ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကနီမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အောက်မေ့ဖွယ် ပြုလုပ်

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ အရပ်သားတွေ ဖမ်းဆီးခံရပြီးတဲ့နောက် အမျိုးသား ၁၆ ဦးကို စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မနေ့ ဇူလိုင်လ ၉ ရက်တုန်းက ပြုလုပ်သွားပါတယ်။

    စစ်ကောင်စီတပ်ရဲ့ ကလေးအခြေစိုက် တပ်ရင်း ၂၂၈၊ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်မှာ ကနီမြို့နယ်ထဲက ကျေးရွာတွေကနေ အမျိုးသား အမျိုးသမီး ၂၆ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အမျိုးသား ၁၆ ဦးကို သတ်ဖြတ်ခဲ့တာလို့ ကနီအခြေစိုက် ဒီမိုကရေစီ အင်အားစုတွေက ဆိုပါတယ်။

    သတ်ဖြတ်ခံခဲ့ရသူတွေဟာ ကနီမြို့နယ်၊ ယင်းရွာက အများဆုံးဖြစ်ပြီး ကုန်းသာရွာ၊ ထောက်ကြံ့ကုန်းရွာနဲ့ ရေဦးမြို့နယ်၊ ပလူဇဝရွာက အမျိုးသားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် မနေ့ ဇူလိုင်လ ၉ ရက်မှာ ကနီသပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စုရုံးပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်နဲ့အတူ အဲဒီဖြစ်ရပ် တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

  2. ထားဝယ်က ပစ်ခတ်မှုအတွင်းကလေး ငယ်တစ်ဦးသေဆုံး

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ မနေ့ ဇူလိုင်လ ၉ ရက်ညပိုင်းက ပစ်ခတ်မှုတစ်ခုမှာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရတဲ့ ဝေဒီကျေးရွာသား ဦးကျော်ဟိန်းဆိုသူအမျိုးသားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က မနေ့ည ၁၁ နာရီခွဲခန့်မှာ နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ချိန်မှာ ကလေးငယ်ကို ကျည်ထိမှန်ပြီး ဒဏ်ရာကြောင့် ဆုံးပါးခဲ့တာလို့ ဆိုပါတယ်။

    ဦးကျော်ဟိန်းဟာ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မငုဝါနိုးဟာ ကျည်ဆံထိမှန် ပြီးဆုံးပါးခဲ့တာလို့သပိတ်ကော်မတီက ပြောပါတယ်။

    အဲဒီပစ်ခတ်မှုမှာ မငုဝါနိုးရဲ့ အဒေါ်ဖြစ်သူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    မငုဝါနိုးရဲ့ မိဘတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်အခေါ် စစ်တပ်ထောက်ခံသူ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရန်ပြုမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဒေါ်ဖြစ်သူနေအိမ်မှာ ခေတ္တလာရောက်နေချိန်ဖြစ်တယ်လို့လည်း ဖခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကားပြီး သပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

    တစ်ဖက်မှာလည်း မငုဝါနိုးဟာ အချိန်မီ ဆေးကုသခွင့် ရမယ်ဆိုရင် အသက်ရှင်နိုင်ပေမဲ့ စစ်ကောင်စီ လက်အောက်ခံတွေက လူနာကို အရေးပေါ်ကားနဲ့ အချိန်မီ သယ်ဆောင်ခွင့် မပြုခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့လည်း ဆိုပါတယ်။

    ဒီဖြစ်စဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတာကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးထားသလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နေပြီလို့ တုံ့ပြန်ထားတယ်ဆိုပြီး သပိတ်ကော်မတီဘက်က ပြောထားပါတယ်။

  3. ကမ္ဘာ့လွတ်လပ်စွာ ပြောဆိုခြင်းဆိုင်ရာ ညွှန်းကိန်းမှာ မြန်မာအဆင့် ထိုးကျ

    Article 19 ဆိုတဲ့ နိုင်ငံတကာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားတဲ့ အဖွဲ့က ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နိုင်ငံတကာ အစီအရင်ခံစာ အရ မြန်မာဟာ လွတ်လပ်စွာ ပြောဆိုခြင်းဆိုင်ရာ အညွှန်းကိန်းဟာ ယခင်နှစ်ကထက် အဆင့် ၄၀ ကျော် ထိုးကျသွားခဲ့ပါတယ်။

    အခုလို အညွှန်းကိန်း သတ်မှတ်မှုကို လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့် အခြေအနေ၊ အစိုးရ ဆင်ဆာ ဖြတ်တောက်မှု အခြေအနေနဲ့ လွတ်လပ်စွာ ပြောဆိုမှုကြောင့် ဖမ်းဆီး နှောက်ယှက်ခံရနိုင်မှု အခြေအနေတို့အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့တွေအပေါ် ဖိနှိပ်မှု အခြေအနေတွေအပေါ် မူတည်ပြီး အမှတ်ပေး ဆုံးဖြတ်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ မြန်မာရဲ့ လွတ်လပ်စွာ ပြောဆိုခြင်းဆိုင်ရာ အညွှန်းကိန်းက ၄၁ မှတ် ရရှိပြီး အဆင့် ၉၈ မှာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့ ၂၀၂၁ မှာတော့ အဆင့် ၁၄၀ အထိ ထိုးကျသွားတာ ဖြစ်ပါတယ်။

    အခုလို ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အညွှန်းကိန်း အစီအရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မီဒီယာ လိုင်စင် သိမ်းဆည်းခံရမှုတွေ၊ သတင်းထောက် တရာကျော် အဖမ်းခံရပြီး နောက်ထပ် ၁၉ ယောက်ကို အလိုရှိသူ စာရင်းမှာ ထည့်သွင်းခံရမှုတွေလည်း ဖော်ပြထားပါတယ်။

    ဒါ့အပြင် ပြည်တွင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေ ပိတ်ပင်မှုနဲ့တကွ အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နယ်ပယ်ကို စစ်ကောင်စီက အလုံးစုံ ချုပ်ကိုင်ဖို့ ပြင်ဆင်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

  4. မြန်မာစစ်ကောင်စီက သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ AAPP ဆို

    မြန်မာနိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပြီး ပထမဆုံး သတ်ဖြတ်မှု ဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုကစပြီး သတ်ဖြတ်မှုပေါင်း ၁၈၇၅ မှု အတွက် တာဝန်ခံရမယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီ အမှုတွေအတွက် AAPP က သက်သေ အထောက်အထားတွေကို ရရှိထားပြီး အဓိကအားဖြင့် တပ်မ ၇၇ နဲ့ ၄၄ တို့က ဒီအမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ကျူးလွန်မှုတွေရှိကြောင်း ဆက်သွယ်မေးမြန်းချက်တွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

    မြန်မာစစ်ကောင်စီရဲ့ တပ်မ ၆၆ ဟာ ပြီးခဲ့တဲ့နှစ် ခရစ်စမတ် မတိုင်မီ တရက်မှာ ကယားပြည်နယ် ဖရူးဆိုးမြို့နယ်အတွင်း ဒါဇင်နဲ့ချီတဲ့ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပြီး တပ်မ ၄၄ ဟာလည်း ကနီမြို့နယ်အတွင်း ဖြတ်လေးဖြတ် စစ်ဆင်ရေးနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ AAPP ရဲ့ အစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်ကောင်စီဟာ အသက်မပြည့်သေးသူ ၃၃၈ ယောက်အပါအဝင် နိုင်ငံရေး အကျဉ်းသား တသောင်းကျော် ဖမ်းဆီးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

    အခုလို ဖမ်းဆီးခံထားရတဲ့ ကလေးတွေထဲမှာ မိဘတွေကို ဖမ်းမမိတဲ့အတွက် ကိုယ်စား ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးခံရတဲ့ ကလေးအရေအတွက်က ၆၁ ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

    အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကတော့ လက်ရှိ မြန်မာပြည်တွင်းက တရားရုံးတွေ လွတ်လပ်စွာ စီရင် မလည်ပတ်နိုင်တာကြောင့် ရောမစာချုပ် ပုဒ်မ ၁၂ (၃) နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ မြန်မာပြည်က အမှုတွေ စီရင်ခွင့်ကို လက်ခံကြောင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ကတည်းက ထုတ်ပြန်ထားပါတယ်။

  5. မြောက်ဦးမြို့နယ်မှာ မိုင်းပေါက်ကွဲမှုဆက်ဖြစ်၊ မွတ်ဆလင်လူငယ်လေးဦး ဒဏ်ရာအပြင်းအထန်ရ

    ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မွတ်ဆလင်လူငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီမွတ်ဆလင်လူငယ်တွေဟာ ကျေးရွာအနောက်ဘက် တောင်တန်းအနီး လယ်ကွင်းပြင်မှာ နွားကျောင်းနေကြစဉ် မြေမြှုပ်မိုင်းကို နင်းမိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသူလေးဦးတို့မှာ ပေါင်းတုပ်ကျေးရွာကဖြစ်ပြီး မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းအနီး ထောင်ထားတဲ့မိုင်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဒဏ်ရာပြင်းထန်သူနှစ်ဦးအနက် မိုင်းတည့်တည့်ကို နင်းမိတဲ့သူမှာတော့ ညာဘက်ခြေထောက်ပြတ်သွားကာ နောက်တစ်ဦးမှာလည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့လို့ မြောင်းဘွေဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။အဲဒီတပ်ရင်းတွေဟာ ဘောင်းဒွပ်ကျေးရွာနဲ့ ပန်းပဲရပ်ကျေးရွာအနီး ဘောင်းဒွပ်တောင်တန်းရဲ့အနောက်ဘက်ခြမ်းမှာတည်ရှိပါတယ်။ ပေါင်းတုပ်ကျေးရွာဟာ တောင်တန်းရဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိကာ အခုပေါက်ကွဲခဲ့တဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာဟာ ပေါင်းတုပ်ကျေးရွာသားတွေ သွားလာလှုပ်ရှားနေတဲ့နေရာလည်းဖြစ်ပါတယ်။

    အခုလို စစ်တပ်နဲ့နီးစပ်တဲ့နေရာတွေမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ၊ နွားကျောင်းသူတွေနဲ့ ငါးရှာဟင်းခူး၊ သစ်ခုတ်ဝါးခုတ်သွားလာနေတဲ့ ကျေးရွာသားတွေဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှတွေနဲ့ ရင်ဆိုင်နေကြရပြီး အခုလပိုင်းအတွင်းမှာ ထိခိုက်သေဆုံးမှုပမာဏ မြင့်တက်နေတာဖြစ်ပါတယ်။အခုဇူလိုင်လအတွင်း ရခိုင်မှာမိုင်းပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံးသူနှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ငါးဦးထိရှိနေပြီဖြစ်ကာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဘက် စစ်ရေးတင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို မိုင်းပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်ပွးလာနေတာဖြစ်ပါတယ်။

  6. မီးလောင်သွားတဲ့ နောက်ထပ် အိမ်ပေါင်း ၉၉ လုံး နဲ့ "ရွာမီးရှို့ ဗျူဟာ" ဘယ်အခြေစိုက်မလဲ

  7. စစ်တပ် တပ်စွဲခဲ့တဲ့ ပေါက်တောမြို့နယ်ထဲက သဲခုံကျေးရွာမှာလူသေအလောင်းတွေ့, ရွာစဥ်လှည့် စစ်ဆေးရှာဖွေတာတွေ လုပ်နေလို့ ဖမ်းဆီးခံရသူတွေလည်းရှိနေ

    ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက အနောက်ဖရုံကာကျွန်းမှာရှိတဲ့ သဲခုံကျေးရွာထဲမှာမနေ့ဇူလိုင် ၈ ရက်နေ့မှာကလူသေအလောင်းတစ်လောင်းကို ကျေးရွာကမ်းစပ်အနီးမှာ တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    သဲခုံကျေးရွာထဲကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်က ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့ပြီး ၃ ရက်လောက် တပ်စွဲနေထိုင်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တပ်ပြန်ထွက်သွားပြီးနောက် မနေ့ဇူလိုင် ၈ ရက်နေ့မှာတော့ လက်နဲ့ ခန္ဓာကိုယ်မှာ ကြိုးချည်ခံထားရပြီး သေဆုံးနေတဲ့ အသက် ၅၀ ဝန်းကျင်အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ‘’ အလောင်းကိုတော့ မနေ့ကနေ့လယ် ၁ နာရီလောက်မှာတွေ့တာ။ အဲ့ဒီစစ်သားတွေရှာဖွေမှုလုပ်ခဲ့တဲ့ ဦးစိန်ကျော်မောင် ပုဇွန်ဒိုင်နားက ကမ်းစပ်မှာတွေ့တာပါ။ လက်ကိုလည်းကြိုးချည်ထားတယ်။ ဘယ်သူဆိုတာ မှန်းလို့မရတော့ဘူး”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာတော့ ဒေသခံအများစုဟာ ဖမ်းဆီးစစ်ဆေးခံရမှာ စိုးရိမ်ကြောက်လန့်တာကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေလည်းရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းထားတဲ့ အင်အား ၇၀ လောက်ဟာ မနေ့ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းက သဲခုံကျေးရွာကနေ ပြိုင်းတောင်မွတ်ဆလင်ကျေးရွာဘက်ကို ဆက်သွားခဲ့ပြီး ရှာဖွေစစ်ဆေးမှုတွေဆက်လုပ်ခဲ့တယ်လို့ ပြိုင်းတောင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

    “ရဲနဲ့ စစ်သားတွေက မနေ့ကကတည်းက ကျွန်တော်တို့ရွာကိုရောက်လာတယ်။ အင်အား ၅၀ လောက်တော့ခန့်မှန်းရပါတယ်။ ရွာထဲမှာသွားလာတာတွေရှိတယ်။ အိမ်တချို့ကိုလည်း တက်ရှာတာတွေလုပ်တယ်။ ရွာသားတချို့ကိုလည်း စစ်ဆေးတယ်။ လူငယ်တစ်ယောက်ကိုတော့ ဖမ်းထားပါတယ်။”လို့ အဲ့ဒီကျေးရွာသားက ပြောပါတယ်။

    ပြိုင်းတောင်ကျေးရွာမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ လာရောက်ရှာဖွေမှုတွေ ပြုလုပ်တာဖြစ်တယ်လို့သိရပြီး ဘယ်အကြောင်းအရာတွေကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတာ ကိုတော့ မသိရဘူးလို့ ရွာသားတွေကဆိုပါတယ်။

  8. မြိုင်ရဲစခန်းက ရဲတပ်သားနှစ်ဦး ဒေသကာကွယ်ရေးတပ်တွေဆီလက်နက်တွေနဲ့အတူ CDM ပြုလုပ်ဝင်ရောက်လာ

    မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းက ရဲတပ်သားနှစ်ဦးဟာ မနေ့ ဇူလိုင် ၈ ရက်ကလက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့ဇူလိုင် ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ရဲတပ်သားနှစ်ဦးဟာ BA 94 သေနတ် ဒေသအခေါ် အူဇီသေနတ် နှစ်လက်၊ ကျည်အတောင့် ၉၀ တို့ကိုယူဆောင်လာပြီး CDM ပြုလုပ်ကာ မြိုင်ပကဖနဲ့လာရောက်ပူးပေါင်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    မြိုင်ဒေသကာကွယ်ရေးဘက်က ရဲတပ်သားနှစ်ဦး ကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးပြီး ဘေးကင်းရာဒေသကိုပို့ဆောင်ပေးခဲ့ကာ ရဲတပ်သားနှစ်ဦးကတော့ သူတို့ကိုထောက်ပံ့ပေးတဲ့ ငွေထဲကငွေကျပ် ၁၀ သိန်းကို မြိုင်ပကဖဆီကိုပြန်ပြီး လှူဒါန်းခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    မြိုင်မြို့နယ်အတွင်းကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း CDM ပြုလုပ်ပြီးလာရောက်ပူးပေါင်းဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်မှာထည့်သွင်းတောင်းဆိုထားပါတယ်။

    မြိုင်ဒေသမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေနဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေတဲ့အကြောင်း ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။

  9. မြန်မာစစ်တပ်ရဲ့ တိုက်လေယာဥ်တစ်စီးထိုင်းလေပိုင်နက်ထဲဝင်ရောက်ခဲ့တဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘာပြောလဲ

    ထိုင်းမြန်မာနယ်စပ်က ဥကရစ်ထခြေကုပ်စခန်းတိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းလေပိုင်နက်ထဲကို မြန်မာတိုက်လေယာဥ်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကိစ္စကိုစုံစမ်းစစ်ဆေးပေးဖို့ ထိုင်းတက်ကြွလှုပ်ရှားသူအဖွဲ့တွေက ထိုင်းအမတ်တွေကို တောင်းဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကိစ္စကိုနှစ်နိုင်ငံအစိုးရအကြား စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး ပြေလည်အောင်ဖြေရှင်းပြီးပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ‘’ထိုင်းနိုင်ငံရောမြန်မာနိုင်ငံမှာရော မိမိရဲ့လေပိုင်နက်ကိုစောင့်ကြည့်နေတဲ့ ရေဒါစနစ်တွေရှိပြီးဖြစ်ပါတယ်။ ဒါတွေကိုစောင့်ကြည့်နေတဲ့ နယ်ခြားစောင့်တပ်များရှိပြီးဖြစ်ပါတယ်။ တစ်ခုခုထူးခြားတာနဲ့အချင်းချင်းသတင်းဖလှယ်တာ၊ သတိပေးတာရှိပါတယ်။ ဒီလိုလုပ်ငန်းစဥ်တွေလုပ်နေတာရှိပါတယ်။မလိုလားတဲ့လူတွေက သူတို့လိုချင်တဲ့ပုံစံမျိုးရောက်လာအောင်လုပ်ဆောင်နေတာဖြစ်ပါတယ်’’ လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    မြန်မာစစ်တပ်ဘက်က ခုလိုပြောနေပေမဲ့မြန်မာတိုက်လေယာဥ်တွေဟာ ထိုင်းမြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေထဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်အပြီးမှာ တိုက်ေလေယာဥ်တွေ ကွေ့ပတ်ပျံသန်းဖို့ရာထိုင်းလေပိုင်နက်ကို သုံးစွဲဖို့လိုအပ်တဲ့အေခြအနေမှာရှိနေပြီး ဒီလိုသုံးစွဲမှုအပေါ် ထိုင်းစစ်တပ်က ခွင့်ပြုထားပုံရလို့ နှစ်နိုင်ငံပူးပေါင်းကြံစည်နေတယ်လို့ စွပ်စွဲချက်တွေဆက်ရှိနေပါတယ်။

    ထိုင်းလေပိုင်နက်ထဲမြန်မာတိုက်လေယာဥ်တွေ၀င်လာတဲ့ကိစ္စဟာ ကြီးမားတဲ့ပြသနာမဟုတ်ဘဲ ဘာမှအရေးတယူ‌ဆောင်ရွက်စရာမရှိဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

    ဇွန်လ ၃ဝ ဖြစ်ရပ်ဟာ ကရင်တိုင်းရင်းသားတွေကို လူမျိုးရေးအရ ရှင်းလင်းဖို့ မြန်မာစစ်ကောင်စီနဲ့ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်နိုင်ကြောင်း ထိုင်းက တက်ကြွလှုပ်ရှားတဲ့ အဖွဲ့နှစ်ဖွဲ့ ကသံသယရှိပြီး ထိုင်းလွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ မနေ့ကဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ်အနီးက ရက္ခိုင့်တပ်တော်အေအေရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ် (၂) စီးလေကြောင်းက ဗုံးကြဲလို့ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ဒဏ်ရာရခဲ့တယ်လို့ အေအေကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် (၂) စီးဟာ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံလေပိုင်နက်ထဲကို ဝင်ရောက်သွား ခဲ့တယ်လို့ အေအေရဲ့ သတင်းထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

    ဒီလိုတောင်းဆိုမှုတွေ ထိုင်းနိုင်ငံလွတ်တော်တွင်းရှိလာချိန်မှာ ထိုင်းပါလီမန်အောက်လွှတ်တော်စစ်ဖက်ရေးရာကော်မတီပြောရေးဆိုခွင့်ရှိသူThai Civilized ပါတီခေါင်းဆောင်ဟာ မေန့ ဇူလိုင် ၈ ရက်က ထိုင်းမြန်မာနယ်စပ် ဖုဖရာခရိုင်ကိုသွားရောက်ခဲ့ပြီး မြေပြင်အခြေအနေကိုလေ့လာခဲ့တာရှိထားပါတယ်။

    ဒါ့အပြင်မြန်မာတိုက်လေယာဥ်တွေကျူးကျော်၀င်ရောက်မှုနဲ့ပတ်သက်လို့ ဒီဖြစ်စဥ်တွေကို ဘယ်လိုတာ၀န်ခံမှုရှိရှိ တုံ့ပြန်မလဲဆိုတာ ကြားနာဖို့ထိုင်းစစ်တပ်က တာ၀န်ရှိသူတွေကို ကော်မတီက ဖိတ်ကြားဖို့စီစဥ်နေတယ်လို့လည်း သူကဆက်ပြောထားပါတယ်။

  10. အင်းတော်ကြီးဒေသ နန့်မွန်းမြို့ မှာ စံချိန်တင်ရေကြီးမှုဖြစ်ပြီး ဒေသခံနေအိမ်ပစ္စည်းတွေ ဆုံးရှုံး

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာ မနေ့ ဇူလိုင် ၈ ရက်မနက်အစောပိုင်းက မိုးရွာသွန်းမှုများပြီး ရုတ်ရက်ရေကြီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ချောင်းပတ်ချာလည်ရှိနေတဲ့ နန့်မွန်းမြို့ဟာ မိုးနဲ့တောင်ကျရေကြောင့် စံချိန်တင်ရေကြီးခဲ့တာဖြစ်ပြီးပစ္စည်းသိမ်းဆည်းဖို့အချိန်မရတာကြောင့်ဒေသခံတွေရဲ့ နေအိမ်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတချို့လည်း ထိခိုက်ဆုံးရှုံးခဲ့ကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

    "မနက် ၄နာရီလောက်မှာပဲ မိနစ်ပိုင်းအတွင်းမှာကို ရေကတအားတက်တာမြန်လာတာ။ သိမ်းဖို့ပြင်ဆင်ရင်းပဲ ရေကတက်လာတော့ ဘယ်လိုမှသိမ်းချိန်မရဘူး။ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေအကုန်မြှုပ်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးသေချာတွက်မကြည့်ရသေးဘူး။ ကူညီမှု အတိုင်းအတာကတော့ ဘယ်အဖွဲ့မှ မလာပါဘူး။ အခုလောလောဆယ်တော့ ကိုယ့်အပူနဲ့ကိုယ့်ပဲ။ ကိုယ့်ဟာကိုယ် ဖြေရှင်းနေကြရတာပေါ့လေ။ ကျွန်တော်ဆိုရင် နန့်မွန်းမြို့လယ် တံတားထိပ်မှာကွန်ပျူတာသင်တန်းဖွင့်ထားတာကိုး။ ချောင်းဘေးလည်းဖြစ်တယ်။ တံတားထောင့်လည်း ဖြစ်တယ်ဆိုတော့ အကုန်မြှုပ်သွားတယ်။ အကုန်မြှုပ်တော့ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေအကုန်မြှုပ်သွားတာလေ။ ဆုံးရှုံးမှု အတိုင်းအတာက သေချာကိုမတွက်ကြည့်ရသေးဘူး။ တောင်ယာလုပ်တဲ့လူလည်းများတော့ တောင်ယာဆက်စပ်ပစ္စည်းတွေ၊ ပဲပုပ်လုပ်တဲ့ဟာတွေ အကုန်ရေထဲမျောကုန်တယ်’’ လို့ ကွန်ပျူတာသင်တန်းဖွင့်ထားသူတစ်ဦးကပြောပါတယ်။

    နန်းမွန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ရေကြီးတာဖြစ်ခဲ့ဖူးပေမဲ့ အခုနှစ်ကတော့ စံချိန်တင်ရေကြီးမှုဖြစ်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။မြို့မှာရှိတဲ့ ‌ချောင်းတွေကနေ လမ်းခင်းကျောက်တွေ စည်းကမ်းမဲ့ကျောက်ထုတ်ယူတာတွေကြောင့်နဲ့ အခုနှစ်မှာဆိုရင်လည်း မိုးညှင်းမြို့နယ်မှာ မိုးရေချိန်များတာကြောင့် အခုလိုရေကြီးရတာဖြစ်တယ်လို့လည်းမိုးညှင်းမိုးလေဝသနဲ့ ဇလဗေဒ တိုင်းထွာရေး စခန်းတာဝန်ခံကပြောပါတယ်။

    "ကချင်ပြည်နယ်အောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းပေါ့။ အဲဒီတကြောက ဒီနှစ်က မိုးကိုများနေတာ။ ပုံမှန်ရွာသွန်းချက်ထက်ကိုမှ ၄၀ ရာခိုင်နှုန်းလောက်ကိုပိုရွာနေတဲ့အနေအထားဖြစ်နေတာ ။ ရာသီဥတုက မူမမှန်ဘူး ဆိုတော့ နေရာကွက်ပြီးရေကြီးတာတို့ မိုးကြိုးပစ်တာတို့က ပုံမှန်ဖြစ်နေကြပေါ့။သူတို့မြေပြင်အနေအထားကတော့ ကျွန်တော်ရောက်ဖူးသလောက်တော့ ချောင်းအောက်မှာဖြစ်နေတာ။ ချောင်းအောက်က ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေလမ်းစီမံကိန်းတွေ တအားလုပ်တော့ ချောင်းကကို တော့မြို့ပေါ်ရောက်နေတာ အဲဒါကြောင့်လည်းပါတယ်’’ လို့ မိုးညှင်းမိုးလေဝသနဲ့ ဇလဗေဒ တိုင်းထွာရေး စခန်းတာဝန်ခံကပြောပါတယ်။

    လက်ရှိမှာတော့ နန့်မွန်းမြို့မှာ ရေပြန်ကျသွားပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာလည်း မိုးရွာသွန်းမှုများတာကြောင့် မိုးညှင်းမြို့က ရပ်ကွက်တချို့မှာ ရေကြီးမှုဖြစ်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

  11. မြိုင်မြို့နယ်၊ ဆူးဝင်းရွာထဲကနေ စစ်တပ်ပြန်ထွက်သွားပြီးနောက် ကျေးရွာထဲမှာ ရုပ်အလောင်း ၁၀ လောင်းထက်မနည်းတွေ့, နှစ်ဖက်တိုက်ပွဲတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေလည်းဆက်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အနောက်ပိုင်းက ဆူးဝင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ တစ်ပတ်နီးပါးတပ်စွဲပြီးတဲ့နောက် မနေ့ဇူလိုင် ၈ ရက်က ပြန်ထွက်ခွာသွားချိန်မှာ ကျေးရွာတွင်း ရုပ်အလောင်း ၁၀ လောင်းထက် မနည်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘’ မနေ့က ရွာနားကပ်လို့ရတဲ့ တချို့က စစ်တပ်ထွက်သွားပြီးဆိုတော့ ကာကွယ်ရေးတပ်တွေပြန်ဝင်ချိန် မနေ့ညနေက အထိ ရုပ်ပျက်ပုပ်ပွနေတဲ့အလောင်း ၇ လောင်းတွေ့တယ်။ ဒီမနက်တော့ ၁၀ လောင်းကျော်သွားပြီ။ အဲဒီနေ့က စစ်တပ်ရွာထဲဝင်တော့ ပြေးတဲ့လူတွေလည်းရှိသလို ပိတ်မိနေတဲ့ လူတွေလည်းရှိတယ်။ ပြေးရတာက ဆူးဝင်းရွာရော အနီးအနားက ရွာတွေရောဆိုတော့ အလောင်းတွေက ဘယ်ရွာကပါဆိုတောအတည်ပြုလို့မရသေးဘူး။ အခု လူပျောက်နေတယ်လို့ ပြောထားတာတွေလည်း တစ်ရွာနည်းနည်းစီရှိတော့ စာရင်းလုပ်နေတုန်းပါ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့မှာလည်း ဆူးဝင်းရွာအနီးမှာပဲ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦးကျဆုံးခဲ့တဲ့အကြောင်းကိုလည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ထားပါတယ်။

    ကျေးရွာအတွင်းတွေ့ရတဲ့ အလောင်းတွေနဲ့ပတ်သက်ပြီး မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြိုင်ပကဖဘက်ကို မေးမြန်းကြည့်ရာမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

    ဇူလိုင် ၆ ရက်နေ့မှာလည်း ကျောက်ခွက်မန်းကျည်းကုန်းကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဝက်ပုတ်ရွာတောင်ဘက်မှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

    မြိုင်အနောက်ခြမ်းက ကျေးရွာတွေကိုတော့ ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာတချို့နဲ့ ရေနံတွင်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ မြိုင်အအနောက်ခြမ်းက ကျေးရွာပေါင်း ၁၀ ရွာလောက် ဟာ‌ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပါတယ်။

  12. တောင်းဆိုချက်တွေမရသေးပေမဲ့ ဖိအားတွေကြောင့် ဇေမ္ဘာစက်ရုံဝင်းထဲက ADK အထည်ချုပ်လုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်နေရ, တောင်းဆိုမှုတွေအားလုံးပြေလည်ပြီး အလုပ်သမားအနည်းစုသာမကျေလည်တာလို့ စက်ရုံဘက်ကပြော

    အခြေခံအလုပ်သမားအခွင့်အရေးတွေအတွက် စက်ရုံဘက်က လိုက်လျောတာမရှိဘူးလို့ အလုပ်သမားတွေဘက်ကပြော

    ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ဇေကမ္ဘာစက်ရုံဝင်းထဲက ADK အထည်ချုပ်စက်ရုံက ထောင်နဲ့ ချီတဲ့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။

    လက်ရှိမှာတော့ တောင်းဆိုမှုတွေအားလုံးမပြေလည်သေးပေမဲ့ ဖိအားတွေကြောင့် လုပ်ငန်းခွင်ပြန်ဝင်နေရတယ်လို့ စက်ရုံအလုပ်သမားတွေကပြောပါတယ်။

    အလုပ်သမားတွေအတွက်သတ်မှတ်ထားတဲ့ ထုတ်လုပ်မှုအထည်အရေအတွက်ပြည့်ရင် ပေးရတဲ့ ထုတ်လုပ်မှုဆုကြေးအပါအဝင် ရက်မှန်ကြေး၊ လူမှုဖူလုံရေးကြေးနဲ့ ခွင့်ရက်ခံစားခွင့်တွေအတွက်တောင်းဆိုချက် ၁၀ ချက်နဲ့ ဇူလိုင် လ ၇ ရက်နေ့ကစပြီး စက်ရုံပြင်ပမှာ တောင်းဆိုမှုတွေလုပ်ခဲ့ကြတာပါ။

    ‘’ လူမှုဖူလုံရေးဆေးခန်းက နေမကောင်းအတော်လေးဖြစ်နေလို့ နားရမယ်ဆိုပြီး စာရေးပေးတာတောင် နေမကောင်းရင်အလုပ်ထွက် ဆိုပြီးပြောတယ်။ ခွင့်တိုင်တိုင်၊ မတိုင်တိုင် ၃ ရက်ဆက်တိုက်ပျက်တာနဲ့အလုပ်ထုတ်တယ်။ မီးဖွားခွင့်ဆိုလည်း ကလေးမွေးရင်အလုပ်ထွက်ပဲ။ စက်ရုံထဲက ရေကအနံ့ ပြင်းလို့ မသောက်နိုင်လို့ ရေတောင် တစ်လကို ၆၀၀ စက်ရုံကိုပြန်ပေးပြီး သောက်ရတယ်။ သွားတိုင်ရင်လည်း အလုပ်သမားရုံးမှာတိုင်တဲ့အလုပ်သမားနာမည်ကစက်ရုံထဲ ပြန်ရောက်လာပြီး အလုပ်ထုတ်ခံရတာပဲ။ အဲဒီလိုတွေကြောင့် သည်းခံနေလာရင်း အခုထုတ်လုပ်မှုဆုကြေးမပေးတော့ ဆန္ဒပြဖြစ်ကြတာပါ ‘’ လို့ စက်ရုံက အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စက်ရုံဘက်ကတော့ မနေ့ဇူလိုင် ၈ ရက်နေ့မှာ အလုပ်သမား အယောက် ၂၀ လောက်ကို ခေါ်ပြီး သဘောတူစာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး ထုတ်လုပ်မှုဆုကြေးအတွက်ပေးရမယ့် ကျပ်တစ်သောင်းခွဲနဲ့ ကျွမ်းကျင်မှုဆုကြေးအတွက် ၉၀၀၀ ကျပ်ကို လစဥ်ထည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေအတွက် ပြေလည်အောင် ဖြေရှင်းပေးတာမရှိဘူးလို့ စက်ရုံလုပ်သားတွေကပြောပါတယ်။

    ‘’ အလုပ်သမားအယောက် ၂၀ ကိုခေါ် ပြီး စာချုပ်ချုပ်လိုက်တယ်။ စာချုပ်ဆိုတော အလုပ်ရှင်ရော အလုပ်သမားရောရှိရမှာ။ စာချုပ်ကို နို့တစ်ဘုတ်မှာကပ်ပြီး ချပြဆိုတော့လည်းမပြဘူး။ အဲဒီအလုပ်သမားအယောက် ၂၀ ဆိုတာလည်း ဘာတွေပြောခဲ့လဲ မေးဖို့ ဖုန်းပိတ်တဲ့လူကပိတ် ရှောင်တဲ့လူကရှောင်နဲ့ ဘာမှပြေလည်မှုမရဘူး။ ကျွန်မတို့ မနက်ဖြန်လည်းထပ်ပြီးတောင်းဆိုဆန္ဒပြမှာပါ’’ လို့ စက်ရုံအလုပ်သမားတစ်ဦးက မနေ့ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက ဘီဘီစီကဆက်သွယ်မေးမြန်းချိန်မှာ ဖြေကြားခဲ့ပါတယ်။

    ဒီကနေ့မနက်ပိုင်းစက်ရုံတွင်းအခြေအနေကို မေးမြန်းဖို့ ပြန်လည်ဆက်သွယ်ရာမှာတော့ စက်ရုံတွင်းစက်ရုံပြင် စောင့်ကြည့်မှုတွေလုပ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ခွင့်မရဘူးလို့ စက်ရုံအလုပ်သမားတွေက ဘီဘီစီကိုပြောပါတယ်။

    ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်မှာလည်း စက်ရုံဝင်းထဲကို လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေရောက်လာတာကြောင့် အလုပ်သမားတွေ စိတ်ပူစိုးရိမ်မှုတွေရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

    ‘’ စက်ရုံထဲကို သေနတ်တွေနဲ့ဝင်လာတော့ အားလုံးကကြောက်ပေမဲ့ ပြေးတာတွေဘာတွေ မလုပ်ကြဘူး။ ငြိမ်ငြိမ်သက်သက်ပဲတောင်းဆိုခဲ့ကြတယ်။ သူတို့ကိုလည်းပြောလိုက်တယ်။ ကျွန်မတို့ကနိုင်ငံရေးဆန္ဒပြနေတာမဟုတ်ဘူး။ ကျွန်မတို့စက်ရုံကိုတောင်းဆိုနေတာလို့ပြောလိုက်တယ်’’ လို့ စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    တရုပ်နိုင်ငံသားပိုင်တဲ့ ADK စက်ရုံမှာတော့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ZARA အပါအဝင် ကုန်အမှတ်တံဆိပ် ၃ မျိုးကို ချုပ်လုပ်တယ်လို့ သိရပါတယ်။

    အခုအလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို ဘီဘီစီကဆက်သွယ်မေးကြည့်ရာမှာတော့ တောင်းဆိုမှုတွေ အားလုံးပြေလည်အောင်လုပ်ပေးပြီးဖြစ်ကြောင်း အလုပ်သမားအနည်းစုသာ မကျေလည်ဖြစ်နေတာဖြစ်တယ်လို့ စက်ရုံပိုင်ရှင်ရဲ့ လက်ထောက် ကိုစန်းက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ အလုပ်သမားတွေဟာ သူတို့တောင်းဆိုထားတဲ့အချက်တွေ အားလုံးအပြည့်အဝရနိုင်တာမရနိုင်တာမသိရပေမဲ့ လုပ်ငန်းခွင်ထဲပြန်လုပ်ကိုင်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ကြားဝင်ကူညီညှိနှိုင်းပေးနေတဲ့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

    ‘’ ကျွန်မတို့အတွေ့အကြုံရတော့ အလုပ်သမားတွေကို နားလှည့်ပါးရိုက်လုပ်ထားတာပဲ။ တောင်းဆိုတာတွေပြေလည်တယ်ပြောတယ်။ ဒါပေမဲ့ ဘာမှမချပြဘူး။ ဆန္ဒပြနေတုန်းပဲ။ စက်ရုံဘက်က ပြောတယ်။ အလုပ်ထဲက စူပါဗိုက်ဆာ(ကြီးကြပ်သူ)တွေ၊ ခေါင်းဆောင်တွေက အလုပ်သမားတွေကို မဆဲဖို့တောင်းဆိုတာ မဆဲဘူးပြောတယ်။ နောက်တစ်ရက်မှာပဲ စက်ရုံထဲမှာ ဆဲပြီး တိုင်ချင်ရာတိုင်လို့ ပြောတဲ့အသံပြန်ထွက်လာတယ်။ အလုပ်သမားတွေလည်းကြောက်ကြတယ်။ အခုလည်း ဘာအချက်မှ မယ်မယ်ရရ မပြေလည်ဘဲ အလုပ်ထဲပြန်လုပ်နေရတာ’’ လို့ ပြည်တွင်းမှာ အလုပ်သမားအရေးအကူအညီပေးနေတဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ကနေ ADK စက်ရုံက ထုတ်လုပ်တဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ်ကုမ္ပဏီကြီးတွေဆီကို တိုင်တန်းမှုတွေ လုပ်ထားတယ်လို့သိရပါတယ်။

    ကိုဗစ်ကပ်ရောဂါနဲ့အာဏာသိမ်းမှုဖြစ်စဉ်ကို အလူးအလဲခံရတဲ့ စက်မှုဇုန်လုပ်ငန်းခွင်မှာတော့ စက်ရုံပေါင်း ၂၅၀ ဝန်းကျင် ပိတ်သိမ်းခဲ့ရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပြည်တွင်းမှာအလုပ်သမားတစ်သန်းကျော်လောက်ထိအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း ထုတ်ပြန်ထားပါတယ်။

  13. ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပါ၀င်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် အရေးကြီးဇာတ်ကောင်နေရာမှာ ရှိနေတယ်လို့ အာဆီယံအထူးသံတမန် ပြော

    ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပါ၀င်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေးမူ၀ါဒကိုမြှင့်တင်ရေးမှာ အရေးကြီးတဲ့ဇာတ်ကောင်နေရာမှာ ရှိနေတယ်လို့ အာဆီယံအထူးသံတမန် မစ္စတာပရက်ဆော့ခွန်းက ပြောပါတယ်။

    မြန်မာကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ သူ့ရဲ့ဒုတိယခရီးစဥ်နဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ခရီးစဥ်အသေးစိတ်အစီရင်ခံစာကို ဇူလိုင် ၇ ရက်နေ့ညပိုင်းက ထုတ်ပြန်လာရာမှာ ယခုအချက်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရေးကို အာဆီယံအထူးသံအနေနဲ့တစ်စိုက်မတ်မတ် တောင်းဆိုခဲ့ပေမဲ့ တွေ့ဆုံခွင့်မရခဲ့သလို သူ့ရဲ့ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရခဲ့ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါ့အပြင် ဒေါ်စုစုလွင်နဲ့လည်း တွေ့ဆုံခွင့်မရခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တရားရင်ဆိုင််နေဆဲ အခြေအနေတွေကြောင့်ဆိုပြီး တွေ့ခွင့်မပြုခဲ့တာဖြစ်သလို ဒေါ်စုစုလွင်ကိုတော့သူ့ရဲ့ကျန်းမာရေးကြောင့် မတွေ့ဆုံနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

    အာဆီယံအထူးသံ မြန်မာပြည်ကိုဒုတိယအကြိမ်ရောက်ရှိနေချိန်၊ တရုတ်နိုင်ငံခြားရေး၀န်ကြီးဝမ်ယီကလည်း ပြည်သူ့အာဏာကို ပြည်သူထံ ပြန်လည် အပ်နှင်းရေး ဆိုပြီး တရုတ်ရဲ့မြန်မာ့အရေး အဆိုပြုချက် ၃ ရပ်ကို မြန်မာခရီးစဥ်အတွင်း အာဆီယံသံနဲ့တွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။

    အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ကိုခွင့်မပြုဘူးလို့ တစ်စိုက်မတ်မတ်ပြောလာတဲ့ စစ်ကောင်စီက နိုင်ငံရေးမှာမဖြစ်နိုင်တာမရှိဘူးဆိုပြီး ထုတ်ပြောလာခဲ့ပါတယ်။ အာဆီယံသံက ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ကနေ နေအိမ်ကိုပြန်လည်ပို့ဆောင်ဖို့ကိုလည််း တိုက်တွန်းခဲ့ပေမဲ့ ခုထိတော့မအောင်မြင်သေးပါဘူး။ သူ့ခရီးစဥ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ၁၁ ခုနဲ့တွေ့ဖို့စီစဥ်ခဲ့ပေမဲ့ ၇ ပါတီနဲ့သာတွေ့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ တို့ကိုလည်း တွေ့ဖို့တောင်းဆိုခဲ့ပေမဲ့ ဒီပါတီတွေဟာ တည်ဆဲဥပဒေတွေချိုးဖောက်ထားလို့ ဆိုပြီး စစ်ကောင်စီဘက်က တွေ့ဆုံခွင့်မပြုခဲ့ဘူး လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

  14. စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး NLD ထုတ်ပြန်

    ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလထဲမှာလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင်တည်ရှိနေဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဇူလိုင် ၉ ရက်မှာထုတ်ပြန်လာပါတယ်။

    မြန်မာပြည်သူတွေဟာကိုဗစ်ကပ်ရောဂါကြားကနေ သူတို့ဆန္ဒတွေကို ထုတ်ဖော်မဲပေးခဲ့ကြပေမဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး အဓ္ဓမအာဏာသိမ်းကာ ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ခဲ့တာကြောင့် စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုတွေ နိုင်ငံတဝန်းမှာပေါ်ပေါက်လာခဲ့ပြီးတိုင်းပြည်အခြေအနေဆိုးရွားခဲ့တယ်လို့NLD ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီအခြေအနေမှာ စစ်ကောင်စီအနေနဲ့ ကိုယ်တိုင် ပြဋ္ဌာန်းအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ နိုင်ငံတော်သမ္မတကသာ ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားတဲ့ ‌ရွေးကောက်ပွဲကော်မရှင်ကိုဖျက်သိမ်းခဲ့ကာ ကော်မရှင်အသစ်ဖွဲ့စည်းမှုဟာ တရားမဝင်သလို လုံးဝအသိအမှတ်မပြုဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ ခုရှိတဲ့နေရာမှာ ဒီနေရာအားလုံးမှာရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈ သန်းကျော်ရှိတဲ့အနက် ပြည်သူ့လွှတ်တော်မှာ ၂၇ သန်းကျော်၊ အမျိုးသားလွှတ်တော်မှာလည်း ၂၇ သန်းကျော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ သန်း ၃၀ ကျော် လာရောက်မဲပေးခဲ့တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတယ်လို့ NLD ကထုတ်ပြန်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနယ်အားလုံရဲ့(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ NLD ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်ကောင်စီကတော့ လာမယ့် ၂၀၂၃ မှာ PR အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမယ့် ရွေးကောက်ပွဲကို ကျင်းပြုလုပ်ပေးသွားဖို့ ပြင်ဆင်နေတဲ့အကြောင်းသတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုထားပါတယ်။

  15. မြန်မာ တိုက်လေယာဉ် ဝင်ရောက်မှု ထိုင်းနဲ့ ပူးပေါင်း ကြံစည်ခဲ့သလား

  16. DVB သတင်းထောက် ဦးအောင်စံလင်း ကို ပြစ်ဒဏ် ၆ နှစ်ချ, ပုဒ်မ ၅၀၅-က အတွက် ထောင် ၂ နှစ်၊ ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်

    စစ်ကောင်စီ တပ်ဖွဲ့တွေက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တဲ့ DVB သတင်းထောက် ဦးအောင်စံလင်း ကို ဇူလိုင်လ ၇ ရက် မနေ့က ဝက်လက်မြို့နယ် တရားရုံးက ထောင်ဒဏ် အမိန့် ချမှတ်လိုက်ပါတယ်။

    မမှန်သတင်းဖြန့်ဝေတယ် ဆိုပြီး ပုဒ်မ ၅၀၅ -က နဲ့ စွဲဆိုထားတဲ့ အမှု အတွက် ထောင်ဒဏ် ၂ နှစ်၊ အကြမ်းဖက်အဖွဲ့ အစည်းမှန်း သိလျက်နဲ့ သတင်းမပေးလို့ ဆိုတဲ့ စွပ်စွဲချက် အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ စွဲဆိုထားတဲ့ အမှု အတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ တရာရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

    ပုဒ်မ ၅၀၅-က အရ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်၊ ပုဒ်မ ၅၂ (က) အရ အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၇ နှစ် အထိ ချနိုင်တာ ဖြစ်ပါတယ်။

    ဒီလို ပြစ်ဒဏ်ချမှတ်ခံရမှု အပေါ် အယူခံ ဝင်မှာ မဟုတ်ဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ အတွက် အယူခံဝင်လည်း ဘာမှ အရာရောက်မှာ မဟုတ်ဘူးလို့ ဦးအောင်စံလင်းက သဘောထားတယ်လို့လည်း သိရပါတယ်။

    ဦးအောင်စံလင်းကို ပထမဆုံး အကြိမ် ရုံးထုတ်တဲ့ ဧပြီလ ၂၈ ရက်နေ့က ပုဒ်မ ၅၀၅ - က၊ ပုဒ်မ ၅၂ (က)၊ ပုဒ်မ ၅၂ (ခ ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီးဇွန်လ ၆ ရက်နေ့က ဦးအောင်စံလင်းကို ကြားနာ စစ်ဆေးပြီး စွဲချက်တင်တဲ့ နေ့က ပုဒ်မ ၅၂ (ခ) ကို ပယ်ဖျက်ခဲ့ပါတယ်။

    ဦးအောင်စံလင်းကို ဖမ်းဆီးသွားပြီး ရွှေဘို အကျဉ်းထောင်မှာ ထားခဲ့ပြီးနောက် ဝက်လက်မြို့နယ်တရားရုံးမှာ အမှုစစ်ဆေးစီရင်ခဲပါတယ်။

  17. ပွင့်ဖြူလွှတ်တော်ကိုယ်စားလှယ်ဟောင်းရဲ့တူမ အကြမ်းဖက်မှုနဲ့စွပ်စွဲပြီး ထောင် ၁၅ နှစ် ချခံရ

    မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းရဲ့ တူမဖြစ်သူကို မကွေးထောင်တွင်း တရားရုံးက အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

    အသက် ၃၀ အရွယ် မငယ်ခေါ် မနန်းမြတ်မြတ်လှိုင်ကို ဖမ်းဆီးသွားပြီးနောက် မတရားအသင်းအဖွဲ့နဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့တယ်၊ ဖောက်ခွဲမှုမှာပါဝင်တယ်ဆိုပြီး

    အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀ ည နဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ချမှတ်လိုက်တာလို့ သူ့မိသားစုက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီ တပ်သားတွေ၊ ရဲတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လာရောက် ချိပ်ပိတ်သွားတဲ့ ပွင့်ဖြူမြို့နယ် မဲဇလီရွာက ဦးထွန်းထွန်းရဲ့ အိမ်ကို ဓာတ်ပုံရိုက်ယူနေတုန်းမှာ ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုက ပြောပါတယ်။

    အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းရဲ့ အိမ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာဖြစ်ပါတယ်။

    သူ့အိမ်ချိပ်ပိတ်ခံရတဲ့နေ့က မကွေးတိုင်းအတွင်းက တခြား NLD လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

    ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံခဲ့ရတဲ့ ဦးထွန်းထွန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ကေသီမိုး ကိုလည်း ဧပြီလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

  18. သပိတ်မှာ ဖမ်းဆီးခံရတဲ့ သံဃာ ၅ ပါးနဲ့ သပိတ်အဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီက ထောင် ၃ နှစ်စီချ, ဖမ်းဆီးခံ သံဃာတော်တစ်ပါးကတော့ အဆက်အသွယ်ပြတ်တောက်နေ

    မန္တလေးမြို့တွင်း က သပိတ်စစ်ကြောင်းမှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက သံဃာတော် ၅ ပါးနဲ့သပိတ်အဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၈ရက်မှာ ထောင် ၃ နှစ်စီချမှတ်လိုက်တယ်လို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလက မန္တလေးမြို့မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းပြီး သံဃာတော်တွေအပါအဝင် သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာပါ။

    ဖမ်းဆီးပြီးနောက်ပိုင်းမှာတော့ သံဃာတော်တွေကို လူဝတ်လဲထားတဲ့ ပုံတွေနဲ့ စစ်ကောင်စီကသတင်းထုတ်ပြန်လာပြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက် ၉ လအကြာမှာ အခုလို ထောင်ဒဏ်တွေချမှတ်လာတာဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကထုတ်ပြန်ပါတယ်။

    အလားတူပဲ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက အဖွဲ့ဝင်ဆရာတော်တစ်ဦးကိုလည်း ပြီးခဲ့တဲ့ ဇွန်လထဲမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံထားရတဲ့ သံဃသမဂ္ဂအဖွဲ့ဝင်ဆရာတော် ဦးစန္ဒိမာ (သင်္ဂဇာ) ကတော့ ဖမ်းဆီးပြီးနောက်ပိုင်း အခုချိန်ထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သံဃသမဂ္ဂအဖွဲ့ဝင် သံဃာတော်တွေက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ မန္တလေး အိုးဘိုထောင်ထဲမှာတော့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက သံဃာတော် ၈ ပါးကို စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ သိရပါတယ်။

  19. ရေဦး၊ ဆည်သာမြေရွာအနီး စစ်တပ်က လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းက စည်သာမြေကျေးရွာအနီးတစ်ဝိုက်ကို ဒီကနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းကစလို့ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်လောက်စကစပြီး ရွာအတွင်းကိုလေကြောင်းပစ်ခတ်မှုစလုပ်တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲမရှိဘဲ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ ဘယ်နေရာဘာဖြစ်လဲတော့မသိဘူး။ ကျွန်တော်တို့နားတော့ ဘာတိုက်ပွဲမှမရှိဘဲ ပစ်ချနေတာ။ မနက် ၁၁ နာရီလောက်စပစ်တာ မပြေးရဲသေးဘူး။ ပုန်းနေကြတာ။ ခဏနေ လေယာဥ်ထပ်ဝဲလာလိုက်ပစ်ချလိုက်လုပ်နေတာ။ အခု( ဇူလိုင် ၈ရက်ညနေပိုင်း) အထိကို ပစ်နေတုန်းပဲ။ ပြေးတဲ့လူက ပြေး၊ ပုန်းတဲ့လူကပုန်း လုပ်နေရတယ် ‘’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ လေကြောင်းပစ်ခတ်မှုကြောင့် ဆည်သာမြေကျေးရွာအပြင် အနီးက မဲအိုးရွာ၊ ယပလဲရွာ၊ တောင်ကုန်းရွာ၊ ဖလံဂုဏ် စတဲ့ အနီးအနားကရွာက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်မှုတွေလုပ်နေကြပြီလို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ ရေဦးဆည်သာမြေရွာက လေကြောင်းပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ရေဦးဒေသတွင်းသတင်းတွေမှာတော့ စစ်ကောင်စီလေယာဥ်တွေဟာ ကျေးရွာတချို့အနီးမှာ စစ်တပ်အင်အားချသွားတာကြောင့် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့အသုံးအဆောင်တွေ တပါတည်း ယူနိုင်ဖို့ ပြင်ဆင်ထားကြဖို့ နိူးဆော်နေကြတာတွေ့ရပါတယ်။

  20. လေကြောင်းနဲ့ တပ်အင်အားလာတိုးချသွားတဲ့ ဒီပဲယင်းပျံကျကျေးရွာမှာ နေအိမ် အလုံး ၂၀ မီးရှို့ခံရ, စစ်ကြောင်းထိုးလာလို့ အနီးအနားကျေးရွာဒေသခံတွေပါ ပြေးနေရ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းက ပျံကျကျေးရွာထဲကို ဒီကနေ့ ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းက လေကြောင်းနဲ့ ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွင်းက နေအိမ်အလုံး ၂၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပဲယင်းနယ်ထဲမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း စစ်ကောင်စီတပ်တွေ က လေကြောင်းနဲ့ တပ်ကူအင်အားတွေ တိုးချဲ့နေသလို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားလည်း ထိတွေ့တိုက်ပွဲတွေလည်းဆက်ရှိနေပါတယ်။

    တိုက်ပွဲတွေကြား စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိသလို စစ်ကောင်စီတပ်တွေကလည်း ရွာစဥ်လှည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေဘေးလွတ်ရာပြေးနေရပြီး အရေးပေါ် အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။

    လက်ရှိမှာလည်း လေကြောင်းတပ်ကူတွေထပ်ချနေသလို ဒီပဲယင်းအနောက်ခြင်းက ကြခတ်ရွာထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။