ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးမှာ သွေးသောက်အဖွဲ့ဆိုသူတွေ ဖမ်းသွားသူကို နောက်နေ့မှာ အလောင်းစွန့်ပစ်ထားတာတွေ့

    မန္တလေးတိုင်း မဟာအောင်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသား တစ်ဦးကို သွေးသောက်အဖွဲ့ကဆိုသူတွေက ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ သူ့အလောင်းကိုပဲ ပြန်တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

    သူ့ကိုထောက်ပို့လုပ်တယ်လို့စွပ်စွဲပြီးမေလ၂၆ရက်ညပိုင်းမှာနေအိမ်မှာလာဖမ်းဆီးသွားပြီးနောက်တစ်နေ့မနက်မှာအလောင်းစွန့်ပစ်ထားတာကိုတွေ့ရတာဖြစ်တယ်လို့အဲဒီဒေသခံကပြောပါတယ်။

    မဟာအောင်မြေမြို့နယ်အကွက်၅၁၈၊၄၁လမ်း၈၀x ၈၁လမ်းကြားကအမေတိုးစက်သုံးဆီရောင်းဝယ်ရေးနေအိမ်ကိုကားနှစ်စီး၊အရပ်ဝတ်လူ၁၀ ယောက်ကမေ၂၆ ရက်ည ၈ နာရီဝန်းကျင်မှာနေအိမ်ထဲဝင်ရောက်ကာအသက်၃၀အရွယ်ကိုလင်းကိုနိုင်ကိုဖမ်းဆီးသွားတာပါ။

    ပတ်ဝန်းကျင်ကလူတွေကိုအနားမကပ်ဖို့နဲ့လာရောက်ကူညီရင်သတ်ပစ်မယ်လို့အဲဒီလူတွေကအော်ပြောကြောင်းဒေသခံတွေကဆိုပါတယ်။

    " ကားနှစ်စီးရပ်ပြီးဇွတ်ဝင်တာ။သွေးသောက်ဆိုပြီးအိမ်ထဲဝင်လာတာ။မအော်နဲ့၊အော်တဲ့သူပစ်သတ်ပြစ်မှာဆိုပြီးတော့။အဖမ်းခံရတဲ့ကလေးကအမေတိုးရဲ့တူ။သူကရွေးကောက်ပွဲအောင်နိုင်ရေးတွေမှာဒီမှာတောင် မရှိဘူး။ဒီအိမ်ရောက်တာတစ်နှစ်ပဲ ရှိသေးတာ။ထောက်ပို့လို့စွပ်စွဲပြီးဖမ်းခေါ်သတ်ဖြတ်ခံရတာ။အိမ်တွေကကပ်နေလို့အမေတိုးဆီလာကြဝိုင်းကြတယ်။ကပ်ရင်အကုန်ပစ်သတ်ပစ်မယ်ဆိုလို့အကုန်ရှောင်သွားတာ။ဘယ်သူမှမကပ်ရဲဘူး"လို့အဲ့ဒီပတ်ဝန်းကျင်မှာတွေ့မြင်ခဲ့ရတဲ့အကြောင်းကိုမိသားစုနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

    သူဖမ်းဆီးခံရတာကို လိုက်လံစုံစမ်းခဲ့ရာက နောက်တစ်နေ့မနက်မှာချမ်းအေးသာစံမြို့နယ်ကန်ကောက်ရပ်၅၄လမ်း၂၆x ၂၇လမ်းအနီးမှာရုပ်အလောင်းစွန့်ပစ်ထားတာကိုတွေ့ရတာ ဖြစ်ပါတယ်။

    နေအိမ်တွင်းဖမ်းဆီးစဉ်ကသွေးသောက်အဖွဲ့လို့ပြောပေမဲ့ရုပ်အလောင်းတွေ့ချိန်မှာလည်ပင်းမှာသွေးသောက်အဖွဲ့ကတ်ချိတ်ဆွဲထားတာမတွေ့ရဘူးလို့ဒေသခံကဆက်ပြောပါတယ်။

    မေလ ၂၇ ရက် နေ့မနက်ပိုင်းကအမှတ်( ၃ )ရဲစခန်းကနေအဲ့ဒီနေရာမှာအမျိုးသားရုပ်အလောင်းတစ်လောင်း စွန့်ပစ်ထားတာကိုတွေ့ရလို့ဆက်သွယ်တာကြောင့်ဆေးရုံကြီးကိုပို့ဆောင်ပေးရတယ်လို့လည်းလူမှုကူညီရေးအသင်းတွေထံကနေသိရပါတယ်။

    ဒေသတွင်း သတင်းတချို့မှာတော့ ကန်ကောက်ဖက်မှာ တွေ့ရတဲ့ အမျိုးသားရုပ်အလောင်းမှာ မျက်နှာကို ပုဆိုးနဲ့စည်းထားပြီး နှဖူးကျည်ဖောက်ဝင် ဒဏ်ရာတွေ့ရတယ်ဆိုတဲ့ ဖော်ပြမှုတချို့လည်း ရှိပါတယ်။

    စစ်အာဏာသိမ်းထောက်ခံသူသွေးသောက်အဖွဲ့အနီရောင်စစ်ဆင်ရေးဆိုပြီးမန္တလေးမြို့ကဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ပြီးအလောင်းစွန့်ပစ်တာကိုးယောက်ရှိပြီ ဖြစ်ပါတယ်။

    သေဆုံးသူအားလုံးကို PDF ထောက်ပံ့သူ၊ NLD ပါတီအမာခံဝန်းရံထောက်ပံ့သူအဖြစ်စွပ်စွဲရေးသားပြီးအဲဒီသွေးသောက်အဖွဲ့နာမည်နဲ့ တယ်လီဂရမ်မှာပုံနဲ့တကွဖော်ပြလေ့ရှိပါတယ်။

    မန္တလေးမြို့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, HE

  2. အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို ဇွန်လမှာ ထပ်လာမယ်

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရာ့ခ် ဆိုခွန်းဟာ ဇွန်လမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ စီစဥ်နေတယ်လို့ ကြေညာလိုက်ပါတယ်။

    မေလ ၂၇ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တက်ရောက်အမှာစကား ပြောကြားရာမှာ အာဆီယံအထူးကိုယ်စားလှယ်က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဥ်နဲ့ ပတ်သက်တဲ့ အစီအစဥ်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

    လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကြောင့် ဘက်ပေါင်းစုံကနေ စိန်ခေါ်ချက်များစွာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဝန်ကြီး ပရာ့ခ် ဆိုခွန်းက မီးမောင်းထိုးပြခဲ့ပါတယ်။

    ဒါပေမဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ချန်လှပ်မထားဘဲ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်နေသရွေ့ မျှော်လင့်ချက်မကုန်ဆုံးသေးဘူးလို့လည်း ထပ်မံ ပြောဆိုခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးဟာ အင်မတန် ရှုပ်ထွေးတယ်ဆိုတာ သိနားလည်တယ်။ ဒါပေမဲ့ အာဆီယံ အလည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း အကောင်းဆုံး လုပ်ဆောင်နေပြီး ဒီဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာမှုတွေ ရရှိစေဖို့ အနာဂတ်ကြိုးပမ်းချက်တွေအတွက် အခြေခံအုတ်မြစ်ကောင်းတွေ ဖြစ်လာဖို့ မျှော်လင့်မိတယ်လို့လည်း ဝန်ကြီး ပရာ့ခ် ဆိုခွန်းက သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

    လာမယ့်လမှာ သွားရောက်မယ့် သူ့ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဥ်အတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာဖို့ စတဲ့ အဓိက အချက် ၅ ချက်ကို စဥ်းစားထားတယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဥ်နဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

    အာဆီယံအထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရာ့ခ်ဆိုခွန်းဟာ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို မတ်လ ၂၁ရက်မှာစတင်ပြီး မတ်လ ၂၃ ရက်နေ့အထိ သုံးရက်ခရီး လာရောက်ခဲ့ပါတယ်။

    • အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် အလုပ်ဖြစ်နိုင်လား
    အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ကို ထပ်သွားမယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  3. ကုလလုံခြုံရေးကောင်စီအစည်းအဝေး မြန်မာ့အရေး အဖြေထွက်မလာ

    ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မေလ ၂၇ ရက်နေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ကြပေမဲ့ တရုတ်နဲ့ ရုရှားနိုင်ငံဘက်က ဟန့်တားခဲ့လို့ ရလဒ်တခု ထွက်မလာခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဏာသိမ်းစစ်ကောင်စီကို တွန်းအားပေးဖို့ ရည်ရွယ်တဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကြား အပြည့်အဝ သဘောတူညီမှု မရခဲ့တာပါ။

    ဗြိတိန်နိုင်ငံဘက်က တင်ခဲ့တဲ့ သဘောတူမူကြမ်း ထုတ်ပြန်ချက်ထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်ဖြစ်ထွန်းမှု အကန့်အသတ်တွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က အင်မတန် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံဘက်ကတော့ အကန့်အသတ်တွေရှိနေတယ်ဆိုတဲ့ စကားအစား တိုးတက်ပြောင်းလဲမှုတွေ နှေးကွေးတယ်ဆိုတဲ့ အသုံးအနှုန်းကိုသာ အသုံးပြုဖို့ တုံ့ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့က AFP သတင်းဌာနကို ပြောပါတယ်။

    သဘောတူညီမှုထွက်မလာတာဟာ အင်မတန် ရှက်စရာကောင်းတယ်၊ ဒါပေမဲ့ ကျော်လွှားဖို့ မဖြစ်နိုင်တဲ့ သဘောထားကွဲလွဲမှု အသေးလေးသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဗြိတိန်ဘက်ကတော့ တွေ့ဆုံညှိုနှိုင်းမှုတွေ ပျက်ပြားစေတာကို ဦးတည်တဲ့ တောင်းဆိုတာတွေ အများကြီး တရုတ်ဘက်က လုပ်ခဲ့တယ်လို့ ပြစ်တင်ပါတယ်။

    မေလ ၂၇ ရက်နေ့က နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရာ့ခ် ဆိုဟွန်းနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့လည်း အွန်လိုင်းကနေ တက်ရောက်အမှာစကားပြောခဲ့ကြပါတယ်။

    ကုလလုံခြုံရေးကောင်စီအစည်းအဝေး မြန်မာ့အရေး အဖြေထွက်မလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. မတ္တရာတိုက်ပွဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားတစ်ဦးကျဆုံးကြောင်း ထုတ်ပြန်

    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းက တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမိုးတိမ် ကျဆုံးသွားတယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ဒီကနေ့ မေလ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်ဖွဲ့ဝင်ကိုမိုးတိမ်ဟာ အဖွဲ့နဲ့ကွဲသွားပြီး တောတွင်းတစ်နေရာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ထုတ်ပြန်ထားပါတယ်။

    အခုတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကိုမိုးတိမ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့သူဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂကလည်း ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

    ကိုမိုးတိမ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ကိုမိုးတိမ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    "ကိုမိုးတိမ်က သပိတ်တွေထွက်ရင်းပဲ ကိုဗစ်တတိယလှိုင်းဖြစ်တော့ အောက်ဆီဂျင်အိုးတွေရှာပေး၊ အောက်ဆီဂျင်တန်းစီပေး၊ ကိုဗစ်ဖြစ်တဲ့မိသားစုတွေဆီ မုန့်တွေ ၊ ကြက်ပေါင်းတွေလိုက်ဝေပေး လုပ်ခဲ့သေးတယ်။ သူတောင် ကိုဗစ်ဖြစ်လို့မနည်းကုခဲ့ရတာ။ ကိုဗစ်ငြိမ်သွားတော့ နယ်ဘက်ဆင်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ထွက်သွားတာ" လို့ ကိုမိုးတိမ်နဲ့ နီးစပ်တဲ့သူငယ်ချင်းက ပြောပြပါတယ်။

    လက်ရှိမှာလည်း မန္တလေးတိုင်းအတွင်းက ဒေသတချို့မှာ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ထုတ်ပြန်ထားပါတယ်။

  5. မုံရွာမြို့က လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးဖမ်းဆီးခံရ, မြို့တွင်း အစစ်အဆေးတင်းကျပ်နေ

    မုံရွာမြို့ပေါ်မှာ ဒီကနေ့ မေလ ၂၈ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးဖမ်းဆီးခံရပြီး စစ်ဆေးတင်းကျပ်မှုတွေ ပိုလုပ်နေတယ်လို့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ မနက် ၁၁ နာရီလောက်မှာပဲ မုံရွာမြို့ ပေ ၈၀ လမ်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ မွန်းတည့် ၁၂ နာရီလောက်မှာ ရန်ကင်းရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ မုံရွာသတင်းမှန်ပြန်ကြားရေးကလည်းထုတ်ပြန်ထားပါတယ်။

    မုံရွာမြို့တွင်းမှာလည်း ဒီကနေ့ နေ့လယ်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့လယ်လမ်းမတချို့မှာ ဖြတ်သန်းသွားလာတဲ့ယာဥ်တွေကို ရပ်တန့်ခိုင်းပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

    ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာပဲ မုံရွာမြို့အထွက် ဆိုင်းဘုတ်အနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေပူးပေါင်းပြီး စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒထုတ်‌ဖော်လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    မုံရွာမြို့

    ဓာတ်ပုံ ရင်းမြစ်, RNA

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့အတွင်း(ပုံဟောင်း)
  6. တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်တွင်း အရပ်သားသေဆုံးသူ ၂၀၀ ကျော်ပြီ

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာ အရပ်သား ၂၆၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    ဒီအရပ်သားသေဆုံးမှုတွေထဲမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးရသူတွေ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးရသူတွေ အများဆုံးဖြစ်နေပြီး ဒီထဲ ကအယောက် ၂ဝ ကျော်ကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် စစ်ဘေးတိမ်းရှောင်ရင်းသေဆုံးရတာဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုPKPF ကထုတ်ပြန်ပါတယ်။

    သေဆုံးသူတွေထဲမှာတော့ အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၂ ယောက်ပါဝင်နေတာကို ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

    မနေ့ မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်ဘူတာ အနီးမှာ လူငယ်တစ်စု ခိုက်ရန်ဖြစ်ပွားတာကို စစ်ကောင်စီတပ်တွေလာရောက်ပစ်ခတ်တာကြောင့် အနီးအနားက နွားကျောင်းနေသူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတစ်ခုဖြစ်တဲ့ ကန္တာရဝတီတိုင်း( မ် ) မှာ ဖော်ပြထားပါတယ်။

    ကယားပြည်နယ်အတွင်းက အရပ်သားသေဆုံးမှုတွေထဲမှာ စစ်ကောင်စီကဖမ်းဆီးသွားပြီး နောက်ပိုင်း အနီးအနားက ကျေးရွာတွေမှာ သေဆုံးလျက်ပြန်တွေ့ရတဲ့ ဒေသခံအလောင်းတွေ ရှိခဲ့တဲ့အကြောင်းကိုလည်း ဒေသခံတွေနဲ့ လူမှုကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေက ဘီဘီစီကိုပြောဆိုထားခဲ့ပါတယ်။

    ဒါ့အပြင် ပြည်နယ်လူဦးရေရဲ့တစ်ဝက်ကျော်လောက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကယားပြည်နယ်ထဲ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ အခက်အခဲတွေပိုဖြစ်လာပြီး တိုက်ပွဲတွေ ငြိမ်သက်နေချိန်မှာ နေရပ်ကို ခေတ္တပြန်နေထိုင်တဲ့ ဒေသခံတွေဟာ မိုင်းနင်းမိပြီး သေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။

    ဒီမြေမြှုပ်မိုင်းတွေဟာ လူနေအိမ်တွေအနီးအနားမှာရှိနေတာကြောင့် စစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေဖြစ်တယ်လို့ ကရင်နီဒေသကာကွယ်‌ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ ကယားပြည်နယ်အတွင်းမှာ မိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကလည်း သုံးစွဲတာရှိပြီး အဲဒီလိုသုံးစွဲရာမှာ လူနေရပ်ကွက်တွေနဲ့ ခြံ၀င်းတွေကို ရှောင်ရှားပြီး စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာရာ စစ်ရေးပစ်မှတ်တွေကို အဓိက မိုးထောင်တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးဖွဲ့တစ်ဖွဲ့က ဘီဘီစီကို ပြောကြားထားပါတယ်။

    အခုလိုအရပ်သားသေဆုံးမှုတွေအပြင် ကယားပြည်နယ်အတွင်းက ဒေသခံ ၃၀၀ ကျော်လောက်ဟာလည်း စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံထားရတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    အခုလို ကယားပြည်နယ်တွင်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အရပ်သားတွေ သေဆုံးရမှု အကြောင်းအရင်းမှာ စစ်တပ်က ပစ်ခတ်မှုတွေ တစ်ခါ မြေမြှုပ်မိုင်းတွေကြောင့်လို့ ပါရှိတဲ့အပေါ် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    အရပ်သားသေဆုံးသူ

    ဓာတ်ပုံ ရင်းမြစ်, KNDF B09

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ မတ်လက အရပ်သားအလောင်းတချို့တွေ့ရှိမှုကို KNDF ကထုတ်ပြန်ထားခဲ့ပုံ
  7. အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အ‌ဆောက်အအုံ ၅၀၀ ကျော်ကိုစစ်ကောင်စီချိပ်ပိတ်ထားတယ်လို့ ISP ထုတ်ပြန်

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာရှိတဲ့ နေအိမ်၊ အဆောက်အအုံ၅၈၆ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ကထုတ်ပြန်လာပါတယ်။

    ဒီအရေအတွက်ဟာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် မေလအထိ ရရှိတဲ့ဖြစ်တယ်လို့လည်းအဖွဲ့ကထုတ်ပြန်ထားပြီး သတင်းမီဒီယာတွေနဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်ကို စုစည်းထားတာဖြစ်ပြီး မြေပြင်မှာအရေအတွက်ပိုများနိုင်တယ်လို့လည်း အဖွဲကဆိုပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပုံစံမျိုးစုံနဲ့ပါဝင်သူတွေ၊ လွှတ်တော်အမတ်တွေရဲ့နေအိမ်တွေနဲ့NLD ပါတီဝင်တွေရဲ့နေအိမ်တွေကို စစ်ကောင်စီကအများဆုံးချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲကနေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံရတာ အများဆုံးဖြစ်နေတယ်လို့ ISP Myanmar ကထုတ်ပြန်တဲ့စာရင်းအချက်အလက်တွေအရသိရပါတယ်။

    အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့သတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်တချို့ကိုဖော်ပြပြီး ဖမ်းဆီးဖို့၊ နေအိမ်ချိပ်ပိတ်ဖို့ ပြောဆိုလာတာတွေရှိပြီး ဒီချန်နယ်တွေမှာ ဖော်ပြခံရပြီးမကြာခင် ဖမ်းဆီးခံရတာ နေအိမ်ချိပ်ပိတ်ခံရတာတွေလည်းရှိလာပါတယ်။

    စစ်ကောင်စီကထုတ်ပြန်တဲ့သတင်းတွေမှာလည်း လူမှုကွန်ရက်ပေါ်ကရေးသားချက်တွေကြောင့် ဖမ်းဆီးတယ်ဆိုပြီးထုတ်ပြန်လာတာတွေလည်းရှိပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းလို့ရနိုင်တဲ့ ထည့်သွင်းချက်တွေထည့်သွင်းပြီးနောက်ပိုင်းနေအိမ်၊ အဆောက်အအုံတွေကိုဆက်တိုက် ချိပ်ပိတ်တာလုပ်ခဲ့တာပါ။စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတဲ့ နေအိမ်တွေကို ဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောကြားတာမရှိပါဘူး။

    ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာ ဒုတိယအကြိမ်မီးထပ်ရှို့ခံနေရတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ယင်းမာပင်နယ်ထဲက လည်‌ငေါက်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေမနေ့ မေလ ၂၇ ညနေပိုင်းကစတင်ဝင်ရောက်လာလို့ ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး ညပိုင်းမှာတော့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    ယင်းမာပင်အရှေ့ခြမ်းကကျေးရွာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့တာတွေနဲ့ ဖမ်းဆီးခံအရပ်သားတွေသေဆုံးပြီးနောက်ပိုင်းမှာပဲ အခုလို အနောက်ခြမ်းကကျေးရွာတွေနားကို ဝင်ရောက်လာတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ‘’စစ်တပ်ဘာလို့ဝင်လို့ဝင်လာမှန်းကိုမသိဘူး။ လာပြီလာပြီဆိုလို့ ပြေးဆိုလို့ပြေးရတာ။ မိုးရွာထဲ ဒုက္ခတွေရောက်လိုက်တာ။ ည၁၂ နာရီလောက်ကတည်းက မီးရှို့နေတာတွေမြင်ရတာ။ည၃နာရီလောမှာ တချက်ငြိမ်းသွားတယ်။ မိုင်းဆွဲခံရလား၊ တိုက်ပွဲရှိလားလဲမသိဘူး။အင်တာနက်လိုင်းဖုန်းလိုင်းတွေလည်းကျမတို့က ရတာမဟုတ်ဘူး။ ကျွန်မတို့ရွာဆိုဒါနဲ့ဆို နှစ်ခါရှိပြီ မီးရှို့ခံရတာ။ ရွာကလည်း ဆားလင်းလမ်းကလာလာပုလဲလမ်းကလာလာလမ်းဆုံလို့ဖြစ်နေတော့ ဘယ်နေရာဘာဖြစ်ဖြစ်ကျွန်မတို့ပဲခံနေရတာ ဒုက္ခတွေကလွတ်မြောက်ချင်နေပါပြီ ‘’ လို့လည်ငေါက်ကျေးရွာ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း လည်ငေါက်ရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ပြီးအခုတကြိမ်နေအိမ်မီးလောင်ဆုံးရှုံးမှုကိုတော့ ရွာသားတွေရွာကိုပြန်မကပ်ရဲသေးတာကြောင့်မသိရသေးဘူးလို့ဆိုပါတယ်။

    လည်ငေါက်ကျေးရွာ ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးပြီးနောက်ပိုင်းမှာ လက်နက်ကြီးသံတွေလည်းကြားနေရတာကြောင့်ရွာကိုမပြန်ရဲကြတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာလည်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာမြို့နယ်အများစုမှာ အင်တာနက်လုံးဝနီးပါးပြတ်တောက်နေပြီး ဖုန်းလိုင်းမရတဲ့ ကျေးရွာတွေလည်းရှိနေတယ်လို့ဒေသတွင်းသတင်းတွေမှာ‌ဖော်ပြထားပါတယ်။

    ယင်းမာပင်

    ဓာတ်ပုံ ရင်းမြစ်, မေ ၂၆ ရက်နေ့ကထွက်ပြေးတိမ်းရှောင်နေရတဲ့ ယင်းမာပင်အရှေ့ခြမ်းက ဒေသခံများ

  9. ကယားစစ်ရှောင်စခန်းတွေမှာ ဝမ်းရောဂါတွေဖြစ်၊ ကလေးငယ်တွေအာဟာရချို့တဲ့မှု တစ်ဆကျော်အထိတိုးလာ

    စစ်ရှောင်ကာလတနှစ်ကျော်နေပြီဖြစ်တဲ့ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေဖြစ်ပွားနေကြတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအနေနဲ့ ဆီနဲဆန်ပဲရှိတာကြောင့်ကလေးငယ်တွေအာဟာချို့တဲ့မှုနူန်းဟာလည်း ရာခိုင်နှုန်းတစ်ဆကျော်အထိတိုးလာတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေရဲ့ အချက်အလက် စစ်တမ်းအရ သိရပါတယ်။

    ဒါ့အပြင်သက်ကြီးရွယ်အိုတွေမှာဆိုရင်လည်း စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ အလုပ်အကိုင်ရှားပါးမှု၊ စိတ်ပိုင်းဆိုင်ရာအခက်အခက်ခဲတွေပိုဖြစ်လာပြီး တခြားရောဂါမရှိဘဲ စိတ်ကျရောဂါပုံစံနဲ့ သေဆုံးသူ ၁၈ ဦးအထိ ရှိလာနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆေးမှတ်တမ်းတွေအရ ထုတ်ပြန်ပြောလာပါတယ်။

    တဖက်မှာလည်း ပြည်နယ်တွင်းမှာ နှစ်ဖက်တိုက်ပွဲတွေနေ့စဥ်ရက်ဆက်ရှိလာသလို ကျေးရွာနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေထပ်ရှိလာပြီး စစ်ရှောင်အရေအတွက်လည်း ထပ်တိုးလာပြီးအရင်ထက်ပိုခက်ခဲလာတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

    ‘’ အခုကျွန်တော်တို့ပြည်နယ်ထဲမှာက တိုက်ပွဲတွေနေ့စဥ်ရက်ဆက်ဖြစ်နေတယ်။ အထူးသဖြင့်ဖရူဆိုတကြောရယ်၊ ဒီးမောဆို၊ဖယ်ခုံ အရှေ့ဘက်ခြမ်းရယ်မှာဆို တိုက်ပွဲကရက်တိုင်းနီးပါးရှိတယ်။ မိုးဗြဲဆည် အရှေ့ခြမ်းမှာရှိတဲ့ ရွာ ၃ရွာလောက်မီးထပ်ရှို့ခံရတယ်။တစ်ရွာဆိုရင် ဆိုးဆိုးဝါးဝါးပဲ၊ စစ်ရှောင်တစ်သောင်းလောက်ထပ်တိုးလာတယ်။ကလေးငယ်တွေ ဝမ်းရောဂါဖြစ်တာတွေ၊ အာဟာရချို့တဲ့တာတွေအပြင်သက်ကြီးရွယ်အိုတွေမှာလည်း စိတ်ကျရောဂါခံစားရပြီး သေဆုံးတာတွေရှိလာတာကို ဆေးမှတ်တမ်းတွေအရ တွေ့လာရတယ် ‘’ လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ကဒါရိုက်တာကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    ဒီအခြေအနေတွေကြားဘက်ပေါင်းစုံက အခက်အခဲနဲ့လိုအပ်တွေမြင့်တက်လာတဲ့ ကယားပြည်နယ်အတွင်းမှာ လူသားချင်းစာနာထောက်ပံ့တဲ့အကူအညီတွေရနိုင်ဖို့ ကရင်နီလူမှုအဖွဲအစည်းတွေဆက်တိုက်တောင်းဆိုနေပေမယ့် ပြည်နယ်အတွင်း ကစစ်ရှောင်တွေအတွက်ရိက္ခာသယ်ယူမှုကိုတောင်စစ်ကောင်စီဘက်က ပိတ်ဆို့ကန့်သတ်တဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။

    ကယားစစ်ရှောင်စခန်း
  10. ဂန့်ဂေါဒေသကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  11. မန္တလေးဝန်ကြီးချုပ်ဟောင်း မျက်စိခွဲစိတ်မှုအောင်မြင်ပြီး ထောင်ဆေးရုံပြန်ရောက်ပြီလို့ဆို

    မန္တ‌လေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ဟာမျက်စိခွဲစိတ်မှုအောင်မြင်ပြီးအခုအခါထောင်ဆေးရုံကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

    စွဲဆိုခံထားရတဲ့အဂတိအမှုအားလုံးကိုဒီတပတ်ရုံးချိန်းမှာမစစ်ဖြစ်ဘဲနောက်တစ်ပတ်မှာတရားခံပြသက်သေအပြီးစစ်ဆေးသွားနိုင်ဖို့ရှိတယ်လို့တရားရုံးအသိုင်းဝိုင်းကပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာကင်ဆာဝေဒနာခံစားနေရတဲ့အပြင်မျက်စိတစ်ဖက်မမြင်တော့လို့မေလလယ်မှာပြင်ပမျက်စိ၊နား၊နှာခေါင်း၊လည်ချောင်းဆေးရုံမှာမျက်စိခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။

    ဒါကြောင့်စွဲဆိုခံထားရတဲ့အဂတိအမှုရုံးချိန်းအားလုံးကိုဒေါက်တာဇော်မြင့်မောင်မရှိလို့တရားရုံးချိန်းမစစ်ဖြစ်တာပါ။

    "ဆရာဇော်နေကောင်းပြီလို့သိရတယ်။အခုကထောင်ဆေးရုံရောက်နေလို့တရားရုံးချိန်းမလာဖြစ်ဘူး။တရားခံမရှိဘဲနဲ့မစစ်နိုင်ဘူးလေ။လာမယ့်အင်္ဂါပြန်ချိန်းတယ်"လို့အမှုလိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော်ရှေ့နေကဒီတစ်ပတ်အဂတိအမှုရုံးချိန်းတွေနဲ့ပတ်သက်ပြီးပြောပါတယ်။

    လာမယ့်မေ၃၀ရက်မှာဒေါက်တာဇော်မြင့်မောင်တရားခံပြသက်သေထွက်ဖြစ်ရင်သောကြာရုံးချိန်းမှာလျှောက်လဲချက်အပြီးသတ်မှာ ဖြစ်ပါတယ်။ဒါကြောင့်ဇွန်လဒုတိယအပတ်မှာအဂတိအမှုအားလုံးကိုတရားရုံးကအမိန့်ချဖို့လည်းဖြစ်နိုင်တယ်လို့တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။

    လက်ရှိဒေါက်တာဇော်မြင့်မောင်ဟာစွပ်စွဲခံရတဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှုနှစ်ခု၊အဂတိအမှု၅ မှုအတွက်တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလမှာပုဒ်မ၅၀၅ (ခ) အပါဝင်အမှုသုံးခုနဲ့ထောင်ဒဏ်လေးနှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, mdn.gov.mm

  12. စစ်တပ်နဲ့ ပထမဆုံးတွေ့တဲ့နှစ်ဖွဲ့ ဘာတွေ ထဲထဲဝင်ဝင် ဆွေးနွေးထားလဲ

  13. သရုပ်ဆောင်ရဲတိုက် မူးယစ်အမှုအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ, စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံထားရပြီး အယူခံ ဆက်တက်မယ်လို့ ဆို

    ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို စွဲဆိုထားတဲ့အမှုတွေထဲက မူးယစ်မှုကို ဒီကနေ့ မေလ ၂၇ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ အဲဒီအမှုအတွက် အမြင့်ဆုံးထောင်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်တယ်လို့ တရားဥပဒေအရ လိုက်ပါဆောင်ရွက်ပေးနေသူက ပြောပါတယ်။

    သရုပ်ဆောင်ရဲတိုက်ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလထဲမှာ ဖမ်းဆီးခံ ခဲ့ရပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်ဖြစ်တဲ့ ပုဒ်မ ၅၀၅(က) အပြင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) နဲ့ တရားစွဲဆိုခံထားရတာပါ။ ပုဒ်မ ၅၀၅ (က)နဲ့ ပြီးခဲ့တဲ့နှစ် ကုန်ပိုင်းမှာ ထောင် ၃ နှစ်ချမှတ်ခံခဲ့ရပြီး ဒီအမှုကို အယူခံဝင်ဖို့အတွက် ဥပဒေကြောင်းအရလိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောဆိုပေမဲ့ သရုပ်ဆောင်ရဲတိုက်က ပုဒ်မ ၅၀၅ အတွက် အယူခံဝင်ဖို့ကို ငြင်းဆန်ခဲ့တယ်လို့ပြောပါတယ်

    ။ ‘’ ပုဒ်မ ၅၀၅(က) နဲ့ စွဲဆိုထားပြီး အနုပညာပုံရိပ်ကိုမှေးမှိန်အောင် မူးယစ်ဆေးဝါးအမှုနဲ့ လုပ်ကြံတယ်လို့ သူကိုယ်တိုင်လည်းခံယူတယ်။ ဥပဒေအကြောင်းအရလည်း ချေပခဲ့တယ်။ သူကျန်းမာရေးအရ မူးယစ်ဆေးဝါးကို မသုံးဖို့ ဆရာဝန်တွေကသေချာတားမြစ်ထားတယ်။ မိသားစုတွေကလည်း တင်းကျပ်ထိန်းသိမ်းထားတယ်။ သူကိုယ်တိုင်ကလည်း သူလုပ်ကြံခံရတယ်ဆိုပြီးယုံကြည်တယ်။ ခုခံချေပချက်တွေ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ၁၆(ဂ) နဲ့အရှင်းလွတ်မယ်လို့ မျှော်လင့်ထားပေမဲ့ တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး အမြင့်ဆုံးထောင်ဒဏ်ချခဲ့တဲ့အတွက် အယူခံမလွဲမသေဆက်တက်သွားပါမယ် ‘’ လို့ သရုပ်ဆောင်ရဲတိုက်ရဲ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေးက ဘီဘီစီကိုပြောပါတယ်။

    မူလက မရမ်းကုန်းမြို့နယ်တရားရုံးမှာ မူးယစ်ဆေးဝါးပုဒ်မ ၁၆(ဂ)နဲ့စစ်ဆေးနေရာက ၈လအကြာမှာ ယခင်ကျောက်တံတားရဲစခန်းမှာရှိနေတဲ့ မူးယစ်ဆေးဝါးပြစ်မှုဟောင်းနဲ့ ပုဒ်မ ၂၃ နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ပြောင်းလဲတရားစွဲဆိုခဲ့ပြီး ဒီကနေ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ထပ်မံချမှတ်လိုက်တာ ဖြစ်တယ်လို့ တရားဥပဒေအရလိုက်ပါ‌ ဆောင်ရွက်ပေးနေတဲ့ ဥပဒေပညာရှင်က ရှင်းပြပါတယ်။

    လက်ရှိမှာတော့ သရုပ်ဆောင်ရဲတိုက်ဟာ ကျန်းမာရေးအခြေအနေကောင်းမွန်ပေမဲ့ ၂၀၁၇ ခုနှစ်လောက်ကတည်းကခံစားလာရတဲ့ စိတ်ကျန်းမာရေးအခြေအနေကြောင့် ရဲအချုပ်ခန်းမှာရော အကျဥ်းထောင်တွင်းမှာပါ ဆေးကုသမှုတွေဆက်လုပ်နေရတယ်လို့ပြောပါတယ်။

    ရဲတိုက်

    ဓာတ်ပုံ ရင်းမြစ်, Social Media

  14. ပလက်ဝမြို့နယ်ထဲမှာ AA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်

  15. မြစ်ကြီးနားမှာ တစ်ရက်အတွင်းကျောင်းအပ်နှံသူ ၆၀၀၀ ကျော်ရှိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်တဲ့ မေလ ၂၆ ရက်နေ့မှာ ကျောင်းလာအပ်တဲ့ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်ရှိတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။

    “စာရွက် စာတမ်းကြေးတွေမရှိပါဘူး။ မနေ့တုန်းက အပ်တဲ့ စာရင်းကတော့ ခြောက်ထောင်ကျော်တယ်" လို့ အထက်ပါတာ၀န်ရှိသူကပြောပါတယ်။

    ကျောင်းသားမိဘတွေကတော့ ကိုဗစ်ရောဂါနဲ့အာဏာသိမ်းမှုကြားမှာ နှစ်နှစ်လောက် ကျောင်းပညာရေးအဆက်ပြတ်နေတဲ့အတွက် ကလေးအသက်နဲ့အတန်း မညီမျှမှု တွေဖြစ်လာတာကြောင့် ကျောင်းအပ်နှံရတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိပါတယ်။

    “ကျောင်းအပ်တာတော့ အဆင်ပြေတယ်။ ဘာမှတော့မပေးရဘူး။ ငွေလည်းမပေးရဘူး။ ကျွန်မကလေးက KG ဖြေထားပြီး ၂ နှစ်နားလိုက်ရတော့ အခုမှာ ကလေးက Grade 1 တက် ရတယ်။ အမှန်ဆိုကလေးက ဒီနှစ် ၃ တန်းတက်ရမှာလေ။ကလေးပညာရေး‌နှောင့်နှေးမှာ စိုးရိမ်လို့သာအပ်ဖြစ်တာပါ။ ဘာရည်ရွယ်ချက်မှမရှိပါဘူး’’ လို့ မြစ်ကြီးနား အထက(၁)မှာ ကျောင်းအပ်ခဲ့တဲ့ကျောင်းသားမိဘတစ်ဦးက ပြောပြပါတယ်။

    အခုနှစ်၂၀၂၂-၂၀၂၃ ပညာရေးနှစ်ကျောင်းအပ်နှံရေး နေ့ ကို စစ်ကောင်စီလက်အောက်ကပညာရေးဝန်ကြီးဌာနက မေလ ၂၆ ရက်နေ့က ဇွန်လ ၁ ရက်နေ့အထိ လက်ခံနေတာဖြစ်ပြီး ကျောင်းအားလုံးကို ဇွန် ၂ ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီလက်အောက်ကပညာရေးကို မသင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလပညာရေးမှာသင်ယူဖို့ကိုလည်း စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

    မြစ်ကြီးနား

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ဝက်လက်မှာကျောင်းသားသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးကို ၀င်ဖမ်းတာမမိလို့ မိသားစုကိုခြိမ်းခြောက်ပြောဆို

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ အမျိုးသမီး တာဝန်ခံ မသွန်းနံ့သာ နေအိမ်ကို မနေ့မေလ ၂၆ ရက် ညပိုင်းက ဝက်လက်အမှတ် ၁ ရဲစခန်းက တပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေ အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အနီးအနားက ဒေသခံတွေကပြောပါတယ်။

    မနေ့ညကဖမ်းဆီးချိန်မှာ မသွန်းနံ့သာကို မတွေ့တာကြောင့် နေအိမ်ထဲမှာရှိတဲ့ မိသားစုဝင်တွေကိုခြိမ်းခြောက်ပြောဆိုသွားတယ်လို့လည်း အနီးအနားကဒေသခံတွေကပြောပါတယ်။

    "တစ်ပတ်အတွင်း မသွန်းနံ့သာကိုဖမ်းပေးရမယ်၊ မဖမ်းပေးနိုင်ရင် အိမ်ကိုချိပ်ပိတ်မယ်၊ မိသားစုတွေကိုလာဖမ်းမယ်ဆိုပြီးပြောသွားတာ’’ လို့ ရပ်ကွက်နေဒေသခံက ဘီဘီစီကိုပြောပါတယ်။

    ဝက်လက်မြို့နယ်ထဲမှာဆိုရင် အခုသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီက ဒေသခံတချို့ကိုဆက်တိုက်ဖမ်းဆီးနေပြီးစစ်အာဏာသိမ်းလှုပ်ရှားမှုမှာပါဝင်တဲ့ဲ့ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ဝက်လက်ဒေသခံတွေကပြောပါတယ်။

    ဝက်လက်

    ဓာတ်ပုံ ရင်းမြစ်, social media

  17. မြစ်ကြီးနားမြို့သစ်ရပ်ကွက်က ဖုန်းဆိုင် ဓားပြတိုက်ခံရ, အိုင်ဖုန်း ၁၈ လုံးခန့် ပါသွားတယ်လို့ ဆိုင်ပိုင်ရှင်ပြော

    မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ I Center Second မိုဘိုင်းဖုန်းဆိုင်မှာ ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦး လာရောက်လုယက်ခဲ့တာကြောင့် ဆိုင်မှာခင်းကျင်းထားတဲ့အထဲက အိုင်ဖုန်း ၁၈ လုံးခန့် (တန်ဖိုး ကျပ် သိန်း ၃၀၀ ခန့်) ပါသွားတယ်လို့ ဆိုင်ရှင်ဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    "ဆိုင်မှာက ကျွန်‌တေ်တို့က မနက် ၉ နာရီဝန်းကျင်လောက်မှာပေါ့နော်။ ဆိုင်ခင်းပြီဆိုရင် ကျွန်တော်တို့က ဖုန်းတွေကို အိမ်ကနေသယ်လာတာကို ကျွန်တေ်၀န်ထမ်းတစ်ယောက်ကို ဖုန်းတွေ ခင်းခိုင်းထားတဲ့အချိန်မှာ ကျွန်တော််ကပိုက်ဆံကိစ္စနဲ့ အပြင်ခဏလေးထွက်သွားတဲ့အချိန်မှာလူနှစ်ယောက်က 125 ဆိုင်ကယ်နဲ့ လာပြီးတော့မှ ဆိုင်ရှင်ရှိလား ဘာညာမေးပြီးမှ မရှိဘူး၊ အပြင်ခဏထွက်သွားတယ်ဆိုတော့ ဘယ်အချိန်ပြန်ရောက်မှာလဲပေါ့။ ထိုင်ပြီးစောင့်နေတဲ့အချိန်မှာ လူတစ်ယောက်က သူ(၀န်ထမ်း) ကိုနောက်ကနေဝင်ပြီးတော့သေနတ်ထောက်ပြီး နောက်တစ်ယောက်က ကျောပိုးအိတ်နဲ့ ဖုန်းတွေထည့်ပြီးသွားလိုက်တာပေါ့။ ဖုန်းကတော့ ၁၈ လုံး ၁၉ လုံးရှိတယ်ဗျ။ အိုင်ဖုန်းအမျိုးအစားတွေပါပဲ" လို့ ဆိုင်ရှင်က ပြောပါတယ်။

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ ဒီရက်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာတင် လုယက်မှုတွေ ခပ်စိတ်စိတ် ကြားနေရပြီး မနေ့ မေ ၂၆ ရက်မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ အမျိုးသားတစ်ဦး ဓားထောက်ပြီး ဆိုင်ကယ်လုယက်ခံရလို့ သေဆုံးခဲ့ပါတယ်။

    မြစ်ကြီးနား

    ဓာတ်ပုံ ရင်းမြစ်, I Center

  18. ကင်းစံပြကျေးရွာနေအိမ်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေပြန်တယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကင်းစံပြအုပ်စုကျေးရွာထဲကို ဒီကနေ့ မေလ ၂၇ မနက်ပိုင်းကစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစလို့ စစ်ကောင်စီတပ်တွေဟာချင်းတွင်းမြစ်အထက်ပိုင်းကစုန်ဆင်းလာတာဖြစ်ပြီး မနေ့မေလ ၂၅ ရက်နေ့လယ်ပိုင်းမှာ တော့အထက်ကင်းရွာထဲကိုဝင်ရောက်မီးရှို့ခဲ့တဲ့အကြောင်းကိုလည်း ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြထားပါတယ်။

    ‘’အထက်ကင်းရွာကိုမီးရှို့ပြီးကတည်းက ကင်းရွာထဲဝင်နေတာ၊ မနေ့က တစ်နေကုန်ရွာထဲက ပစ္စည်းတွေယူနေတယ်။ ဒီကနေ့ မနက် ၆ နာရီလောက်မှာတော့ မီးစရှို့တာ။ ရွာသားတွေကတော့ အထက်ကင်းရွာကိုဝင်ကတည်းက တောတွေထဲပြေးနေရတာ။ အင်တာနက်လိုင်းကတော့ လုံးဝမရတာကြာပြီ။ဖုန်းတောင်မှ အခုလိုသတင်းပေးဖို့ ကုန်းမြင့်တွေရှာပြီးဆက်နေရတာ’’လို့ ကင်းစံပြကျေးရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်တွေရွာတွေထဲ တပ်စွဲထားပေမယ့် ရွာအနီးအနားမှာ နှစ်ဖက်တိုက်ပွဲတွေမရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေချင်းတွင်းမြစ်အထက်ပိုင်းကစုန်ဆင်းလာကတည်းကချင်းတွင်းမြစ်အောက်ပိုင်းက ကျေးရွာဒေသခံတချို့ဟာ ကြိုတင်တိမ်းရှောင်ထားကြတာဖြစ်တယ်လို့ ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာတော့ ရာသီဥတုဆိုးရွားတာကြောင့် တောတွေထဲစစ်ရှောင်နေရတဲ့ ဒေသခံတွေဟာစားဝတ်နေရေးတွေပိုခက်ခဲနေပြီး ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဆက်သွယ်ရခက်ခဲတာတွေကြောင့်လည်းစိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကင်းစံပြကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, ချင်းတွင်းချစ်သူ

    ဓာတ်ပုံ ပုံစာ, စစ်အာဏာမသိမ်းခင်က တွေ့ရတဲ့ ချင်းတွင်းမြစ်အောက်ပိုင်းကကျေးရွာမြင်ကွင်း
  19. မန္တလေးမှာ မနေ့က တစ်ညတည်းတင် လုယက်မှု နှစ်ခုဖြစ်၊ လုယက်ခံရသူတစ်ဦး သေဆုံး

    မန္တလေးမြို့မှာ ပစ္စည်းလုယက်တာတွေ များလာသလို အန္တရာယ်ပြုတာတွေရှိလို့ လူသေဆုံးတာတွေပါ ရှိခဲ့ပါတယ်။ မနေ့က (မေ ၂၆) ရက် ည ၇ နာရီကျော်မှာမြို့အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ပစ္စည်းလုယက်သူ အမျိုးသား သုံးယောက်က ဓားနဲ့ခုတ် လုယက်မှုလုပ်ခဲ့လို့ ဒဏ်ရာရ သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

    ချမ်းအေးသာစံမြို့နယ် မြို့ကန်ပတ်လမ်းအနီး သကြားဒိုင်နဲ့ သင်္ဂဇာချောင်းဘေးမှာ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦး အတူရှိနေစဥ် လူသုံးဦးက ဆိုင်ကယ်နဲ့ဖုန်းကိုဓားထောက်လုယက်ခဲ့တာပါ။လုယက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ ဆေးရုံကြီး အရေးပေါ်အခန်းအရောက်မှာ သေဆုံးခဲ့ပါတယ်။ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

    " သင်္ဂဇာချောင်းဘေးမှာ။ နေ့ခင်းပိုင်းတွေကအစ လုယက်မှုတွေ ဖြစ်နေတာ။ ညပိုင်းက ပိုဆိုးတာပေါ့။ အခု လုယက်ခံရတဲ့ ကောင်လေးက ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားတာ"လို့ ချမ်းအေးသာစံမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ထိခိုက်လူနာသယ်ဆောင်ပေးရတဲ့ အခြေအနေကို ပြောပါတယ်။

    မန္တလေး

    ဓာတ်ပုံ ရင်းမြစ်, MFP

    မန္တလေး

    ဓာတ်ပုံ ရင်းမြစ်, MFP

    အဲဒီညပိုင်းအချိန်လောက်မှာပဲ မြို့အရှေ့ဘက် သိပ္ပံလမ်းနဲ့ ၆၉ လမ်းထောင့်မှာ လူငယ်သုံးဦးစီးလာတဲ့ ကလစ် ဆိုင်ကယ်ကို ဓားနဲ့ခုတ် လုယက်တာတွေ ဖြစ်ပွါးခဲ့တယ်လို့ မဟာအောင်မြေ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေက သိရပါတယ်။ဖုန်းနဲ့ ဆိုင်ကယ်တွေ အလုခံရတဲ့အပြင် ခုတ်ထစ်ဒဏ်ရာတွေ ရရှိတာကို မြင်တွေ့ရကြောင်း အခင်းဖြစ်ရာအနီး ဒေသခံတွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ လူပြတ်နေရာ၊ ဈေးအနီး အမှောင်ရှိတဲ့နေရာတွေမှာ ပစ္စည်း လုယက်အကြမ်းဖက်တာတွေ ဆက်တိုက်ဆိုသလို ရှိလာသလို နေအိမ်တချို့မှာလည်း ဖောက်ထွင်းမှုတွေ သော့ဖျက် ဆိုင်ကယ်ခိုးယူမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  20. အခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတဝန်းမြို့ကြီးတွေက လုယက်မှုနဲ့ ဓါးပြမှုများ

    ရန်ကုန်မန္တလေးအပါအဝင် မြို့ပြမှာလုယက်မှုတွေတိုးလာနေပါတယ်။ မနေ့မေလ၂၆ရက်တရက်တည်းမှာတင် မန္တလေးနဲ့မြစ်ကြီးနားမှာ လုယက်မှုတွေဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

    အဲဒီလိုသေဆုံးရသူတွေထဲမှာလူငယ်လူလတ်ပိုင်းတွေပါဝင်နေပြီး အနားကဝိုင်းဝန်းကူညီသူတွေလည်း သေဆုံးရတာတွေရှိနေပါတယ်။

    ဒီဖြစ်စဥ်တွေကြောင့် နေ့စဥ်လူမှုဘဝတွေမှာ မလုံခြုံမှုစိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။ ဒီအခြေအနေကြားမှာ မိမိကိုယ်ကို ဘယ်လိုသတိထားနေထိုင်သွားလာနေကြပါသလဲ။

    အခုလုယက်မှုဖြစ်စဥ်တွေ လျော့နည်းပပျောက်သွား အောင် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ မိမိတို့ဒေသမှာကြုံတွေ့နေရတဲ့ မလုံခြုံမှု စတာတွေကို မှတ်ချက်မှာလာရောက်မျှဝေဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်။

    လုယက်မှုနဲ့ ဓါးပြမှုများ

    ဓာတ်ပုံ ရင်းမြစ်, မေလ ၂၇ ရက်မနက်ပိုင်းရန်ကုန်၊အင်းစိန်ကလုယက်မှုမြင်ကွင်း