ဘားလမ်းမှတ်တိုင်ပေါက်ကွဲမှုမှာ သေဆုံးသူဟာ မိုင်းဖောက်ခွဲသူလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်
မေလ ၃၁ရက် ညနေ ၃နာရီလောက်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက် ဘားလမ်းမှတ်တိုင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ သေဆုံးခဲ့သူဟာ ကိုယ်တိုင်ဖောက်ခွဲခဲ့သူဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလာပါတယ်။
သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် အောင်ကြီး(ခေါ်)ထိန်လင်းထွန်းဆိုသူဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဇွန်လ ၁ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။
''ကျန်ခဲ့တဲ့သူ့ဖုန်းကို စစ်ဆေးတဲ့အခါမှာ မိုင်းဖောက်ဖို့ စေခိုင်းထားတဲ့ပြောဆိုချက်တွေကိုတွေ့ရတယ်။ သူကိုယ်တိုင်လည်း PDF သင်တန်းဆင်းသူတစ်ယောက်ဖြစ်တယ်။ ကျောက်တံတားက ကွန်ပြူတာဆိုင်ဝန်ထမ်းဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ထပ်မံစိစစ်နေဆဲဖြစ်ပါတယ်''လို့ စစ်ကောင်စီပြောခွင့်ရသူကပြောပါတယ်။
မနေ့တုန်းက ပေါက်ကွဲမှာ အမျိုးသားတစ်ဦးသေဆုံးပြီးနောက်ထပ် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနကို ပို့ပေးခဲ့ပါတယ်။
မှတ်တိုင်အနီးနားက စီစီတီဗီကင်မရာမှတ်တမ်းနဲ့ သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းပါ အချက်အလက်တွေအပေါ်မူတည်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာတာပါ။
စစ်ကောင်စီထုတ်ပြလာတဲ့ စီစီတီဗီမှတ်တမ်းအရ ဗုံးထောင်စဥ်ပေါက်ကွဲတာ ဟုတ် မဟုတ်နဲ့ ပေါက်ကွဲတဲ့နေရာဟာ ဗုံးထောင်ဖို့ ပစ်မှတ်ထားတဲ့နေရာဟုတ် မဟုတ်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ရန်ကုန်က စစ်အာဏာသိမ်းမှုလှုပ်ရှားတဲ့အဖွဲ့တွေဘက်က ဗုံးပေါက်တဲ့ဖြစ်စဥ်က သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုတာတွေလည်းရှိနေပါတယ်။



















