ဗန်းမော်မှာရေကြီးနေတာကြောင့် ဒေသခံတွေအခက်အခဲကြုံ, မြစ်ရေတက်လာနိုင်တယ်လို့ မိုးဇလထုတ်ပြန်
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဧရာဝတီမြစ်ရေလျှံတာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ မြို့တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာဆိုရင်လည်း ဇွန် ၁၈ရက်ကစပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာကနေ ဒီကနေ့ ဇွန် ၂၁ရက်မနက်အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေမှာ အခက်အခဲကြုံနေရပြီလို့ ဆိုပါတယ်။
"ရေကြီးနေတော့ အလုပ်တွေမလုပ်နိုင်ဘူးလေ၊ ဒီတော့ စားဝတ်နေရေးကအဆင်မပြေဘူး။ အရင်နှစ်တွေထက်စောပြီးရေကြီးတာရော ကြိုတင်ပြင်ဆင်မှုမရှိတာအပြင် အလှူရှင်လည်းမရှိတော့ ပိုပြီး ခက်ခဲနေတာ။ ကူညီတာကလည်း ရေနဲ့ဆေးဝါးလောက်ပဲ ကူနိုင်တယ်။ တခြားကူညီပံ့ပိုးမှုတွေမရပါဘူး။" လို့ ဗန်းမော် ရေဘေးကူညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတော့ ရေတက်နေတဲ့ ရွှေကူ၊ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့တို့က ရေဘေးရှောင်ဦးရေ ၁၁၈၀ကို ကူညီပေးခဲ့ပြီး ထောက်ပံ့မှုတွေဆောင်ရွက်ပေးခဲ့တယ်လို့ ဒီကနေ့စစ်ကောင်စီထုတ်သတင်းစာမှာ ဖော်ပြပါတယ်။
တဖက်မှာလည်း ဇွန်လနောက်ဆုံးရက် (၁၀)အတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့တွေမှာ (၁)ပေကနေ (၃)ပေအထိနဲ့ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာတော့ မြစ်ရေဟာ (၂) ပေကနေ (၄) ပေခန့်အထိ ရေမှတ်အထိ မြင့်တက်လာနိုင်ချေရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်ရေအပါအဝင် တခြားမြစ်ရေတွေလည်း လက်ရှိရေမှတ်တွေထက် ဆက်လက်မြင့်တက်လာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။