ဒီပဲယင်းမြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းနဲ့ စစ်အင်အားတိုးချဲ့ချလာနေ, နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကပြော
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက မဲသည်ရွာနဲ့ ဝဘာရွာအနီးမှာ မနေ့ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေထိခိုက်ကျဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်လာပါတယ်။
ဒီပဲယင်းမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ မဲသည်ရွာအနီးကနေ ဒီပဲယင်းမြို့မရဲစခန်းကို ဦးတည်သွားနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို ဒေသကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းမှာတော့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေဘက်က လေကြောင်းနဲ့ စစ်အင်အားတိုးချတာတွေလည်းလုပ်နေတာရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ လည်းဖော်ပြနေပါတယ်။
ဒီကနေ့ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းမှာတော့ ဒီပဲယင်းနယ်ထဲက ပျံကျကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်နေပြီး ဒေသခံထွက်ပြေးတိမ်းရှောင်ရသလို နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာလည်း ဒီပဲယင်းနယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဆက်ဝင်ရောက်နေပြီး စစ်ရဟတ်ယာဥ်ပျံသန်းမှုတွေလည်းရှိနေတဲ့အတွက် ဒေသခံကျေးရွာတွေထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသတွင်း သတိပေးချက်တွေထုတ်ပြန်နေတာလည်း တွေ့ရပါတယ်။