မြန်မာပြည်အလယ်ပိုင်းက အသက်နဲ့ရင်းတဲ့ တီထွင်မှုများ

ရေးသားခဲ့သည်။

ဆန္ဒပြတောင်းယူလို့ မရခဲ့တဲ့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ဖို့ရွေးချယ်လိုက်ချိန်မှာ လက်နက်လိုအပ်ချက်တွေဟာ ဒေသကာကွယ်‌ရေးတပ်တွေမှာ ကြီးမားတဲ့အခက်ခဲတစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

မိုင်းတွေ၊ လက်နက်တွေတီထွင်ရင်း ယမ်းတွေ ချက်လုပ်ရင်း ထိခိုက်ဒဏ်ရာရသွားသူတွေ၊ အသက်ပေးလိုက်ရတဲ့ လူငယ်တွေဟာ မထင်မရှားနဲ့ပဲ များလာပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ဇွန် ၁၃ ရက် မနက်ပိုင်းက လက်နက်အတွက် ယမ်းချက်လုပ်ရင်း ယမ်းပေါက်ကွဲတာကြောင့် ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့ CRA က တပ်ဖွဲ့ဝင်လေးယောက်ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

" ယမ်းရယ်၊ ကန့်ရယ်၊ မီးသွေးရယ်ကို အချိုးကျ ထည့်လိုက်၊ မွှေလိုက် လုပ်ရင်းနဲ့ ပမာဏက များသွားတယ်။ ယမ်းချက်တဲ့ အိုးထဲ တဖြည်းဖြည်း ပြည့်လာတော့ အိုးအပေါ်မှာ ယမ်းမှုန့်လေးတွေက ကပ်နေတာ၊ အဲ့ဒါကို သံယောင်းမနဲ့ ခေါက်ပြီးခွာလိုက်တော့ မီးစပွင့်ပြီး ယမ်းတွေကလောင်ကုန်တာ။ ယမ်းမွှေတဲ့သူနဲ့ ထည့်တဲ့သူတွေကို မီးတောက်နဲ့ပက်လိုက်သလို ဖြစ်သွားတာ"လို့ ချောင်းဦးတော်လှန်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက်က ဖြစ်စဉ်ကို ပြောပြပါတယ်။

အဲ့ဒီထဲက ၂ ယောက်ဟာ ခေါင်း၊ ခြေ၊ လက်တွေ တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာရပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရခဲ့တာပါ။

သူတို့တွေကို ဆေးကုသဖို့ကိုလည်း မြို့ပေါ်က ဆေးရုံတွေကို ပို့ပေးဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက အခုလို ယမ်းပေါက်ကွဲပြီး မီးလောင်ဒဏ်ရာဖြစ်ခဲ့တဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်နဲ့ အကူနှစ်ယောက် ဆေးကုဖို့သွားရင်း မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာကြောင့်ပါ။ ဒါကြောင့် CDM ဆေးဝန်ထမ်းတွေရဲ့ အကူညီနဲ့ပဲ ဆေးကုသနေကြရတယ်လို့ ပြောပါတယ်။

ဆေးကုသတဲ့နေရာမှာလည်း မီးလောင်ခံထားရတဲ့ ဒဏ်ရာတွေသက်သာအောင် သုံးတဲ့ဆေးက ဝယ်ရခက်နေတယ်လို့လည်းထပ်ပြောပါတယ်။

" အန္တရာယ်များမှန်းသိကြပါတယ်။ ဒါပေမဲ့ ဒါက မလုပ်လို့မရဘူးဗျ။ ကျနော်တို့ အရှေ့အနောက်၊ တောင်မြောက် လေးဘက်လေးလံမှာက စစ်ကြောင်းထိုးနေတာ။ ခုခံဖို့ ကျည်က မလောက်ဘူး။ ဒီတော့ လက်လုပ် တူမီးတွေနဲ့ မိုင်းခွဲဖို့အတွက် ယမ်းတွေကို ကိုယ်တိုင်ချက်ရတာ၊ တစ်ချက်မှားတာနဲ့ အသက်သေနိုင်တယ်၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးနိုင်ပေမဲ့ တစ်နေ့ ကိုယ်လည်း အကြောင်းတစ်ခုခုနဲ့ သေမယ့်အတူတူ စနစ်ဆိုးကို မတော်လှန်လို့မဖြစ်ဘူး။ လက်နက်ဝယ်ဖို့ရန်ပုံငွေက မလောက်ဘူး။ ရှိတဲ့ရန်ပုံငွေက ရဲဘော်တွေ စားသောက်ဖို့ရှိသေးတယ်"လို့ ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ဒေါင်းလုလင်အဖွဲ့ဟာ ၆၀ မမ လက်နက်ကြီး စမ်းသပ်ထုတ်လုပ်စဥ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တစ်ဦး မတ်လ ၁၈ ရက်နေ့က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်စမ်းသပ်မှုတွေက စစ်ကိုင်းတိုင်းမှာ ဒေါင်းလုလင် တစ်ဖွဲတည်းတင်သာမက နေရာအတော်များများမှာ ရှိနေတဲ့အတွက် လက်နက်စမ်းသပ်စဥ် သေဆုံးမှုအ‌ရေအတွက်က ဒီထက်များနိုင်တယ်လို့ စစ်ကိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ယမ်းချက်နည်းတွေကိုလည်း ပုလဲ၊ အရာတော်၊ ရွှေဘို စတဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးလုပ်ကိုင်နေသူအချင်းချင်း မျှဝေပေးတာ၊ သင်တန်းပေးတာတွေကနေ သင်ကြားခဲ့တာဖြစ်ပြီး အန္တရာယ်တွေကို သတိထားလုပ်ကိုင်ရင်း အမှားတစ်ချက်နောက်က ပေးဆပ်လိုက်ရတာတွေကို ပြောပြပါတယ်။

နောက်တစ်ယောက်ကလည်း ယင်းမာပင်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသက် ၁၉ နှစ်အရွယ် ကိုးချောင်းဆိုတဲ့ လူငယ်ပါ။ သူက စစ်ကောင်စီတပ်တွေ သွားမယ့်လမ်းမှာ မိုင်းတပ်ဆင်ရင်း မိုင်းပေါက်ကွဲတာကြောင့် ညာဘက်လက်မတစ်ချောင်း ပြတ်ထွက်သွားတာကြောင့် လက်ချောင်းကိုးချောင်းပဲ ရှိတော့တဲ့သူပါ။

" မိုင်းက အမှားမခံဘူးဗျ။ အသက်ပါသွားနိုင်တယ်။ ဒါပေမဲ့ မိုင်းဆင်တာက စစ်ကောင်စီတွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တယ်။ ဒါ့ကြောင့် မိုင်းဆင်တာကို ရွေးပြီးသင်ခဲ့တာ" လို့ မောင်ကိုးချောင်းက ပြောပါတယ်။

အခုဆို သူ့လက်ချောင်းတစ်ဖက် မရှိတော့တာကြောင့် မိုင်းတပ်ဆင်ဖောက်ခွဲတာကို စွန့်လွှတ်ထားလိုက်ရပြီး တခြားရဲဘော်တွေအတွက် လိုအပ်တာတွေကို နောက်တန်းကနေ ကူညီပေးနေတာပါ။

ဒီလိုမျိုး လက်နက်တွေ တီတွင်၊ တပ်ဆင်ရင်း ထိခိုက်၊ သေဆုံးတဲ့ လူငယ်တွေ ဘယ်လောက်ရှိနေလဲဆိုတာကတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီကို တော်လှန်ရင်း ဒီလိုထိခိုက်သေဆုံးတာတွေရှိသလို တစ်ဖက်မှာလည်း‌ တီတွင်အောင်မြင်တာတွေလည်း ရှိပါတယ်။

ဘုတလင်မြို့နယ်က ဒုံးပျံဒေသကာကွယ်ရေးအဖွဲ့ကနေ ပခုံးထမ်းစိန်ပြောင်းနဲ့ အတွဲလိုက်ပစ်တဲ့ တာဝေး‌ရှော့ဒုံးတွေကို မေလအတွင်း တီတွင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကျနော်တို့မှာ လက်နက်ငယ်အတွက် အခက်ခဲရှိတယ်။ စစ်ကောင်စီက ပစ်ခတ်ပြီးထွက်သွားချိန်မှာ ကျန်ခဲ့တဲ့ ကျည်ခွံတွေရှိတယ်။ အဲ့ဒီထဲကို ယမ်းထည့်ပြီး ပြန်သုံးတာရှိတယ်။ ပြန်သုံးလို့မရရင်လည်း အဲ့အခွံရဲ့ပုံစံနဲ့ နည်းကို ကြည့်ပြီး ပြန်လုပ်ရတာလည်းရှိတယ်။ အန္တရာယ်များလို့ ကျနော့ရဲဘော်တွေကိုမခိုင်းဘူး။ ကျနော်ကိုယ်တိုင်လုပ်တယ်။ အခုထိတော့ ထိခိုက်တာမရှိသေးဘူး" လို့ ဒုံးပျံဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အဲ့လိုပဲ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က တောကြီးမြွေပွေး အဖွဲ့က ပေါက်ကွဲမှုပြင်ထန်တဲ့ ‌ရော့ကတ် မမ ၅၀၀ အမျိုးအစား လက်နက်ကြီကို တီထွင်နိုင်တယ်လို့ ဇွန် ၁၀ ရက်မှာထုတ်ပြန်ပါတယ်။

ဒီတီထွင်မှုအတွက်လည်း ထိခိုက်ဒဏ်ရာတွေ ရတာတွေရှိခဲ့တယ်လို့ အဲ့ဒီအဖွဲ့ ခေါင်းဆောင် ဗိုလ်တီက ပြောပါတယ်။

" ကျနော်တို့ လုပ်တာက ပုံမှန်လို နေရာမှာမဟုတ်ဘဲ တောထဲမှာဆိုတော့ အချိန် တစ်နာရီကြာမယ့်ဟာကို ငါးနာရီလောက် ပေးရတာတွေရှိတယ်။ ဝရိန်ဆော်ရင်း ထိခိုက်တာတွေရှိတယ်။ ဒီရော့ကတ် ပထမဆုံး စမ်းသပ်တုန်းက ပြောင်းကွဲသွားလို့ အနားမှာရှိတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ထိသွားတာမျိုးရှိတယ်။ အသက်အန္တရာယ် ထိခိုက်တဲ့အထိတော့ မဖြစ်ဘူးပေါ့။ အဲ့လိုမဖြစ်အောင်လည်း ဖြစ်နိုင်ခြေတွေကို သေချာတွက်ပြီးမှ လုပ်ကြတာ" လို့ ဗိုလ်တီက ပြောပါတယ်။

‌ဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း သူတို့ စွမ်းသလောက် လက်နက်တွေ တီတွင်ကြသလို CDM တပ်မတော်သားတွေဖွဲ့စည်းထားတဲ့ People Solider's Production Team ကလည်း ကားမိုင်းတွေ၊ Drone နဲ့ပစ်လို့ရတဲ့ ဗုံးတွေ၊ တစ်ထောင့်ထိုး လက်နက်ငယ် စတာတွေကို တီတွင်ပြီး သူတို့အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက တော်လှန်ရေးအဖွဲ့တွေကို ဖြန့်ဝေပေးနေတယ်လို့ ဦးဆောင်သူ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။

" လက်နက်စမ်းသပ်၊ ပစ်ခတ်ရင်း သေဆုံးတာတော့ မရှိဘူး၊ ထုတ်လုပ်တဲ့အချိန်နဲ့ သယ်ဆောင်တဲ့အချိန်မှာတော့ ကိုယ်လက်တွေကို ထိခိုက်ဒဏ်ရာရတာ ငါးယောက်တော့ရှိတယ်။" လို့ သူက ပြောပါတယ်။

အသင့်ဝယ်သုံးနိုင်တဲ့ လက်နက်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ခက်ခဲတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အသက်အန္တရာယ် ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရမယ့် အန္တရာယ်တွေ ကြားကပဲ စမ်းသပ်၊ တီတွင် ထုတ်လုပ်နေကြရတာဖြစ်ပါတယ်။

ဒီလိုအန္တရာယ်ကြားမှာ အသက်စွန့်လုပ်ကိုင်နေတဲ့ သူတို့ကတော့ ပြည်သူတွေ များများ ပါဝင်ဖို့နဲ့ ဒီတော်လှန်ရေးကြီး မြန်မြန်ပြီးဆုံးဖို့ ဆန္ဒရှိနေကြတာလည်း ဖြစ်ပါတယ်။