စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတဲ့
မန္တလေးတိုင်းထဲကကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးတာတွေလုပ်နေပြီး
အဲဒီကျေးရွာတွေထဲမှာဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်တဲ့
ကျေးရွာတချို့လည်းပါသလို ရေလုပ်သားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စဥ့်ကူး၊ မတ္တရာမြို့နယ်တွေထဲက
ကျေးရွာတွေကို ဒေသကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ဝင်ရောက်မီးရှို့တာတွေလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒီရွာတွေထဲက ရွာပေါင်း
၉ ရွာလောက်ဟာဆိုရင် လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်တဲ့ကျေးရွာတွေဖြစ်ပြီး ပြည်တွင်း၊ပြည့်ပခရီးသွား
ဧည့်သည်တွေအတွက် ဧရာဝတီလင်းပိုင်လေ့လာရေး
အစီအစဉ်အဆင်ပြေဖို့ ဆယ်စုနှစ်ကျော်ကြာ ကျေးရွာအခြေပြုလမ်းကြောင်းတွေ ပြုလုပ်အောင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက် စစ်တပ်ကို
လက်နက်ကိုင်ဆန့်ကျင်တဲ့ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ
ရှိတယ်ဆိုတဲ့ယူဆချက်နဲ့ ရွာတွေကိုမီးရှို့ဖျက်ဆီးခံရတာတွေကြုံနေရပြီးမြစ်ကမ်းအနီးက
ကျေးရွာတွေမှာ လင်းပိုင်နဲ့ အကျိုးတူ ရေလုပ်သားတွေ အဖမ်းမခံရဖို့နဲ့ အသတ်မခံရဖို့
နေ့စဉ် စိုးရိမ်စွာပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘’ဘာကြောင့်မှမဟုတ်ဘူး၊ ကျေးရွာတွေမှာ PDF တွေရှိတယ်လို့ပြောလို့ပြော။ဘာပြောလိုပြောနဲ့ အဲဒီလိုနဲ့အကြောင်းပြချက်မရှိဘဲလုပ်တာ။
မီးရှို့တာ အိမ်ခြေ ၄၀ကျော်သွားပြီ ဘာတစ်ခုမှမကျန်ဘူး။ လင်းပိုင်တွေထိန်းသိမ်းနိုင်သွားပြီ။
ရှော့တွေထိန်းနိုင်သွားပြီ။လမ်းကြောင်းပေါ်ရောက်သွားမှ အကုန်ပျက်စီးသွားတယ်။
အခုကစားဖို့နေနေသာသာ မနက်လင်းရင်ဘယ်ပြေးရမလဲတွေးနေရတယ်။
ဘာအလုပ်မှကိုမလုပ်ရဘူးလို့’’ ကျေးရွာကို
သုံးခါလာရောက်မီးရှို့ပြီး နေအိမ်မီးထဲပါသွားတဲ့ လင်းပိုင်ထိန်းသိမ်းရေး
ရေလုပ်သားက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WCS

ဓာတ်ပုံ ရင်းမြစ်, AT(ပန်သစ္စာ)
လင်းပိုင်နဲ့ ရေလုပ်သား အကျိုးတူအလုပ်လုပ်တာ ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိတာပါ။
ဒီလို တစ်နှစ်ကျော်ကြာ နိုင်ငံရေးအခြေနေ မတည်ငြိမ်တာနဲ့ လင်းပိုင်ထိန်းသိမ်းရေး ကျေးရွာတွေ မီးရှို့ခံရတာဟာ လင်းပိုင်တွေရဲ့ သဘာဝစံနူန်းတွေ အလေ့အကျင့် ပျောက်သွားနိုင်သလို ခရီးသွားစံနူန်း တန်ဖိုးသတ်မှတ်ချက်ပါ အဆင့်လျှောနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူတွေကလည်းပြောပါတယ်။
‘’သက်ရောက်မှုက လင်းပိုင်သဘောသဘာဝတွေပျက်စီးနိုင်တယ်။ ကျွန်တော်တို့ဆီကလူနဲ့လင်းပိုင်ပူးပေါင်းမှုတစ်ခု ယဥ်ကျေးမှုတစ်ခုလိုဖြစ်နေတာ။ ကမ္ဘောဒီးယားမှာဆိုလူသပ်သပ်၊ လင်းပိုင်သပ်သပ်။ လင်းပိုင်ကြည့်ချင်ရင် လင်းပိုင်တစ်ကောင်ရေကူးနေတာကြည့်ရတယ်။ ဒီမှာက အပြန်အလှန်သက်ရောက်ဆက်နွယ်မူရှိတာ ဒါက ဧရာဝတီလင်းပိုင်ရဲ့အလွန်ထူးခြားတဲ့အားသာချက်ပဲ။ ဒါကလူကအမြဲထိတွေ့နေမှလေ။ ဒီအစဥ်အဆက်ကိုမလုပ်ရင်တော့ဘူး လူသပ်သပ်လင်းပိုင်သပ်သပ်ဖြစ်သွားပြီဆို အဆင့်ရှုံးသွားပြီ‘’လို့ သဘာဝပတ်ဝန်းကျင်နဲ့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဧရာဝတီလင်းပိုင်တွေကို အကောင်ရေစစ်တမ်းကောက်ယူတာ ၂၀၂၀ခုနှစ်မှာ ၇၉ကောင်ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဧရာဝတီလင်းပိုင် တိုးတာ လျော့တာတွေကို ယနေ့အချိန်ထိ ကွင်းဆင်း မှတ်တမ်းကောက်ယူတာ တွေအရင်လိုထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့် လက်ရှိအကောင်အရေအတွက်ကို အတိအကျမပြောနိုင်သေးဘူးလို့ မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနဘက်ကပြောပါတယ်။