ဖားကန့်၊ ဟုမ္မလင်းနဲ့ ခန္တီးမြို့တွေမှာ ရေကြီးမှုဖြစ်ပွား
ဒီကနေ့ ဇွန် ၁၃ရက်မှာ ဥရုချောင်းရေတက်တာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်းမြို့နယ်က ကျေးရွာတချို့မှာ ရေတက်နေပြီး လမ်းမနဲ့ တံတားတချို့ ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်အစပ်မှာရှိတဲ့ ခန္တီးမြို့နယ်ထဲက မိုင်းနောင်ရွာဘက်မှာလည်း ရေတက်နေတယ်လို့ ဒေသခံတွေကသိရပြီး စိုးရိမ်စရာအခြေအနေမရှိသေးဘူးလို့ ပြောကြပါတယ်။
မနေ့ ဇွန် ၁၂ရက်မှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရပ်ကွက်တချို့သာမက ကျေးရွာတွေဘက်မှာပါ ရေကြီးခဲ့တယ်လို့ သိရပါတယ်။
"မနေ့ညက ရေတအားတက်လာတယ်၊ ဒီနေ့မနက်တော့ ရေပြန်ကျပြီ။ ဒါပေမဲ့ တချို့ရပ်ကွက်တွေ အနိမ့်ပိုင်းတွေကတော့ ရေကျန်နေတုန်းပဲ" လို့ ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖားကန့်မြို့က ရပ်ကွက်တချို့မှာ ရေကြီးနေဆဲဖြစ်တာကြောင့် ထမင်းထုပ်တွေလိုအပ်နေပြီး ပြည်သူအချင်းချင်းကူညီပေးဝေနေကြတယ်လို့လည်း သိရပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မိုးပိုလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေခန့်မှန်းထားကြပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။