ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌရဲ့ အလောင်းကို ပြန်တွေ့ပြီ
စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းရဲ့ အလောင်းကို ဒီနေ့ ဇူလိုင်လ ၆ ရက်မှာ ပြန်တွေ့ပြီလို့ ပါတီဘက်က ဘီဘီစီကိုပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ ပါတီဝင် ၂ ဦး၊နောက်ထပ် ရွာသား ၁ ဦးတို့နဲ့အတူ ဘီးလင်းမြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့သွားလာချိန် ပေါ်ခီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးပြီး ဇွန်လ ၂၂ ရက်တုန်းက ဖမ်းဆီးခံခဲ့ရတာပါ။
အတူအဖမ်းခံခဲ့ရသူတွေထဲကဒေသခံကျေးရွာသားကတေ့ ဇွန်လ ၂၂ ရက်တုန်းက ပစ်ခတ်ဖမ်းဆီးခံရချိန်မှာ ကျည်ထိမှန်သေဆုံးခဲ့တယ်။
နောက်နှစ်ဦးဖြစ်တဲ့ ပါတီဝင် ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်မှာ ပါတီဘက်က တွေ့ရှိခဲ့ပြီး သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအထိ ဦးကျော်မျိုးမင်းဟာ ပျောက်ဆုံးနေဆဲလို့ ယူဆခံခဲ့ရပေမဲ့ အသတ်ခံခဲ့ရတာ သီတင်းတစ်ပတ်နီးပါးရှိနေပြီဖြစ်တဲ့ ရုပ်အလောင်းကို ဒီနေ့မှ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
‘’ကြည့်ရတာ အလောင်းက ဇွန်လ ၃၀ ရက်နေ့ကတည်းက သေနတ်နဲ့ပစ်ခတ်၊ နှိပ်စက်ခံရပြီး သေဆုံးခဲ့ပုံပါပဲ။ သူနဲ့အတူ ပါသွားတဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ကို သတ်ပြီးချိန် သူ့ကို ဆက်ခေါ်သွားပြီး သူ့ဆီက ဘာသတင်းမှ မရနိုင်တော့လို့ သတ်ခဲ့ပုံပေါ်ပါတယ်။ အလောင်းတွေကို နေရာခြားပြီးတွေ့ခဲ့ရတာကိုး။ ခြုံပုတ်ထဲမှာ အလောင်းကို ပြန်တွေ့တာပါ။ အရင်ရက်ပိုင်းကတည်းက ဒီအလောင်းကို အနီးနားရွာသားတွေက သိနေပေမဲ့ အဲဒီတုန်းက စစ်တပ်က အနားမှာ အခြေချထားလို့ သူတို့ထွက်သွားမှ သွားကြည့်ပြီး အတည်ပြုနိုင်တာ’’လို့ ပါတီဝင်တစ်ဦး ကပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ထဲမှာ သေဆုံးထားတဲ့ NLD ပါတီဝင်တွေထဲမှာ လတ်တလောဖြစ်စဥ်အနေနဲ့ သေဆုံးတဲ့ မြို့နယ်အဆင့်ရှိ ပါတီတာဝန်ရှိသူတစ်ဦးဖြစ်လာပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ မနှစ် ဖေဖော်၀ါရီလ ၁ ရက်ကနေ အခုနှစ် ဇွန် ၃၀ ရက်အတွင်း အသတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အရေအတွက် ၄၆ ယောက်ရှိတယ်လို့ ပါတီဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။