ ကမ္ဘာ့နိုင်ငံတွေ ကျင့်သုံးတဲ့ လူ့အခွင့်အရေးစံချိန်တွေလည်း ဘာမှမမီဘူး။ မြန်မာဥပဒေအရဆိုရင် လည်း ဒါက ဘာမှဥပဒေနဲ့မညီဘူး"လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

    ဇူလိုင် ၂၂ရက်မှာ ဦးဂျင်မီနဲ့ မိသားစုကိုပေးတွေ့ခဲ့ပြီး၊ ဇူလိုင် ၂၃ရက်မှာ ဦးဖြိုးဇေယျာသော်နဲ့မိသားစုကိုပေးတွေ့ခဲ့တာလို့ သိရှိရပေမဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    အဲဒီနောက် ဇူလိုင်၂၄ရက် ရက်စွဲနဲ့ သေဒဏ်ကို စီရင်ပြီးဖြစ်တယ်လို့ ဇူလိုင် ၂၅ရက် သတင်းစာမှာ ကြေညာလာတာပါ။

    နောက်ထပ် အရပ်သား ၂ဦးကိုလည်း မိသားစုနဲ့ပေးတွေ့မယ်လို့စစ်ကောင်စီဘက်က ဘီဘီစီကိုဖြေခဲ့ပေမဲ့ တွေ့ခွင့်ရ၊ မရကတော့ ရှင်းရှင်းလင်းလင်းမသိရလို့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ဇူလိုင် အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကထုတ်ပြန်ထားပါတယ်။

    ဒီအထဲ ထင်ရှားတဲ့နိုင်ငံရေးသမား ၂ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ အပါအဝင် အရပ်သား ၂ ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကိုတော့ သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီဘက်က ကြေညာလာတာပါ။

  4. ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်အပါ ၄ ဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးပြီလို့ စစ်ကောင်စီထုတ်ပြန်လာ, ဥပဒေအရ ခုခံချေပပိုင်ခွင့်နဲ့ အကျဉ်းသားအခွင့်အရေးမရှိခဲ့ဘူးလို့ ဥပဒေပညာရှင်တွေထောက်ပြဝေဖန်

    ထင်ရှားတဲ့ နိုင်ငံရေးသမား ၂ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ အရပ်သား ၂ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို ပြစ်ဒဏ်စီရင်ချမှတ်ပြီး ဖြစ်တယ်လို့စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၅ရက်မှာ စစ်တပ်ထ်ိန်းချုပ်သတင်းစာမှာထုတ်ပြန်လာပါတယ်။

    ဘယ်နေ့မှာ ပြစ်ဒဏ်စီရင်တာနဲ့ စီရင်မှုကိုရှင်းရှင်းလင်းလင်းထုတ်ပြန်ဖော်ပြတာမရှိပါဘူး။

    ဒါဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင်အထည် ဖော်တော့မယ်လို့ စစ်ကောင်စီ ပြောခွင့်ရကပြောလာတဲ့နောက်မှာ အခု တစ်လနီးပါးအကြာ မိသားစုနဲ့ တွေ့ခွင့်ပေးပြီးတဲ့နောက်မှာ ကြေညာလာတာပါ။ ​

    ဇူလိုင် ၂၂ ရက် က မိသားစုနဲ့တွေ့ဆုံမှုပေးပြီးနောက် ဘီဘီစီကမေးမြန်းရာမှာတော့စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ဇော်မင်းထွန်းက နောက်ဆုံးပေးတွေ့ခြင်းမဟုတ်ကြောင်းငြင်းဆိုပြီး နောက်ထပ်တွေ့ဆုံခွင့်ပေးဖို့ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် အခု ၂ရက် အတွင်းမှာ စီရင်ကြောင်းထုတ်ပြန်လာတာပါ။

    လက်နက်ပစ္စည်းတွေနဲ့ အတူသိမ်းဆည်းရမိတယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ထုတ်ပြန်ကာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မတွေနဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးတင်စစ်ဆေးပြီး ဇန်နဝါရီလ ၂၁ ရက်က သေဒဏ်အမိန့်တွေ ချမှတ်ခဲ့တာပါ။

    "နိုင်ငံတကာ တရားဥပဒေစနစ်တွေအရ အာဏာသိမ်း စစ်အစိုးရပင်ဖြစ်ပါစေ၊ သူတို့ တရားရုံးတွေ အနေနဲ့ သေဒဏ်ချမှတ်တာတွေရှိတယ်။ ဒါပေမယ့် သေဒဏ်ချမှတ်တဲ့ အမိန့်တွေကို အတည်ပြုလို့မရဘူး။ ရွေးကောက်ခံအစိုးရတရပ်ရဲ့ တရားစီရင်ရေး မဏ္ဍိုင် ဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ အယူခံကို ပယ်တာ၊ နောက်တဆင့် အသနားခံစာကို ပယ်တာ စတာတွေ ပြီးမှ သေဒဏ်ကို စီရင်ဖို့ အတည်ပြုနိုင်တာပါ"လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ်။

    ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ ဖမ်းဆီးခံရပြီးကတည်းက စစ်ခုံရုံးမှာ သူတို့ကိုယ်စား ဥပဒေကြောင်းအရ ရှေ့နေခေါ်ခွင့်မရှိခဲ့သလို လွတ်လပ်စွာ ခုခံချေပခွင့် မရှိခဲ့ပါဘူး။

    သူတို့ကို သေဒဏ်ပေးမယ်လို့ ‌စစ်ကောင်စီဘက်က ကြေညာကတည်းက နိုင်ငံတကာနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ ၊နောက်ကုလသမဂ္ဂတို့က တောက်လျှောက်ကန့်ကွက်ထားကြတာပါ။

    မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်ခွင့်ရှိပေမယ့် နိုင်ငံရေးနဲ့ ဆက်စပ်သူတွေ၊ အတိုက်အခံ ကျောင်းသားခေါင်းဆောင်တွေကို အမှန်တကယ် ကြိုးပေး ကွပ်မျက်မှုမရှိတာကတော့ နှစ်ပေါင်း ၄၀ ကျော် ရှိခဲ့ပါပြီ။

  5. ကျိုင်းတုံမှာ ဇူလိုင် ၂၄ ရက်ညပိုင်း ငလျင်ထပ်လှုပ်

    ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာ ဒီကနေ့ ဇူလိုင် ၂၄ ရက် ည ၇ နာရီ ၄၁ မိနစ် အချိန်က ငလျင်လှုပ်ခတ်သွားကြောင်း ကျိုင်းတုံဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က စပြီး ကျိုင်းတုံမှာ ငလျင်လှုပ်တာ ၃ ရက်ခန့်ရှိလာပြီး ငလျင်လှုပ်တာကို သတိထားမိကြကြောင်း လတ်တလော အန္တရာယ်အထိအခိုက်မရှိကြောင်းလည်းဒေသခံတွေက ပြောပါတယ်။

    ကျိုင်းတုံမြို့၏ အ​ရှေ့ -အ​ရှေ့​တောင်ဘက် ၁၇မိုင်အကွာတွင် ရစ်(ခ်)တာစကေး( ၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ် သွားတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၁ရက်သန်းခေါင်ယံ အချိန်မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာစကေး ၆.၁ အဆင့်ရှိတဲ့ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးနောက် ဇူလိုင် ၂၂ရက်မနက်ပိုင်းမှာလည်း ငလျင်ငယ် ထပ်လှုပ်ခတ်မှုရှိခဲ့ပါတယ်။

    ကျိုင်းတုံမြို့နယ်အတွင်း အင်အားကြီး ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ဘုရားရှိခိုးကျောင်း ၊ စာသင်ကျောင်း နဲ့ လူနေအိမ်အချို့ ပျက်စီးတာနဲ့ပြိုကျတာအချို့ဖြစ်ခဲ့ပါတယ်။ ငလျင်ကြောင့် တာချီလိတ် ၊ ကျိုင်းတုံ ၊မိုင်းဖြတ် လမ်းမှာလည်းတောင်ပြိုကာလမ်းပျက်စီးမှုအချို့ဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုမရှိပေမဲ့ တာလေငလျင်လို ပြင်းထန်တဲ့ငလျင်ကြီးကို ခံစားခဲ့ရတဲ့ရှမ်းလူထုဒေသခံတွေကြား ငလျင်အန္တရာယ်နဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

  6. ရသေ့တောင်မှာ တိုက်ပွဲဖြစ်လာနိုင်လို့ ဒေသခံ ထောင်နဲချီပြီးထွက်ပြေးနေ

  7. မန္တလေး၊ ချမ်းအေးသာစံမှာ တိုက်ပြိုကျတာကြောင့် အမျိုးသားနှစ်ဦးသေဆုံး

    ဒီကနေ့ ဇူလိုင် ၂၄ရက်၊ ညနေ ၃နာရီကျော်မှာ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ‌အနောက်ရပ်ကွက်၊ ၂၉လမ်း ၈၄နဲ့ ၈၅ကြားမှာ တိုက်ပြိုကျမှု ဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒါ့အပြင် အနည်းဆုံး ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ မြိုခံတွေကနေ သိရပါတယ်။

    "တိုက်က သုံးထပ်တိုက်ကိုမှ အ‌ပေါ်ဆုံးထပ်ကိုတခုခုရှိလို့ထင်တယ် ဖြိုနေတာ။ အဲ့ဒါတစ်ထပ်လုံး ပြိုကျလာတာ။ အဲ့နေရာက စျေးချိုနဲ့နီးတော့သစ်သီးတန်းတွေရှိတယ်။ အဲ့မှာ တိုက်ရှေ့က သစ်သီးတန်းပေါ်ပိတာပေါ့လေ၊ စျေးသည်တွေထိတာလို့ကြားတယ်" လို့ မန္တလေးဒေသခံ တစ်ဦးက ပြောပါတယ်။

    မီးသတ်ဦးစီးဌာနဘက်ကတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်နေတယ် လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်တုန်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင် အထက(၅) ကျောင်းအုတ်တံတိုင်းပြိုကျပြီး ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

  8. ပလက်ဝမှာ တိုက်ပွဲတွေ ဆက်ဖြစ်, မြို့ပေါ်မှာလည်း စစ်ကြောင်းသွားလာမှုတွေရှိနေ

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ဒီကနေ့ဇူလိုင် ၂၄ရက်၊မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ပလက်ဝမြို့ခံတွေက ပြောဆိုကြပါတယ်။

    ဒီကနေ့မနက်ပိုင်း ၁၀နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံတွေကို ပလက်ဝမြို့ပေါ်ကနေ စတင်ကြားရကာ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေပါ မိနစ် ၂၀ နီးပါး ဆက်တိုက်ပြင်းပြင်းထန်ထန်ကြားလိုက်ရတယ်လို့ မြို့ခံတွေကဆိုပါတယ်။

    အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ အရင်ဖြစ်ပွားခဲ့တဲ့ အဘောင်သားကျေးရွာအနီးက တာဝါတိုင်တည်ရှိတဲ့ တောင်ကုန်းပေါ်မှာ စစ်ကောင်စီက တပ်စွဲထားရှိပြီး အဲ့ဒီတောင်ကုန်းအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

    အဲ့ဒီအဘောင်သားကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း အေအေတပ်စခန်းရှိတဲ့နေရာကို ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး ဇွန်လ ၂၇ ရက်နေ့မှာလည်း ထပ်မံဖြစ်ပွားခဲ့ကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်မှာတော့ မြေပုံမြို့နဲ့ငါးမိုင်ခန့်သာကွာဝေးတဲ့ ဝက်ခေါင်းကျေးရွာအနီးတောင်ကုန်းပေါ်မှာ နှစ်ဖက်တိုက်ပွဲရှိခဲ့ပြီးဖေဖော်ဝါရီ ၇ ရက်နေ့ညမှာလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။

    ဒီမောင်တောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားနှစ်ဦးလည်းသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မောင်တာမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီး လက်ပံတောင်ကြောမှာရှိတဲ့ အေအေတပ်စခန်းကို စစ်ကောင်စီတပ်က ဝင်တိုက်လို့ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

  9. ICJ မှာ မြန်မာဘက်ကကန့်ကွက်ချက်တွေ ‌ပယ်ချခံရတဲ့အပေါ် စိတ်ပျက်မိတယ် လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနပြော

    ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကနေ မြန်မာနိုင်ငံဘက်က တင်သွင်းခဲ့တဲ့ ကန့်ကွက်ချက်တွေကို ပယ်ချခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

    ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခွင့်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် အမှုဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

    အခုလိုဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ အရင်းအမြစ်ဖြစ်သွားမှာဖြစ်ပြီး နောက်လာမယ့်အမှုတွေအတွက်လည်း သာဓကအမှုဖြစ်သွားမှာကို မြန်မာအနေနဲ့ သတိပြုမိတယ်လို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် မြန်မာအနေနဲ့ နိုင်ငံတကာသဘောတူစာချုပ်က လက်ခံအတည်ပြုထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်တာမရှိဘဲ လေးစားလိုက်နာနေဆဲဖြစ်သလို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အစွန်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဘက်က ဆိုပါတယ်။

    တဖက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက် ၂၀၁၉က တင်ပြခဲ့တဲ့ ဒီကန့်ကွက်ချက်တွေအားလုံးကိုရုပ်သိမ်းကြောင်း ICJ ကို အခုနှစ် ၊ ဖေဖော်ဝါရီထဲက အကြောင်းကြားခဲ့ပြီး အမှုအတွင်း ICJ နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်တိုးမြှင့်မယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

  10. ဖောင်းပြင်၊ မိုင်းချောင်းတိုက်ပွဲအတွင်း PDF ၈ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်နဲ့ မော်လိုက်မြို့နယ်အစပ်မှာရှိတဲ့ မိုင်းချောင်းရွာမှာ အခု ရက်ပိုင်းအတွင်းဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ ‌ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲကြောင့် ဒေသကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ ရွာထဲဝင်ခဲ့ပြီး တချို့ဟာ မိုင်းချောင်းရွာအစွန်က တောင်ကုန်းပေါ်က နေရာယူပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ၆ ဦးထက်မနည်းသေဆုံးတယ်လို့ ဖောင်းပြင် PDF က သတင်းထုတ်ပြန်ပါတယ်။

    "တိုက်ပွဲအစက ဇူလိုင် ၁၇ရက်က မော်လိုက်မြို့ကို စစ်ကြောင်းထိုးလာလို့ ဖောင်းပြင်ဘက်ကနေ တပ်ကူသွားတိုက်တာ။ အဲ့ကနေ ပြန်ဆုတ်လာရင်း သူတို့ကလည်း အနောက်ကပါလာပြီး ဖောင်းပြင်နဲ့ မော်လိုက်အစပ်ဒီမိုင်းချောင်းကို ရောက်လာတာပေါ့။ ဒီနေရာက သူတို့စစ်ကြောင်း ထိုးလေ့မရှိဘူး၊ ကျွန်တော်တို့ဘက်ကလည်း မိုင်းတွေအပြည့်ဆင်ထားပြီးသားဗျ၊ ဒါကို ထိုးဖောက်ဝင်လာနိုင်တာ အတော်အံ့သြတယ်" လို့ ဖောင်းပြင်PDF ကပြောပါတယ်။

    မနေ့ ဇူလိုင် ၂၃ရက်မှာတော့ ဖောင်းပြင်မြို့နယ်ကနေ စစ်ကောင်စီစစ်ကြောင်းတွေထွက်ခွာသွားပြီလို့ ဆိုပါတယ်။ အခုတိုက်ပွဲဖြစ်ပွားရာ ဖောင်းပြင်တောင်ပိုင်းဒေသဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နယ်မြေစိုးမိုးမှုရှိတဲ့ဒေသတွေဖြစ်ပြီး မော်လိုက်ဘက်ကစစ်ရှောင် ၁၇၀၀ကျော်ပါ လာရောက်စစ်တိမ်းရှောင်နေတယ်လို့ပြောပါတယ်။

  11. အင်းတော်ကြီးမှာ ရုတ်တရက်ရေကြီးခဲ့တာကြောင့် လယ်ယာမြေတွေပျက်စီး

    ကချင်ပြည်နယ်အင်းတော်ကြီး ဒေသ၊ အင်းတော်ကြီးကန်အရှေ့ဘက်အခြမ်း ဟဲပုရွာ မှာ ဇူလိုင်လ ၂၃ ရက်က ရေကြီးခဲ့တာကြောင့် စပါးစိုက်ထား လယ်ယာ ‌‌မြေတွေ ပျက်စီးနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    ဟဲပုရွာ မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာနဲ့ တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးခဲ့ပြီး လယ်မြေတွေနွံ‌တွေဖုံးပြီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ ရေပြန်ကျသွားပေမဲ့ လယ်မြေတွေကတော့ပျက်စီးပြီးကျန်ခဲ့တယ်လို့ဆိုပါတယ်။

    '' အခုကတော့ရေကျသွားပြီပုံမှန်အတိုင်း ဖြစ်သွားပေမဲ့ လယ်ယာတွေပျက်သွားတယ် ရေက မနေ့က တော်တော်ဝင်သွားတယ် ။အိမ်ကတော့ အိမ်အနိမ့် တစ်လုံးပဲပျက်စီးတယ် ။ကြက်ကလေးတွေ ဝက်ကလေးတွေကတော့ ရေထဲပါသွားတာပေါ့ ။ လယ်ပျက်စီးတာက ဧက လေးဆယ် ငါးဆယ်လောက်ရှိတယ် နွံ့တွေဖုံးသွားတာ။တောင်တွေလည်းပြိုတယ် '' လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

    ဒီနှစ်မှာတော့ မိုးညှင်းမြို့ မှာလည်း ဇွန်လ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် ချောင်းရေတက်ပြီး မိုးညှင်းမြို့က ရပ်ကွက်တချို့ရေဝင်ရောက်ရေကြီးတာတွေရှိခဲ့သလို ဇူလိုင်လ ၈ ရက်နေ့မှာလည်း မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်း မြို့မှာ မိုးရွာပြီး ရုတ်တရက် ရေကြီးခဲ့တာဖြစ်ပါတယ်။

  12. စစ်ကောင်စီကို ရှင်ဇိုအာဘေးနာရေးဖိတ်တာကြောင့် ဂျပန်ရောက်မြန်မာတွေဆန္ဒထုတ်ဖော်, ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့နာရေးအခမ်းအနားကို စစ်ကောင်စီဘက်ကတက်မယ်

    လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ နာရေးအခမ်းအနား ကို စစ်ကောင်စီဘက်ကတက်ရောက်မယ်ဆိုတဲ့သတင်းတွေနောက်မှာတော့ ဂျပန်ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ကန့်ကွက်နေသလို ၊ ပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ဆန္ဒပြတာတွေလုပ်သွားမယ်လို့ ဂျပန်ရောက်မြန်မာ အရေးလုပ်ဆောင်သူတွေကပြောလာပါတယ်။

    ဒီကနေ့ ဇူလိုင် ၂၄ရက်မှာလည်း ဂျပန်ရောက် မြန်မာတွေ က မြို့ကြီးအများစုမှာ စစ်အာဏာသိမ်းဆန့်ကျင်တာနဲ့ အတူ ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဖို့ ၊ ပြည်သူလူထုနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်ဖို့ စတဲ့ ဆန္ဒထုတ်ဖော်တာနဲ့ အိတ်ဖွင့်ပေးစာပေးပို့တာတွေကိုတပြိုင်တည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ နာရေးကိုဖိတ်ကြားတာဟာ စစ်ကောင်စီကိုဂျပန်နိုင်ငံက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောသက်ရောက်တာကြောင့် အခုလိုဆန္ဒထုတ်ဖော်ရတာလို့ဆိုပါတယ်။ "ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်ကြတာပါ။ ပြီးရင်ဂျပန်အစိုးရဘက်ကို စာပို့ဖို့လည်း စီစဉ်ထားပါတယ်။ ဒါက ဘယ်လိုမှလက်ခံလို့မရဘူးလေ၊ ပြီးရင်တခြား‌အသိအမှတ်ပြုမှု တွေ ဆက်တိုက်လာနိုင်တယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့လည်း စီစဉ်ထားပါတယ်" လို့ ဆန္ဒပြပွဲပါဝင်နေတဲ့ ဂျပန်ရောက်မြန်မာအရေးလှုပ်ရှားသူ ကိုဥဂ္ဂါက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်ကနေလည်း ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ နာရေးအခမ်းအနားကို တာဝန်ရှိသူတစ်ဦး တက်ရောက်ဖို့ရှိတယ်လို့ ဘီဘီစီကို အတည်ပြုပြောထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီကိုသံတမန်ရေးအရ ထင်ထင်ပေါ်ပေါ်ဆက်ဆံတဲ့ နိုင်ငံအများစုဟာ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာစတဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်ပါတယ်။

  13. မုံရွာ - အရာတော်လမ်းပေါ် သွားလာမယ့်မော်တော်ယာဉ်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေကြေညာ, မလိုက်နာပါက တာဝန်ယူဖြေရှင်းပေးမှာမဟုတ်လို့ PDF ပြော

    စစ်ကိုင်းတိုင်း၊ မုံရွာ- အရာတော်လမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့မော်တော်ယာဉ်တွေအနေနဲ့ ကားမှန်တွေချပြီး သင့်တင့်တဲ့ အရှိန်နဲ့မောင်းနှင်ကြဖို့၊ ည (၈)နာရီကနေ မနက် (၄)နာရီအတွင်း အရေး‌ပေါ်အကြောင်းပြချက်နဲ့ ဖြတ်သန်းလိုပါက တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် အသိပေးဖို့ဆိုပြီး အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုကနေ ဒီကနေ့ ဇူလိုင် ၂၄ရက်မှာ ကြေညာလာပါတယ်။

    အဲ့ဒီအသိပေးတားမြစ်ချက်တွေကို မလိုက်နာဘူးဆိုရင် စစ်ကောင်စီအသုံးပြုတဲ့ အရပ်ဝတ်ကား၊ လူနာတင်ယာဉ်၊ သာသနာရေးကားတွေလိုယူဆမှာဖြစ်ပြီး ထိခိုက်နစ်နာမှုတွေရှိလာရင် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မုံရွာ - အရာတော်ကားလမ်းကိုပြည်သူအများစုအသုံးပြုကြသလို တဖက်မှာလည်း စစ်ကောင်စီယာဉ်တန်းတွေမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက နေရာတချို့မှာ ခရီးသည်တင်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဝေဖန်မှုတွေလည်းရှိခဲ့ပြီး ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာကို ‌တော့ တိတိကျကျ သိရတာမရှိပါဘူး။

    ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မုံရွာ၊ကားကွင်းသစ်နားမှာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)မြို့ရဲ့ လူနာတင်ကားကို မှားယွင်းမိုင်းဆွဲတိုက်ခိုက်မိတာကြောင့် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ကျေနပ်တဲ့အထိ တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

  14. အေအေက ဖမ်းဆီးခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦး ပြန်လွတ်

    အေအေ ကဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေနဲ့ သူ့ရဲ့ယာဉ်မောင်း ဦးမောင်ကျော်နိုင်တို့ကို စစ်ကောင်စီနဲ့သက်ဆိုင်မှုမရှိတာကြောင့် မနေ့ဇူလိုင် ၂၃ ရက်နေ့က ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ရခိုင့်တပ်တော် အေအေဘက်က ထုတ်ပြန်ပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်သူတွေကို ဖမ်ဆီးတရားစွဲဆိုမှုတွေ၊ ထောင်ချတာတွေကိုပြုလုပ်နေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေအပါအဝင်နှစ်ဦးကို လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ရတာလို့ဆိုပါတယ်။

    သူတို့နှစ်ဦးကို မနေ့ကနေ့လယ်ပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာနဲ့ ကျောက်ဆိပ်ကျေးရွာအကြားမှာ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

    သူတို့ဟာ ဇူလိုင်လ ၁၇ ရက်နေ့ညနေပိုင်းက မဟာမုနိဘုရားကနေ ဘုရားဖူးပြီးပြန်လာချိန် ပုဏ္ဏားကျွန်းမြို့နယ်အဝင်မှာ အေအေအဖွဲ့ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအရာရှိ SAE ဦးဆန်းလင်းအောင်နဲ့ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းတို့နှစ်ဦးကို ရသေ့တောင်မြို့နယ်အတွင်း အေအေဘက်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ရေးနဲ့ပတ်သက်မှုမရှိတာကြောင့်လို့ဆိုကာ ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

    အေအေအနေနဲ့ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့စစ်ကောင်စီရဲ့လက်အောက်ခံ ဝန်ထမ်းတွေကို အခုလိုခေါ်ယူမေးမြန်းမှုတွေပြုလုပ်လေ့ရှိပေမယ့် စစ်ရေးနဲ့မသက်ဆိုင်သူတွေကိုတော့ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးလေ့ရှိတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    ရခိုင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်တဲ့နောက် မှာ အခုလို နှစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိနေကြပါတယ်။

  15. အင်တာနက် ၁၀ လနီးပါးဖြတ်တောက်ခံထားရတဲ့ ယောဒေသမှာတိုက်ပွဲတွေဆက်ဖြစ်၊ ဖုန်းလိုင်းပါထပ်မံဖြတ်တောက်ခံထားရပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိနေ

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ်၊ ထီးလင်း၊ ကျောက်ထု၊ ကျော၊ ဆောစတဲ့ဒေသတွေမှာ အင်တာနက်ဖြတ်တောက်ခံထားရတာ ၁၀လနီးပါးကြာမြင့်နေပြီးစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေပိုအရှိန်မြင့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဖုန်းလိုင်းတွေပါဖြတ်တောက်ခံထားရသလို နေရာတချို့မှာ လျှပ်စစ်မီးတွေပါပြတ်တောက်နေပြီး ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ ထီးလင်းမြောက်ပိုင်းဘက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းသုံးကြောင်းထိုးဝင်ရောက်နေတယ်လို့လည်းဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင် ၁၉ရက်နဲ့ ၂၀ ရက်တွေမှာလည်း ဂန်ဂေါနယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေရှိပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းယောဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

    ‘’အင်တာနက်ဖြတ်ထားတာတော့ ၁၀ လနီးပါးလောက်ရှိပါပြီ၊ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး ဖုန်းလိုင်းတွေပါဖြတ်တယ်။ အဲဒီအချိန်မှာပဲ စစ်ကြောင်းသုံးကြောင်းထိုးနေတာ။စစ်ကြောင်းတစ်ကြောင်းထိုးပြီးဆို ရွာလုံးကျွတ်ပြေးကြရတာပဲ။ လေကြောင်းတိုက်ခိုက်ချိန်မှာတော့ မြစ်သာမြစ်အနောက်ဘက်ခြမ်းက ရွာတွေအကုန်ပြေးရတယ်။ ရွာထဲတော့ ထိခိုက်တာမရှိဘူး။လက်ရှိလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လက်နက်ခဲယမ်းလိုအပ်ချက်တွေရော စစ်ရှောင်တွေအတွက် ရိက္ခာလိုအပ်ချက်တွေ‌ရောအများကြီးရှိနေတယ်’’ လို့ယောဒေသကာကွယ်ရေးတွေကပြောပါတယ်။

    ဒါ့အပြင် ဂန်‌ဂေါမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာတွေနဲ့ဂန့်ဂေါ-အိုက္ကားလမ်းပိုင်းကိုဖြတ်သန်းသွားလာတာမလုပ်ဖို့လည်း PDF-GANGAW-တောင်ပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။

  16. ကိုဗစ်လူနာသစ် ၄၃ဦးတွေ့ရှိ

    ပြည်တွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၄၃ဦး‌တွေ့ရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂၃ရက်မှာထုတ်ပြန်ပါတယ်။

    ဒါဟာ လချီကြာ နေ့စဥ် ဆယ်ဂဏန်းသာတွေ့ရှိမှုကနေ ကူးစက်သူ ၄၀ကျော်နဲ့ စံချိန်တင်တွေ့ရှိတဲ့ အနေအထားပါ။

    စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရေအတွက်သာဖြစ်ပြီး လက်တွေ့ စာရင်းမပေါက်တဲ့ ကူးစက်မှုတွေလည်းရှိလာတယ်လို့ ပြင်ပဆေးခန်းဖွင့်ထားတဲ့ဆရာဝန်တွေကပြောပါတယ်။

    ပြည်တွင်းမှာလည်းအိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ဒီ BA.4 နဲ့ BA.5 ပိုးတွေ့ရှိသူ ၆ဦးရှိတယ်လို့ ဇူလိုင် ၁၂ရက်မှာကြေညာထားခဲ့ပါတယ်။

    ဒါကြောင့် အခုလိုပြည်တွင်းမှာ တကျော့ပြန်ကိုဗစ်ကူးစက်မှုမြင့်တက်လာတာဟာ အိုမီခရွန်မျိုးကွဲသစ် BA.4 နဲ့ BA.5 ကူးစက်မှုလားဆိုတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်က တိတိကျကျထုတ်ပြန်ထားတာမရှိပါဘူး။

    ဒီကိုဗစ်မျိုးကွဲသစ်တွေဟာ ကူးစက်နှုန်းအလွန်မြန်ပြီး အရင်အိုမီခရွန်ကူးစက်ခံခဲ့ရဖူးသူတွေမှာတောင် ထပ်မံကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေက ‌ထောက်ပြထားကြပါတယ်။

    ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတာအပြင် ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ပါ သတိပေးနေကြတာပါ။ ကိုဗစ်ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ စစ်ကောင်စီဘက်က စီစဉ်ပေးနေတယ်လို့ဆိုပေမဲ့ လက်ရှိမြေပြင်အခြေအနေအရ ကာကွယ်ဆေးထိုးနိုင်ဖို့လက်လှမ်းမမှီတဲ့အနေအထားဖြစ်နေတယ်လို့ ပြည်သူတွေကပြောကြပါတယ်။

    အခုအချိန်မှာ စီးပွားရေးအကြပ်အတည်းတွေကြောင့် ဆေးဝါးစျေးတက်မှု၊ ဆေးဝါးတချို့ပြတ်လပ်မှုကိုပါကြုံတွေ့နေရတာကြောင့် ပြီးခဲ့တဲ့နှစ်ကိုဗစ်တတိယလှိုင်းတုန်းကလို လူအစုလိုက်၊ အပြုံလိုက် အသက်သေဆုံးရတာတွေ ထပ်မံဖြစ်လာမှာကို ပြည်သူအများစုစိုးရိမ်နေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။

  17. နိုင်ငံအတွက် ပညာတတ်အင်အားအများကြီးလိုအပ်ချက်ရှိနေတယ်လို့ စစ်ခေါင်း‌ဆောင်ပြော

    အခု ၁၀နှစ်တာအတွင်းက ပညာရေးအခြေအနေဟာ မူလတန်း၊ အလယ်တန်းအဆင့်ကိုကျော်လွန်ပြီး အထက်တန်းနဲ့ တက္ကသိုလ်တက်ရောက်နိုင်တဲ့ အဆင့်ရှိသူအလွန်နည်းပါးနေတာကြောင့် နောက်ဆယ်စုနှစ်တွေဆိုရင် ပညာတတ်အင်အားအများကြီးလိုအပ်ချက်ရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ထားသူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလာပါတယ်။

    ၂၀၂၂ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေဟာ ၂၀၁၀ - ၂၀၁၁ခုနှစ်မှာသူငယ်တန်း အောင်မြင်ခဲ့ကြသူတွေဖြစ်ကြပြီး မူလတန်းကနေ အလယ်တန်းအဆင့် ပဥ္စမတန်းကို တက်ရောက် နိုင်သူ ၆၈.၁၂ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အလယ်တန်းကနေ အထက်တန်းအဆင့် နဝမတန်းကို တက်ရောက်နိုင်သူလည်း ၄၉.၂၈ရာခိုင်နှုန်းရှိပြီး တက္ကသိုလ်ဝင်ခွင့်ရရှိသူဟာလည်း စတင်ကျောင်းနေသူအရေအတွက်ရဲ့ ၁၉.၅၅ရာခိုင်နှုန်းသာရှိတယ်လို့ ပြောပါတယ်။

    ဒါဟာ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်း‌စာမေးပွဲအောင်မြင်သူတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံရဲ့ပညာရေးကိုလေ့လာဆန်းစစ်ထားတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    ၂၀၂၁ - ၂၀၂၂ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းဟာ ၄၆.၈၈ရာခိုင်နှုန်းရှိပါတယ်။ အဲ့ဒီထဲတပ်မတော်ပညာရေးကျောင်းတချို့ဟာ အောင်ချက် ၈၀ရာခိုင်နှုန်းကျော်ရှိတာကြောင့် အောင်ချက်ရာခိုင်နှုန်းကျဆင်းနေတဲ့ကျောင်းတွေအနေနဲ့ စံနမူနာယူပြီး ကြိုးစားကြဖို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

    စစ်ကောင်စီဟာ ဒီတက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေကိုနိုင်ငံခြားလေ့လာရေးခရီးစဉ်တွေ ပို့နေတဲ့အပြင် အခုလိုအခမ်းအနားနဲ့ ဂုဏ်ပြုပွဲတွေလုပ်ပြနေပေမဲ့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ CDM ဆရာ၊ဆရာမတွေကို ဆက်တိုက်ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ လုပ်နေတယ်လို့ CDM အသိုင်းအဝိုင်းကပြောပါတယ်။

    တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီအောက် ပညာရေးမသင်ကြားဘူးဆိုတဲ့ စာမေးပွဲမဖြေ၊ ကျောင်းမတက်ကြတဲ့ ကျောင်းသားအများစုရှိနေကြတာပါ။ လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ မြေပြင်အခြေပြုရော အွန်လိုင်းအခြေပြု ကြားကာလပညာရေးကျောင်းတွေဖွင့်လှစ်ကာ ‌ပညာသင်ကြားပေးနေကြတာတွေ့ရပါတယ်။

    ဒီလိုကျောင်းတွေကိုလည်း တရားမဝင်ဘူးဆိုပြီး စစ်ကောင်စီကလိုက်လံဖမ်းဆီးမှုတွေ ဇွန်၊ဇူလိုင်လတွေအတွင်း ခပ်စိပ်စိပ်လုပ်‌ဆောင်နေပါတယ်။

  18. အိမ်နီးချင်းနိုင်ငံတွေက ကူးစက်မှုတွေကြောင့် တကျော့ပြန်ကိုဗစ်ကို သတိပြုဖို့ တိုက်တွန်းမှုတွေရှိလာ

  19. လူနာတင်ကားက စီးတော်ယာဥ်၊ ဟင်းချက်ဂက်စ်မရ၊ ဆေးမရ - ရုတ်တရက် ဗြောင်းဆန်ခဲ့တဲ့ ရန်ကုန်

  20. အရာတော်မြို့နယ်အတွင်း နေအိမ် ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုကို စစ်ရာဇဝတ်မှုအဖြစ်မှတ်တမ်းတင်ထား

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက နေအိမ်ပေါင်း ၈၀၀ ကျော် ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးရင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က အခုလ ဇူလိုင် ၁၃ ရက်နေ့အတွင်းမှာမလဲသာကျေးရွာက နေအိမ် ပေါင်း ၆၀၀ ကျော်အပါအဝင် ရွာပေါင်း ၈ ရွာကနေအိမ် ၈၂၃ အိမ်ကိုစစ်ကောင်စီက စစ်ကြောင်းထိုးရင်း မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီကနေ့ဇူလိုင် ၂၃ ရက်မှာထုတ်ပြန်လာပါတယ်။

    နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေအပြင် ဒေသခံတွေမွေးမြူထားတဲ့ ကျွဲနွားတိရစ္ဆာန်တွေနဲ့ လယ်ယာသုံးပစ္စည်းတွေနဲ့ ကားဆိုင်ကယ်စတာတွေကိုပါ ဖျက်ဆီးမှုတွေရှိနေပြီး နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကိုလည်း စစ်ကောင်စီတပ်တွေက ရှာဖွေယူဆောင်တဲ့အကြောင်း ဒေသခံတွေကပြောဆိုထားသလို အရာတော် ပကဖကလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီလုပ်ရပ်တွေအတွက် စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားပြီး နိုင်ငံတကာတရားရုံး International Court of Justice (ICJ)ကို သက်သေအဖြစ်တင်သွင်းသွားမယ်လို့လည်း အရာတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းပြုစုထားမှုအရ စစ်အာဏာသိမ်းတဲ့နေ့ကနေ ၃၁ ရက်၊ မေလ၊ ၂၀၂၂ ခုနှစ် အချိန်အထိ နေရာပေါင်း ၄၃၅ နေရာမှာ စစ်ကောင်စီနဲ့ အပေါင်းပါအဖွဲ့တွေက မီးရှို့လို့ အိမ်ပေါင်း ၁၈,၈၈၆ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒီထဲမှာတော စစ်ကိုင်းတိုင်းဒေသကြီးထဲကနေအိမ်တွေကအများဆုံးဖြစ်နေတာကိုအချက်အလက်တွေအရသိရပါတယ်။

    စစ်ကောင်စီဟာ နိုင်ငံတကာ ဥပဒေတွေကို ဖောက်ဖျက်နေတဲ့အတွက် တရားစီရင်မှု ရှေ့မှောက်ကို ရောက်နိုင်အောင် နိုင်ငံအလိုက်က နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစွဲခွင့်ပေးတဲ့ လမ်းကြောင်း ဥပမာ တူရကီ တရားစီရင်ရေးစနစ်၊ သြစတြေးလျ တရားစီရင်ရေး စနစ်တို့ကတဆင့် NUG အနေနဲ့ ကြိုးပမ်းနေသလို နိုင်ငံတကာခုံရုံးတွေဖြစ်တဲ့ ICJ (International Court of Justice)၊ ICC (International Criminal Court) တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ကမ်းလှမ်းထားတယ်လို့ လူ့အခွင့်အရေးဝန်ကြီးက ပြောဆိုထားပါတယ်။

    စစ်ကိုင်းတိုင်းထဲက နေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ ဒေသကာကွယ်ရေးတပ်တွေကလုပ်တယ်လို့စွပ်စွဲထားပြီး ဝန်ခံပြောကြားချက်မရှိပေမဲ့ ကျူးလွန်ခဲ့တဲ့စစ်သားတွေရဲ့ ဝန်ခံချက် ဗီဒိယိုနဲ့ အသံတွေကတော့ မီဒီယာတွေမှာဖော်ပြနေတာပါ။