အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ
ဖြစ်တဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက
သေဒဏ်မစီရင်နိုင်အောင် တားဆီးပေးကြဖို့ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လူ့အခွင့်အရေးဆိုင်ရာ
အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) က တိုက်တွန်းလိုက်ပါတယ်။
သူတို့ ၄ ဦးကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့
စစ်ကောင်စီရဲ့ ကြေညာချက်ကြောင့် အာဆီယံ ပါလီမန်အမတ်တွေ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်လို့
တနင်္လာနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR)
ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီသေဒဏ်စီရင်မှုကို တားဆီးဖို့
အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အစွမ်းကုန် ကြိုးစားသင့်ပါတယ်။ စစ်ကောင်စီအနေနဲ့
ဒီသေဒဏ်စီရင်မှုကို တကယ်တန်းရှေ့တိုး လုပ်လိုက်မယ်ဆိုရင်တော့ ဒီလုပ်ရပ်ဟာ နိုင်ငံရေးသမားတွေကို
သွေးအေးအေးနဲ့ လုပ်ကြံသတ်ဖြတ်တာမျိုး ဖြစ်သွားပါလိမ့်မယ်”
“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အာဆီယံနိုင်ငံတွေနဲ့
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်အကြား သဘောတူခဲ့ကြတဲ့ ဘုံသဘောတူချက် မူ ၅ ချက်ထဲမှာ
ဖော်ပြထားတဲ့အတိုင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အချက်ဟာ စစ်ကောင်စီဘက်က အားထုတ်
လုပ်ဆောင်တာမျိုး လုံးဝမရှိတာကြောင့် နဂိုကတည်းကိုက အလားအလာနည်းနေရတဲ့ကြားထဲ ဒီသေဒဏ်ချမှတ်မှုတွေကြောင့်
ပိုအလှမ်းဝေးသွားနိုင်တယ်” လို့လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့
(APHR) ဥက္ကဋ္ဌ မလေးရှားပါလီမန်အမတ်ချားလ်စ် ဆန်တီယေးဂိုးက ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ လူ ၄ ဦးကို သေဒဏ်စီရင်မှုကနေ အကန့်အသတ်မရှိ
ချက်ချင်း ကင်းလွတ်ခွင့် ပေးရေးနဲ့ ထိန်းသိမ်းထားရာကနေ လွှတ်ပေးရေးကို အရေးတကြီး
တောင်းဆိုကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက်ကိုရော၊ အာဆီယံ မဟာမိတ်နိုင်ငံတွေကိုပါ
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က
တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက
စလို့ သေဒဏ် ချမှတ်ခံရသူပေါင်း အနည်းဆုံး ၈၆ ဦး ရှိနေပြီ ဖြစ်ပြီး သေဒဏ်ချမှတ်ချိန်မှာ
အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူတွေလည်း ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ
အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။