ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းနိုင်ငံ စဒေါင်မြို့က ယာဥ်တိုက်မှုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

    ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်ထဲက စဒေါင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်က ဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ MGR Online မှာ ဖော်ပြထားပါတယ်။

    ယာဥ်တိုက်မှုဖြစ်တဲ့ မြန်မာလုပ်သားတွေဟာစဒေါင်မြို့နယ်ထဲက ရာဘာစက်ရုံမှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ဘုန်းကြီးကျောင်းတစ်ခုမှာ အလှူလုပ်ဖို့ မီနီဘတ်စ်ကားဌားစီးသွားရာမှာ စ‌ဒေါင်စက်မှုဇုန်ရှေ့မှာ တွဲကားတစ်စီးနဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ကားပေါ်မှာ မြန်မာလုပ်သား ၁၁ ဦးပါရှိပြီး စဒေါင်စက်မှုဇုန်လမ်းပေါ်ကနေ ဂငယ်ကွေ့ကွေ့ရင်း နောက်ကလာတဲ့ အတွဲဘီးကားနဲ့တိုက်မိခဲ့တာဖြစ်တယ်လို့ ယာဥ်မောင်းတွေက ထိုင်းရဲတပ်ဖွဲ့ကိုထွက်ဆိုကြပါတယ်။

    အခင်းဖြစ်ချိန်ဟာ မိုးရွာသွန်းနေချိန်ဖြစ်သလို တွဲကားရှေ့ ကင်မရာ CCTV မှတ်တမ်းတွေလည်းရရှိထားတာကြောင့် အမှုကိုထပ်မံစစ်ဆေးတာတွေလုပ်နေတယ်လို့ ထိုင်းသတင်းဌာနက MGR Online မှာ ဖော်ပြထားပါတယ်။

  2. မြို့နယ်တရားရုံးနဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ထုတ်ပြန်

    မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက မြို့နယ်တရားရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကင်းစခန်းနဲ့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်သံရုံးဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုမနေ့ဇူလိုင် ၁၄ ရက်ညပိုင်းက မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေက လက်ပစ်ဗုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်လာပါတယ်။

    ဇူလိုင် ၁၄ ရက် ည ၇ နာရီနဲ့ ၈ နာရီဝန်းကျင်အချိန်တွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့နယ်တရားရုံးအနီးမှာ တပ်စွဲထားတဲ့ စခန်းထဲက စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးနိုင်သလို အိန္ဒိယ ကောင်စစ်ဝန်ရုံးအနီးမှာ တပ်စွဲထားတဲ့ ရဲကင်းစခန်းထဲက ရဲမေ ၄ ဦး ဒဏ်ရာရနိုင်တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ က ဗိုလ်မြွေပွေးက သတင်းထုတ်ပြန်ထားပါတယ်။

    သေဆုံးဒဏ်ရာရရှိတာတွေနဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    စစ်ကောင်စီတပ်စခန်းတွေဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် မြို့ပြပြောက်ကျားတွေ ဘက်ကထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

    ‘’ တရားရုံးကိုတစ်ကြိမ်၊ သံရုံးဘေးက လုံခြုံရေးကင်းစခန်းကိုတစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။ သံရုံးဘေးက လုံခြုံရေးကိုတိုက်ခိုက်ဖို့လုပ်နေတာကြာပြီ ပြည်သူထိခိုက်မှာစိုးရိမ်လို့ မလုပ်ခဲ့တာပါ။အာဏာသိမ်းပြီးကတည်းက သူတို့ဘက်က တော့ လုံခြုံရေးပိုပြီးချတာတော့လုပ်ထားတယ်။ မနေ့ကတော့ ၆ ယောက်လောက်အပြင်းအထန်ဆေးရုံမှာ ဒဏ်ရာကုနေရတယ်လို့သိရတယ်။ ဒီကနေ့မနက်အဲဒီအနီးတဝိုက်အခြေအနေတော့မသိရသေးပါဘူး’’ လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့က ဗိုလ်မြွေပွေးကပြောပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ မန္တလေးမြို့က မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့ ၃ ဖွဲ့က ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒေသခံတွေ​ပြောပြချက်အရ မနေ့ညပိုင်းက မန္တလေးအောင်မြေသာစံတရားရုံးအနီးမှာ ပစ်ခတ်သံတွေဆက်တိုက်ကြားရသလိုဒီကနေ့ ဇူလိုင် ၁၅ ရက်မနက်ပိုင်းမှာလည်း မန္တလေးမြို့တွင်းမှာ စစ်ဆေးရေးတင်းကျပ်တာတွေဆက်လုပ်နေတယ်လို့သိရပါတယ်။

    မနေ့ညပိုင်းက မန္တလေးမြို့တွင်းက လုံခြုံရေးကင်းစခန်းတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က ဒီကနေ့ ဇူလိုင် ၁၅ ရက်မနက်ပိုင်းအထိသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  3. စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်ပြန်ဖို့ ပိုခက်ခဲလာတဲ့ စစ်ရှောင်တွေ

    ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာ စစ်ရှောင်နေကြတာသုံးနှစ်ကျော်လာပြီဖြစ်တဲ့စစ်ဘေးရှောင်အများစုဟာ လက်ရှိအချိန်အထိ နေရပ်ပြန်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။

    လတ်တလောမှာ ရခိုင်ဒေသတွင်း စစ်ရေးတင်းမာမှုတွေ၊ နှစ်ဘက်အပြန်အလှန်ဖမ်းဆီးမှုတွေ၊ ကျေးရွာတွေအနီးဝန်းကျင်နဲ့ ဒေသခံတွေလုပ်ကိုင်စားသောက်ကြရတဲ့နေရာတွေမှာ မိုင်းပေါက်ကွဲမှုဆက်တိုက်ဖြစ်လာနေတာကြောင့် သူတို့ရဲ့နေရပ်ပြန်ရေးမျှော်လင့်ချက်တွေကို အတားအဆီးတွေအဖြစ် ကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

    တချို့ကတော့ နေရပ်ပြန်ပြီး မိသားစုစားဝတ်နေရေးအဆင်ပြေဖို့နဲ့ လွတ်လပ်စွာလုပ်ကိုင်ပြီး နေထိုင်ချင်ကြပေမယ့် ကျွဲနွားကအစ နေအိမ်တွေအထိ ဖျက်ဆီးခံလိုက်ရကြရပြီဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေတွေဖြစ်နေပြီလို့လည်း ပြောဆိုကြပါတယ်။

    အဲဒီစစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက အများဆုံးဖြစ်ကြပြီး တခြားမြို့နယ်တွေက လာရောက်ခိုလှုံနေကြသူတွေလည်း ရှိကြပါတယ်။ အခက်အခဲအကျပ်အတည်းတွေကြားထဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပြီး သူတို့ရဲ့မူလနေရပ်ရင်းကျေးရွာတွေဆီ ပြန်နိုင်ဖို့ လိုလားနေကြပါတယ်။

  4. တနင်္သာရီတိုင်းအတွင်းမှာ စစ်ရေးတင်းမာနေ, စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်တချို့ ရိက္ခာခက်ခဲ

    တနင်္သာရီတိုင်း ဒေသကြီးအတွင်းက ထားဝယ်နဲ့ မြိတ်ခရိုင်တွေထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရေးဆက်လက်ပြင်းထန်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

    မနေ့ဇူလိုင် ၁၄ ရက်မနက်ပိုင်းမှာလည်း ပုလောမြို့နယ်ထဲက ပဝကုန်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ပုလောနယ်ထဲက ပဝကုန်းကျေးရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပုလောဒေသကာကွယ်ရေးတပ်ဘက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ နန်းထိုက်အောင်စစ်ဆင်‌ရေးဖြစ်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဘက်ထုတ်ပြန်ပါတယ်။

    ‘’ မနေ့ကတိုက်ပွဲကတော့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ တပ်စခန်းကို ဒေသကာကွယ်ရေးတပ်တွေဘက်က ဝင်တိုက်တာပါ။ ဒေသကာကွယ်ရေးတပ်တွေဘက်ကကျဆုံးတာတွေရှိသလို ကျွန်တော်တို့ရဲ့ ဗီဒီယိုမှတ်တမ်းတွေအရ စစ်ကောင်စီတပ်သား၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိတယ်။ တနင်္သာရီတိုင်းတစ်တိုင်းလုံးမှာ စစ်ပူနေတယ်၊ တချို့နေရာတွေမှာ စစ်ကောင်စီကစစ်ကြောင်းထိုးနေတာရှိသလို ထားဝယ်လမ်းမှာဆို စစ်ကောင်စီကသူတို့နိုင်သလောက်ခြေကုပ်ပြန်ယူနေတယ်။ တစ်တိုင်းလုံးမှာနန်းထိုက်အောင်စစ်ဆင်ရေးတွေထပ်ရှိလာနိုင်သလို မြို့သိမ်း၊ရွာသိမ်းတိုက်ပွဲတွေလည်း ထပ်ဖြစ်လာနိုင်ပါတယ်’’ လို့ တနင်္သာရီတိုင်း ဒေသကြီး စစ်ဒေသကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် မနေ့ဇူလိုင် ၁၄ ရက်နေ့မနက်ပိုင်းက မြိတ်မြို့ကနေထားဝယ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ ရွှေဝယ်မင်းခရီးသည်တင်မှန်လုံယာဥ်ဟာ တိုက်ပွဲဖြစ်ခဲ့တဲ့ ပဝကုန်းကျေးရွာအနီးမှာ ရပ်နားချိန် မိုင်းစထိမှန်ပြီး ခရီးသည် ၄ ဦးဒဏ်ရာရခဲ့တယ်လို့လည်းဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြိတ်-ထားဝယ်ကားလမ်းပေါ်မှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေမကြာခဏရှိတဲ့အကြောင်းဒေသတွင်းသတင်းတွေမှာဖော်ပြကြသလိုဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

    တခါ မနေ့ ဇူလိုင် ၁၄ ရက်မှာပဲ တိုက်ပွဲတွေအပြင် တနင်္သာရီတိုင်း ရေဖြူမြို့ရှေ့ဖက်ကမ်း၊ နဝဒေးလမ်းမှာရှိတဲ့ စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒါဟာလည်း နန်းထိုက်အောင်စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ ဒေသကာကွယ်‌ရေးတပ်တွေကထုတ်ပြန်ပါတယ်။ဒီဖောက်ခွဲမှုကြောင့် စရဖအဆောက်အဦတစ်ခုလုံးပြိုကျပျက်စီးသွားသလို ရေဖြူအနောက်ဖက်ကမ်းကစစ်ကူလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ တနင်္သာရီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဒီကနေ့ ဇူလိုင်၁၅ မှာ ထုတ်ပြန်လာပါတယ်။

    တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီဘက်က အင်အားတိုးတာတွေကြောင့် ပုလောနယ်ထဲက ဒေသခံတချို့ဟာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်ရတာတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေကပြောပါတယ်။

    စစ်ရှောင်တွေဟာ ရာသီဥတုဘေးဒဏ်ကြားမှာ ကျန်းမာရေးအရစိတ်ပူရတာတွေရှိသလို စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာအခက်အခဲတွေလည်း ရင်ဆိုင်နေတယ်လို့သိရပါတယ်။

    “ နောက်ဆုံးအနေအထားအရ ပုလောဘက်မှာ ဘယ်လောက်ဖြစ်နေလဲဆိုရင် စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေးတွေပိတ်ဆို့ထားတာကြောင့် စစ်ရှောင်တွေက အရင်ကဆို အပြင်ကဆန်ဝယ်ယူတာ အလှူရှင်နဲ့ ချိတ်ဆက်တာ လုပ်ပြီး ရိက္ခာသိုလှောင်ပြီး စားကြတယ်။အခုဆိုရင် ရိက္ခာပြတ်တောက်တာတွေကြောင့် အနီးက စပါးတွေကို ဝယ်ပြီး ကြိတ်စားရတဲ့အခြေအနေဖြစ်နေတယ်။ ဒါက ရေရှည်အတွက်လည်း မကောင်းတဲ့အခြေအနေဖြစ်ပါတယ်။ကျန်းမာရေးအတွက်ကျတော့ တချို့နေရာ စစ်ရှောင်စခန်းရှိတဲ့နေရာတွေမှာ ကြိုတင်ပြင်ဆင်ထားတာရှိပေမယ့် တချို့နေရာတွေမှာ စစ်ရှောင်စခန်းမရှိပဲခေတ္တရှောင်နေရတာတွေရှိတော့ ကျန်းမာရေးအတွက်ကြိုတင်ပြင်ဆင်ထားတာတွေလည်းမရှိဘူး။အချိန်ကြာလာတာနဲ့ အမျှခက်ခဲနိုင်ပါတယ်လို့ ‘’ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

    လက်ရှိမှာတော့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ထဲက စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းရယ်လို့သတ်မှတ်နေထိုင်နေသူတွေရှိသလို တိုက်ပွဲဖြစ်ရင် ဘေးလွတ်ရာ ပြေးရပြီး တိုက်ပွဲသံတွေငြိမ်သွားရင် နေရပ်ပြန်နေထိုင်ရတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ သိရပါတယ်။

  5. Kaung 4 You ကျောင်းသား တချို့ ဖမ်းဆီးခံရ

  6. လက်နက်ကိုင်တော်လှန်ရေးကို ရွေးခဲ့သူ အမျိုးသမီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်

  7. ဒီပဲယင်း အရှေ့ခြမ်းကျေးရွာတွေကို စစ်တပ်က လေယာဥ်တွေနဲ့ တိုက်ခိုက်, အရပ်သားထိခိုက်မှုရှိ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဥ်တွေသုံးပြီးတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။

    ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက သပြေသာ၊ ရုံးသာ၊ နများနဲ့ ယဥ်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး အင်အား ၂၀၀ နီးပါးကိုလည်း ဖြန့်ကြက်ထားတယ်လို့ ဒီပဲယင်းစစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

    ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ ရဟတ်ယာဥ် ၂ စီးတို့ကနေ လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာကြောင့် အရပ်သား ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်လို့ ဒါမှမဟုတ် နယ်မြေရှင်းလင်းရေးလုပ်လို့ အခုလို တိုက်ခိုက်မှုတွေ လုပ်နေတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    ဒါပေမဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ပြုလုပ်လာနေပြီး မနေ့ညပိုင်းတုန်းကလည်း စစ်ကိုင်းအထက်ပိုင်းက ဗန်းမောက်မြို့နားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်လို့ ယူဆရတဲ့နေရာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲမှု ပြုလုပ်ခဲ့ပါတယ်။

  8. ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရိုဟင်ဂျာ ၁၀၀ နီးပါး အဖမ်းခံရ

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပဲခူးတိုင်းထဲက ပန်းတောင်းနဲ့ရွှေတောင်မြို့၊ ဧရာဝတီတိုင်းထဲက ရေကြည်မြို့တို့မှာ ရိုဟင်ဂျာ ၁၀၀ နီးပါးကို စစ်ကောင်စီလက်အောက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

    ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ နဝဒေးတံတားထိပ်မှာ ရိုဟင်ဂျာ ၆ ဦးနဲ့ သူတို့ကို ခေါ်လာသူ အမျိုးသား ၃ ဦးကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်ဘက်ခြမ်းကနေ ပန်းတောင်း-ပြည် ဧရာဝတီမြစ်ကူးတံတားမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ အဲဒီရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အမှုဖွင့်ဖို့ရှိနေတယ်လို့ သိရပြီး ခေါ်လာသူ အမျိုးသား ၃ဦးကိုတော့ ကျွန်ပြုတာ၊ တစ်ဦးတစ်ယောက်ကို ခိုးယူတာနဲ့ သွေးဆောင်ခေါ်ယူမှုတွေအတွက် အရေးယူနိုင်တဲ့ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုဖို့ ပန်းတောင်းမြို့မရဲစခန်းက စစ်ဆေးနေပြီလို့ သိရပါတယ်။

    နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်၊ သောက်ကြာနေ့တုန်းကလည်း ပဲခူးတိုင်းထဲက ရွှေတောင်မြို့နယ်ထဲမှာ ရိုဟင်ဂျာ အယောက် ၄၀ ကျော်ကို ဖမ်းမိထားတဲ့ဖြစ်စဥ်လည်း ရှိထားပါတယ်။ သူတို့ကိုတော့ လူမှုဝင်ကြီးကြပ်ရေးဥပဒေပုဒ်မတွေနဲ့ သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်တုန်းကလည်း ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲမှာ အမျိုးသမီးတွေ အများဆုံးပါတဲ့ ရိုဟင်ဂျာ ၄၉ ဦးကို သက်ဆိုင်ရာက ဖမ်းမိခဲ့ပါတယ်။

    အဲဒီရိုဟင်ဂျာတွေလိုက်လာတဲ့ယာဥ်ကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက ဗေဒါ စစ်ဆေးရေးဂိတ်မှာ ယာဥ်ကို စစ်ဆေးဖို့ ဟန့်တားခဲ့ပေမဲ့ အစစ်ဆေးမခံဘဲ ဆက်မောင်းခဲ့တာကြောင့် ရေကြည်မြို့နယ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုတော့ အဲဒီရိုဟင်ဂျာတွေလည်း လဝကဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုခံရနိုင်ချေရှိနေပါတယ်။

    တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့မေလတုန်းက ဧရာဝတီတိုင်းထဲက ပုသိမ်မြို့နယ်မှာ ဖမ်းဆီးမိခဲ့တဲ့ ရိုဟင်ဂျာတွေထဲက ကလေး ၂ ဦးအပါအဝင် ၁၁ ဦးကို ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ ထောင် ၂ နှစ်စီချမှတ်ထားတယ်လို့ ဒီရိုဟင်ဂျာတွေအရေးအကူအညီပေးနေသူတွေဆီကနေ သိရပါတယ်။

    ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေဟာ အကျပ်အတည်းတွေကိုကျော်လွှားဖို့ ပြည်ပကို ထွက်ခွါမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို ကုန်းလမ်းအပြင် ရေလမ်းကပါ သက်စွန့်ဆံဖျား ထွက်ခွါနေကြတာဖြစ်ပါတယ်။

    အခုလို ထွက်ခွါဖို့ ကြိုးပမ်းရင်း ပြင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းမိလို့ စက်လှေတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၂၀ ကျော် သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ပြီးခဲ့တဲ့မေလကုန်ပိုင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။

  9. ဗန်းမောက်မြို့တောင်ပိုင်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲ

    စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့အနီးနားကို စစ်ကောင်စီတပ်က မနေ့ ဇူလိုင်လ ၁၃ ရက် ညသန်းခေါင်မှာ စစ်လေယာဥ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဗန်းမောက် ဒေသကာကွယ်ရေးတပ်ဘက်ကတော့ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စင်းဟာ မြို့ တောင်ဘက်ပိုင်းက သက်ကယ်တောင်ပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးကြဲချသွားတယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ဟာ အဲဒီတောင်ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့အထင်နဲ့ အခုလို ဗုံးကြဲတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

    ‘‘ညတုန်းက ညသန်းခေါင်မှာ မြို့ပေါ်မှာ လေယာဥ်က ဝဲနေတာ။ ကျွန်တော့်စိတ်အထင်ဆို ၅ မိနစ်လောက်ကြာမယ်။ လေယာဥ်ကို မတွေ့ရပေမဲ့ အသံက အရမ်းကျယ်တော့ ခပ်နိမ့်နိမ့်ကနေ ပျံသန်းသွားဖြစ်မယ်။ အဲဒီနောက်မှာ ဗုံးသံကြားရတာပဲ။ ညကြီးမင်းကြီး မြို့‌ပေါ်မှာ စစ်လေယာဥ်ပျံတာဆိုတော့ မြို့ပေါ်ကို ဗုံးကျမလားဆိုတဲ့ စိုးရိမ်မှုက ရှိနေတယ်’’လို့ ဗန်းမောက်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ဒီဗုံးကြဲမှုမှာ အထိအခိုက်မရှိဘူးလို့ ပြောသလို ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြုံလာတဲ့အခါ လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းနေထိုင်ဖို့၊ လေယာဥ်သံပျောက်ကွယ်သွားမှသာ သွားလာလှုပ်ရှားဖို့ တိုက်တွန်းထားပါတယ်။

    အဲဒီမတိုင်ခင် ဇွန်လ ၁၂ ရက်တုန်းကတော့ ဗန်းမောက်တောင်ပိုင်းမှာ ကေအိုင်အေ၊ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

  10. စစ်ကောင်စီတပ်တွေက ကရင်လူငယ် ၂၃ ဦးကို ဖမ်းဆီးညှဥ်းပန်းနှိပ်စက်နေတယ်လို့ KNU ထုတ်ပြန်

    အာဏာသိမ်းစစ်တပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၉၉ နဲ့ ပူးပေါင်းတပ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်ထဲမှာ ကျေးရွာလူထုကိုဖမ်းဆီးကာ ညှဥ်းပန်းနှိပ်စက်ခဲ့တယ်လို့ KNU ဌာနချုပ်က ဒီနေ့ဇူလိုင် ၁၄ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ဇူလိုင် ၁၃ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေဟာ ကျောက်ကြီးမြို့နယ်ထဲက ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ၀ါးပင်စုကျေးရွာတို့ကို၀င်ရောက်လာပြီး လူထုတွေကို ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကို၀င်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေကိုလည်းအတင်းအဓမ္မယူဆောင်သွားတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

    ဖမ်းဆီးခံရတဲ့အထဲ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးခဲ့ပေမဲ့ လူငယ်တွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ လည်း ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့အထဲက ကရင်လူငယ် ၂၃ ဦးကို တစ်နေကုန် လက်ပြန်ကြိုးတုပ်၊ ရိုက်နှက်ညှဥ်းပန်းနှိပ်စက်ခဲ့တယ်လို့် ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဒါ့အပြင် ကျောက်ကြီးမြို့နယ်ထဲမှာပဲ အင်းနက်ကျေးရွာ အတွင်း စစ်တပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ဒေသခံတွေဟာ နေအိမ်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ထားခဲ့ရပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

    အဲဒီလိုထွက်ပြေးတဲ့အထဲက အသက် ၆၂ နှစ်အရွယ် ဦးမြင့်အေး နေအိမ်မှာ ကျန်ခဲ့တဲ့နွားတွေကို ပြန်လွှတ်ပေးဖို့ ကျေးရွာထဲ၀င်လာချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ကို စစ်တပ်က ဇူလိုင် ၁၁ ရက်နေ့မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်တပ်က ဇူလိုင် ၁၁ ရက်ကစလို့ ကျောက်ကြီးမြို့နယ်အတွင်းက တုံးတံတား၊ ကျောက်ကြီးလမ်းတို့ကို ကုန်စည်ကူးသန်းရောင်း၀ယ်ရေးပိတ်ပင်ထားပြီး ကူးတို့ဆိပ်အားလုံးကိုလည်းသွားလာမှုပိတ်ပင်ထားတယ်လို့ ဖော်ပြထားပါတယ်။

    ကေအန်ယူရဲ့ ထုတ်ပြန်ချက်တွေမှာပါရှိတဲ့ ကျောက်ကြီးနယ်မြေထဲ စစ်တပ်ရဲ့ဒေသခံတွေကိုဖမ်းဆီးမှု၊ သတ် ဖြတ်မှုနဲ့ ပိတ်ပင်တားဆီးမှုတို့နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ထုတ်ပြန်တာမရှိသေးပါဘူး။

  11. ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက CDM ဆရာဆရာမအချို့ ဖမ်းဆီးခံရ, အခုလိုဖမ်းဆီးမှုကို NUG ပညာရေး ဒုဝန်ကြီး ရှုတ်ချ

    ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းမှာ သင်ကြားပေးနေတဲ့ CDM ဆရာဆရာမ အချို့ဟာ မနေ့ ဇူလိုင်လ ၁၃ ရက်မှာ ဖမ်းဆီးခံရပါတယ်။

    အဲဒီအွန်လိုင်းစာသင်ကျောင်းကို တည်ထောင်သူ ဆရာတစ်ဦး ဖမ်းဆီးခံရတဲ့သတင်း ထွက်ပေါပြီးနောက်ပိုင်းမှာ အဲဒီကျောင်းအတွက် အွန်လိုင်းကနေ စာသင်ပေးနေတဲ့ ဆရာ ဆရာမအချို့ အခုလို ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာတာပါ။

    အဲဒီကျောင်းဟာ ပြီးခဲ့တဲ့မေလမှာ အခြေခံပညာအွန်လိုင်းပညာရေးအတွက် ကျောင်းအပ်နှံမှုကို လက်ခံခဲ့တာဖြစ်ပြီး အွန်လိုင်းအတန်းအသီးသီးအတွက် CDM ဆရာ ဆရာမတွေက ရုပ်သံအသုံးပြုနိုင်နဲ့ ဇွန်း(zoom) လို ဆော့ဖ်ဝဲလ်ကနေ တဆင့် ကျောင်းသူကျောင်းသားတွေကို ပညာသင်ကြားပေးတာ၊ နောက် သင်ခန်းစာဆွေးနွေးဖို့နဲ့ မိဘဆရာကိစ္စရပ်တွေအတွက် တယ်လီဂရန်ချယ်နယ်တွေကနေ ထိတွေ့ ပြောဆိုတာဖြစ်ပါတယ်။

    အခုတော့ တည်ထောင်သူ အဖမ်းခံရပြီးတဲ့နောက် အဲဒီမှာ စာသင်တဲ့ ဆရာအချို့ဟာ အဆက်အသွယ် ပြုလုပ်ရာမှာသုံးတဲ့တယ်လီဂရန်ချန်နယ်ကနေတဆင့် နောက်ယောင်ခံလိုက်ခံရပြီး ဖမ်းဆီးခံခဲ့ကြရတာလို့ သိရပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပညာရေးဒု၀န်ကြီး ဒေါ်ဂျာထွယ်ပန်ကတော့ ကောင်းဖော်ယူ အနေနဲ့ စီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိခဲ့တဲ့အပေါ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိတယ်လို့ ခံယူခဲ့ပြီးဖြစ်ပေမဲ့ ဒီအဖြစ်အပျက်အပေါ် အခွင့်ကောင်းယူပြီး ရာ ဆရာမတွေကို ဖမ်းဆီးတာဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်သလို လူမဆန်မှုဖြစ်တယ်လို့ ရှုတ်ချပြောဆိုပါတယ်။

    ဒါ့အပြင် လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ကိုလည်း သတိပေးသလို ပြည်သူ့ပညာရေး အွန်လိုင်းကျောင်းတွေမှာ မိဘပြည်သူတွေရဲ့ သတင်းအချက်အလက်လုံခြုံရေးကို အာမခံပေးနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ အလေးထား ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း Kyaung for You မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသား ထောင်ချီ ရှိနေတာကြောင့် တည်ထောင်သူအပါအဝင် ဆရာဆရာမအချို့ ဖမ်းဆီးခံရမှုသတင်းတွေကြောင့် ကျောင်းအပ်ထားတဲ့ မိဘတွေဟာ ကျောင်းကို ပေးထားတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေါက်ကြားပြီး စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

  12. မြန်မာစစ်ကောင်စီက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် တစ်ထောင်လှူမယ်

    မြန်မာစစ်ကောင်စီဟာ စီးပွားရေးနဲ့နိုင်ငံရေးအကျပ်အတည်းတွေဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် တစ်ထောင် လှူဖို့ ပြင်ဆင်နေပါတယ်။

    အဲဒီအလှူအတွက် ညှိနှိုင်းအစည်းအဝေးကို မနေ့ ဇူလိုင်လ ၁၃ ရက်မှာ စစ်ကောင်စီလက်အောက်က စီးပွားကူးသန်းဝန်ကြီးဌာနမှာ ပြုလုပ်သွားပြီး အလှူအတွက်ကြီးကြပ်ရေးအဖွဲ့ကို စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်တာလို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

    စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာကို လူသားချင်းစာနာမှုခေါင်းစဥ်အောက်ကနေ နိုင်ငံတော်ရန်ပုံငွေထဲကနေ အဲဒီဆန်တွေကို လှူဒါန်းမှာလို့ ဆိုပါတယ်။

    လှူဖို့ ဆန်အမျိုးအစား၊ ဝယ်ယူမယ့်အစီအစဥ်၊ သယ်ယူပို့ဆောင်ဖို့ ကွန်တိန်နာပုံး၊ လှူမယ့်ကာလအပိုင်းအခြား စတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းဆေးနွေးတာလို့ ဆိုပါတယ်။

    အဲဒီမတိုင်ခင် အစောပိုင်းတုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ဟာ သူ့နဲ့ သံတမန်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ဆီပေးခဲ့ပြီး မြန်မာက သီရိလင်္ကာကို အကူအညီတွေပေးဖို့အရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  13. စန္ဒရား တင်၀င်းလှိုင် ကွယ်လွန်

    စန္ဒရားပညာရှင်၊ ဂီတမှူး အကယ်ဒမီ ဆုရှင်လည်း ဖြစ်တဲ့ စန္ဒရားတင်၀င်းလှိုင် ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့မနက် ၁ နာရီခွဲခန့်မှာ ကွယ်လွန်သွားကြောင်း မိသားစုကပြောပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပြီဖြစ်ပြီး ကျောက်ကပ်ဝေဒနာနဲ့ ကွယ်လွန်တာလို့ သိရပါတယ်။ အာရှတော်၀င်ဆေးရုံမှာ တက်ရောက်ကုသနေတာ ဧပြီ ၁၉ ရက်နေ့တည်းက ဖြစ်ပြီး တစ်လအကြာ ပြန်ဆင်းလာခဲ့ပေမဲ့ တစ်လကို ၈ ကြိမ်အမြဲကျောက်ကပ်ဆေးနေခဲ့ရတယ်လို့မိသားစုကပြောပါတယ်။

    အဲဒီနောက် ဇွန်လ ၂၅ မှာ ဆေးရုံပြန်တင်ခဲ့ရတာဖြစ်ပြီး ရက် ၂၀ ခန့်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    ၂၀၂၀ ပြည့်နှစ်၊ ဒုတိယကိုဗစ်လှိုင်းမှာ ဦးတင်၀င်းလှိုင်တို့ ဇနီးမောင်နှံနှစ်ဦးလုံး ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဇနီးဖြစ်သူက ကွယ်လွန်ခဲ့ကာ ဦးတင်၀င်းလှိုင်ကတော့ ကိုဗစ်ကနေ ပြန်လည်သက်သာလာခဲ့ပေမဲ့ အခုအခါ နာတာရှည်ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

    ဗမာသံဂီတပညာရှင်တွေထဲ ထူးချွန် ပညာရှင်တစ်ဦးလည်း ဖြစ်သလို သူ့ကို မြန်မာအသံနဲ့ရုပ်မြင်သံကြားမှာနှစ်ရှည် ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ 'ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ' အစီအစဥ်မှာလည်း တင်ဆက်သူ ဂီတမှူးအဖြစ် တွဲဖက်ထင်ရှားလူသိများပါတယ်။

    ကိုယ်တိုင်လည်း စန္ဒရားတီးသလို သီချင်းတွေလည်း ကိုယ်တိုင်ရေးပြီးကိုယ်တိုင် ဆိုတတ်တဲ့ ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်ပါတယ်။

    သူဟာ ၂၀၁၈ ခုနှစ်မတ်လက ကျင်းပခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပေးပွဲမှာ အသံထူးချွန်ဆုနဲ့ အကယ်ဒမီရရှိခဲ့စဥ် ဆုလက်ခံစင်မြင့်ထက်မှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောကြားခဲ့ပြီး ဗမာသံ မြေကြီးထဲ မြုပ်သွားတော့မယ့်အကြောင်း၊ ဗမာသံစဉ်သီချင်းတွေ ကူးရာမှာ ပိုက်ဆံပေးရကြောင်း၊ ပြည်ထောင်စု၀န်ကြီး ဦးဖေမြင့် အနားကပ်လို့မရတဲ့အကြောင်းနဲ့ တပ်မတော်ကနေ အရပ်ဘက်ကို ပြောင်းလာတဲ့သူတွေအကြောင်းကို ပြောကြားခဲ့လို့ ပြန်ကြားရေး၀န်ကြီးဌာနက နောက်ပိုင်းမှာသတင်းစာရှင်းလင်းပွဲတောင်ပြုလုပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    သူကိုယ်တိုင်တီးခတ်ရေးသားသီဆိုခဲ့တဲ့သီချင်းတွေထဲ 'ချစ်ကြွေးဆပ်' သီချင်းဟာ ထင်ရှားတဲ့လက်ရာတစ်ခု ဖြစ်ပါတယ်။

    ဦးတင်၀င်းလှိုင်ရဲ့နာရေးကို စနေနေ့မှာ ရေး၀ေးမှာပြုလုပ်မယ်လို့သိရပါတယ်။

  14. ကယားမှာ စစ်ကောင်စီက စာသင်ကျောင်း ၁၀ ကျောင်းသာ ဖွင့်လှစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးပြော

    ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီက စာသင်ကျောင်း ၁၀ ကျောင်းသာ ဖွင့်လှစ်နိုင်ချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရာနဲ့ချီတဲ့စာသင်ကျောင်းတွေ ဖွင့်လှစ်ထားနိုင်တယ်ဆိုပြီး ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကရင်နီပြည်နယ်ထဲမှာ NUGပညာရေး၀န်ကြီးဌာနလမ်းညွှန်မှုအောက်မှာရှိတဲ့ ကျောင်းပေါင်း ၃၀၀ အထိရှိနေပြီး အဲဒီကျောင်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာမနဲ့ဆရာပေါင်း ၂ ထောင်ကျော်ဟာ ကျောင်းသား သောင်းချီကို ပညာသင်ကြားပေးနေပြီလို့ ဆိုပါတယ်။

    ဒီးမော့ဆိုမြို့နယ်၊ စစ်မြေပြင်မှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းကနေ ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒီးမော့ဆိုကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး သွားရောက်ထုတ်ယူခဲ့သလို ကျောင်း ၁၂ ကျောင်းကို ဖြန့်ဝေခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    တစ်ဖက်မှာလည်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

  15. ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဥ်ရှိနေ

    ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒူ မိုမန်ဟာ ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့က စတင်ပြီး ကမ္ဘောဒီးယားနိုင်ငံကို အလုပ်သဘောခရီးစဥ်သွားရောက်ဖို့ရှိနေပါတယ်။

    ဇူလိုင်လ ၁၆ ရက်နေ့အထိ ကြာမြင့်မယ့် အဲဒီခရီးစဥ်ဟာ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်လည်းဖြစ်သလို၊ လက်ရှိမှာ မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံတမန် တာဝန်လည်း ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆော့ခွန်းရဲ့ ဖိတ်ကြားမှုနဲ့သွားရောက်မှာလို့ သိရပါတယ်။

    ဒေသတွင်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိနေပါတယ်။

    အဲဒီလို ဆွေးနွေးတဲ့အခါ မြန်မာပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ အရေးလည်း ဝန်ကြီးတွေက ဆွေးနွေးနိုင်ချေရှိနေပါတယ်။

    ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဟာ မြန်မာပြည်တွင်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာသိန်းချီကို လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။

  16. မန္တလေးမှာ နိုင်ငံရေးအမှုလိုက်တွေ အဖမ်းခံရ

  17. ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးမောင်ဝိတ်နဲ့ ဆက်စပ်တဲ့အဂတိနှစ်မှု ချေဖျက်ခွင့် တင်

    စီးပွားရေးလုပ်ငန်းရှင် ဦးမောင်၀ိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လက်ခံခဲ့တယ်ဆိုပြီး အဂတိနှစ်ခုနဲ့ စွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီအမှု နှစ်ခုကို ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ချေဖျက်ခွင့် တင်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

    ဒီအမှုနှစ်မှုကို ပြီးခဲ့တဲ့လပိုင်းကစလို့ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာ တရားလိုပြသက်သေတွေကို စစ်ဆေးနေတုန်းလို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှု၊ တစ်ခါ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့စွဲဆိုမှု ၂ မှုတို့ကို မန္တလေးတိုင်းတရားလွှတ်တော်ထံ ပြင်ဆင်မိန့်တက်ထားပြီး ဒီပြင်ဆင်မိန့်တွေနဲ့ပတ်သက်လို့ ဇူလိုင် ၂၅ ကနေ ဇူလိုင် ၂၉ ထိ အမှုခေါ်စာရင်းထွက်ထားတယ်လို့ တရားရုံးအသိုင်းအ၀ိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

    “ဒီအမိန့်ချထားပြီးသား အမှု လေးမှုလုံးက မြို့နယ်အဆင့်တရားခွင်က ချခဲ့လို့ ခရိုင်အဆင့်ကိုအယူခံတက်ခဲ့တယ်။ ခရိုင်မှာပယ်ချခံရလို့ တိုင်းဒေသကြီးလွှတ်တော်ကို ပြင်ဆင်မှု ဆက်တက်တာပါ။ သမ္မတကြီးလည်း ပြင်ဆင်မိန့်တက်ထားပါတယ်။ အမိန့်ချထားပြီးသားအမှုပါပဲ”လို့နီးစပ်သူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အကျဥ်းထောင်တွင်းမှာ ပြောင်းရွှေ့ချုပ်နှောင်ခံထားရတာ သတင်းသုံးပတ်ကျော်လာပြီဖြစ်ပေမဲ့ ကျန်းမာရေးလည်းကောင်းမွန်သလို ကြုံလာရတဲ့အခြေအနေကိုလည်းတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေတယ်လို့ သိရပါတယ်။ ဒီနေ့ဇူလိုင် ၁၃ ရက်မှာ ထောင်၀င်စာပစ္စည်းတချို့ကိုပို့ခဲ့ရပေမဲ့ ဧည့်တွေ့ခွင့်လုံး၀မရှိကြောင်းလည်းနီးစပ်သူတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်မှာ တနင်္လာ ၊ ဗုဒ္ဓဟူးနဲ့သောကြာ သုံးရက် ထောင်၀င်စာပို့ခွင့်ရတယ်လို့လည်းသိရပါတယ်။

    “လူချင်းတော့တွေ့ခွင့်မရဘူး။ ရုံးချိန်းရှိတဲ့နေ့တွေတော့တွေ့ခွင့်ရတယ်လို့သိရတယ်။ အန်တီက အသီးအနှံလေးတွေမှာတယ်။ သူက အများကြီးလည်းမစားနိုင်ဘူး၊ သူမှာတဲ့ သင်္ဘောသီး၊ သရက်သီးနဲ့ ဖီးကြမ်းငှက်ပျောသီး လေးတွေ ပို့ခွင့်ရတယ်။ ထောင်မှာရေခဲသေတ္တာတော့မရှိဘူး။ အဲကွန်းလည်းမရှိဘူး။ ခြင်တော့မကိုက်ဘူး၊ ခြင်ထောင်ပေးတယ်ပြောပါတယ်။ အဆင်ပြေတယ်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါပဲ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ လာမယ့် ဇူလိုင် ၁၅ ရက် သောကြာနေ့မှာတော့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာသုံးတယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ ပုဒ်မ ၁၃၀(က) အမှုမှာ စွပ်စွဲခံရသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။

  18. ကလေးသူငယ်မတရားမှု အမည်ပျက်စာရင်းထဲ မြန်မာပါဝင်နေ

  19. ကလေးမြို့တောင်ပိုင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်, နှစ်ဖက်အကျအဆုံးရှိ

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)က သတင်းထုတ်ပြန်လာပါတယ်။

    တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်မှာ ကလေးမြို့နယ်တောင်ပိုင်းက ဟားခါးလေးကျေးရွာတဝိုက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၁၃ ရက် မွန်းလွဲပိုင်းအထိ ဖြစ်ခဲ့တာလို့လည်းဆိုပါတယ်။

    တိုက်ပွဲတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်တာ၊ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ဆယ်ချီသေဆုံးပြီး ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

    ကလေးတောင်ပိုင်းက တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းကစလို့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံး ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။

  20. ကယားပြည်နယ်ကစစ်ရှောင်တွေထဲ မိခင်နဲ့ ရင်ခွင်ပိုက် ကလေးငယ်တွေအတွက် ရိက္ခာလိုအပ်နေ

    ကယားပြည်နယ်ထဲက စစ်‌ဘေးရှောင်တွေထဲမှာ ကလေးနို့တိုက်မိခင်တွေနဲ့ ရင်ခွင်ပိုက် ကလေးငယ်တွေ ပါ၀င်နေတဲ့အတွက် မိခင်တွေအတွက်ကို လုံလောက်တဲ့ အာဟာရနဲ့ ကလေးတွေအတွက် အာဟာရမှုန့်၊ နို့မှုန့် စတာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

    ဒါ့အပြင် မိုးရာသီဖြစ်တာကြောင့် မိုးကာဖျင်စတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေး‌ရှောင်တွေကို ကူညီနေသူတွေက ဆိုကြပါတယ်။

    ကယားပြည်နယ် ဒီးမော့ဆိုမြို့က စစ်ရှောင်စခန်းတွေမှာ ဆန်အပါအ၀င် စားနပ်ရိက္ခာတွေ လိုအပ်တဲ့ မိသားစုတချို့ရှိနေပြီး စစ်ရှောင်ကော်မတီတွေနဲ့ချိတ်ဆက်ကာ ရိက္ခာထောက်ပံ့ထားတယ်လို့ ကယားပြည်နယ်က စစ်ရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

    "အဓိက လိုအပ်နေတာက နို့တိုက်မိခင်တွေအတွက် အာဟာရ လိုအပ်တယ်။ ကလေးတွေအတွက် အာဟာရမှုန့် ၊နို့မှုန့် ဒါတွေလိုအပ်နေတာ အရေးတကြီးပါပဲ။ နောက်တစ်ခါ မိသားစုတစ်စုဆီတိုင်းအတွက် ၁၈ ပေ ပတ်လည်ရှိတဲ့ မိုးကာတွေ သုံးချပ်လောက်စီ လိုပါတယ်။ ဒါမှသာ မိုးတွင်းလည်း ဖြစ်တော့ အမိုးအကာ အပြင် အိမ်သာအတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုးကာတွေလည်း အရေးပေါ်လိုအပ်နေပါတယ်" ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဗညားက ‌ပြောပါတယ်။

    လက်ရှိမှာတော့ ကယားပြည်နယ်မှာစစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိပြီး မိုးရာသီဖြစ်တာကြောင့် ရာသီတုပ်ကွေး အပါအ၀င် မိသားစုအနည်းငယ်က ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွား ခံစားနေကြရတယ်လို့လည်း သိရပါတယ်။