မောင်သာနိုး အမျိုးသား စာပေ တသက်တာဆုရ

ရေးသားခဲ့သည်။

၂ဝ၁၆ ခုနှစ် အတွက် အမျိုးသား စာပေ တသက်တာဆု ကို စာရေးဆရာ ကဗျာ ဆရာ မောင်သာနိုး ရရှိသွားပါတယ်။

ဒီနှစ် စာပေတသက်တာဆုကို အသက် ၈၆ နှစ် ရှိပြီ ဖြစ်တဲ့ မောင်သာနိုးနဲ့ အတူ ဝတ္ထုရေး ဆရာ သိန်းသန်းထွန်းနဲ့ ညိုဝင်း တို့လည်း ရရှိခဲ့ပါတယ်။

မြန်မာ စာပေမှာ ထင်းရှူး ပင်ရိပ် စာအုပ်နဲ့ မော်ဒန် စာပေကို မိတ်ဆက် ပေးခဲ့တဲ့ မောင်သာနိုးရဲ့ လက်ရှိ မြန်မာ စာပေ တိုးတက်မှု ဆုတ်ယုတ်မှု အပေါ် အမြင်ကို မေးကြည့်ခဲ့ပါတယ်။

သူ့ရဲ့ ပွင့်ပွင့်လင်းလင်း ရေးသား တတ်မှုဟာ တိုင်တားမင်းကြီး ဦးဖိုး စတဲ့ သူ့ရဲ့ ဘိုးဘေး ဆွေမျိုးတွေရဲ့ မကြောက်တတ်တဲ့ အကျင့်ကြောင့် လို့လည်း မောင်သာနိုး က ပြောပါတယ်။

မောင်သာနိုး ရေးသားတဲ့ ကာလီနတ်သမီးသို့ တမ်းချင်း ကဗျာဟာ တချိန်က လက်ဝဲဝါဒ လိုလားသူတွေကြား လက်ဝဲဆန့်ကျင်တဲ့ ကဗျာ အဖြစ် သတ်မှတ် ခဲ့ကြသလို သူ့ရဲ့ မြန်မာ စာပေမှာ မော်ဒန်ကဗျာလို့ မူးလို့ ရှူစရာ မရှိသေးဘူး ဆိုတဲ့ ရေးသားချက် ဟာလည်း စာပေ ခေတ်မီရေး အတွက် တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။

မောင်သာနိုးဟာ မြန်မာ စာပေ အရေးအသား ၊ ဘာသာဗေဒ နဲ့ တခြား စာပေ ဆိုင်ရာ တွေ ရေးသားခဲ့သလို မောင်သိင်္ဂါ နာမည်နဲ့ ကဗျာတွေကို ရေးသားခဲ့ပါတယ်။