မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ဒန့်ပင်ကန်ရွာအနီးမှာ စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲံCDM ကျောင်းအုပ်ဆရာအပါအဝင်၊ CDM ဆရာမတစ်ဦး၊ သူနာပြုဆရာမတစ်ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့အလောင်းတွေကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ဒန့်ပင်ကန်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက်CDM ပြုလုပ်ထားတဲ့ ကျောင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ကိုယ်ဝန် ၅လ ဆောင်ထားတဲ့ ဒေါ်ခင်နှင်းဝေ၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်နဲ့ရေစကြိုဒေသကာကွယ်ရေးအဖွဲ့က မသဲအိအိဝင်းနဲ့တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲဘော်ဝူခုန်းတို့ကိုစစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’ သူတို့တွေ (သေဆုံးသွားသူတွေ) က ရေစကြိုနဲ့ မြိုင်အစပ်ကပါ။ အဲဒီနေ့ကဒေသကာကွယ်ရေးတပ်တွေက စစ်တပ်ကို မိုင်းဆွဲလိုက်တယ်။ ရွာထဲက လူတွေကလည်း ရွာထဲကိုမဝင်လာလောက်ဘူးထင်ပြီးရှောင်ဖို့နောက်ကျသွားတယ်ထင်ပါတယ်။ အဲဒီနေ့ကဖမ်းတာအများကြီးပဲတချို့ကိုပြန်လွှတ်ပေးလိုက်ပြီး အဲဒီ ၅ယောက်ကိုတော့ ဖမ်းသွားပြီး မနေ့က (ဇွန်၁၄) ရက်မှာ အလောင်းတွေပြန်တွေ့တာ။ မီးရှို့ခံထားရတယ် ရုပ်ပျက်ဆင်းပျက်ပဲ ‘’ လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေစကြိုဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ N-YSOပြောက်ကျားတပ်ဖွဲ့ကတော့ ဒေသကာကွယ်ရေးတပ်စခန်းကိုဇွန်လ ၁၀ရက်နေ့က စစ်ကောင်စီကစစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်စီးနင်းတာကြောင့် မိုင်းဆွဲပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်မှာ အခုသေဆုံးသွားတဲ့ ဆရာ၊ဆရာမတွေနဲ့ဒေသကာကွယ်ရေးတပ်တွေကို မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့အပေါ်တော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
ရေစကြိုနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေမကြာခဏရှိသလို ရေလယ်ကျွန်းဒေသနဲ့ ရေစကြိုအနောက်ခြမ်းကကျေးရွာအများစုဟာလည်းစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
အခုလို CDM ပြုလုပ်ထားတဲ့ကျောင်းဆရာ၊ ဆရာမတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ကတော့ရေစကြိုနယ်အတွင်မှာ ပထမဆုံးဖြစ်ပြီးဒေသတွင်း CDM ဆရာ၊ဆရာမတွေဟာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်ပိုင်း သေဆုံးခဲ့တဲ့ ဆရာ၊ဆရာမတွေအပါအဝင်၅ဦးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။