ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ပါတီထုတ်ပြန်

    လာမယ့် ၂၀၂၃သြဂုတ်လမှာအထွေထွေရွေးကောက်ပွဲပြန်လုပ်မယ်လို့ စစ်ကောင်စီက ပြောဆိုထားချက်အပေါ် လုံးဝအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒီကနေ့ ဇွန်လ ၁၀ ရက်မှာထုတ်ပြန်လာပါတယ်။

    လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ပြောဆိုချက်နဲ့အတူ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပြီး စစ်ကောင်စီနဲ့ သူတို့ခန့်အပ်ထားတဲ့ ‌ရွေးကောက်ပွဲကော်မရှင်ကို လုံးဝအသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်လာတာပါ။

    ဒါ့အပြင်စစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရပြုလုပ်မှာဖြစ်ပြီး စစ်အာဏာသိမ်းတာကိုဆန့်ကျင်နေမှုတွေနဲ့ပြည်သူတွေကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်ပို့ဖို့ကြိုးစားနေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါကြောင့် အခုလိုရွေးကောက်ပွဲတစ်ရပ်ပြန်လုပ်တာဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်နေတဲ့ အင်အားစုတွေကြား ရှုပ်ထွေးသွားစေပြီး စစ်ကောင်စီကရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကြားက ရုန်းထွက်ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ တစ်နိုင်ငံလုံးနေရာမလပ်‌ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာပြောကြားထားသလို နိုင်ငံတဝန်း လူဦးရေစာရင်းကောက်ယူတာတွေ ခရိုင်အသစ်တိုးချဲ့ပြင်ဆင်တာတွေလုပ်တာတွေရှိနေပါတယ်။

    နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အခုလိုခရိုင်တွေတိုးချဲ့တာက လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် - PR ကျင့်သုံးဖို့အတွက် မဲဆန္ဒနယ်တွေပြင်ဆင်ဖို့ အဓိကရည်ရွယ်တာလို့ သုံးသပ်ထားကြပါတယ်။

  2. ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၅ ဦးကို လျှို့ဝှက် အက်ဥပဒေအရ စွဲချက်တင်

  3. WHO ဝန်ထမ်း သတ်ဖြတ်ခံရမှု ကုလရှုတ်ချ

    ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(WHO)ရဲ့ဝန်ထမ်းတစ်ဦးမော်လမြိုင်မြို့မှာမနေ့ဇွန်လ၈ရက်ညနေပိုင်းမှာပစ်ခတ်ခံရပြီးသေဆုံးတာနဲ့ပတ်သတ်လို့အဲဒီသတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂ မြန်မာရုံးက ထုတ်ပြန်ပါတယ်။

    ကုလသမဂ္ဂနဲ့လူသားချင်းစာနာမှုအရေးလုပ်ဆောင်သူတွေရဲ့ဘက်မလိုက်မှုကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကလေးစားကြဖို့ မေတ္တာရပ်ခံကြောင်းနဲ့ဒီသတ်ဖြတ်ခံရမှုအတွက်သမာသမတ်ကျကျစုံစမ်းစစ်ဆေးမှုနဲ့ကျူးလွန်သူတွေကတာဝန်ခံဖို့ကိုကုလသမဂ္ဂကမျှော်လင့်ကြောင်း စတာတွေကိုလည်း ပြောပါတယ်။

    သတ်ဖြတ်ခံခဲ့ရသူဟာ WHO ဝန်ထမ်းဦးမျိုးမင်းထွဋ်ဆိုသူဖြစ်ပြီးဆိုင်ကယ်နဲ့ရုံးကနေအိမ်အပြန်သံလွင်ဥယျာဥ်လမ်းမှာသေနတ်ပစ်ခံရပြီးသေဆုံးခဲ့တာလို့ WHO မြန်မာရုံးကမနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သူဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး သူဟာ CDM မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်နေသူဖြစ်တာကြောင့် ပစ်ခတ်ခဲ့တာဆိုပြီး မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။

    ဘီဘီစီအနေနဲ့ ဦးမျိုးမင်းထွဋ်အပေါ် အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

  4. အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှု ILO စစ်ဆေးမယ်

  5. တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေးခရိုင်တရားရုံးမှာ စတင်ရုံးထုတ်

    တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဒီနေ့ မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းမှာ တရားလိုစစ်မှာဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

    ဒေါ်ရွက်နုအောင်ဟာ သူ့အမှုကို သူကိုယ်တိုင်ရင်ဆိုင်မယ်လို့ ပြောကြားထားတာပါ။ ဒါပေမဲ့ အဲဒီလိုကိုယ်တိုင် အမှုကို ရင်ဆိုင်မှာအပြင် နောက်ထပ်ရှေ့နေတချို့လည်းငှားရမ်းထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

    "အိုးဘိုထဲရှိချိန် ကားနဲ့ ( ဒေါ်ရွက်နုအောင်) ထွက်သွားတာ မြင်လိုက်တယ်။ သူငှားထားတဲ့ ရှေ့နေတွေလာတယ်။ သူကိုယ်တိုင် အမှုလိုက်မယ်ဆိုတာ သူ့ဘာသာသူလည်း ထုချေမယ်။ ရှေ့နေလည်း ပါတယ်" လို့ မန္တလေးမြို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ဒေါ်ရွက်နုအောင်အမှုနဲ့ပတ်သက်လို့ ပြောပြပါတယ်။

    ဒေါ်ရွက်နုအောင်ကို ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေကျပ်သုံးသိန်း ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဧပြီ ၂၈ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)နဲ့ မန္တလေးခရိုင်ရဲမှူးက အမှု့ဖွင့်ထားတာ ဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို ဇွန်လ ၂၃ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။

    ဒေါ်ရွက်နုအောင်ဟာ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သလို မန္တလေးတိုင်း NLD ပါတီ၀င်တစ်ဦး ဖြစ်ခဲ့သူပါ။ သူဖမ်းဆီးမခံရခင် ဦးဝင်းထိန်အမှုအပါအဝင် NLD ပါတီဝင်တွေရဲ့ အမှုတွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အမှုတွေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေရဲ့ အမှု့တွဲတွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

  6. ရေစကြို၊ ဆင်ဖြူရှင်တံတားက စစ်ကောင်စီဂိတ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲမှာရှိတဲ့ ဆင်ဖြူရှင်တံတားက စစ်ကောင်စီဂိတ်စခန်းကို ဒီနေ့ ဇွန်လ ၉ ရက် မွန်းလွဲပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီဂိတ်စခန်းကို ၁ နာရီနီးပါးကြာ တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ လည်း ဒေသကာကွယ်ရေးဘက်က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ ငွေကျပ် သိန်း ၁၁၀၊ သေနတ်နဲ့ ကျည်တွေ သိမ်းမိခဲ့ပြီး ဂိတ်စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သယ်လာတဲ့ သေနတ် အလက် ၂၀ နီးပါးနဲ့ ကျည်တွေ လမ်းမှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့သတင်းကို ရေစကြို PDF ဘက်က မနေ့တုန်းက ထုတ်ပြန်ခဲ့အပြီးမှာ အခု တိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဆင်ဖြူရှင်တံတားဂိတ်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တစုံတရာ သတင်း မထုတ်ပြန်သေးပါဘူး။

  7. ဧရာဝတီသတင်းဌာနက ဓါတ်ပုံသတင်းထောက်ဟောင်းကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီတရားစွဲ

    ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က မန္တလေးမြို့မှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ ဧရာဝတီဓါတ်ပုံသတင်းထောက်ဟောင်းကိုဇော်ဇော်ကို စစ်ကောင်စီက မနေ့ ဇွန်လ ၈ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်လို့တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

    ဓါတ်ပုံသတင်းထောက်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုဇော်ဇော်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီးတစ်လကျော်ကြာမှ မန္တလေးအိုးဘိုထောင်ကိုရောက်ရှိလာတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    မနေ့ဇွန်လ ၈ ရက်နေ့မှာ အိုးဘိုထောင်အထူးတရားရုံးမှာ စတင်ရုံးထုတ်ပြီးပုဒ်မ ၅၀၅(က) နဲ့ ပုဒ်မတပ်တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

    " ၆ရက်နေ့က အမှုတွဲတင်တယ်။ Video conferencing တွေ့ပြီး ၈ရက်နေ့မှ ရုံးထုတ်တယ်။ သူက ကျန်းမာရေးကောင်းတယ်။ ဇော်ဇော်ကပြောတယ်၊ ခန္ဓာကိုယ်ထိခိုက်အောင် နှိပ်စက်တာမရှိဘူးလို့ ပြောတယ်။ အစားသောက်မမှန်လို့ နည်းနည်း ပိန်တာပဲရှိတာ"လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေက တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

    ပြီးခဲ့တဲ့ မေလ ၃၀ရက်နေ့မှာ စစ်ကိုင်းမြို့က သတင်းထောက်ဟောင်း အသက် ၈၀ ခန့်အရွယ် ဦးကြည်အောင်လည်း အဖမ်းခံလိုက်ရပြီး အခုချိန်ထိမိသားစုနဲ့အဆက်အသွယ်မရဘူးလို့နီးစပ်သူတွေကပြောပါတယ်။

    ဦးကြည်အောင်ကတော့ စစ်အာဏာမသိမ်းခင်က ဖလားဝါးနယူးစ်၊ ရန်ကုန်တိုင်း(မ်) သတင်းဌာနတွေအတွက် စစ်ကိုင်းမြို့နဲ့ မန္တလေးကသတင်းတွေကို ပို့ပေးခဲ့တဲ့ သတင်းထောက်ဟောင်း တစ်ဦးဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ အမျိုးသမီးသတင်းထောက်ဟောင်း ကျောင်းဆရာမ မကေဇာအပါအဝင် သတင်းထောက် သုံးယောက်နဲ့ ကဗျာဆရာ နှစ်ယောက် ဖမ်းဆီးခံရပါတယ်။ အဲဒီထဲက CMTV သတင်းဌာနကသတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၅ရက်နေ့မှာထောင်ဒဏ် ၅ နှစ်ချခဲ့တယ်လို့နီးစပ်သူတွေကပြောပါတယ်။

  8. ကချင်ကွန်ဂရက်ပါတီခေါင်းဆောင်ကို စွဲချက်အမိန့်ချရက်ရွှေ့

    ကချင်ကွန်ဂရက်ပါတီခေါင်းဆောင် ‌ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုအတွက် စွဲချက်အမိန့်ချရက်ကို လာမယ့်သီတင်းပတ်ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်။

    ‌ဒေါက်တာ အမ်ကောန်လကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)နဲ့ မြစ်ကြီးနားတရားရုံးမှာ မနေ့ ဇွန်လ ၉ ရက်မှာ ရုံးထုတ်ချိန် အမှုအတွက် စွဲချက်အမိန့်ချဖို့ရှိခဲ့ပေမဲ့ လာမယ့်တစ်ပတ် ဗုဒ္ဓဟူးနေ့ကို ရုံးချိန်း ထပ်ချိန်း လိုက်တာလို့ ပါတီဘက်က ပြောပါတယ်။

    သူဟာ ပုဒ်မ ပုဒ်မ ၅၀၅(က)နဲ့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ နေပြည်တော်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီးနောက် မြစ်ကြီးနားတရားရုံးမှာ အလားတူ ပုဒ်မနဲ့ ဆက်ပြီး တရားရင်ဆိုင်နေရတာပါ။

    ‌ဒေါက်တာ အမ်ကောန်လကတော့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လူထုသိသင့်တဲ့ အချက်အလက်တွေကို နိုင်ငံရေးအရ မှန်မှန်ကန်ကန်ထုတ်ဖော်ပြောဆိုခဲ့တဲ့သူ့အပေါ် အခုလိုတရားစွဲတာနဲ့ ထောင်ဒဏ်ချမှတ်တာဟာ များလွန်းတယ်လို့ ပြောထားတယ်ဆိုပြီး ပါတီဘက်က ပြောထားပါတယ်။

    လက်ရှိမှာ သူဟာ မြစ်ကြီးနားအကျဥ်းထောင်တွင်းကနေ အမှုကို ရင်ဆိုင်နေတာဖြစ်ပါတယ်။

  9. ဖားကန့်မှာ လူ ၃ ဦးပါတဲ့ အိမ်စီးကားတစ်စီး ရေကန်ထဲထိုးကျ, ကားပေါ်ပါသူတွေ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်က ရေကန်တစ်ခုထဲဒီနေ့ ဇွန်လ ၉ ရက် နေ့လယ်ပိုင်းမှာ လူ ၃ ဦးပါတဲ့ အိမ်စီးကားတစ်စီး ထိုးကျခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

    ပေသုံးရာလောက်နက်တဲ့ရေကန်ထဲကို ကားထိုးကျချိန် ကားပေါ်မှာ လသားကလေးငယ် ၁ ဦးနဲ့ သူ့ရဲ့ မိခင်ဖခင်တို့ ပါသွားခဲ့တာဖြစ်ပါတယ်။

    ဒီနေ့ မွန်းလွဲ ၃ နာရီကျော်တဲ့အထိ ကားကို ပြန်ဆယ်ဖို့ ကြိုးစားနေရတုန်းလို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ‌ပြောပါတယ်။

    ‘‘ကားကိုတော့ ချိတ်ဖို့ ကြိုးစားနေတုန်းပဲ။ ရေထဲနစ်တာ ၃ နာရီကျော်သွားပြီဆိုတော့ ကားပေါ် ပါသွားသူတွေကို အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး။ ကုမ္ပဏီကားတစ်စီးလို့တော့ သိရတယ်။ ဘယ်ကုမ္ပဏီကားလဲဆိုတာ စုံစမ်းနေတုန်းပါပဲ’’လို့ ကယ်ဆယ်ရေးမှာ ပါဝင်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပါဂျဲရိုးအမျိုးအစား အိမ်စီးကားဟာ ဆန်းကြွယ်တောင်နဲ့ ကျောက်သွေးတောင်ကြားက ရေကန်ထဲ ထိုးကျခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  10. တကျော့ပြန်ကချင်စစ်ပွဲ ၁၁ နှစ်ပြည့်ပါပြီ

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ကစလို့ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတာဒီကနေ့ဆိုရင် ၁၁နှစ်ပြည့်ခဲ့ပါပြီ။

    တိုက်ပွဲတွေနဲ့အတူ ကချင်ပြည်နယ်ထဲကသိန်းနဲ့ချီတဲ့ ဒေသခံတွေဟာဆယ်စုနှစ်တစ်စုစာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်စစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲတွေထပ်ပြင်းထန်ခဲ့ပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့အရေးက ပိုပြီးဝေးကွာတဲ့အခြေအနေဖြစ်နေပါတယ်။

  11. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင်ကို အာဏာသိမ်းစစ်ခေါင်းဆောင်သွားရောက်, အဆောက်အဦတွေပြန်ပြင်ဖို့ပြော

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ညီလာခံကျင်းပခဲ့တဲ့ ညောင်နှစ်ပင်ကျေးရွာနားက ပြည်ထောင်စုခန်းမကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ ဇွန်လ ၈ ရက်နေ့ကသွားရောက်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

    ညောင်နှစ်ပင်ကျေးရွာအနီးမှာရှိတဲ့ ဒီပြည်ထောင်စုခန်းမဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ဖို့ အတွက် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိအစုအဖွဲ့ ၈ ဖွဲက ကိုယ်စားလှယ် ၇၀၂ ဦးနဲ့ အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့နေရာတစ်ခုဖြစ်တယ်လို့စစ်ကောင်စီထုတ်သတင်းစာမှာ‌ဖော်ပြထားပါတယ်။

    အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန်ကစလို့ ဒီခန်းမကိုအသုံးပြုတာမရှိတော့ဘူးလို့လည်း ဆိုပါတယ်။

    မြေဧရိယာ ဧက ၅၀၀ကျော်လောက်ကျယ်ဝန်းတဲ့ ဒီနေရာကိုတော့ စိုက်ပျိုးရေးနဲ့မွေးမြူရေးဇုန်‌တွေအဖြစ်လက်ရှိမှာအသုံးပြုထားပြီး သမိုင်းအဝင်အဆောက်အဦအနေနဲ့ ပြန်လည်ပြင်ဆင်ထိန်းသိမ်းဖို့လိုတယ်လို့လည်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသွားပါတယ်။

  12. မန္တလေးမြို့က သူရိယဆေးခန်းပိုင်ရှင် စစ်ကြောရေးမှာသေဆုံးတယ်ဆိုတဲ့သတင်းမဟုတ်မှန်, အိုးဘိုအကျဥ်းထောင်ကိုရောက်နေတယ်လို့ ဆို

    ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတဲ့ မန္တလေးမြို့က သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းစစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေတာမဟုတ်မှန်ဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

    CDM ဆရာဝန်တွေကိုအလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းဟာ လက်ရှိမှာ မန္တလေးအိုးဘိုအကျဥ်းထောင်ကိုရောက်ရှိနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ဖမ်းဆီးချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပြင် မိသားစုဝင်တချို့ကိုပါဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

    ဖမ်းဆီးသွားတဲ့အထဲက ဒေါက်တာအောင်အောင်ထွန်းရဲ့ ဖခင်ဖြစ်သူနဲ့ သူ့ရဲ့ ချစ်သူအမျိုးသမီးကိုတော့စစ်ကောင်စီကပြန်လွှတ်လိုက်ပြီး အစ်မဖြစ်သူနဲ့ ဒေါက်တာအောင်အောင်ထွန်းကတော့ အိုးဘိုအကျဥ်းထောင်ထဲမှာ ဆက်ပြီးဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    လက်ရှိအိုးဘိုအကျဥ်းထောင်ထဲမှာရောက်ရှိနေတဲ့ ဒေါက်တာအောင်အောင်ထွန်းရဲ့အစ်မဖြစ်သူဟာလည်း ကျန်းမာရေးမကောင်းဘူးလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပြပါတယ်။ဒ

    ါ့အပြင် ဒေါက်တာအောင်အောင်ထွန်းကိုဖမ်းဆီးပြီးနောက်ပိုင်းမှာတော့ မန္တလေးမြို့ပေါ်မှာရှိတဲ့ သူရိယဆေးခန်းအားလုံးကိုစစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ဧပြီလကုန်ပိုင်းက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းအပါဝင် မိသားစု သုံးဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သူတို့ကို CDM ဆရာဝန်တွေကို အလုပ်လက်ခံပေးတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရပြီး နောက်ရက်မှာ မြို့ပေါ်က ဖွင့်လှစ်ထားတဲ့ သူရိယဆေးခန်း အားလုံးကို စစ်ကောင်စီအဖွဲ့က ချိပ်ပိတ်ခဲ့ပါတယ်။

  13. ဆွီဒင်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မနေ့ ဇွန်လ ၈ ရက်မှာ ဆွီဇင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။

    NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။

    မြန်မာပြည်တွင်းကအခြေအနေ၊ နောက် မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းစွာအဖြေရှာရေးမှာ မြန်မာလူထုကို ဆက်လက်ထောက်ပံ့ဖို့ အရေးတွေ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ဆွီဒင်နိုင်ငံတကာဖွဲ့ဖြိုး‌ရေးအေဂျင်စီ(စီဒါ)ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာပြည်တွင်းမှာ နိုင်ငံ့အဖွဲ့အစည်းတွေဆီကို တိုက်ရိုက်အကူအညီပေးတာမျိုးမရှိတော့ဘဲ အရပ်ဘက် အဖွဲ့အစည်းတွေကနေတဆင့်ပဲ အကူအညီတွေ ပေးနေပါတယ်။

  14. ဒေါ်အောင်ဆန်းစုကြည်ပါ ၅ ဦးကို စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့၀ှက်အက်အမှု စွဲချက်တင်အမိန့်ချ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးကို စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့၀ှက်ချက်အက်အမှုကို ဒီနေ့ ဇွန်လ ၉ ရက် ရုံးချိန်းမှာ စွဲချက်တင်အမိန့်ချခဲ့တယ်လို့သိရပါတယ်။

    နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ အခုလို ဆုံးဖြတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရှိရတာဖြစ်ပါတယ်။

    ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စီးပွားရေးအကြံပေး သြစ‌တြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို စွဲဆိုထားတာဖြစ်ပါတယ်။

    အမှုကို စွဲချက်တင်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူတွေက သူတို့မှာ အပြစ်မရှိကြောင်းရုံးတော်မှာ ထွက်ဆိုထားသလို တရားလိုဖြစ်သူ ရဲမှူးအောင်မျိုးလွင်နဲ့ အမှုစစ် ၂ ဦးအပါအဝင် လေးဦးကို ပြန်ခေါ်သက်သေအဖြစ်ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

    ဒီအမှုအတွက် နောက်ရုံးချိန်းကို လာမယ့်နောက်တစ်ပတ် ကြာသပတေးနေ့မှာ ဆက်လက်ကြားနာဖို့ရှိပါတယ်။

    ဒီနေ့ ရုံးချိန်းကို အာမခံနဲ့ အပြင်မှာနေထိုင်နေတဲ့ ဦးစိုးဝင်းအပါအဝင် စွပ်စွဲခံရသူ ၅ ဦးစလုံးလူကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

    စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကိုတော့ ဒီနေ့မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ စွပ်စွဲထားတဲ့အမှုကိုလည်း ဆက်လက်ကြားနာခဲ့တယ်လို့သိရပြီး အဲဒီအမှုနဲ့ပတ်သက်လို့ မစ္စတာရှောင်တာနယ်ရဲ့ရှေ့နေနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ မစ္စတာ ရှောင်တာနယ်ရဲ့လပ်တော့ကွန်ပျူတာထဲမှာ တွေ့ရတဲ့ စာရွက်စာတမ်းတွေကြောင့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကတော့ ဒီစာရွက်စာတမ်းတွေဟာ နိုင်ငံတိုးတက်ရေးဆိုင်ရာ အကြောင်းအရာတွေသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

  15. ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ, စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်လို့ ကေအဲန်ယူပြော

    ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်အင်အားအပြည့်နဲ့ မောင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒေါင်းတောင်(လက်ပံပင်ရွာ)နဲ့ ဘိုက္ကားကျေးရွာအကြားမှာ စစ်ကောင်စီယာဥ်တန်းကို မနေ့ ဇွန်လ ၈ ရက်မှာ တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ကေအဲန်ယူဘက်က ပြောပါတယ်။

    အဲဒီစစ်ကောင်စီယာဥ်တန်းဟာ ပဲခူးကနေ သထုံဘက်ကို မောင်းလာချိန် ဒေါင်းတောင်ကို အရောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက မိုးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ကေအဲန်ယူကတော့ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားတာနဲ့ အင်အားတိုးချဲ့ လာတာတွေကြောင့် KNLA/LNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီနယ်မြေအတွင်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

  16. ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးရဲ့ အိမ်အမွေမှု - အထူးအယူခံကို တရားလွှတ်တော်ချုပ်မှာ ကြားနာဖို့ရှိ

    ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄ နေအိမ်အမွေမှုနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန် ၂၇ ရက်မှာ ကြားနာဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ဒီအမှုဟာ ဦးအောင်ဆန်းဦးဘက်က အဆင့်ဆင့်ရှုံးနိမ့်ပြီးပြီးသား အမှုဖြစ်ပေမဲ့ အခုအခါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့အမှုခေါ်စာရင်းမှာ ပါ၀င်နေတာဖြစ်လို့ အမှုကို ပြန်ခေါ်ဖို့ခွင့်ပြုလိုက်တယ်လို့နားလည်ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

    ဥပဒေကြောင်းအရ အခုပြန်ခေါ်တဲ့အမှုအတွက် စုံညီခုံရုံးကနေ နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပြီး အယူခံတရားလို ဦးအောင်ဆန်းဦးရဲ့တင်ပြချက်ကိုလက်ခံရင် အမှုကို လက်ခံတဲ့သဘောဖြစ်ပြီး အယူခံတရားပြိုင်ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်လဲချက်ကို လက်ခံရင် အမှုကို ပလပ်တဲ့သဘောပဲလို့ သူက ဆက်ရှင်းပြပါတယ်။

    ပြီးခဲ့တဲ့ ၂၀၁၈ မှာ နေပြည်တော်တရားလွှတ်တော်ချုပ်ကနေ ဦးအောင်ဆန်းဦးရဲ့အယူခံကို ပလပ်ခဲ့တာဖြစ်ပါတယ်။

    အခုလိုပလပ်ထားပြီးသားအမှုဖြစ်ပေမဲ့ အမှုတစ်ခုမှာ ဥပဒေအရ ဖော်ထုတ်ပြီးတော့ ဆုံးဖြတ်တင်ပြရဖို့ အကြောင်းချင်းရာ ကျန်ခဲ့တယ်လို့ တင်ပြတာရှိရင် ပြန်လည် ကြားနာတာမျိုးရှိတတ်တယ်လို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

    ဦးအောင်ဆန်းဦးနဲ့ဒေါ်အောင်ဆန်းစုကြည်ကြား ဒီအမွေမှုဟာ အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

    ‘ဒီအမွေကိုတစ်‌ယောက်တစ်၀က်လုပ်ချင်လုပ် ၊ မဟုတ်ရင် အကုန်လုံးကို လေလံပစ်ပြီးရတာကို အခွန်နုတ်ပြီးကျန်တာကို တစ်ယောက်တစ်၀က်ယူလိုက်ရင်ရှင်းနေတာပဲ’ လို့ ဦးအောင်ဆန်းဦးက ဘီဘီစီနဲ့ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က သီးသန့်တွေ့ဆုံခန်းမှာပြောကြားထားပါတယ်။

  17. မော်လမြိုင်မြို့မှာ WHO ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

    ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(WHO)ရဲ့ ဝန်ထမ်းအမျိုးသားတစ်ဦးဟာ မော်လမြိုင်မြို့မှာ မနေ့ ဇွန်လ ၈ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရလို့သေဆုံးခဲ့ပါတယ်။

    အဲဒီဝန်ထမ်းဟာ ဦးမျိုးမင်းထွဋ်ဆိုသူဖြစ်ပြီး ဆိုင်ကယ်နဲ့ ရုံးကနေ အိမ်အပြန် သံလွင်ဥယျာဥ်လမ်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တာလို့ WHO မြန်မာရုံးက သတင်းထုတ်ပြန်ပါတယ်။

    ဦးမျိုးမင်းထွဋ်ဟာ WHO မြန်မာရုံးမှာ ယာဥ်မောင်းအဖြစ်လုပ်ကိုင်နေတာ ၅ နှစ်နီးပါးရှိပြီလို့လည်း ဆိုပါတယ်။

    ဦးမျိုးမင်းထွဋ်ဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး သူဟာ CDM မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်နေသူဖြစ်တာကြောင့် ပစ်ခတ်ခဲ့တာဆိုပြီး မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဘီဘီစီအနေနဲ့ ဦးမျိုးမင်းထွဋ်အပေါ် အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

  18. မြန်မာပြည်မှာ စားသုံးဆီနဲ့ ကြက်သွန်နီဈေးတွေ တက်လာ

  19. ဘားအံ တောင်ကလေးထောင်မှာ အာဏာသိမ်းဆန့်ကျင်တဲ့ အကျဥ်းသားတွေကို ဖိနှိပ်နေတယ်လို့ဆို

    ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်မှာစစ်အာဏာသိမ်း ဆန့်ကျင်မှုပုဒ်မတွေနဲ့ အကျဉ်းကျနေသူတွေကို ဇွန်လ ၅ ရက် နောက်ပိုင်းကစပြီးဖိနှိပ်ညှဥ်းပန်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

    အကျဥ်းကျ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဘားအံတက္ကသိုလ်တွေက ကျောင်းသားတွေကို ရာဇဝတ်မှု အကျဥ်းသားဆောင်တွေကို ရွှေ့ပြောင်းစေတာမှာ မရွှေ့ပြောင်းသူတွေကို ကိုယ်ခန္ဓာဒဏ်ရာရတဲ့အထိ ဖိနှိပ်ညှဥ်းပန်းမှုတွေ လုပ်ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

    ဒီလို ဖိနှိပ်မှု၊ ကိုယ်စိတ်ညှင်းပန်းမှု၊ အစာရေစာဖြတ်မှု စတာတွေကို ဇွန်လ ၅ ရက် က စပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျောင်းသားအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းသားအခွင့်အရေး၊ထောင်၀င်စာအခွင့်အရေး မပေးဘဲ လူအခွင့်အရေး ချိုးဖောက် ညဉ်းပန်းနှိပ်စက်တာတွေ တောင်ကလေးထောင်တွင်းမှာ ဖြစ်နေတယ်ဆိုတာ ဘားအံ ကျောင်းသားသမဂ္ဂကနေ ထုတ်ပြန်ချက် ထုတ်ထားကြောင်းလည်း အဲဒီ ဘားအံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်၊၊

    ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အကျဥ်းထောင် အာဏာပိုင်တွေက တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။

    အဲဒီ အကျဥ်းထောင်ထဲမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုနဲ့ အကျဥ်းကျနေသူတွေနဲ့ တရားစီရင်ဆဲ အချုပ်ကျနေသူ ၃၀၀ ဝန်းကျင်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

    အကျဥ်းသားတွေကို လူ ၇၀ လောက် နေရတဲ့ အဆောင်မှာ လူ ၁၂၀ လောက် ထားရှိတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုလို အခက်အခဲတွေလည်း ရှိနေတဲ့အပြင် အဲဒီအကျဥ်းသားတွေကို ရာဇဝတ်မှု အကျဥ်းသားတွေကတစ်ဆင့် ခိုင်းစေ၊ရန်စ၊ ညှင်းပန်းမှုတွေလည်း ရှိတယ်၊ ရော်ဘာကျည်သုံးသေနတ်တွေနဲ့ ပစ်ခတ်မှုတွေလည်းရှိတယ်လို့လည်း သူက ပြောဆိုပါတယ်။

    အဲဒီ အခြေအနေတွေကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ICRC တို့ထံကို အထောက်အထားတွေနဲ့ ပေးဖို့တိုင်ကြားဖို့ လုပ်ဆောင်မယ်လို့ ကရင်ပြည်နယ် ဘားအံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ တာ၀န်ရှိသူတွေက ပြောပါတယ်။

  20. ထူးကြီးမြို့မှာ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်တဲ့ပြောက်ကျား ၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်၊ ထူးကြီးမြို့က အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဒီနေ့ ဇွန်လ ၈ ရက်မှာ သွားရောက် ပစ်ခတ်တဲ့ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သူတို့ ၂ ဦးဟာ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ သွားရောက် ပစ်ခတ်ပြီးနောက် အလယ်စုကျေးရွာနဲ့ သရက်တောကျေးရွာ အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ချိန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကတော့ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကို ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ထူးကြီးဆေးရုံတင်ခဲ့ပေမဲ့ စိုးရိမ်ရလို့ ဟင်္သာတဆေးရုံကို ပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဟာ အာဏာသိမ်းအစောပိုင်းလတွေမှာ စစ်ကောင်စီက ဂြိုဟ်တုကနေ ထုတ်လွှင့်တဲ့ ရုပ်သံအစီအစဥ်တွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ ထိုင်းထုတ် ပီအက်စ်အိုင် စလောင်းတွေ ဖြုတ်ဖို့ ဆော်သြချိန်မှာ ရပ်ကွက်အတွင်း အတင်းအကြပ်ဖြုတ်သိမ်းခိုင်းတာမျိုးလို အပြုအမူတွေလုပ်ခဲ့သူလို့ အမှတ် ၃ ရပ်ကွက် ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိမရှိကိုတော့ စစ်ကောင်စီဘက်က တစ်စုံတစရာ ထုတ်ပြောတာ မတွေ့ရသေးပါဘူး။