ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြေနီကုန်းပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ဦးရှိလာ

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းကုန်းတံတား‌အောက်မှာ မနေ့ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

    သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦးဖြစ်ပြီး မနေ့က ပေါက်ကွဲမှုမှာရရှိတဲ့ ဒဏ်ရာတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေတုန်း ဆုံးပါးခဲ့ကြတာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောပါတယ်။

    ‘‘မနေ့က ရင်ဘတ်ကို ထိတဲ့အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်လို့ အိမ်စီးကားနဲ့ပဲ သူ့ကို ပြည်သူ့ဆေးရုံကို ပို့လိုက်ရတယ်။ စစ်ဆေးရုံကို ပို့လိုက်ရတဲ့အမျိုးသမီးတစ်ဦးလည်း ဆုံးပါးတယ်’’လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

    မနေ့က ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့ပြီး ခေါင်း၊ နဖူး၊ ရင်ဘတ်တွေကို ဗုံးအစအနတွေ မှန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

    ပေါက်ကွဲမှုဟာ မြေနီကုန်း ကုန်းတံတားအောက်က လမ်းဆုံမီးပွိုင့်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြည်နေတဲ့အရံအတားအနီးမှာ ဖြစ်ခဲ့တာလို့ မျက်မြင်တွေက ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမှုအသံကို တံတားနဲ့ကပ်လျက်မှာရှိတဲ့ ဒဂုံစင်တာအတွင်းကတောင် ကြားခဲ့ရတယ်ဆိုပြီး ပေါက်ကွဲမှုအားပြင်းတဲ့အကြောင်း အဲဒီအချိန် စင်တာထဲ ရှိနေခဲ့သူတွေက ဘီဘီစီကို သတင်းပေးပို့ခဲ့ပါတယ်။

    ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ လူထုထိခိုက်မယ့် လုပ်ရပ်ကို သူတို့ပြုလုပ်မှာမဟုတ်သလို မစ်ရှင်ပြုလုပ်ချိန် လူထုထိခိုက်မှုရှိခဲ့မယ်ဆိုရင်လည်း တိတိလင်းလင်းတောင်းပန်မယ်ဆိုပြီး တုံ့ပြန် ပြောဆိုထားပါတယ်။

  2. ဆောင်ခလာခရိုင်ယာဥ်တိုက်မှု မြန်မာလုပ်သား တစ်ဦးသေဆုံး, ရနောင်းမှာလည်း ၂ ရက်အတွင်း မြန်မာလုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်အတွင်းမှာ မနေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

    အမျိုးသမီးအလုပ်သမားတွေချည်းလိုက်ပါလာတဲ့မီနီဘတ်စ်ကားဟာ ကန်ချနတနစ်လမ်းပေါ်က ဆာ‌ဒေါင်ရာဘာစက်ရုံရှေ့မှာကားကွေ့ဖို့ ပြင်နေချိန် ကွန်တိုင်နာတွေတင်လာတဲ့နောက်တွဲကားက မီနီဘတ်စ်ညာဘက်ခြမ်းကို ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။

    မီနီဘတ်စ်ကားယာဥ်မောင်းဟာ လွတ်မြောက်ခဲ့ပေမဲ့ ဒဏ်ရာရသူ ၁၀ ဦးထဲက လေးဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

    လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့ဟာ ဘယ်အမှုတွေနဲ့ ဖွင့်မယ်ဆိုတာကို မဆုံးဖြတ်ခင် ယာဥ်တိုက်မှု အခြေအနေကို ဆုံးဖြတ်နိုင်မယ့် လုံခြုံရေးကင်မရာတွေကို စစ်ဆေးနေဆဲလို့ သိရပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့ ၂ ရက်အတွင်း ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲမှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိခဲ့ပါတယ်။

    အဲဒီမြန်မာလုပ်သားတွေနဲ့အတူ ထိုင်းလူမျိုး ကားသမား၊ လမ်းပြနဲ့ ပွဲစားတို့လည်း အဖမ်းခံထားရပါတယ်။

    ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင်၊ ရခိုင်ဒေသတွေကဖြစ်ပါတယ်။

  3. ရေဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုး၀င်ရောက်မှုတွေရှိလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနိုင်

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်မြောက်ဘက် ရထောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ၀င်ရောက်စစ်ကြောင်းထိုး မီးရှို့နေပြီး ရေဦးမြို့ တောင်ဘက်မှာလည်း စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က ပစ်ခတ်နေတာပဲ ရှိပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား နှစ်ဘက်ထိတွေ့မှုမရှိသေးပေမဲ့ အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

    မနေ့က ဇူလိုင်လ ၁၂ ရက်နေ့ က စစ်ကောင်စီတပ်တွေဟာ တပ်စွဲထားတဲ့ ရွာတွေဘက်ကနေ နှစ်မိုင်အကွာလောက်မှာရှိတဲ့ ကျေးရွာစုတွေဘက် လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာတွေထဲက မယကန်ကျေးရွာထဲမှာ နေအိမ်တွေတစ်လုံး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

    ဒီနေ့ ဇူလိုင် ၁၃ ရက်မနက်မှာလည်း ကျေးရွာတွေထဲ မီးရှို့မှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

    ရေဦးဘက်ကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေ မီးရှို့တာတွေရှိနေသလို ရဟတ်ယာဉ်တွေပျ့၀ဲပြီး ကင်းထောက်နေတာလည်း သုံးရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

    ဒေသကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးကတော့ " ရဟတ်ယာဉ်၀ဲနေတာ ၃ ရက်လောက်ရှိပြီ။ အင်အားဖြည့်တယ်လို့ပဲ ယူဆရတယ်။ ဗုံးကြဲဖို့တော့မဟုတ်ဘူး။ သူတို့ လိုတဲ့အင်အားကို ချပေးနေတဲ့ သဘောပေါ့။ ရိက္ခာတို့ လူတို့ပေါ့။ အခုလောလောဆယ်တော့ နှစ်ဘက်စောင့်ကြည့်အနေအထားပဲ ဖြစ်ပေမယ့် အချိန်မရွေး ထိတွေ့နိုင်ပါတယ်" လို့ ပြောပါတယ်။

    လက်ရှိမှာတော့ ရေဦးမြို့နယ် ၊ တနယ်ကျေးရွာထဲမှာ စစ်ကောင်စီက စစ်အင်အား လူ ၆၀ ကျော်လောက်နဲ့ တပ်စွဲထားတယ်လို့ မျက်မြင်တွေကဆိုကြပါတယ်။

  4. မြိုင်မြို့နယ်ထဲက ရွာတွေထဲ စစ်တပ်၀င်ရောက်၊ ဌေးအောင်ရွာထဲ စစ်ရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်း အနီး နေအိမ်တွေမီးရှို့ခံနေရတယ်လို့ ဒေသခံတွေပြော

    မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီနေ့ ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းကစပြီး ၀င်ရောက်လာပြီး မီးရှို့တာတွေရှိနေတာကြောင့် ရွာပေါင်း ၁၀ ရွာထက် မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

    ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ ကျေးရွာတွေ မီးရှို့ ခံခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျောက်ကုန်း ၊ ချောင်းဆုံ ၊ ဌေးအောင်၊ စံပြ စတဲ့ရွာတွေထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး၀င်ရောက်လာနေသလို နေအိမ်တွေကို မီးရှို့ တာတွေတာအပြင် ဌေးအောင်ရွာမှာဆိုရင် ဘေးလွတ်ရာထွက်ပြေးတဲ့ စစ်ဘေးရှောင်တွေ ခိုအောင်းနေတဲ့ ဘုန်းကြီးကျောင်း အနီးကိုပါ မီးရှို့မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသကာကွယ်‌ရေးတပ်က တာ၀န်ရှိသူတစ်ဦးကတော့ " ကျွန်တ်ောတို့ အညာမှာ စစ်ရှောင်ကြပြီဆိုရင် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းမှာပဲ ထားကြတာ များပါတယ်။ အခုနောက်ပိုင်းကတော့ ဘုန်းကြီးကျောင်းတွေကိုပါ မီးရှို့နေတော့ ဘုန်းကြီးကျောင်းတောင်မှ မထားခဲ့ရဲတော့တဲ့အနေအထားဖြစ်နေတယ်။ အခုလည်း ဌေးအောင်ရွာမှာ ဘုန်းကြီးကျောင်းအနီးကနေအိမ်တွေ မီးရှို့နေတယ် ဘုန်ကြီကျောင်းပါ မီးထိနိုင်ပါတယ်။ အနားကပ်လို့မရလို့ အတိအကျ မသိရသေးဘူး " လို့ ဆိုပါတယ်။

    စစ်ကိုင်းတိုင်း ထဲက ဆားလင်းကြီးနဲ့ ပုလဲမြို့နယ် မကွေးတိုင်းထဲက မြိုင်မြို့နယ် စတဲ့နေရာသုံးခုကို စစ်ကောင်စီတပ်တွေက လူအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ တစ်ပတ်၀န်းကျင်လောက်ရှိနေပြီဖြစ်ပြီး ဒေသကာကွယ်ရေးတပ် ပီဒီအက်ဖ်အဖွဲ့တွေ ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

    ဒီနေ့မြိုင်မြို့နယ်အတွင်းက ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

  5. ပဋိပက္ခအတွင်း ကရင်နဲ့စစ်ကိုင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်သေဆုံးမှု များနေတယ်လို့ NUG ၀န်ကြီး ဦးအောင်မျိုးမင်း ပြော

    အာဏာသိမ်းပြီးတဲ့နောက် ကလေးသူငယ်သေဆုံးမှု ထိခိုက်မှု အများဆုံးက ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်လာတယ်လို့ NUG လူ့အခွင့်အရေး၀န်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

    သူက "နွေဦးတော်လှန်ရေးအစတုန်းက ကလေးတွေကို သတ်ဖြတ်တာ ဖမ်းဆီးတာ အဲဒီကိစ္စတွေက တော်တ်ောလေး များခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ အစပိုင်းကစပြီးတော့ စစ်ကောင်စီရဲ့ လုပ်ရပ်က လေယာဉ်တွေနဲ့သုံးတဲ့ဟာရယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရယ်၊ နောက်တစ်ခါ လက်နက်ကိုင် ပဋိပက္ခသဘောမျိုးဆောင်ပြီးတော့ ကျေးရွာနေရာတွေကို တိုက်ခိုက်တဲ့နေရာတွေတိုးလာပြီးတော့ အရပ်သားပြည်သူတွေ ထိခိုက်မှုက တိုးလာပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်သားပြည်သူတွေကြားထဲမှာ ကလေးသူငယ်သေဆုံးမှုတွေ၊ တစ်ခါတလေကျရင် ကိုယ်၀န်ဆောင်မိခင်နဲ့အတူ ကလေးတွေရဲ့ သေဆုံးမှုတွေ ပိုမြင့်လာတာ ရှိပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ အဆမတန်သုံးပြီး တိုက်ခိုက်ခြင်းရဲ့ ရလဒ်ပါပဲ။ တစ်နိုင်ငံလုံးခြုံပြီးတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာဆို ကလေးငယ်တွေ သေဆုံးမှုဟာ ကရင်ဒေသမှာပိုပြီး များပြားပါတယ်။ နောက်တစ်ခါ စစ်ပွဲတွေ မရှိပေမဲ့ စစ်ပွဲကဲ့သို့ ကျင့်ကြံနေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ အရပ်သားပြည်သူတွေပဲ ရှိတဲ့နေရာတွေကို လေယာဉ်ပျံနဲ့ ဗုံးကြဲတာ၊ ရွာလုံးကျွတ်မီးရှို့တဲ့ကိစ္စတွေ ရှိတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်းက ကလေးသူငယ်တွေ ဒုတိယ ထိခိုက်မှုများတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် ရရှိထားတဲ့ သတင်းအရဆိုရင်တော့ ကရင်ပြည်နယ်ထဲမှာပဲ ကလေးငယ် ၃၀ ကျော် သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာ ၁၂၀ လောက်ရှိတာကို ကျွန်တ်ောတို့တွေ့ရပါတယ်။ " လို့ ပြောပါတယ်။

    လောင်းလုံးဖြစ်စဉ်နဲ့ပတ်သတ်လို့ လူ့အခွင့်အရေး၀န်ကြီးတစ်ဦးအနေနဲ့ " အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဘယ်လိုမျိုးပဲ ထိထိ အပြစ်မဲ့ အရပ်သားထိခိုက်မှုတိုင်းကို ရှုံ့ချပါတယ်။ သူ့ဘက်ဖြစ်လို့ ကိုယ့်ဘက်ဖြစ်လို့လို့ ပြောလို့မရပါဘူး။ အရပ်သားက အရပ်သားပဲ၊ ကလေးသူငယ်က ကလေးသူငယ်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်စုံစမ်းတဲ့အခါမှာ သက်ဆိုင်ရာ အဖွဲ့ကနေ တောင်းပန်စာ ထုတ်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးလို့ တောင်းပန်တာထက်စာလို့ရှိရင် မဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းလည်း ထုတ်ထားတာရှိပါတယ်။ ဒါတွေကို လေးလေးစားစား လိုက်နာဖို့လိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာဆိုရင်တော့ အမျိုးသမီးနဲ့ကလေးတွေကို ပိုပြီး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာလည်း စစ်ပွဲဆိုင်ရာ ဉပဒေမှာ ဖော်ပြထားပါတယ်" လို့ သူက ရှင်းပြပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈နှစ်အောက် ကလေးသူငယ်တွေဖမ်းဆီးထိန်းသိမ်းခံထားရတာ ၄၀၀ နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ဘီဘီစီကိုပြောပါတယ်။ ဇူလိုင်လပထမအပတ်အတွင်း စစ်ကောင်စီကြောင့်သေဆုံးရတဲ့အရပ်သား ၁၅ဦးရှိပြီး အဲ့ဒီထဲ ကလေးသူငယ် တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ တဖက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဇူလိုင် ၁၁ရက် ထုတ်ပြန်တဲ့ စာတမ်းအရလည်း ကလေးသူငယ်တွေအပေါ် မတရားကျူးလွန်တဲ့ အမည်မည်းစာရင်းမှာ မြန်မာပါဝင်နေပြိဖြစ်သလို အစီရင်ခံစာအပြည့်အစုံကိုလည်း ကုလလုံခြုံရေးကောင်စီကို ဇူလိုင် ၁၉ရက်မှာ တင်သွင်းမယ်လို့ ဆိုလာပါတယ်။ပြည်တွင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေရဲ့ အခြေအနေဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီဆိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောလာတာဖြစ်ပါတယ်။

    ကုလရဲ့အမည်ပျက်စာရင်းမှာ မြန်မာပါ၀င်လာတဲ့အပေါ် စစ်ကောင်စီဘက်ကတော့ တုံ့ပြန်တာမရှိသေးပါဘူး။

  6. ဆရာမောင်သာနိုး ကွယ်လွန်မှုကို ဝမ်းနည်းကြောင်းပြောဆိုနေကြ

    မော်ဒန်စာပေကို မြန်မာစာပေလောကကို မိတ်ဆက်ပေးခဲ့သူလို့ အများက အသိအမှတ်ပြုကြတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်သာနိုးဟာ မနေ့ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

    ကွယ်လွန်ချိန်မှာ ဆရာကြီးမောင်သာနိုးဟာ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

    သူကွယ်လွန်တဲ့အတွက် မြန်မာစာရေးဆရာတွေ၊ စာပေထုတ်ဝေရေးတွေနဲ့ စာပေချစ်သူတွေက လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းထုတ်ဖော်ရေးသား ပြောဆိုနေကြပါတယ်။

    တသက်တာစာပေဆုရှင် ဆရာမောင်သာနိုးကို သူ စာပေဆုရရှိချိန် ၂၀၁၈ တုန်းက ဘီဘီစီက ဆက်သွယ်မြေးမြန်းထားတဲ့ ရုပ်သံကို ဒီကနေ ပြန်လည် နားဆင်နိုင်ပါပြီ။

  7. ရုရှားမြန်မာ နျူကလီးယားနဲ့ အာကာသ နည်းပညာတွေ ပူးပေါင်း ဆောင်ရွက်မယ်

    ရုရှားနဲ့ မြန်မာအကြား နျူကလီးယားနဲ့ အာကာသနည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်မှု ပိုခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီကနေ့ ရုရှားနိုင်ငံ မော်စကိုမြို့ ခရီးစဉ်အတွင်း ရုရှား ပါလီမန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကွန်စတန်တင် ကိုဆာချက်ဗ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မော်စကိုမြို့ ခရီးစဉ်ဟာ နိုင်ငံ့တာဝန်နဲ့ မဟုတ်ဘဲ သီးသန့်လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး Rosatom နဲ့ Roscosmos တို့လို ရုရှား အဆင့်မြင့်နည်းပညာ စီမံကိန်းကြီးတွေရဲ့ အမှုဆောင် လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ မစ္စတာ ကိုဆာချက်ဗ်က Sputnik ရုရှားအစိုးရ သတင်းဌာနကို ပြောပါတယ်။

    မြန်မာ့ယဉ်ကျေးမှု တိုးမြှင့်ဖော်ဆောင်ဖို့ မော်စကိုမြို့ အနောက်တောင်ဘက် ပက်ထရိုဗို ရွာက မြန်မာ့ယဉ်ကျေးမှုစင်တာမှာ ဗုဒ္ဓဘုရားစေတီ တစ်ဆူ ဖွင့်ပွဲ အခမ်းအနားမှာ မစ္စတာ ကိုဆာချက်ဗ်က အခုလို ပြောခဲ့တာပါ။

    ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ တစ်နေ့တခြား ပိုမို ရင်းနှီးလာနေတယ်လို့ မစ္စတာ ကိုဆာချက်ဗ် က ဆိုပါတယ်။ “ကျွန်တော်တို့အချင်းချင်း ရိုင်းပင်းကူညီမှုတွေ အရင်ကထက် အများကြီး ပိုရှိလာပါတယ်။ ဒါဟာ ပညာရေး၊ ယဉ်ကျေးမှု၊ အဆင့်မြင့် နည်းပညာ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး ခိုင်မာလာနေတယ် ဆိုတာကို ထင်ဟပ် ပြနေပါတယ်” လို့ သူက ပြောသွားပါတယ်။

    လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှား ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့တော့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ရုရှား အစိုးရရုံး ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

  8. ဒဂုံစင်တာအနီးပေါက်ကွဲမှုအပြီးမှာ စစ်ဆေးမှုတင်းကျပ်ထား

    မြေနီကုန်း ဒဂုံစင်တာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ‌‌မြေနီကုန်းအနီးမှာ ကားလမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မျက်မြင်ပြည်သူတွေထံက သိရပါတယ်။

    ဒီကနေ့ ညနေ ၃ နာရီ၀န်းကျင်လောက်မှာ ဒဂုံစင်တာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ‌မြေနီကုန်းတစ်၀ိုက်နဲ့ ဦး၀ိစာရအ၀ိုင်းဘက်မှာ စစ်ကား ၃ စီးနဲ့ လမ်းသွားလမ်းလာတွေနဲ့ ကားတွေအားလုံးကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ ပြုလုပ်နေတာပါ။ ဘတ်စ်ကားတွေပေါ််ကလူတွေကို အကုန်လုံးဆင်းခိုင်းပြီး လမ်းဆင်းလျှောက်ခိုင်းတာတွေရှိပြီး ကားတွေကိုလည်း‌ နောက်ဖုံးတွေအထိ ပတ်စိတ်တိုက်ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    မျက်မြင်ပြည်သူတစ်ဦး ပြောတာက " လူတွေအကုန် ဘတ်စ်ကားပေါ်က ဆင်းခိုင်းတယ်။ ကားပေါ်ကို ပြန်မတက်ခိုင်းဘူး။ လမ်းလျှောက်ပြီး နောက်ကားပြောင်းစီးဖို့ တခြားမှတ်တိုင်တွေကို လမ်းဆင်းလျှောက်ရတယ်။ အဲဒီတော့ဘတ်စ်ကားတွေက တစ်ခါမှ မဖြတ်ဖူးတဲ့ စမ်းချောင်းဂွစျေးဘက်ကို ပတ်ပြီး ဖြတ်နေတာ တွေ့ရတယ်" လို့ ဆိုပါတယ်။

    ဒီနေ့ ၀ါဆို လပြည့်နေ့မှာ ရန်ကုန်မြို့နေရာ လေးနေရာလောက်မှာ ဗုံးပေါက်ကွဲတာတွေရှိခဲ့ပြီး လုံခြုံရေး တင်းကျပ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

  9. ရန်ကုန် အောင်မင်္ဂလာလမ်းထိပ်အနီး ပေါက်ကွဲမှုဖြစ်, စစ်တပ်က ဗုံးရှင်းတယ်ဆိုပြီး လမ်းမမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြော

    ဒီနေ့ ဇူလိုင် ၁၂ ရက်မွန်းတည့် ၁၂ နာရီလောက်မှာ တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းထိပ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်က ဗုံးရှင်းလင်းရေးလုပ်ပြီး ဖောက်ခွဲတာဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဗုံးရှင်းလင်းဖို့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေရောက်ရှိလာပြီး ဗုံးကို ဖျက်ဆီးခဲ့ချိန်မှာတော့ ‌အသံအကျယ်ကြီး ကြားရပြီး လမ်းတစ်လျှောက် မီးခိုးတွေ ‌ဝေနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

    " တမင်တကာ ဖောက်ခွဲပြတာ။ သက်သက် လမ်းမအလယ်ခေါင်မှာ ခွဲပြတာ ။ အမှိုက်ပုံးတွေက အမှိုက်စတွေလည်း ပြန့်ကျဲနေတာပဲ။ အောင်မင်္ဂလာလမ်းအနီးက တိုက်ခန်းတွေက မှန်တွေလည်း ကွဲသွားတယ်။ အရှိန် ဘယ်လောက်ပြင်း အသံဘယ်လောက်ကျယ်လဲ စဉ်းစားသာကြည့်တော့။ နားပိတ်ထားတာတောင် ခုထိ ရင်တွေ အတုန်မပြေသေးဘူး" လို့ အောင်မင်္ဂလာ လမ်း ရဲ့ အနီးအနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ဒီနေ့ ဇူလိုင် ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကောင်စီယာဥ်တစ်စီးကို ဖောက်ခွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ ပြည်သူတွေကို ထိခိုက်မှာစိုးတာကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်လာပါတယ်။

    နေ့လယ် ၁၂ နာရီ၀န်းကျင်လောက်မှာ မိုင်းကို ဆင်နိုင်ခဲ့ပေမယ့် အမှိုက်ကောက်တဲ့သူတချို့နဲ့ လမ်းသွားလမ်းလာတချို့က မိုင်းကို ၀ိုင်းအုံကြည့်နေတာကြောင့် ဖောက်ခွဲရေး မစ်ရှင်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ Yangon Liberation Force အဖွဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

    ပြည်သူတွေအနေနဲ့ ဗုံးတွေ့တဲ့အခါ မစပ်စုဖို့၊ ၀ိုင်းအုံမကြည့်ဖို့တို့နဲ့ တော်လှန်ရေးကို ပါ၀င်ကူညီကြဖို့ကိုလည်း အဲဒီအဖွဲ့က တိုက်တွန်းထားပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားရာအနီးတ၀ိုက်ကို ဇူလိုင် ၁၂ ရက် ညနေ၂ နာရီအချိန်အထိ လမ်းတွေ ပိတ်ထားဆဲဖြစ်ပြီး လမ်းသွားလမ်းလာတချို့ကိုလည်း စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

  10. မြေနီကုန်း ဒဂုံစင်တာအနီး ဗုံးပေါက်ကွဲ၊ လူထိခိုက်မှု ရှိနိုင်

    ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင်တာအနီးမှာ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီ ၀န်းကျင်လောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေထံက သိရပါတယ်။

    ဗုံးပေါက်ကွဲသံကို စင်တာထဲအထိကြားလိုက်ရတယ်လို့ စင်တာထဲ ရောက်ရှိနေသူတွေက ဆိုကြပါတယ်။

    " လူနာတင်ကားတွေလည်း တွေ့တယ်ဆိုတော့ လူထိခိုက်မှုရှိနိုင်တယ်လို့ မှန်းဆလို့ရပါတယ်။ ထိခိုက်တဲ့သူတော့ မျက်စိနဲ့ မမြင်လိုက်ဘူး။ ပြောနေကြသံကတော့ ကျား တစ်ဦး မ တစ်ဦးထိတယ်လို့တော့ ‌ကြားပါတယ်" လို့ စင်တာအနီးမှာ ရှိနေသူ ပြည်သူတစ်ဦးက ‌ပြောပါတယ်

  11. မော်စကိုမြို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာ

    စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိလာပြီး ရုရှား အာကာသအေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ ရိုဂိုဇင်ရဲ့ အကြံပေး ပုဂ္ဂိုလ်က Sputnik ရုရှားအစိုးရသတင်းဌာနကို ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယား အေဂျင်စီ Rosatom ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပြီး ရုရှားနိုင်ငံမှာ ဖွင့်လှစ်မယ့် မြန်မာ ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

    မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့တော့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရရုံး ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

    အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကို အစဉ်မပြတ် စောင့်ကြည့်သွားပြီး စစ်ကောင်စီအပေါ် ဆက်လက် ဖိအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့အပြီး ၂ ရက်အကြာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

  12. ကန့်ဘလူမှာ စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးတာရှိတယ်လို့ ဆို

    ကန့်ဘလူမြို့နယ်၊ ကံကြီးကျေးရွာ အနီးမှာ ဒီနေ့ မနက် ၇ နာရီ ၀န်းကျင်‌လောက်က စစ်ကောင်စီရဲ့ ခြေလျင်ထိုးလာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲကမှ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    လူအင်အား ၃၀ လောက်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က ကံကြီးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ဒေသကာကွယ်ရေးတပ်က တာ၀န်ရှိသူကတော့ " စစ်ကြောင်းထိုးလာတုန်း မိုင်းခွဲခဲ့တာပါ။ ၆ ယောက်ဒဏ်ရာရသွားတယ်။ အဲဒီထဲကမှ ၂ ယောက်တော့ သေသွားတယ်။ ၄ ယောက် တော့ ကျန်သေးတယ်။ သူတို့ ဆေးရုံပို့ဖို့လုပ်နေကြတယ်။ ခုတော့ နှစ်ဘက် စောင့်ကြည့်နေကြတဲ့ အနေအထားပေါ့။ " လို့ ‌ပြောပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ဟာ ဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်က မကြာခဏ စစ်ကြောင်းထိုး၀င်ရောက်တာတွေရှိနေတာပါ။

    အဲဒီစစ်ကြောင်းထိုး၀င်ရောက်မှုတွေထဲ ဒေသခံတွေရဲ့ စိုက်ခင်းတွေနဲ့ နေအိမ်တွေကို မီးရှို့တာ လုယက်တာတွေ နဲ့ ဒေသခံတွေ သတ်ဖြတ် ဖမ်းဆီး ခံနေရတာတွေ ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် ကန့်ဘလူနဲ့ ကျွန်းလှကြားက ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၃ ထောင်လောက်ကလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်း‌ရှောင်နေကြရတာ ဖြစ်ပါတယ်။

    ဒီမနက်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့တော့စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

  13. မန္တလေး ဓားပြတိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသူနာရေး မနက်ဖြန် ပြုလုပ်မယ်

    မန္တလေးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့ က ဓားပြတိုက်မှုဖြစ်စဉ်အတွင်း လုယက်အကြမ်းဖက်သူတွေ လက်ချက်ကြောင့် သေဆုံးသွားသူဟာ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသူဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပြီး မနက်ဖြန်(ဇူလိုင် ၁၃)ရက်နေ့မှာ တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်သ င်္ဂြိုဟ်မှာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

    "အဖေက အငြိမ်းစား တရားသူကြီး။ ညီအစ်မနှစ်ယောက်ပဲရှိတာ။ အသင်းကိုလည်း အင်္ကျီတွလှူဖူးတာရှိတယ်။ သတင်းကြားတော့ စိတ်မကောင်းဘူး။ မိန်းကလေးက ၂၁ နှစ်ပဲရှိသေးတာ။ ဘယ်ဘက်ရင်ဘတ်ကို မှန်တာ။ အိမ်စီးကားနဲ့ အရေးပေါ်ပို့ပြီး ဆေးရုံကြီးကနေ အလောင်းသယ်လာရတာ"လို့ ချမ်းမြသာစည်လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    ချမ်းမြသာစည်မြို့နယ် လမ်း ၅၀ မှာဖြစ်ခဲ့တဲ့ လုယက်အကြမ်းဖက်သူတွေ လုပ်ရပ်ကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသူဟာ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ဂျပန်ဘာသာဌာနက ၂၀၁၈ ခုနှစ် Batch ဒုတိယနှစ်ကျောင်းသူ မခင်ရတနာအောင်ဖြစ်တယ်လို့ အဲဒီကျောင်းရဲ့ ကျောင်းသားများ သမဂ္ဂကထုတ်ပြန်ထားပါတယ်။ သေဆုံးသူဟာ စစ်အာဏာသိမ်း ဆန့်ကျင်သူဖြစ်သလို သပိတ်မှောက်ကျောင်းသူလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    မနေ့က လုယက်မှုဖြစ်စဉ်ဟာ ဘဏ်ကငွေထုတ်ပြီးအပြန် မခင်ရတနာအောင်တို့ နေအိမ်အရှေ့မှာ ဓားပြတိုက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ဘက်က မနေ့က လုယက်မှုဖြစ်စဉ်မှာ လမ်း ၅၀၊ ၁၀၇ လမ်းထောင့်မှာ လုယက်ခံရတဲ့ ယာဉ်ကိုပြန်လည်တွေ့ရှိခဲ့သလို ယာဉ်ပေါ်မှာ ကျပ်သိန်း ၈၀၀ကိုလည်း ပြည်လည်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာကို ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။ မန္တလေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ နေအိမ်တွေကို ဓားပြတိုက် လုယက်မှုနဲ့ သေဆုံးမှုဖြစ်စဉ်တွေမှာ ပြုလုပ်သူနဲ့ ပစ်ခတ်သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

  14. ရနောင်းခရိုင်ထဲက ရာဘာခြံတစ်ခြံမှာ ထိုင်းလွှတ်တော်အမတ်လက်ထောက်ရဲ့ ဖခင်ဖြစ်သူအသတ်ခံရပြီးတဲ့နောက် မြန်မာ ၁၅ ဦးကို ခေါ်ယူစစ်ဆေး

    ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ထဲက ရာဘာခြံတစ်ခြံမှာ ထိုင်းလွှတ်တော်အမတ်လက်ထောက် ရဲ့ ဖခင်ဖြစ်သူ စည်ပင်ဥက္ကဋ္ဌ အသတ်ခံရပြီးတဲ့နောက် မြန်မာ ၁၅ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

    ရနောင်းကနေ တစ်နာရီကျော်လောက်သွားရတဲ့နေရာက ရာဘာခြံတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာ အလုပ်သမားတွေကိုတော့ မသင်္ကာလို့ ခေါ်ယူစစ်ဆေးနေတာလို့ သိရပါတယ်။

    ဒီအခြေအနေကို ကိုယ်ထူကိုယ်ထ မိတ္တသဟာရလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုသာကျော်က အခုလိုပြောပါတယ်။

    "ရာဘာခြံက အလုပ်သမားတွေလေ ၊မသင်္ကာလို့ ခေါ်စစ်နေတာလောက်ပဲ ရှိတယ်။ အဖမ်းခံရတာ မဟုတ်သေးဘူး။ ၂၄ နာရီ လည်း မပြည်သေးတော့လေ။ ပြီးတော့ သူတို့ မိသားစုတွေက အကူအညီမတောင်းလာသေးဘူး။ အမှုစစ်ပြီးရင် သဌေးတွေ အာမသွားခံရင်တော့ သူတို့က ပြန်လွှတ်ပေးလိုက်တယ်။ " လို့ ပြောပါတယ်။

  15. ပုလဲမြို့နယ်တောင်ဘက် တောင်ရွာသစ်မှာ ဒေသခံ ၄ ဦး အသတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ၀င်ရောက်လာပြီး ဒီနေ့ ဇူလိုင် ၁၂ ရက် မနက်မှာပဲ ဒေသခံပြည်သူ ၄ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    "ဒီနေ့ မနက် အစောကြီးပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရွာထဲကို၀င်လာပြီး ပြည်သူတွေကို အကြောင်းမဲ့ သတ်သွားတာ။ သေတာ သေချာပါတယ်။ နောက်ပြီး ပြည်သူ ၁၈ ယောက်ထက်မနည်းလည်း အဖမ်းခံရတယ်လို့ ပြောချင်ပါတယ် " လို့ပုလဲမြို့ ဒေသကာကွယ်ရေးတပ်က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးဘက်ကနေ ပုလဲမြို့ နယ်၊ ကံကြီးကျေးရွာ ၊ ညောင်ကုန်းကံပေါက် ၊ အင်မထီး၊ အင်ကြင်းစု၊ ပန်းရွာ စတဲ့ ရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်လာပြီးတဲ့နောက် ဒေသခံ ၁၈ ဦးထက်မနည်း ‌အဖမ်းဆီးခံရပြီး ဒီနေ့ မနက်ပိုင်းမှာပဲ ဒေသခံ ၄ ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

    စစ်ကောင်စီတပ်တွေက ပုလဲမြို့က နေရာအနှံ့ကို ဇူလိုင် ၆ ရက်နေ့မှာ စတင်၀င်ရောက်လာခဲ့ပြီး နောက် နေရာအနှံ့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံတစ်ချို့အဖမ်းခံရ၊ သတ်ဖြတ်ခံရ၊ ကျေးရွာတွေလည်း မီးရှို့ခံနေရတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  16. မြန်မာမှာ အိုမီခရွန်မျိုးဗီဇပြောင်းရောဂါပိုးတွေ့ပြီ

    ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 တို့ကို ပြည်တွင်းမှာ တွေ့ရှိထားတယ်ဆိုပြီး စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလာပါတယ်။

    ကိုဗစ် -၁၉ မျိုးဗီဇပြောင်းရောဂါပိုးတွေ့နိုင်တဲ့သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုကို စစ်ဆေးခဲ့ရာမှာ နမူနာ ၆ ခုမှာတွေ့ခဲ့တာလို့ဆိုပါတယ်။

    ပိုးတွေ့သူတွေဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး လက်ရှိမှာ သတ်မှတ်ရက်အတိုင်း သီးခြားထား ကုသမှုပေးထားတဲ့အပြင် ကျန်းမာရေးလည်းကောင်းမွန်တယ်လို့ဆိုပါတယ်။

    စစ်ကောင်စီကျန်းမာရေးရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကိုဗစ်ပိုးတွေ့ အတည်ပြု လူနာ ၁၄ ဦးရှိတယ်လို့ ဆိုပါတယ်။

    နောက် မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုစတင်တွေ့ရှိချိန်ကနေ အခုအချိန်အထိ သေဆုံးသူ တစ်သောင်းကိုးထောင်ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

    ဒါပေမဲ့ စစ်အာဏာသိမ်းမှုအပြီး ကျန်းမာရေးစနစ်ယိုယွင်းလာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက ကိုဗစ်ကူးစက်မှု တတိယလှိုင်းအတွင်း လူသေဆုံးမှု များပြားခဲ့တာကြောင့် အမှန်တကယ်သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးကပြောတဲ့စာရင်းထက် ပိုများနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

  17. မြန်မာ့အကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီနဲ့ ကန်နိုင်ငံခြားရေးအကြံပေးတို့ တွေ့ဆုံ

    မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီက သူနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး မစ္စတာ ဒဲရက် ရှိုလေးတို့ ဒီကနေ့ ဇူလိုင် ၁၂ ရက် မနက်မှာ တွေ့ဆုံဆွေးနွေးထားတယ်ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ထုတ်ပြောလာပါတယ်။

    မြန်မာပြည်သူတွေအရေး အမေရိကန်ပြည်ထောင်စုကထားရှိတဲ့ကတိကဝတ်တွေကိစ္စကို ကြားရတာ အားဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။

    မစ္စယန်ဟီးလီဟာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူဟောင်းဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီအဖွဲ့ဝင် ၃ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

    သူဟာ အဲဒီကောင်စီအဖွဲ့ဝင်အနေနဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံအရေးကို ထဲထဲဝင်ဝင် ပါဝင်ကူညီနေသူဖြစ်သလို မြန်မာစစ်တပ်ကိုလည်း ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုနေသူဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း မစ္စယန်ဟီးလီနဲ့ မစ္စတာ ရှိုလေးတို့ နှစ်ဦးစလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့ဝင်တွေနဲ့ ထိတွေ့ ပြောဆို ဆက်ဆံမှု မပြတ်ရှိနေသူတွေဖြစ်ပါတယ်။

  18. ထိုင်းဘက်က လျော်ကြေးတောင်းတဲ့ကိစ္စ မြန်မာစစ်ကောင်စီ ဘာပြောလဲ, မြန်မာဘက်ကလေယာဉ်တွေ ထိုင်းနယ်နိမိတ်ဘက်ကို ရောက်ရှိခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ပဲဖြစ်ပြီး နိုင်ငံရေးသမားတွေက သက်သက်မဲ့ ပုံကြီးချဲ့နေခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဆို

    မြန်မာတိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲဖြတ်ပျံတဲ့ကိစ္စကို ထိုင်းလွှတ်တော်မှာ ကြားနာခဲ့ပြီး မြန်မာနိုင်ငံဘက်ကို လျော်ကြေးတောင်းထားပါတယ်။

    စစ်ကောင်စီဘက်က ‌‌‌ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ " အိမ်နီးနားချင်းနိုင်ငံတွေ မှာ လေကြောင်းပျံသန်းမှုတို့ နယ်နိမိတ်ဖြတ်ကျော်မှုတို့ က အမြဲတမ်းရှိနေတဲ့ သာမန်ကိစ္စတစ်ခုလို့ ကျွန်တ်ောတို့ ပြောချင်ပါတယ်။ ဒီလုံခြုံရေးနဲ့ဆိုင်တဲ့လေယာဉ်တွေ မပြောပါနဲ့။ အရပ်ဖက်လေယာဉ်တွေ ကျွန်တ်ောတို့နယ်ခြားလေယာဉ်တွေမှာလည်း အရပ်ဖက်လေယာဉ်တွေရှိတယ်။ ဒီပြင်နိုင်ငံရဲ့နယ်ခြားမှာလည်း အရပ်ဖက်လေယာဉ်တွေရှိတယ်။ လေယာဉ်တွေက သတ်မှတ်တဲ့ချဉ်းကပ်မှုရအောင် ပတ်ပြီးပျံသန်းရတာရှိတယ်။ ရာသီဉတုအနေအထားတွေရှိတယ်။ နယ်စပ်ကနေဆင်းတဲ့အခါမှာလည်း ကိုယ့်နိုင်ငံတွင်းကနေဆင်းလို့မရဘူးဆိုရင် ဒီပြင်နိုင်ငံကနေ ဆင်းရတဲ့ပုံစံမျိုးတွေပေါ့နော်။ ဒါတွေကို နယ်စပ်ထိစပ်တွေကို ကြိုတင်အကြောင်းကြားတာလည်း ရှိသလို အကြောင်းမကြားတာလည်း ရှိတယ်။ မဆင်းခင်ကြားတာရှိသလို ဆင်းပြီးမှကြားတာလည်း ရှိတယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပဲ။ တခြားသူတွေ က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ သက်သက်မဲ့ပုံကြီးချဲ့နေတာလို့ပဲ ပြောချင်တယ်။" လို့ ဘီဘီစီကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ထိုင်းဘက်က လျော်ကြေးတာင်းတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ သူက ခုလိုပြောပါတယ်။

    "နှစ်နိုင်ငံကိစ္စတွေဖြစ်တဲ့အခါ နှစ်နိုင်ငံကွင်းဆင်းစစ်ဆေးရတာတွေရှိတယ်။ ပြီးရင် ဟိုဘက်ကနေ ပြောတာတွေရှိတယ်။ ဒီဘက်ကလည်း ပြန်လည်ပြောဆိုတဲ့ဟာတွေ ရှိတယ်။ ဒီဟာတွေပေါ်မှာ သုံးသပ်ပြီးမှပဲ အဖြေထွက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ တရားဉပ‌ဒေမှာ အကုန်လုံးရှိပြီး ဖြစ်တယ်။ တရားမမှုလိုပေါ့ နစ်နာမှုတစ်ခုဖြစ်လာရင် နိုင်ငံတကာ တရားဉပဒေမှာ လျော်ကြေးကိစ္စတို့ နစ်နာမှုနဲ့ပတ်သတ်ပြီး တောင်းပန်တဲ့ကိစ္စတို့ ဒါတွေကတော့ တရားဉပဒေနဲ့ အညီ ရှိလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုမျိုးတွေ ဖြစ်လာရင် ဒီလိုစကားမျိုး ပြောသင့်တာပဲ ပြောရမှာပဲ။အချုပ်အခြာအာဏာနဲ့ နိုင်ငံရဲ့ ပိုင်နက်နယ်မြေအတွက်ပဲ ပြောတာဖြစ်ပါတယ် ခင်ဗျ။ ပြောတဲ့စကားတွေသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့ကျော်လွန်ပြီး ပြောသွားတာတစ်ခုမှ မပါပါဘူး။ ဒါက သံတမန်အရေး နည်းလမ်းအရရော ကာကွယ်ရေး နည်းလမ်းအရရော အကြောင်းကြားတာတွေ ရှိပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံထဲမှာ ဖြစ်နေတာမဟုတ်ဘူး။ အိမ်နီးနားချင်းနိုင်ငံတွေ မှာ လေကြောင်းပျံသန်းမှုတို့ နယ်နမိတ်ဖြတ်ကျော်မှုတို့ ကအမြဲတမ်းရှိနေတဲ့ သာမန်ကိစ္စတစ်ခုလို့ ကျွန်တ်ောတို့ ပြောချင်ပါတယ်" လို့ပြောသွားပါတယ်။

  19. စစ်ကောင်စီ ၀န်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အိုင်စီဂျေသွားရောက်မယ်

    မြန်မာကို အိုင်စီဂျေ ကတရားစီရင်ခွင့်မရှိဘူးဆိုပြီး မြန်မာစစ်ကောင်စီရဲ့ကန့်ကွက်ချက်နဲ့ပတ်သက်လို့ လာမယ့် ဇူလိုင် ၂၂ ရက်မှာ အိုင်စီဂျေတရားရုံးမှာအမိန့်ချဖို့ရှိတဲ့အပေါ် မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဖို့ရှိပြီး စစ်ကောင်စီရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီး ဦးကိုကိုလှိုင်က ဦးဆာင်သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦး ဘီဘီစီကိုအတည်ပြုပါတယ်။

    မြန်မာဘက်က ICJ မှာ ခုခံချေပဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက ကြေညာချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ၈ ယောက် ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးဆောင်မယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ပါ၀င်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ဖေဖာ်၀ါရီလ ရုံးချိန်းကိုလည်း အဲဒီကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ဦးကိုကိုလှိုင်က မြန်မာကိုယ်စား ဦးဆောင်လျှောက်လဲခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်ရုံးချိန်းကိုလည်း ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ပါ၀င်တဲ့အဖွဲ့သွားရောက်မှာဖြစ်ပါတယ်။

  20. လောင်းရှည် ဒေသခံ ရာချီ အကူအညီလိုအပ်နေ

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသထဲက ဒေသခံ ၄၀၀ နီးပါးဟာ အစားအသောက်နဲ့ နေထိုင်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ လောင်းရှည်ဒေသလုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF (YRPA)) က‌ ဒီနေ့ ဇူလိုင်လ ၁၂ ရက် မနက်မှာပဲ ပြောလာပါတယ်။

    အကူအညီလိုနေတဲ့ ဒေသခံတွေဟာ စိုက်ခင်း၊ အိုင့်ကြီးနဲ့ ဖလံမ ကျေးရွာတွေက ဖြစ်ပြီး လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုကို ဒေသကာကွယ်ရေးတပ်ဘက်က လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ဒီစစ်ရှောင်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေရာခိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေပေမဲ့ လိုအပ်ချက်တွေရှိနေဆဲဖြစ်လို့ တတ်အားသရွေ့ ကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းနေတာကြောင့် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဆော-ဆိတ်ဖြူကားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ထားသလို အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။