ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပေါက်မြို့နယ်က စစ်ရှောင်တွေ ဆန်မရှိလို့ ဖွတ်စာဥ စားနေရ

  2. ရန်ကုန် မြို့တော်ဝန်ဟောင်းနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတချို့ ကို အဂတိမှုတွေနဲ့ စွပ်စွဲအရေးယူ, ကျပ်သန်း သောင်းချီ၊ ထောင်ချီ နစ်နာစေမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထား

    ရန်ကုန်မြို့တော်ဝန်ဟောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဟောင်းတချို့နဲ့ ရန်ကုန်စည်ပင်သာယာအဖွဲ့က တာဝန်ရှိသူတချို့ကို နိုင်ငံဘဏ္ဍာငွေတွေ ကျပ်သန်း သောင်းချီနဲ့ ထောင်ချီနစ်နာစေမှုတွေ အပါအဝင် အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဒီကနေ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

    ဒီအရေးယူထားသူတွေဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဟောင်းဦးဟံထွန်း၊ရန်ကုန်မြို့တော်ဝန်ဟောင်းဦးမောင်မောင်စိုး၊ဒုတိယမြို့တော်ဝန်ဟောင်းဦးစိုးလွင်၊အတွင်းရေးမှူးဟောင်းဒေါ်လှိုင်မော်ဦး၊တွဲဖက်အတွင်းရေးမှူးဟောင်းဦးသန်းနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်ဦးဇင်မင်းအောင်တို့ဖြစ်ပြီးသူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ရန်ကုန်မြို့ ကျောက်တံတားမြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်အရေးယူထားတယ်လို့အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။

    ရန်ကုန်မြို့တော်အတွင်း ဆီဆိုင်တွေ ဖွင့်လှစ်မှု မြေငှားချထားပေးမှုနဲ့ တခြားမြေငှားချထားမှုတွေမှာ ကျပ် သန်း နှစ်သောင်းကျော်နဲ့ ကျပ်သန်း လေးထောင်ကျော် နိုင်ငံဘဏ္ဍာငွေ နစ်နာမှုတွေ အပါအဝင် ရန်ကုန်မြို့တော် စည်ပင်ရေးရာ ကိစ္စ တခြား လုပ်ဆောင်ချက်တချို့ ကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့

    စွပ်စွဲပြီးအရေးယူထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး

    ဓာတ်ပုံ ရင်းမြစ်, Yangon Region Government

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး
  3. စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU/KNLA(PC) ဥက္ကဋ္ဌနဲ့အဖွဲ့တွေ့

    စစ်ကောင်စီထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တတိယမြောက်တွေ့ဆုံတဲ့အဖွဲ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ကဥက္ကဋ္ဌ စောထော့လေး ဦးဆောင်တဲ့အဖွဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဒီဆွေးနွေးမှုမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဖက်ဒရယ် အရေးကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ဒီအဖွဲ့က စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနဲ့ ဆက်ပြီး ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAနဲ့ မွန်ပြည်သစ်ပါတီ (NMSP)က ခေါင်းဆောင်တွေပါဝင်တဲ့ ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တွေဆုံခဲ့ကြပြီး ဖြစ်ပါတယ်။

    စစ်ကောင်စီထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

  4. မြစ်သာဆည်ဝန်းကျင်က ကျေးရွာတွေနားကို စစ်ရဟတ်ယာဥ် ၄ စီးနဲ့ လာရောက်ပစ်ခတ်ခတ်

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ် အနီးက မြစ်သာဆည်နားမှာ ဒီကနေ့ မေလ ၂၆ ရက်နေ့လယ်ပိုင်းက စစ်ရဟတ်ယာဥ် ၄ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’လာပစ်တာ စစ်ရဟတ်ယာဥ် ၄ စီးနဲ့လာတာပါ။ အဲဒီနားမှာ ကျေးရွာတွေလည်းရှိတယ်။ဆည်နားမှာ ဒေသကာကွယ်ရေးတပ်စခန်းတွေရှိတယ်ထင်ပြီးလာပစ်တာလို့လည်း ထင်တယ်။အခုပစ်ခတ်ပြီး စစ်ကောင်စီတပ်ကလူတွေလာချသွားတယ်လည်းသိရတယ်၊ဒါတော့ ဆက်အတည်ပြုနေတုန်းပဲ။အနားကရွာတွေကတော့ပြေးနေကြရပြီ’’လို့ YDF ထီးလင်းက တာဝန်ရှိသူကပြောပါတယ်။

    ဒီကနေ့ လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတွေဘက်မှာထိခိုက်မှုတွေရှိပေမဲ့အတည်ပြုနေဆဲဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

    ပစ်ခတ်မှုဖြစ်သွားတဲ့နေရာအနီးမှာတော့ ဒေသကာကွယ်ရေးတပ်တွေ တပ်စွဲထားတာမရှိပဲဘူးလို့လည်း ယောဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

    လက်ရှိမှာတော့ လာရောက်ပစ်ခတ်တဲ့ စစ်ရဟတ်ယာဥ်တွေ ပြန်လှည့်သွားပေမဲ့မြစ်သာဆည်အနီးက ဒေသခံ ရွာပေါင်း ၆ ရွာလောက်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

  5. မြန်မာစစ်အာဏာသိမ်းမှု - သေဒဏ်ချမှတ်မှုနှုန်း စိုးရိမ်ဖွယ်မြင့်တက်လာနေ

    ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ သေဒဏ်ချမှတ်တယ်လို့  စစ်ကောင်စီက ဇန်နဝါရီ ၂၁မှာ သတင်းထုတ်ပြန်ပါတယ်။
    ဓာတ်ပုံ ပုံစာ, ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ သေဒဏ်ချမှတ်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၁မှာ သတင်းထုတ်ပြန်ပါတယ်။

    စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)က ပြောလာပါတယ်။

    လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာတာလို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာဖော်ပြလာတာပါ။

    စစ်တပ်ဟာ အရပ်ဘက်အမှုကိစ္စတွေကို စစ်ခုံရုံးတွေဆီကို လွှဲပြောင်းပြီး အမှုတွေကို အပြည့်အဝ မကြားနာသလို အယူခံမပေးဘဲ သေဒဏ်ချမှတ်နေတာလို့လည်း AI အဖွဲ့ကပြောပါတယ်။

    တဖက်မှာလည်း အဲဒီလိုသေဒဏ်ချမှတ်တာတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြသူတွေနဲ့ သတင်းသမားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန်ပြုလုပ်နေတယ်လို့ မှတ်ယူရတယ်ဆိုပြီးတော့လည်း AI အဖွဲ့က အစီရင်ခံစာမှာဖော်ပြပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်တပ်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့(ဆိပ်ကမ်း)မြို့နယ်တွေမှာ စစ်ခုံရုံးက ကြားနာတဲ့အမှုတွေထဲက အချို့ကို သေဒဏ်ပြစ်ဒဏ်အများစု ချမှတ်နေတာဖြစ်ပါတယ်။

    အဲဒီလိုသေဒဏ်ချမှတ်ခံရသူတွေထဲမှာ လွှတ်တော်အမတ်ဦးဖြိုးဇေယျာသော်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့ ပါဝင်သလို တောင်ဒဂုံမြို့နယ်ထဲမှာ တစ်မိသားစုတည်းကနေ သေဒဏ်ချမှတ်ခံရတဲ့ ညီအကိုလေးဦးလည်းပါဝင်ပါတယ်။

    ဒါ့ပြင် စစ်ကောင်စီလက်အောက်က စစ်ခုံရုံးတွေဟာ မျက်ကွယ်သေဒဏ်ချမှတ်တာတွေလည်း ပြုလုပ်ထားပါတယ်။

    စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီဇင်ဘာ ၁ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ နည်းလမ်းပေါင်းစုံနဲ့ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရသူ ၃၄၃ ဦးရှိတယ်လို့ ISP Myanmar က ပြောပါတယ်။

  6. စစ်ကောင်စီရဲ့ ပညာရေးက အခြေခံပညာကျောင်းသားတွေကို ကျောင်းအပ် စတင်လက်ခံ

    ရန်ကုန်မြို့က ကျောင်းအပ်မြင်ကွင်းတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, PRH

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ကျောင်းအပ်မြင်ကွင်းတစ်ခု

    စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနဟာ အခြေခံပညာကျောင်းသား‌‌တွေအတွက် ‌ကျောင်းအပ်လက်ခံတာကို ဒီနေ့ ‌‌မေလ ၂၆ ရက်မှာ စတင်လက်ခံပြီဖြစ်ပါတယ်။

    အခြေခံပညာကျောင်းတွေ ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဒီနေ့စတင်တာဖြစ်ပြီး မေလ ၃၁ ရက်အထိ တစ်ပတ်ကြာ ‌ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။

    ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုဖြစ်စဥ်ကြားမှာ ၂ နှစ်နီးပါး ကျောင်းတွေပိတ်ထားခဲ့ပြီးတဲ့နောက် တခါပြန်ရောက်လာတဲ့ ကျောင်းဖွင့်ချိန်မှာတော့ ရန်ကုန်မြို့က ကျောင်းတွေမှာတော့ ကျောင်းအပ်နှံသူတွေ အတန်အသင့် ပြန်ရှိလာတာကိုတွေ့ရပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းနိူးဆော်နေတာတွေ၊ နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ကြားကာလပညာသင်ကြားမှုတွေဆက်ရှိနေသလို တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ ကယားဘက်တွေမှာလည်း ကိုယ်ထူကိုယ်ထပညာရေးတွေကို အကောင်အထည်ဖော်နေတာတွေလည်း ရှိနေပါတယ်။

  7. ကယားကနေ ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်ရသူတွေပိုများလာပြီး အခက်အခဲတွေဖြစ်လာ

    ကယား(ကရင်နီ) ပြည်နယ်ထဲက နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်နယ်တွင်းမှာ စစ်ဘေးရှောင်နေရတဲ့အရေအတွက်တိုးလာသလို ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို စစ်ရှောင်နေရသူတွေလည်း ပိုများလာတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    အခုရက်သတ္တပတ်အတွင်းမှာပဲဖယ်ခုံမြို့နယ်အတွင်းမှာ တိုက်ပွဲတွေထပ်ဖြစ်ခဲ့တာကြောင့်ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြိုနယ်ထဲကို စစ်ဘေးတိမ်းရှောင်ကြတဲ့ ဒေသခံထောင်နဲ့ချီထပ်ရှိလာပါတယ်။

    တဖက်မှာလည်း ဆီဆိုင်မြို့နယ်ထဲမှာ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေကို လက်ခံဖို့ကန့်သတ် ချက်တွေရှိလာတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေကဆိုပါတယ်။

    ‘’ဖယ်ခုံဘက်က တိုက်ပွဲပြီးတော့ စစ်ရှောင် ၁၀၀၀ ကျော်လောက်အသစ်ထပ်ရောက်လာတယ်။ ထပ်ရောက်လာသူတွေမှာလည်း စားနပ်ရိက္ခာ၊ဆေးဝါးလိုအပ်ချက်တွေရှိတယ်။အရင်ရှိပြီးသားစစ်ရှောင်ကလည်း ၈၀၀၀‌ ကျော်လောက်ရှိနေတော့ အရေအတွက်ပိုများလာတယ်။ စစ်ရှောင်တွေထပ်လက်မခံဖို့ကိုလည်း ဆီဆိုင်ထွေအုပ်က လွန်ခဲ့တဲ့ ၃ ပတ်လောက်စာထုတ်ထားတယ်။ စာထုတ်တာက ဒီလိုပါ ဆီဆိုင်မှာ စစ်ရှောင်အရမ်းများတော့ ရေရှည်မှာ စားနပ်ရိက္ခာခက်ခဲမှာစိုးလို့၊ နောက်တစ်ခုက လုံခြုံရေးပေါ့။ နယ်စပ်မှာကတိုက်ပွဲတွေဖြစ်နေတော့ ဆီဆိုင်ဒေသခံတွေကလည်းတိုက်ပွဲတွေကူးစက်လာမှာစိုးရိမ်တယ်။ ဒါကြောင့်စစ်ရှောင်တွေကို မျှပြီးလက်ခံဖို့ စတဲ့အချက်တွေပါတဲ့ စာထုတ်တာပါ ‘’ လို့ စစ်ရှောင်အရေး ကူညီပေးနေသူ ခွန်ကျော်ဆွေက ဘီဘီစီကိုပြောပါတယ်။

    ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်ချိန်ကစလို့ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ရှောင်လာသူတွေရှိပြီး ဆီဆိုင်မြို့နယ်ထဲမှာယခင်က စစ်ရှောင် ၂သောင်းလောက်အထိလက်ခံထား ခဲ့တယ်လို့လည်းသိရပါတယ်။

    လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ်က ဒေသခံတချို့နေရပ်ပြန်ပြောင်းရွေ့သွားတာကြောင့် ဆီဆိုင်မြို့နယ်ထဲမှာ စစ်ရှောင် အရေအတွက် ၁၀၀၀၀ ဝန်းကျင်ဆက်လက်ကျန်ရှိနေတာပါ။

    ဒါ့အပြင် တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ကယားပြည်နယ်ထဲမှာတော့ ဒေသခံတချို့နေရပ် ပြန်နေထိုင်ကြပေမယ့် အလုပ်အကိုင်တွေခက်တာကြောင့် စားဝတ်နေရေးခက်ခဲတာတွေရှိနေသလို တိုက်ပွဲလက်ကျန်မိုင်းတွေကြောင့် ထိခိုက် သေဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကယားပြည်နယ်ထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့သလို ပြည်နယ်လူဦးရေရဲ့ တဝက်ကျော်လောက်ဟာလည်း စစ်ဘေးရှောင်စခန်းတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအပြင် ဘေးလွတ်ရာမြို့တွေဆီကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ

    ။လက်ရှိမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေအရင်ထက်ပိုမြင့်မားနေပြီး စစ်ကောင်စီဘက်ကလည်း ဆေးဝါးရိက္ခာသယ်ယူ မှုတွေကိုကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲတွေပိုရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    ကယား

    ဓာတ်ပုံ ရင်းမြစ်, Free Burma Ranger-Karenn

  8. မိုးထဲလေထဲ စစ်ရှောင်နေရတဲ့ စစ်ကိုင်းက စစ်ဘေးရှောင်တွေဘာတွေရင်ဆိုင်နေရလဲ, စစ်ဘေးတိမ်းရှောင်နေရတဲ့ အခက်အခဲတွေနဲ့ ဒေသခံအရပ်သားသေဆုံးမှုတွေရှိနေတဲ့ အခြေအနေတွေကိုစုစည်းဖော်ပြလိုက်ပါတယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ အရာတော်မြို့နယ်ထဲကဒေသခံတွေ စစ်ကောင်စီတပ်တွေရွာတွေထဲဝင်ရောက်စစ်ကြောင်းထိုးလာလို့ မိုးထဲလေထဲမှာပဲစစ်ဘေးတိမ်းရှောင်နေကြရတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာအများစုဟာ နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ အခြေအနေတွေမကြာခဏဖြစ်နေတာကြောင့်နေ့စဥ်နဲ့ အမျှဘေးလွတ်ရာတိမ်းရှောင်နေကြရတာပါ။ ဒီရက်ပိုင်းမှာပဲ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းက အောင်ချမ်းသရွာ၊ ထရော်ကျင်းကျေးရွာ၊ ဆည်ထန်းတောကြီးကျေးရွာ၊ မြရိပ်ကျေးရွာတွေကိုစစ်ကောင်စီအင်အား ၁၀၀ လောက်နဲ့ ရွာစဥ်လှည့်ဝင်ရောက်နေပြီး ကျေးရွာနေအိမ်တွေလည်းမီးရှို့ဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂၄ လောက်က စပြီးအောင်ချမ်းသာရွာထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ ရွာတွေထဲ ဝင်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ ရွာထဲမှာလယ်ထွန်စက် အသေးလေးတွေထုတ်တဲ့ အိမ်ရှိတယ်။ သူတို့အိမ်က စက်ပစ္စည်းတွေ ကိရိယာတွေရှိနေတာကိုလက်နက်ထုတ်တဲ့စက်ရုံပါဆိုပြီး သတင်းပေးလိုက်လို့ ဝင်လာတာ။ အဲဒီအိမ်ုလည်း တစ်အိမ်လုံးပြာကျအောင်မီးရှို့သွားတယ်။ အိမ်လေးအခုမှ အသစ်ခွဲနေပြီး ဆောက်ကာစလေးကိုလုပ်သွားတာ။ စစ်တပ်ထွက်သွားတော့မှ တချို့လူငယ်လေးတွေရွာထဲမီးဝင်ငြှိမ်းကျတာ၊ကံဆိုးတဲ့ကြားက ကံကောင်းတာလေးက မိုးကလည်းရွာနေလို့နောက်မို့ဆို တရွာလုံးပြာကျတယ်’’လို့ အောင်ချမ်းသာကျေးရွာ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်တပ်ကရွာထဲကို ရုတ်တရက်ဝင်လာချိန်ပြေးရတာကြောင့် ‌ဘေးလွတ်ရာ တောတွေထဲထွက်ပြေးရတာဖြစ်ပြီးသက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဒေသခံတွေထွက်ပြေးနေရတဲ့အောင်ချမ်းသာကျေးရွာဟာဆိုရင် အနီးအနားက ကျေးရွာတွေထဲကို စစ်တပ်ကဝင်လာတာကြောင့် ဘေးလွတ်ရာပြေးရတာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၁၀ ကြိမ်အထက်မှာရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ အောင်ချမ်းသာရွာထဲက ထွက်လာပြီးတဲ့နောက် မြရိပ်ကျေးရွာ၊ ဆည်ထန်တောကြီးကျေးရွာ၊ တရော်ကျင်းကျေးရွာတွေဘက်ကို ဝင်ရောက်ခဲ့ပြီးမြရိပ်ကျေးရွာနဲ့ ဆည်ထန်းတောကြီးကျေးရွာက ဒေသခံနေအိမ် ၁၀လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံတချို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    “ စစ်တပ်လာရင်ပြေးရတာပဲ၊ ဘာလို့မီးရှို့ခံရတယ်တောင်မသိဘူး။ အခုမီးရှို့ခံရတဲ့ အိမ် ၉လုံးဆိုရင်လည်း ရွာသားအိမ်တွေချည်းပဲ ကာကွယ်‌ရေးတပ်တွေနဲ့ ဘယ်လိုမှဆက်စပ်မှုလည်းမရှိဘူး’’လို့မြရိပ်ကျေးရွာက ဒေသခံတစ်ဦးပဲ ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် မနေ့ မေလ ၂၅ မှာပဲ ယင်းမာပင်နယ်ထဲက ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ယမားတံတားအနီးက ဂုဏ်တောကျေးရွာကစားသောက်ဆိုင်တဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သလို့ အနီးက ဒုန်းတောကျေးရွာက ဒေသခံ ၄ ဦးကိုဖမ်းဆီးသွားပြီး ဒေသခံ နှစ်ဦးကိုတော့ ဒီကနေ့မနက်မှာ ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့အနေအထားနဲ့ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ကင်းစောင့်နေတဲ့လူတွေလို့လည်းသိရတယ်။ တစ်ယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီးမှပစ်သတ်ထားတာ’’လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်နယ်ထဲကနေ ဆားလင်းကြီးမြို့နယ်ထဲကိုစစ်ကြောင်းထိုးရာကနေ ယင်းမာပင် အရှေ့ခြမ်းကိုပြန်ဝင်ရောက်လာပြီး ဝါးတန်းကျေးရွာ၊ မောင်းသရက်ကျေးရွာတွေဆီပြန်ဝင်ရောက်နေစစ်လေယာဥ်ပျံသန်းမှုတွေလည်းရှိနေတာကြောင့်ယင်းမာပင်အရှေ့ခြမ်းက ဒေသခံတွေ တိမ်းရှောင်ဖို့အသင့်အနေထားနဲ့ဆက်နေနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    လက်ရှိဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ဆားလင်းကြီး မြို့နယ်တွေက အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသကာကွယ်‌ရေးတပ်တွေဘက်ကတော့ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ အခုလိုကျေးရွာတွေထဲဝင်ရောက်ပြီးပြည်သူတွေဆီကနေ PDF တွေ အထောက်အပံ့နည်းအောင် အကြောက်တရားတွေထည့်သွင်းနေတာဖြစ်တယ်လို့ ယင်းမာပင်ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ အခုရက်ပိုင်းဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသကကျေးရွာတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    စစ်တပ်က စစ်ကိုင်းတိုင်းထဲက ကျေးရွာနေအိမ်တွေကိုမီးရှို့တယ်ဆိုတဲ့ပြောဆိုချက်တွေကိုလည်းဒေသခံတွေကိုယ်တိုင်ပြောဆိုချက်တွေရှိပေမယ့်စစ်ကောင်စီဘက်က တော့ ငြင်းဆိုတုံ့ပြန်တာတွေရှိထားပါတယ်။

    စစ်ကိုင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. မြန်မာကလေးငယ် ၅ သန်း အကူအညီလိုအပ်နေ

    အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ကို ထွက်ပြေးခဲ့ကြရတဲ့ ချင်းဒေသခံတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ကို ထွက်ပြေးခဲ့ကြရတဲ့ ချင်းဒေသခံတွေ

    မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေကြောင့် ကလေးငယ် ငါးသန်းဟာ အကူအညီလိုအပ်နေတယ်ဆိုပြီး ကုလသမဂ္ဂဘက်က ပြောလာပါတယ်။

    မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့‌နောက် ပေါ်ပေါက်လာတဲ့ပဋိပက္ခတွေကြောင့် ၂၀၂၂ ခုနှစ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့အရေအတွက်လို့လည်းဆိုပါတယ်။

    အရပ်သားတွေကိုအကာအကွယ်ပေးရေးသီတင်းပတ်လှုပ်ရှားမှု(POCWEEK) အဖြစ် ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုနေချိန် အခုလိုပြောလာတာဖြစ်ပါတယ်။

    မြန်မာပြည်တွင်းက ကလေးငယ်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် နိုင်ငံတဝန်း မငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရတာ၊ ဖမ်းဆီးခံရတာ၊ ထိခိုက်သေကြေဒဏ်ရာရခဲ့ရတာတွေကြောင့် မျိုးဆက်တစ်ခုစာ အနာဂတ်နဲ့ရှင်သန်မှုတွေကို ခြိမ်းခြောက်ခံနေရတယ်လို့လည်း ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့(ယူနီဆက်ဖ်)က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံတဝန်းမှာ ပဋိပက္ခတွေကြောင့် စစ်ရှောင်ရသူ ကိုးသိန်းခွဲကျော်ရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရသူ လေးသောင်းနီးပါးအထိရှိနေပါတယ်။

  10. ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

    ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

    ဓာတ်ပုံ ရင်းမြစ်, social media

    ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဒီနေ့ မေလ ၂၆ ရက် မနက် ၁၀ နာရီကစလို့ တိုက်ပွဲ စဖြစ်နေတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    တိုက်ပွဲဟာ ပလက်ဝမြို့နယ်ထဲက အပေါင်စကျေးရွာအနီးမှာ ဖြစ်နေတာလို့လည်း ပလက်ဝဒေသခံတွေက ပြောပါတယ်။

    ''တိုက်ပွဲက အခုထိ ဆက်ဖြစ်နေတုန်းပဲ။ ပလက်ဝမှာရှိတဲ့ စစ်တပ်ရဲ့၂၈၇ တပ်ကနေ လက်နက်ကြီးတွေ ပစ်သေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ပလက်ဝကနေ သွားရင် တစ်နာရီလောက်သွားရတယ်''လို့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။

    ပလက်ဝမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံကြားရာကနေ အပေါင်စကျေးရွာဘက်ကို ဆက်သွယ်မေးမြန်းချိန်မှာ အဲဒီရွာအနီး တိုက်ပွဲဖြစ်နေတာကိုသိရှိခဲ့ရတာလို့လည်း သူက ဆက်ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေဟာ ၂၀၂၀ နို၀င်ဘာမတိုင်ခင် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလက စစ်ကြောင်းလှုပ်ရှားမှုတွေထက် ပိုဆိုးရွားနေတယ်ဆိုပြီး အေအေဘက်က ပြောဆိုတာ၊နောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အေအေဘက်က ဒေသခံတွေကို သတိပေးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အေအေကရခိုင်မှာတိုက်ပွဲခေါ်နေတာဖြစ်ပြီး တပ်ကိုအဆိုးမဆိုနဲ့လို့ ပြောကြားလာအပြီးမှာ အခုတိုက်ပွဲပေါ်ပေါက်လာတာဖြစ်ပါတယ်။

  11. အာဏာသိမ်းမှုကို ပထမဆုံးဆန္ဒပြခဲ့ကြသူ လေးဦး ထောင်ဒဏ်တွေ ချမှတ်ခံရ

    အာဏာသိမ်းပြီး ၄ ရက်မှာပြုလုပ်တဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့က သူတို့ရဲ့ဆန္ဒပြပွဲဟာ မိနစ်ပိုင်းအတွင်း ဖြိုခွင်းခံခဲ့ရအပြီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီး ၄ ရက်မှာပြုလုပ်တဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့က သူတို့ရဲ့ဆန္ဒပြပွဲဟာ မိနစ်ပိုင်းအတွင်း ဖြိုခွင်းခံခဲ့ရအပြီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အကြောင်း နိုင်ငံအတွင်းမှာ ပထမဆုံး လမ်းပေါ်တက်ဆန္ဒပြခဲ့ကြသူတွေထဲက ဖမ်းဆီးခံခဲ့ရသူ အမျိုးသားလေးဦးဟာ မနေ့ မေလ ၂၅ ရက်မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံလိုက်ရပါတယ်။

    ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂအမှုဆောင်ဟောင်း ကိုမင်းညီညီကွန်းအပါအဝင် နောက်ထပ် ကျောင်းသားသုံးဦးကို မန္တလေး အိုဘိုထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလစီ ချမှတ်ခဲ့တာလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

    သူတို့လေးဦးဟာ အာဏာသိမ်းမှုဖြစ်အပြီး လေးရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်မှာ မန္တလေးမြို့က ဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းနဲ့အတူ ဆန္ဒပြရာမှာပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

    သူတို့ဟာ ငြိမ်းစုစီဥပဒေပုဒ်မ၊ သဘာဝဘေးစီမံဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပေမဲ့ ချုပ်ရက်တော့ ထုတ်နုတ်ခံစားခွင့်ရှိမယ်လို့ သိရပါတယ်။

  12. မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို နောက်ဆုံးအမှုမှာ ထောင် ၃ နှစ်ချ

    မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့ အမှုအတွက် မကွေးထောင်တွင်း အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဘီဘီစီကို ပြောပါတယ်။

    ဒီအမှုက ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့ အမှုတွေထဲမှာ ပြစ်ဒဏ်ချမှတ်ဖို့ ကျန်နေတဲ့ နောက်ဆုံး အမှု ဖြစ်ပါတယ်။

    အဲဒီ အမှုအတွက် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက် တင်သွင်းခဲ့ကြပြီး ဒီကနေ့ ပြစ်ဒဏ် ချမှတ်တာဖြစ်ပါတယ်။

    နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မ ၅၅ တို့နဲ့ စွဲဆိုခံထားရတဲ့ အမှုတွေ အားလုံးအတွက် ပြစ်ဒဏ်တွေ ချမှတ်ခံထားရပြီးဖြစ်ပါတယ်။ စုစုပေါင်း စွဲဆိုခံရတဲ့ အမှု ၉ မှု ဖြစ်ပါတယ်။

    ပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုခံရတဲ့ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ အဂတိမှု ၆ မှု က တစ်မှုကို ၃ နှစ်စီနဲ့ စုစုပေါင်း ၁၈ နှစ်၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု ၁၇၁- စ အမှုက ၁ နှစ် ပြစ်ဒဏ်တွေ ချမှတ်ထားပြီး ဖြစ်တဲ့အတွက် အခု သဘာဝဘေး ပုဒ်မ ၂၅ နဲ့က ၃ နှစ် ပေါင်းလိုက်ရင် စုစုပေါင်း ပြစ်ဒဏ်၂၄ နှစ်ဖြစ်ပါတယ်။

    ဒေါက်တာအောင်မိုးညို

    ဓာတ်ပုံ ရင်းမြစ်, MOI

  13. လေပြင်းကြောင့် နစ်မြုပ်ခဲ့တဲ့ မြေပုံက ငါးဖမ်းလှေလုပ်သား နောက်ထပ်လေးဦးပျောက်ဆုံးနေ

    လေပြင်းတိုက်ခတ်မှုကြောင့် မေလ ၂၁ ရက်နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့ရတဲ့ ပင်လယ်ပြင်ငါးဖမ်းလှေတွေက လှေလုပ်သား လေးဦး ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာက ဦးမြင့်သန်းနုက ပြောပါတယ်။

    အဲ့ဒီပျောက်ဆုံးနေသူတွေဟာ ငါးဖမ်းလှေပိုင်ရှင် ကိုစောဖြူမောင်၊ သူရဲ့ညီဖြစ်သူ ကိုဇော်ဝင်ထွန်း၊ ကိုနန္ဒနဲ့ ကိုမောင်ချေ တို့ဖြစ်ကြကာ လေးဦးစလုံးမှာ မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာသားတွေဖြစ်ကြပါတယ်။

    ကိုစောဖြူမောင်၊ ကိုဇော်ဝင်းထွန်းနဲ့ ကိုနန္ဒတို့က လှေတစ်စီးတည်းဖြစ်ကာ ကိုမောင်ချေကတော့ နောက်ထပ်လှေတစ်စီးနဲ့ ငါးဖမ်းထွက်သွားတာဖြစ်ပြီး အဲ့ဒီနေ့က ပင်လယ်ပြင်အတွင်း မုန်တိုင်းနဲ့ကြုံခဲ့ရတဲ့ လှေတွေအများအပြားရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    အခုလို လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ရတဲ့လှေအများဆုံးကတော့ မြေပုံမြို့နယ်အတွင်းကဖြစ်ပြီး ငါးဖမ်းလှေ အစီးရေ ၂၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။

    ဒီလေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပြီး ပေါက်တောမြို့နယ်ကလှေနစ်မြုပ်သေဆုံးသူ ၂ ဦးကိုတော့ နောက်တစ်နေ့ မေလ ၂၂ရက်မှာ အလောင်းတွေ ရှာတွေ့ထားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

    မိုလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းအားပျော့သွားပြီဖြစ်တယ်လို့ ကြေညာလိုက်ပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း မိုးသက်လေပြင်တွေကျရောက်ခဲ့တာ ဖြစ်ပါတယ်။

    မေလ ၂၁ ရက်နေ့နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်နေကြတဲ့ လှေတွေအပြင် ခရီးသည်ပို့ဆောင်ရေးလှေတချို့လည်း နစ်မြုပ်သွားခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောဆိုကြပါတယ်။

    မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ အဲ့ဒီငါးဖမ်းလှေတွေဟာ ပြင်ဝန်းကျေးရွာနဲ့ သုံးနာရီခန့်မောင်းနှင်ရတဲ့အကွာအဝေးက မြေပုံမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်အကြား ပင်လယ်ပြင်အတွင်းမှာ ရောက်ရှိနေပြီဖြစ်ကာ မုန်တိုင်းကျရောက်လာတဲ့အသံတွေကိုကြားရတဲ့အချိန်မှာ ပင်လယ်ပြင်အတွင်းကနေ မုန်တိုင်းခိုဖို့ကျွန်းတွေရှိတဲ့နေရာကို စက်လှေတွေခုတ်မောင်းခဲ့ကြပေမယ့် မုန်တိုင်းတိုက်ခတ်မှုမြန်ဆန်သလို ပင်လယ်ရေလှိုင်းတွေလည်း အဆမတန်မြင့်တက်လာခဲ့တာကြောင့် အခုလိုနစ်မြုပ်ခဲ့ရတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

    မုန်တိုင်းနဲ့ ကြုံခဲ့ရပြီး လှေတွေနစ်မြုပ်သွားတဲ့အချိန်တွေမှာ သောက်သုံးရေဖြည့်ပြီးယူလာတဲ့ ရေပုံးတွေကို ကိုယ်မှာကြိုးတွေနဲ့ချည်ကာ အသက်ရှင်ဖို့ရုန်းကန်ခဲ့ကြသလို ရေပုံးတွေမရရှိတဲ့သူတွေကတော့ သေဆုံးခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။

    ရခိုင် လေပြင်းတိုက်ခတ်မှု

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. ဒေါ်အောင်ဆန်းစုကြည်ကို တရားမဲ့ဖမ်းဆီးထားမှု ကုလစုံစမ်းရေးအဖွဲ့ထံ ဆွေမျိုးတွေ တိုင်ကြား

    အာဏာသိမ်းပြီး အဂတိမှုအပါအဝင် အမှုများစွာနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေမျိုးတွေက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စောင့်ကြည့်စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ထံမှာ ဒီဖမ်းဆီးခံရမှုအတွက် မြန်မာအာဏာသိမ်းစစ်တပ်ကို စုံစမ်းအရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်။

    ဒီတိုင်ကြားမှုကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UN Working Group on Arbitrary Detention ကုလသမဂ္ဂ တရားမဲ့ဖမ်းဆီးမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ထံမှာ တိုင်ကြားခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

    ဒီအဖွဲ့အစည်းဟာ လူ့အခွင့်အရေး စံနှုန်းတွေချိုးဖောက်ပြီး လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့အစည်းတွေက ဖမ်းဆီး၊ ထိန်းသိမ်း အရေးယူတာတွေကို ဒီအဖွဲ့အစည်းက ပညာရှင်တွေက စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် စတင်ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီကတည်း အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်က ဘယ်နေရာမှန်း မသိတဲ့နေရမှာ ထိန်းသိမ်းထားပြီး လွတ်လပ်ခွင့်ဆုံးရှုံးနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရမှုကို တိုင်ကြားတဲ့ သတင်းကို အေအက်ဖ်ပီသတင်းက ဖော်ပြရာမှာ တိုင်ကြားသူ ဆွေမျိုးတွေကိုယ်စားဆောင်ရွက်တဲ့ ရှေ့နေတွေကို ဖော်ပြထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆွေမျိုးတွေက ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်၊ ဘယ်လို တော်စပ်တယ်ဆိုတာတွေကို ဖော်ပြထားတာ မရှိပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. ဂျန်မိုင်ကောင်းမှာ ၁၁ နှစ်ကြာ ကချင်စစ်ရှာင်တချို့ နေရပ်ပြန်ကြပြီ

  16. အာဏာသိမ်းပြီးနောက် အစုလိုက်သတ်ဖြတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်, ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင်လုပ်သွားမယ်လို့ NUG ထုတ်ပြန်

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်းမှာရှိတဲ့ ဒေသတချို့မှာ ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့ အခွင့်အရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်လာပါတယ်။

    အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်များ

    ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လတုန်းက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ယင်းရွာ၊ ကုန်းသာရွာ ၊ ကြက်ချောင်းတောတိုက်ရွာနဲ တောင်ပေါက်ရွာတွေမှာ ဒေသခံပြည်သူရုပ်အလောင်း ၄၀ ကျော်အထိရှာဖွေတွေ့ရှိခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားက လူငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့NUG လူ့အခွင့်အရေးဝန်ကြီးဌာက ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သူရရှိထားတဲ့အချက်အလက်တွေကို သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    အဲဒီကာလက ဒေသခံတွေအစုလိုက်အပြုံလိုက်သေဆုံးမှုထဲက တချို့ဖြစ်ရပ်တွေကိုတော့ ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားထားခဲ့ပါသေးတယ်။

    ဒါ့အပြင် ကနီမြို့နယ်ထဲက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက အထူးစုံစမ်းဖော်ထုတ်တင်ဆက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

    အလားတူပဲ ၂၀၂၁ ဒီဇင်ဘာလထဲမှာ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထဲက မိုဆိုကျေးရွာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၃၅ ဦးအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အကြောင်း ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားသလို သေဆုံးသူတွေထဲမှာ Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦးပါဝင်ကြောင်းလည်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

    အခု ၂၀၂၂ ဇန်နဝါရီလမှာ ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီ တပ်သားတွေဖမ်းဆီးသွားတဲ့ ဒေသခံရွာသား ၁၀ ဦးရဲ့ အလောင်းကိုလည်း သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    တခါ ၂၀၂၂ ဖေဖော်ဝါရီလထဲမှာတော့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘဒတ္ထိုင်းကျေးရွာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီးတဲ့နောက်ပိုင်း ရွာသားတချို့ ရွာကိုပြန်လာချိန်မှာတော့ ချုံတွေကြားမှာ အသတ်ခံထားရတဲ့ လူငယ်တွေ၊ မီးရှို့သတ်ခံထားရတာတွေ၊ ရွာလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ‌အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၃ ယောက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းတွေအပါအဝင် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်လောက် တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောဆိုထားခဲ့ပါတယ်။

    အဲဒီဖေဖော်ဝါရီလထဲမှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက စစ်ကောင်စီကဖမ်းဆီးသွားတဲ့ သားအမိ ၃ ဦးရဲ့အလောင်းကို ရက်အနည်းငယ်အကြာမှာ မီးလောင်ပျက်စီးနေတဲ့အနေအထား နဲ့အလောင်းသာပြန်ရခဲ့တဲ့အကြောင်းကိုလည်း ဖခင်ဖြစ်သူကိုယ်တိုင်က ဘီဘီစီကို ဖြေကြားထားပါတယ်။

    အလားတူပဲ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့ ကျေးရွာတွေမှာ ဒေသခံအလောင်းတွေတွေ့ရှိရမှုတွေကိုလည်း ဒေသခံတွေနဲ့ မိသားစုဝင်တွေက ဘီဘီစီကိုဆက်သွယ်ပြောကြားထားတဲ့ဖြစ်စဥ်တွေရှိနေပါတယ်။

    ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက်နေ့မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံပဲရင်းတောင်ရွာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြီး စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေက အမျိုးသား ၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ကိုလည်း ဒေသခံတွေကပြောဆိုထားပါတယ်။

    အခုမေလထဲမှာတော့ စစ်ကိုင်းတိုင်းရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေကဦးပဥ္ဇင်း ၃ ပါးအပါအဝင် ရွာသား ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာတော့အနီးအနားက ကျေးရွာတွေနားမှာ ဖမ်းဆီးခံရွာသားတွေထဲက ရွာသား အလောင်း ၃၀ ခန့်ကို ပြန်တွေ့ခဲ့တဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောခဲ့ပါတယ်။

    အထက်မှာဖော်ပြထားတဲ့ နိုင်ငံတဝန်းက ဒေသခံတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး NUG ရဲ့ လူ့အခွင့်အ‌ရေးပြည်ထောင်စု ဝန်ကြီးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ မှာဖော်ပြထားသလို ဘီဘီစီအနေနဲ့လည်း ဒေသခံတွေကိုယ်တိုင် သတင်းပေး ပြောကြားထားတဲ့အချက်အလက်တွေကိုထည့်သွင်းဖြည့်စွက်ထားတာဖြစ်ပါတယ်။

    ဒီဖြစ်စဥ်တွေအပေါ် စစ်တပ်ရဲ့တုံ့ပြန်မှု စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်အပြင် ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုလည်း ဘီဘီစီက အမြဲ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပတ်သက်ပြီး ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။

    NUG က ထုတ်ပြန်တဲ့ အချက်အလက်

    ဓာတ်ပုံ ရင်းမြစ်, NUG

  17. ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီရော NUG ပါ ကိုယ်စားလှယ် တက်ရောက်ခွင့်မရ

    ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားပြုကိုယ်စားလှယ်ကို ဆုံးဖြတ်ဖို့ ဆိုင်းငံ့ထားတဲ့အခြေအနေကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူကို ဆုံးဖြတ်ဖို့ မေးခွန်းထုတ်စရာတွေရှိနေသေးတဲ့အတွက် လာမယ့် ၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူ မရှိဘူးလို့ မနေ့ မေလ ၂၄ရက်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီညီလာခံမှာ ကိုယ်စားလှယ်တက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရရော စစ်ကောင်စီဘက်ကပါ တင်ပြတာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက အစီရင်ခံစာတွေ၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်က ကြေညာချက်တွေကြောင့်ပါ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင်အထိ ဆိုင်းငံ့ထားမယ်လို့ ဖော်ပြထားတာကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ဘယ်သူမှ မြန်မာကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့ နားလည်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံတုန်းကလည်း မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရှိခဲ့ပါဘူး။

    လက်ရှိမှာတော့ ကုလသမဂ္ဂဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဦးကျော်မိုးထွန်းကဆက်လက်တက်ရောက်ခွင့်ရရှိထားပါတယ်။

  18. မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။