ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှာ ပထမဆုံးအမျိုးသမီး တပ်ခွဲဖွဲ့စည်း

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း ၅က အမျိုးသမီးအထူးတပ်သားတွေကို သင်တန်းကာလ တစ်ပတ်ကျော်ကြာလေ့ကျင့်ပေးပြီး တပ်ရင်း ၅က အမျိုးသမီးရဲမေ ၆၀ကျော်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

    သင်တန်းကာလအတွင်း KNDF သင်တန်းဆရာတွေကနေ အမျိုးသမီးရဲမေ‌တွေကို ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ဖို့အတွက် စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်တွေကလည်း ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်းကြောင်းအပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကိုပါ ဆွေးနွေးပေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တပ်ရင်းတွေမှာ သင်တန်းဆင်းရဲမေတွေပါဝင်တဲ့ ပထမဆုံးအမျိုးသမီးတပ်ခွဲကို တပ်ရင်း ၅မှာဖွဲ့စည်းနိုင်ခဲ့တာလို့ဆိုပါတယ်။

    ကရင်နီပြည်နယ်အတွင်း အမျိုးသားတွေနဲ့ တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေဖို့၊ အမျိုးသားတွေနဲ့ တန်းတူ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခြင်းတာနဲ့ ဖိနှိပ်တာမရှိပဲ ပေးအပ်တဲ့တာဝန်တွေကို တန်းတူထမ်းဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ တပ်ရင်း ၅ကနေ မနေ့ မေ ၂၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာတော့ ဒီသင်တန်းဆင်းရဲမေတွေကို တာဝန်အသီးသီးပေးအပ်ထားပြီလို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

    KNDF တပ်ရင်း ၅

    ဓာတ်ပုံ ရင်းမြစ်, KNDF တပ်ရင်း ၅

    ဓာတ်ပုံ ပုံစာ, အမျိုးသမီးရဲမေတွေလေ့ကျင်နေတဲ့မြင်ကွင်း။
  2. စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယ - အာဆီယံအစည်းအဝေး ဖိတ်ကြားနိုင်ချေမရှိ

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယ - အာဆီယံအစည်းအဝေး ဖိတ်ကြားနိုင်ချေမရှိ

    ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးနဲ့ အာဆီယံ-အမေရိကန်ထိပ်သီးတွေ့ဆုံပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံရေးနဲ့မဆက်စပ်သူ၊ စစ်တပ်ကမဟုတ်သူ (non political, non military) ကိုသာ ဖိတ်ကြားမယ်ဆိုတဲ့ဆုံးဖြတ်ချက်အတိုင်း လာမယ့်ဇွန်လလယ်မှာကျင်းပမယ့် အိန္ဒိယ - အာဆီယံအစည်းအဝေးမှာလည်း ဆက်လက်ကျင့်သုံးနိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ The Hindu သတင်းမှာဖော်ပြပါတယ်။

    ဒါကြောင့် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်အနေနဲ့ အိန္ဒိယ - အာဆီယံအစည်းအ‌ဝေးတက်ရောက်ခွင့်ရနိုင်ဖွယ်မရှိဘဲ လတ်တလောမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကို ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။

    ဇွန် ၁၅ရက်မှာကျင်းပမယ့် အကြီးတန်းအရာရှိတွေအစည်းအဝေး (SOM) နဲ့ ဇွန် ၁၆ရက်ကနေ ၁၇ရက်အထိ တွေ့ဆုံမယ့် နိုင်ငံခြားရေးဝန်ကြီးတွေအစည်း‌အဝေးအတွက်ပါ ဦးချမ်းအေးကိုသာဖိတ်ထားပြီး စစ်ကောင်စီဘက်က တိကျတဲ့တုံ့ပြန်ချက်မရှိသေးဘဲ ဒီတနင်္လာနေ့မှာနောက်ဆုံးထားတုံ့ပြန်ရမှာလို့ အိန္ဒိယကလာတဲ့သတင်းအရသိရပါတယ်။

    ပြီးခဲ့တဲ့မတ်လအတွင်း၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမှာပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံကလည်းတက်ရောက်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေရဲ့ BIMSTECအစည်းအဝေးမှာ အမေရိကန်နိုင်ငံက ကန့်ကွက်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အွန်လိုင်းကတဆင့်အစည်းအဝေးတက်ရောက်ခဲ့ပြီးနောက်ပိုင်း နယူးဒေလီကနေ အခုလိုဆုံးဖြတ်ချက် ချမှတ်တာလို့ ဆိုပါတယ်။

    အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ဆက်ဆံရေးကောင်းမွန်သလို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကလည်း စစ်ကောင်စီခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာကို ပြီးခဲ့တဲ့လပိုင်းအတွင်းပေးအပ်ခဲ့ပါ‌သေးတယ်။

  3. ကျေးရွာတွေကို မီးရှို့တဲ့လုပ်ရပ်တွေအမြန်ဆုံးရပ်တန့်ဖို့ ရွှေဆံပင်ဆရာတော်မိန့်ကြား, ရွှေဆံပင်တံတားစခန်းပညာဒါနကျောင်းမှာ စစ်ရှောင် ၅၀၀ကျော် စောင့်ရှောက်ထား

    Shwe Sanpin SayarTaw

    ဓာတ်ပုံ ရင်းမြစ်, Shwe Sanpin SayarTaw

    ဓာတ်ပုံ ပုံစာ, ကျေးရွာတွေကို မီးရှို့တဲ့လုပ်ရပ်တွေအမြန်ဆုံးရပ်တန့်ဖို့ ရွှေဆံပင်ဆရာတော်မိန့်ကြား

    စစ်ကိုင်းတိုင်းအတွင်းကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်ကာ နေအိမ်တွေမီးရှို့တဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီးအမြန်ဆုံးရပ်တန့်ဖို့ တောင်းပန်တဲ့အကြောင်း ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက တောင်းဆိုမိန့်ကြားလိုက်ပါတယ်။

    ဒါဟာစစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေရင်ဆိုင်နေရတဲ့အခြေအနေတွေပတ်သက်ပြီး ထင်ရှားတဲ့ ဆရာတော် တွေထဲ လူမှုကွန်ရက်ကနေပထမဆုံးမေတ္တာရပ်ခံချက်မိန့်ကြားဖော်ပြလာတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။

    ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပလမ်းခွဲ ရွှေဆံပင်တံတားလမ်းထိပ်ကရွာဖြစ်တဲ့ လည်ငေါက်ရွာရဲ့ မီးရှို့ခံရတဲ့ဓာတ်ပုံမှတ်တင်းတွေကိုပါ ဖော်ပြခဲ့ပြီး တောသူတောင်သားတွေဟာ အိမ်တစ်လုံးဆောက်ဖို့ ဆယ်နှစ်လောက်ကြိုးစားရုန်းကန်ကြရပြီး နာရီပိုင်းအတွင်းပြာဖြစ်သွားရရှာတယ်လို့ ဆိုပါတယ်။

    မကြာသေးခင်အချိန်တုန်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သီတင်းရွာမီးရှို့ခံရချိန်မှာလည်း သက်တော်၉၈နှစ်အရွယ် နိုင်ငံတော်သြဝါဒါစရိယ သီတင်းဆရာတော်ကြီးကို တပည့်ရွာခံတွေက ထော်လာဂျီပေါ်တင်ပြီး အတင်းပင့်ပြေးကြရတဲ့အပြင် ဆရာတော်ကြီးကျောင်းအပါအဝင် အိမ် (၁၂၀) ကျော်လက်နက်ကြီးတွေပစ် မီးရှို့ခံရတယ်လို့ ရွှေဆံပင်ဆရာတော်ရဲ့ ဖော်ပြချက်အရ တွေ့ရပါတယ်။

    Shwe Sanpin SayarTaw

    ဓာတ်ပုံ ရင်းမြစ်, Shwe Sanpin SayarTaw

    ဓာတ်ပုံ ပုံစာ, ရွှေဆံပင်ဆရာတော်ရဲ့လူမှုကွန်ရက်စာမျက်နှာဖော်ပြထားတဲ့ ယင်းမာပင်မြို့နယ်၊လည်ငေါက်ရွာမီးရှို့ခံရပြီးနောက်မြင်ကွင်း။

    "ဒီအကုသိုလ်တွေကလွန်ကျူးသူရော၊စေခိုင်းသူပါ သံသရာမှာ လူမွှေးမပြောင်အောင် ခံကြရမှာပါ။ ကိုယ့်ပြည်သူကိုမီးရှို့တဲ့လုပ်ရပ်ကြီးတွေကအတော်ကိုဆိုးဝါးလွန်းပါတယ်။ မကောင်းတဲ့လုပ်ရပ်ကို ရပ်တန့်တာ နောက်ကျတယ်ဆိုတာ မရှိပါဘူး" လို့ ရွှေဆံပင်ဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

    ဒါ့အပြင် ရွှေဆံပင်တံတားစခန်းပညာဒါနကျောင်းမှာလည်း လက်ရှိမှာကျောင်းမဖွင့်နိုင်ဘဲ စစ်ဘေးရှောင်ပြည်သူ ခန့်မှန်း အယောက်(၅၀၀) ကျော်လောက်ကိုကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

    ရွှေဆံပင်ဆရာတော်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလထဲက ဆံပင်တွေဖြစ်စေ၊ ငွေကြေးဖြစ်စေ အလှူခံကာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း တံတားဆောက်လှူဒါန်းတာအပြင် နိုင်ငံတဝန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်တာကြောင့် လူသိများတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။

  4. စစ်ကောင်စီပညာရေးသပိတ်မှောက်ကျောင်းသားတွေအတွက် ရန်ကုန်ဖယ်ဒရယ်ကျောင်းဖွင့်လှစ်တယ်လို့ကြေညာ

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပညာရေးလုပ်သားတွေမြင်ကွင်း (ပုံဟောင်း)

    ဒီနေ့ မေ ၃၀ရက်ကစပြီး ဖယ်ဒရယ်ဒီမိုကရေစီစံနှုန်းကို အခြေခံတဲ့ ပြည်သူ့ပညာရေးကျောင်းအဖြစ် Yangon Federal School ကိုစတင်ဖွင့်လှစ်တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။

    ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီပညာရေးကိုသပိတ်မှောက်တော်လှန်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ပညာသင်ယူနိုင်တဲ့အခွင့်အလမ်းတွေ စဉ်ဆက်မပြတ်စေဖို့၊ ကြားကာလပညာရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေစုပေါင်းပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

    ဒီရန်ကုန်ဖယ်ဒရယ်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီကြားကာလပညာရေးအစီအမံ တွေနဲ့ ပြည်သူ့ပညာရေးယန္တရားကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင်ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ၊ ရန်ကုန်တိုင်းအတွင်းက ပညာရေးအစုအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ပါ ချိတ်ဆက်ကာပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီဘက်ကနေ မေ ၂၆ရက်ကနေ ဇွန် ၁ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ်သတ်မှတ်ကာ ကျောင်းအပ်လက်ခံနေပြီး ရန်ကုန်မြို့ပေါ်က ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်သလို ကျောင်းအပ်နှံသူဦးရေလည်းတိုးလာတယ်လို့ စစ်ကောင်စီပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

  5. မြောင်မှာ ပထမဆုံးအကြိမ်ရဟတ်ယာဉ်နဲ့တိုက်ခိုက်ခံရ, တမဆေးကန်ရွာမီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

    ကိုနွေဦးမြောင် (Facebook)

    ဓာတ်ပုံ ရင်းမြစ်, ကိုနွေဦးမြောင် (Facebook)

    ဓာတ်ပုံ ပုံစာ, မေ ၂၉ရက်က မီးရှို့ခံခဲ့ရတဲ့ ဇရပ်ကုန်းရွာ၊ မကျန်းကန်ရွာမြင်ကွင်း။

    မနေ့ မေ ၂၉ရက် ညနေပိုင်းမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီဘက်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

    ဒါဟာ မနေ့ နေ့လယ်ပိုင်းမှာ မြောင်၊ တမဆေးကန်ရွာထဲ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များတာကြောင့် အခုလိုရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တာလို့ ပြောကြပါတယ်။

    ဒီတိုက်ပွဲအတွင်း စစ်ကောင်စီမှာလည်း သေဆုံးမှုတွေရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ မြောင်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲအခြေအနေနဲ့ သေဆုံးမှုတွေအကြောင်း ဒီကနေ့ မေ ၃၀ရက်မနက်ပိုင်းအချိန်အထိ တစုံတရာထုတ်ပြန်လာတာမရှိပါဘူး။

    "တိုက်ပွဲက နေ့လယ်လောက်ကစဖြစ်တယ်၊တမဆေးကန်ရွာထဲမှာဖြစ်တာပဲ။ ရဟတ်ယာဉ်လာသံကြားတာနဲ့ ကျွန်တော်တို့ကဆုတ်ခဲ့တော့ ရဟတ်ယာဉ်ပေါ်က ပစ်လို့ ထိခိုက်သေဆုံးတာမရှိခဲ့ဘူး။ သူတို့ဘက်က ၁၅ဦးလောက်သေနိုင်မယ်၊ ညက တမဆေးကန်ထဲမှာပဲသူတို့အလောင်းတွေသဂြိုလ်ကျ၊ ရွာအိမ်တွေ မီးရှို့ကျ လုပ်နေကြတာ" လို့ မြေပြင်အခြေအနေသိရှိသူ မြောင်ဒေသခံတစ်ဦးက ပြောပါတယ်။

    တမဆေးကန်ရွာမှာ အိမ်တွေမီးရှို့တဲ့အပြင် မနေ့ မေ ၂၉ရက်ညမှာ တပ်စွဲခဲ့ကြပြီး ဒီကနေ့ မေ ၃၀ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တွင်းကြီးကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

    ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရေစကြို၊ ရေလယ်ကျွန်းဒေသကနေ မြောင်ဒေသကို အခုမေလဒုတိယအပတ်လောက်ကစပြီး ဝင်‌ရောက်စစ်ကြောင်းထိုးရာကနေ အနည်းဆုံးဆယ်ရွာကနေအိမ်တွေ မီးရှို့ခံခဲ့ရသလို သူတို့မှာ သာလွန်လက်နက်အင်အားအပြည့်အစုံပါဝင်တာကြောင့် ခုခံတိုက်ခိုက်မှုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

  6. နယ်စပ်လမ်းကဘဝများ - ကုမ္ပဏီ ဝန်ထမ်းတစ်ဦးရဲ့ ယုံကြည်ရာလမ်း

  7. ပလက်ဝမှာ တိုက်ပွဲဖြစ်ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ထား

  8. ပုသိမ် တိုင်းရဲတပ်ဖွဲ့ရုံးအနီး ဗုံးပေါက် ၊ တစ်ဦးသေဆုံး

    ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ မေ၂၉ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ တိုင်းရဲတပ်ဖွဲ့ ရုံးအနီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းအရှေ့ အမှတ်၃ရပ်ကွက် စကားဝါလမ်းမှာ ဖြစ်ပြီးတော့ ဒီကနေ့မနက် ၆ နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ကြောင်းနဲ့ ဆိုင်ကယ်မောင်းလာသူ အမျိုးသား ၁ ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူဟာ ပုသိမ်မြို့မှာ စွန့်ပစ်ပစ္စည်းတွေကောက်ပြီး အသက်မွေးတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဇော်မင်းထွန်း ဆိုသူဖြစ်ပြီးတော့ စွန့်ပစ်ပစ္စည်းတွေကောက်ပြီး ဆိုင်ကယ်မောင်းလာစဥ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

    ပုသိမ်မှာ ပြီးခဲ့တဲ့ရက်က တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့တာရှိပြီးတော့ အဲဒီပေါက်ကွဲတဲ့ ဖြစ်စဉ်ဟာ တပ်ထောက်ခံပွဲလုပ်တဲ့ နေရာအနီးတစ်ဝိုက်ဘက်က အမှိုက်ကောက်ပြန်လာသူရဲ့ ဆိုင်ကယ်ပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်သားတွ ရောက်လာခဲ့ပြီးတော့ လမ်းတွေပိတ်ဆို့ ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပုသိမ်မြို့မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်တွေ နေရာယူထားစဉ်

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, ပုသိမ်မြို့မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်တွေ နေရာယူထားစဉ်
  9. စစ်ကိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးတာကြောင့် ရွာခံတွေထွက်ပြေးနေရ

    Social Media

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးတာကြောင့် ရွာခံတွေထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့‌ မေ ၂၉ရက်၊ နေ့လယ်ပိုင်းမှာ ဟင်္သာရွာနဲ့ လိန်လှရွာဘက်ကို လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်လာတာကြောင့် ‌ရွာခံတွေထွက်ပြေးနေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    ဒေသခံတွေရုတ်တရက်ထွက်ပြေးတိမ်းရှောင်ကြရတာဖြစ်ပြီး စစ်ကောင်စီဝင်ရောက်နေတဲ့ ရွာတွေအခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

    အခုစစ်ကြောင်းဟာ အရာတော်နဲ့ ဒီပဲယင်းနယ်အစပ်ကကျေးရွာတွေဘက်လှည့်လည်သွားလာစစ်ကြောင်းထိုးနေတာလို့ ပြောကြပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၂၇ရက်ကလည်း အရာတော်မြို့ပေါ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Ayadaw Bone Naing PDF အဖွဲ့ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    "ဒီတိုက်ခိုက်မှုမှာ အထိအခိုက်အကျအဆုံးမသိရသေးပေမဲ့ လဝကရုံးပေါ်တည့်တည့်ကျတယ်လို့သိရပါတယ်။ စကစဂိတ်နားရောကျပါတယ်။ အဓိကကတော့ ဒီရက်ပိုင်းမှာက စစ်ကြောင်းထိုးပြီးရွာမီးရှို့ခံနေရတဲ့ အရာတော်မြောက်ဘက်နယ်တွေက အခြေအနေဆိုးနေပါတယ်" လို့ မြေပြင်အခြေအနေသိရှိသူ အရာတော်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အရာတော်မြို့ပေါ်က စစ်ကောင်စီရုံးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီကနေ့မေ ၂၉ရက်၊ ညနေအချိန်အထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  10. တန့်ဆည်၊ ကျွန်းတောကုန်းရွာမီးရှို့ခံရ

    Taze Support Organization

    ဓာတ်ပုံ ရင်းမြစ်, Taze Support Organization

    ဓာတ်ပုံ ပုံစာ, ကျွန်းတောကုန်းရွာမီးရှို့ခံရတဲ့မြင်ကွင်း။

    ဒီကနေ့ မေ၂၉ရက်၊ ညနေ ၄နာရီဝန်းကျင်ကစပြီး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကျွန်းတောကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။

    ဒီစစ်ကြောင်းဟာ ဒီကနေ့မနက် ၇နာရီခွဲလောက်မှာ တန့်ဆည်မြို့ပေါ်ကနေ ထွက်ခွာလာခဲ့ပြီး အင်အား ၁၅၀နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် အင်္ကုက္ကားရွာမှာ စခန်းချပြီးနောက် ညနေပိုင်းမှာ ကျွန်းတောကုန်းရွာဘက်ကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး မီးရှို့တာလို့ ဒေသခံတွေကပြောကြပါတယ်။

    "ဒီရွာကအရင်ကမီးမရှို့ဖူးဘူး။ ဘာကြောင့်ဝင်လာတာလဲမသိပါဘူး။ ရွာသားတွေကတော့ ပြေးနေရတာပဲ" လို့ မြေပြင်အခြေအနေသိရှိသူ တန့်ဆည်ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    မနေ့ မေ ၂၈ရက်၊ မနက်အစောပိုင်းမှာလည်း တန့်ဆည်မြို့နယ်မြောက်ကျောဘက်မှာရှိတဲ့ နားဋောင်းကျေးရွာမှာပြုလုပ်နေတဲ့ အရပ်အခေါ် ပျူစောထီးအဖွဲ့တွေရဲ့ သင်တန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနားဋောင်းရွာကို စစ်ကူလာတဲ့ပျူစောထီးတပ်ဖွဲ့တွေကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

    ဒီလိုနှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က နှစ်ဦးသေဆုံးပြီး ပျူစောထီးအဖွဲ့တွေဘက်ကလည်းသေဆုံးမှုများနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ပျူစောထီးအဖွဲ့တွေကို စစ်ကောင်စီက ထောက်ပံ့ပေးနေတယ်လို့ ဒေသခံတွေကပြောကြပြီး စစ်ကောင်စီကတော့ ပျူစောထီးကိုမသိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဖို့ရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောထားပါတယ်။

  11. ခင်ဦးမြို့နယ်ထဲက သရက်ကုန်းရွာမီးရှို့ခံရ ၊ ရွာခံတချို့ပိတ်မိနေနိုင်လို့ဆို

    ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။

    ဓာတ်ပုံ ပုံစာ, သရက်ကုန်းရွာမီးရှို့ခံနေရတာကို တွေ့ရစဉ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကို ဒီကနေ့ မေ၂၉ရက်မနက်အစောပိုင်းမှာ ရေဦးမြို့နယ်နဲ့ ပျဉ်ထောင်ရွာနှစ်နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့နေ့လယ် ၁၂နာရီဝန်းကျင်မှာတော့ ခင်ဦးမြို့နယ် ၊သရက်ကုန်းရွာတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်ဝင်ရောက်လာခဲ့တာကြောင့် ရွာခံတွေချက်ချင်းစစ်ရှောင်ကြရတယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် သရက်ကုန်းရွာကို မီးရှို့ခဲ့ပြီး စစ်ရှောင်တွေရှိနေတဲ့ တောဘုရားဘက်ကိုပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ရွာခံတချို့ပိတ်မိနေနိုင် တယ်လို့ မြေပြင်အခြေအနေသိရှိရသူတွေကပြောပါတယ်။

    "မနက်က ပဲတီလေးတွေကောက်နေကြတာ၊ သူတို့လာတော့ လက်နက်တွေပစ်ဖောက်ကြတာမှ ဒီတစ်ခါအများဆုံးပဲ။ တိုက်ပွဲဖြစ်နေသလားထင်ရတယ်။ လူတွေကလည်း အိမ်ပေါ်တက်ပြေးအဝတ်ထုတ်ယူပြေးရတာပဲ။ မီးခိုးလုံးတွေက အခု ၃နာရီလောက်အထိကိုမြင်နေရတုန်းပဲ။ ရွာလုံးကျွတ်ကုန်ပြီ ထင်တယ်ဗျာ" လို့ သရက်ကုန်းရွာမီးရှို့ခံနေရတဲ့ မီးခိုးတွေကို မျက်မြင်တွေ့နေရသူ ခင်ဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သရက်ကုန်းရွာထဲမှာဆက်ရှိနေသေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်တွေအပါ အယောက် ၁၀၀နီးပါး ပါဝင်ပြီး စစ်ကြောင်းထိုးနေကြတယ်လို့ဆိုပါတယ်။

    ဒီကနေ့မနက်ပိုင်းနဲ့ မနေ့ညပိုင်းမှာ ခင်ဦးမြို့နယ်က သရက်ကုန်းကျေးရွာတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီအကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခံရတာလည်းမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။။

  12. မန္တလေး ၊ စိန်ပန်းမှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

    မန္တလေးမြို့ စိန်ပန်းရပ်ကွက်ထဲမှာ မနေ့မေ၂၈ရက် ညနေပိုင်းက အမျိုးသားနှစ်ဦး ပစ်ခတ်ခံရလို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူ ၂ဦးဟာ ကိုရန်နိုင်ကျော်နဲ့ ကိုအောင်ကျော်မိုးဆိုသူတွေဖြစ်ပြီး ဒေသခံအချို့ကတော့ ‌စစ်ကောင်စီသတင်းပေးသူတွေဖြစ်တယ်လို့ဆိုပါတယ်။

    မဟာအောင်မြေမြို့နယ်ထဲက စာတိုက်တန်း ရပ်ကွက်ရှိ ၈၉ x၉၁ လမ်း၊ ၃၈ လမ်းအနီးက အရက်ဆိုင်မှာ အပစ်ခံရတာဖြစ်ပြီး သေဆုံးတဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်ပေးဖို့ ဆက်သွယ်တာ‌ကြောင့် ဆေးရုံကြီးပို့ပေးခဲ့ရတယ်လို့လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    "စိန်ပန်းက လူငယ်တွေ အဖမ်းခံရအောင် ကိုရန်နိုင်ကျော် ကသတင်းပေးတဲ့အထဲပါတယ်။ ကျွန်တော်တို့ အကွက်မှူးပဲ။ ပြန်လုပ်တာ။ ယူဂျီတွေ ပထမတခါသတင်းပေးခံရတယ်လို့လည်းကြားတယ်။ ဒလန်ဆိုပြီးရှင်းတာနေမယ်။ DB သယ်သွားတာတွေ့တယ်။ အရက်ဆိုင်က အောင်ကျော်မိုးအမျိုးဆိုင် ပါဆယ်ဆွဲတဲ့ဆိုင်။ ရင်နှီးမှုနဲ့ထိုင်သောက်ကြရင်း ဖြစ်ကြတာနေမယ် "လို့ အသတ်ခံရသူတွေအကြောင်းကို ဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီ ဖြစ်စဉ်နေရာကို စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်လာပြီး သေနတ်တချက် ပစ်ဖောက်ခဲ့သလို အနီးနားက ဖုန်းဆက်နေတဲ့ လူငယ်တယောက်ကို သံသယဖြစ်တယ်လို့ယူဆကာ လိုက်ဖမ်းတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီလူငယ်လွတ်သွားပြီး ဆိုင်ကယ်ကျန်ခဲ့တယ်လို့ ဒေသခံတွေက မြင်တွေ့ရတာကို ‌ပြန်ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ မန္တလေး Generation Z Power အဖွဲ့ကတေ့ ဒီပစ်ခတ်မှုကို သူတို့အဖွဲ့ကလုပ်ဆောင်တယ်လို့ထုတ်ပြန်ထားပါတယ်။ စိန်ပန်းရပ်မှာ မေလအတွင်း သေနတ်ပစ်ခံရပြီး သေဆုံးသူ လေးယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

    ပုံစာ - မန္တလေးမြို့တွင်း‌တစ်နေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပုံစာ - မန္တလေးမြို့တွင်း‌တစ်နေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ( ပုံဟောင်း)
  13. ရခိုင်ပြည်နယ်ရဲ့ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ဆို့မှုမလုပ်ဖို့ ANP Youth Wing ကြေညာချက်ထုတ်

    ရခိုင်ပြည်နယ်ရဲ့ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ဆို့မှုမလုပ်ဖို့ ANP Youth Wing ကြေညာချက်ထုတ်နိုင်ငံရေးပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာမှာ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေကြရတဲ့အချိန် ရခိုင်ပြည်နယ်ရဲ့ ကုန်စည်စီးဆင်းမှုတွေကို တားဆီးပိတ်ဆို့မှုတွေမလုပ်ဖို့ ရခိုင်အမျိုးသားပါတီ ရဲ့ ANP Youth Wing က မေလ ၂၈ ရက်နေ့ရက်စွဲ နဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

    ရခိုင်ပြည်နယ်ဘက်ကို ပို့ဆောင်နေတဲ့ စားသုံးကုန်အပါအဝင် ကုန်စည်အများအပြားကို ပြည်နယ်ကောင်စီရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ခွင့်ပြုချက်ရရှိမှ သယ်ယူရမယ်ဆိုပြီး တားမြစ်မှုတွေ ပြုလုပ်နေတဲ့အပေါ် အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

    ရေရှည်တည်တံ့ခိုင်မာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နေရာမှာ အခုလိုပိတ်ဆို့ကန့်သတ်မှုတွေ မလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အခုလို ကုန်စည်စီးဆင်းမှုတွေကန့်သတ်ခံနေရတာဟာ၁၉၆၂ ခုနှစ်ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းမှုနောက်ပိုင်းကတည်းက ကျဆုံးသွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့စီးပွားရေးတွေကို ပြန်လည်နာလန်မထူနိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရှုမြင်ကြောင်း အဲ့ဒီကြေညာချက်မှာ ရေးသားထားပါတယ်။

    ရခိုင်ပြည်သူတွေဟာ လက်ရှိအခြေအနေမှာ အခြေခံစားသုံးကုန်ကအစ ပြည်မကိုပဲမှီခိုနေကြရတာကြောင့် အဲ့ဒီအခြေအနေတွေကနေ ကျော်ဖြတ်နိုင်ဖို့ စီးပွားရေးမူဝါဒတစ်ရပ်ကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ရခိုင်အမျိုးသားအင်အားစုတွေကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။

    အဲ့ဒီကြေညာချက်ဟာ ANP Youth Wing ဖွဲ့စည်းတာ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေလိုလားနေတဲ့ တစ်နိုင်ငံလုံး စစ်မီးများငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်လိုပါက အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

    ရခိုင်ပြည်နယ်စစ်တွေမြို့ ‌စျေးအတွင်းကုန်ပစ္စည်းများသယ်ဆောင်နေမှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်စစ်တွေမြို့ ‌စျေးအတွင်းကုန်ပစ္စည်းများသယ်ဆောင်နေမှု
  14. စစ်ကိုင်းနဲ့မကွေးတိုင်းထဲက မြို့နယ်အချို့မှာတယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းနဲ့မကွေးတိုင်းထဲက မြို့နယ်အချို့မှာတယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

    ဒီကနေ့ မေ ၂၉ရက်မှာ စစ်ကိုင်းနဲ့မကွေးတိုင်းထဲက မြို့နယ်တချို့ ဖုန်းလိုင်းဖြတ်တောက်ခံရတယ်လို့ ဘီဘီစီကိုဆက်သွယ်ပြောကြပါတယ်။

    ဒါကြောင့် စစ်ကိုင်းတိုင်းထဲက ကနီ၊ ပုလဲနဲ့ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ဂန့်ဂေါဒေသဘက်ကို ဘီဘီစီကဆက်သွယ်တဲ့အခါမှာလည်း ဖုန်းလိုင်းတွေဆက်သွယ်လို့မရခဲ့ပါဘူး။

    ဘီဘီစီဆက်သွယ်ရခဲ့တဲ့ ဂန့်ဂေါဘက်မှာတော့ ဖုန်းလိုင်းပြတ်‌တောက်သွားတာကြောင့်ဒေသခံတချို့ဟာ အနီးနားက မြို့နယ်တွေမှာ သွားရောက်ဖုန်းအသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

    "ဘာတွေဖြစ်ကုန်လဲ သတင်းသိချင်လို့ ဟားခါးမြို့ဘက်လာပြီးဖုန်းလာသုံးနေရတာဗျ။ ရှိသမျှ အော်ပရေတာတွေအကုန်လုံးတစ်ခုမှ ဆက်သွယ်မရတော့တာ။ ရွာကလူတွေကလည်း ဖုန်းလိုင်းဖြတ်ခံရပြီး ငါတို့ဘာလုပ်ခံရတော့မလဲဆိုပြီး တကယ်ကိုစိုးရိမ်ကြောက်နေကြတယ်" လို့ ဂန့်ဂေါဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မကွေးတိုင်း၊ ဂန့်ဂေါဒေသမှာဆိုရင် မနေ့ မေ၂၈ရက်ည ၁၂နာရီမှာ ဖုန်းလိုင်းစတင်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ဒီကနေ့ မနက် ၉နာရီလောက်မှ မိနစ်အနည်းငယ် ဖုန်းလိုင်းပြန်မိခဲ့ရာကနေ ထပ်ပြီး ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့ပြန်တယ်လို့ဆိုပါတယ်။

  15. ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဝမ်းရောဂါဖြစ်ပွားနေ, ဝမ်းရောဂါကြောင့် ကလေးငယ်တစ်ဦးသေဆုံး

    Karenni Human Rights Group

    ဓာတ်ပုံ ရင်းမြစ်, Karenni Human Rights Group

    ဓာတ်ပုံ ပုံစာ, ကရင်နီစစ်ရှောင်စခန်းမှာတွေ့ရတဲ့ကလေးငယ်တွေ။

    ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေါရောခူနဲ့ ဟိုဝါစစ်ရှောင်စခန်းတွေအပြင် ဒေါလာစောစစ်ရှောင်စခန်းဘက်မှာပါ ဝမ်းရောဂါဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတွေကပြောပါတယ်။

    အဲ့ဒီထဲ မေလ ၂၅ရက်မှာဒေါရောခူစစ်ရှောင်စခန်းက အသက် ၃နှစ်ဝန်းကျင် ‌ကလေးငယ်တစ်ဦး ဝမ်းရောဂါကြောင့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိအချိန်မှာတော့ ဝမ်းရောဂါဖြစ်ပွားမှုကို နိုင်နိုင်နင်းနင်းကုသနိုင်တဲ့အခြေအနေရှိနေသေးပေမဲ့ တိုက်ပွဲတွေနဲ့လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားမှုတွေကြား ဆေးဝါးကြပ်တည်းမှုဖြစ်လာမှာကို စိုးရိမ်မှုရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    "လွန်ခဲ့တဲ့တစ်လနီးပါးကစပြီး သူ့အစုလိုက်လေး ဝမ်းရောဂါဖြစ်နေကြတာ၊ ဒီလောက်များလာမယ်မထင်ထားဘူး။ ဝမ်းရောဂါအပြင် ရာသီဥတုရယ်၊ ကလေးတွေရဲ့အာဟာရရှိမှုနည်းပါးတာကြောင့်ရော အခုလိုသေဆုံးတာတွေဖြစ်လာရတာ။ ကျွန်တော်တို့ကတော့ ကလေးတွေအာဟာရချို့တဲ့မှုဖြစ်လာတဲ့ လက္ခဏာတွေတွေ့နေရတယ်။ ဆန်၊ဆီ၊ဆား၊ပဲလောက်ပဲထောက်ပံ့နိုင်တော့ သူတို့အတွက်စိုးရိမ်တယ်" လို့ ကရင်နီလူ့အခွင့်အရေးစောင့်ကြည့်သူ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိကရင်နီဒေသမှာ စစ်ရှောင်ဦးရေ ၂သိန်း၁သောင်းရှိနေပြီဖြစ်ပြီး အသက် ၈နှစ်အောက်ကလေး ၂၀ရာခိုင်နှုန်းဝန်းကျင်ရှိကာ အဲ့ဒီထဲက ကလေးတချို့မှာ အာဟာရချို့တဲ့ တဲ့လက္ခဏာတွေတွေ့လာရတယ်လို့ ဆိုပါတယ်။

  16. မြောင်၊ ဇရပ်ကုန်းရွာမီးရှို့ခံရ

    CJ

    ဓာတ်ပုံ ရင်းမြစ်, zCJ

    ဓာတ်ပုံ ပုံစာ, ‌ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ‌မြောင်၊ မင်းတန်းရွာမီးရှို့ခံခဲ့ရတဲ့မြင်ကွင်း (ပုံဟောင်း)

    ဒီကနေ့ မေလ ၂၉ရက် မနက်၇နာရီခွဲဝန်းကျင်လောက်ကစပြီး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မနေ့ မေ ၂၈ရက်ညက ဇရပ်ကုန်းရွာမှာစခန်းချခဲ့ပြီး အခုမနက်ရွာကအထွက်မှာ အခုလိုမီးရှို့ခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတွေက ဆိုပါတယ်။

    အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇရပ်ကုန်းရွာကတဆင့် တမဆေးကန်ရွာထဲကို ဝင်ရောက်သွားပြီလို့ သိရပါတယ်။

    "နှစ်ရက်လောက် ငြိမ်နေခဲ့တာကနေ အခုမနက်ပြန်မီးရှို့နေတာပဲ။ သူတို့က ဇရပ်ကုန်းအရှေ့ကထွက်ရင် အနောက်ကနေ မီးဝင်ငြှိမ်းရတာပဲ။ ရွာပတ်ချာလည်ကို သုံးနေရာလောက်ခွဲရှို့သွားတာ၊ မီးလောင်တဲ့ အိမ်အလုံးရေ သေချာမသိရသေးဘူး။ အရင်တုန်းကလည်းဇရပ်ကုန်းကအရှို့ခံရဖူးတယ်" လို့ မြေပြင်အခြေအနေသိရှိသူ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုမေလလယ်ထဲက မြောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး အနည်းဆုံးကျေးရွာ ၇ရွာထက်မနည်းမီးရှို့ခံခဲ့ရပြီလို့ ဒေသခံတွေကဆိုပါတယ်။

    လက်ရှိအချိန်မှာ ဒေသခံရာချီစစ်ဘေးရှောင်နေကြရပြီး ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့အပြင် ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းမှုခပ်စိတ်စိတ်ရှိလာတာကြောင့် နေထိုင်ရေးတွေမှာပါအခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။

  17. ကလေးမြို့မှာ လက်နက်ကြီးထိမှန်လို့ လသားအရွယ်ကလေးမိခင် အပါအဝင် ၃ဦးသေဆုံး, ပြင်းထန်ဒဏ်ရာရရှိထားသူတွေထဲ အမျိုးသမီးတွေပါဝင်

    ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ မနေ့က မေ ၂၈ရက်ညပိုင်းပစ်ခတ်မှုတွေနဲ့လက်နက်ကြီးကျပေါက်ကွဲတာတွေကြောင့် အနည်းဆုံးဒေသခံ ၃ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူအနည်းဆုံး၄ ဦး ရှိတယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောလာပါတယ်။

    လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိမှန်သေဆုံးသူတွေထဲ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ‌၊ မင်းကင်းမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၄၇ နှစ်အရွယ် မိခင်နဲ့ အသက် ၂၀ အရွယ်သားဖြစ်သူတို့ ‌သေဆုံးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အသက် ၂၅နှစ်အရွယ် အမျိုးသမီးငယ်မှာတော့ ၇လသားအရွယ်က‌လေးငယ်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

    '' ည ၇နာရီကျော်ကစပြီးစစ်ကောင်စီဘက်က ပစ်ခတ်နေတာ၊ ၇လသားအရွယ်ကလေးအမေက ကလေးငိုလို့ထွက်ပြီးထိန်းချိန်မှာ ထိတာပါ။ ကလေးကိုချီထားတာနောက်တစ်ယောက်ဆိုတော့ ချီထားတဲ့ကောင်မလေးက ဒဏ်ရာရတယ်။ကလေးကတော့ဘာမှမဖြစ်သေးဘူးလို့ပဲသိထားရတယ်။ နောက် သားအမိနှစ်ယောက်ကလည်း သူတို့နေတဲ့အိမ်ပေါ်ကျတာ'' လို့ ‌ဒေသခံတစ်ဦးကပြောပြပါတယ်။သေဆုံးသူတွေရဲ့ ‌စျာပနတွေကိုတော့ ဒီကနေ့ မေ ၂၉ရက် နေ့လယ်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

    ဒဏ်ရာရသူတွေထဲမှာတော့ ကလေးမိခင်တစ်ဦ လက်ပြတ်တဲ့အထိဒဏ်ရာရထားသလို ၊ နောက်ထပ်အမျိုးသမီးငယ်တစ်ဦး ကတော့ နံရိုးကြားနေရာကို လက်နက်စထိမှန်ထားပြီးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကလေးမြို့မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေရှိခဲ့ပြီး ကလေးမြို့ တောင်ဖီလာတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အဲဒီတဝိုက်ကျေးရွာတွေနဲ့ မြို့ထဲနေရာတွေကို မနေ့ညပိုင်းက လက်နက်ကြီးနဲ့ပတ်ခတ်တာတွေကိုလုပ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

    မေ ၂၈ရက် ညပိုင်းတာဟန်းရပ်ကွက်ဘက်ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ လူသေဆုံးတာတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    နာရေးအစီအစဥ်ကြေညာထားတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, zalen

    ဓာတ်ပုံ ပုံစာ, နာရေးအစီအစဥ်ကြေညာထားတဲ့မြင်ကွင်း
  18. ဖမ်းဆီးခံ မန္တလေးသပိတ်ပါဝင်သူ ၆ဦး လချီအဆက်အသွယ်ပြတ်တောက်နေ

    မန္တလေးသပိတ်အင်အားစု။

    ဓာတ်ပုံ ရင်းမြစ်, မန္တလေးသပိတ်အင်အားစု။

    ဓာတ်ပုံ ပုံစာ, မေ ၂၈ရက် မန္တလေးမြို့အဝင် သပိတ်လှုပ်ရှားမှုမြင်ကွင်း။

    စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့မန္တလေးမြို့က အာဏာသိမ်းဆန့်ကျင်ရေးမြေပြင်သပိတ်လှုပ်ရှားသူ ၆ဦးနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအခုထိမရရှိဘဲ အဆက်အသွယ်ပြတ်တောက်နေတာ လချီကြာနေပြီလို့ နီးစပ်သူတွေကပြောပါတယ်။

    အဲဒီ ၆ဦးကို စစ်ကောင်စီက အခုနှစ်အတွင်းဖမ်းဆီးထားခဲ့ပြီး ဒီကနေ့အချိန်အထိ အိုးဘိုအကျဉ်းထောင်ဘက်လည်းမရောက်ရှိသေးဘူးလို့သပိတ် ပါဝင်သူတွေဆီကသိရပါတယ်။

    ဖမ်းဆီးခံ ၆ဦးမှာ မန္တလေးသပိတ်ဦးဆောင်သူ ကိုသူရအောင်၊ ကိုဖိုးလုံး၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်၊ ကိုကျော်စွာဝင်း အပါအဝင် ဦးဇင်းတစ်ပါးတို့ဖြစ်ပြီး အခုချိန်အထိ ဘယ်မှာဖမ်းဆီးထားလဲ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

    "ICRC တွေရော သက်ဆိုင်ရာအဖွဲ့အစည်းတွေရောပေါ့ အကူအညီတောင်းထားတယ်၊ အခုချိန်ထိတော့ အကြောင်းထူး‌တာမရှိသေးဘူး‌" လို့ မန္တလေးသပိတ် ပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မန္တလေးမြို့ပေါ်က သပိတ်တွေကို စစ်ကောင်စီဘက်ကနေ ကားနဲ့ဖြိုခွင်းတာ၊ လိုက်လံဖမ်းဆီးတာတွေရှိတာကြောင့် ကာလအတန်ကြာ လှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ကြပြီး အခုမေလအကုန်ပိုင်းမှာတော့ မြို့ပေါ် ရပ်ကွက်တချို့မှာ ပြောက်ကျားသပိတ်တချို့ပြန်ရှိလာခဲ့ပါတယ်။ မနေ့မေ ၂၈ရက်မှာတော့ မြို့အဝင်လမ်းမကြီးမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးစာတန်းကိုင်ဆွဲပြီး သပိတ်လှုပ်ရှားမှုရှိခဲ့ပါတယ်။

  19. အေအေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး၊ ထောင်ချမှုတွေ ပြန်ရှိလာ

  20. ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာကိုယ်စားလှယ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာ့အရေးဆွေးနွေး

    မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်က ရေးပါတယ်။

    သူတို့နှစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံမှာ မေ ၂၅ နဲ့ မေ ၂၆ ရက် နှစ်ရက်တာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကာလမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ဟွန်ဆန်က အဓိကအချက် ၃ ချက်ကို ပြောကြားခဲ့တယ်လို့ ၀န်ကြီးချုပ်ခရီးစဥ်မှာ လိုက်ပါလာတဲ့ ကိုယ်စားလှယ်တစ်ဦးကို ကိုးကားပြီး အဲဒီသတင်းက ဖော်ပြထားပါတယ်။

    ၀န်ကြီးချုပ်ဟွန်ဆန်က မြန်မာ့အရေး ကူညီဖို့ ဦးစားပေးအချက်သုံးချက်ကို ပြောခဲ့ပြီး ထာ၀ရအပစ်အခတ်ရပ်စဲရေးကနေ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့သူတွေဆီကို ဒီအကူအညီတွေရာက်ရှိဖို့နဲ့ သက်ဆိုင်သူအားလုံးပါ၀င်တဲ့ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ ဆိုပြီး ကုလကိုယ်စားလှယ် နိုလင်းဟေဇာကို ပြောခဲ့ပါတယ်။

    ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာက မြန်မာပြည်သူတွေကို ကူညီတဲ့အတွက် ၀န်ကြီးချုပ်ဟွန်ဆန်ကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်မှာအရပ်သားတွေအပေါ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို လျှော့ချဖို့က အရေးကြီးဆုံးအရာဖြစ်တယ်လို့ သူက ဆိုပါတယ်။

    နိုလင်းဟေဇာက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို မကြာခင်ကာလမှာ လာရောက်ဖို့ဖိတ်ကြားထားပြီး မြန်မာပြည်ခရီးစဥ်မတိုင်ခင်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့အမြင်တွေကို သိရှိလိုတာကြောင့် ခုလိုဆွေးနွေးတယ်လို့ ဖနွမ်းပင်ပို့စ်က ရေးထားပါတယ်။

    ဒါကြောင့် နိုလင်းဟေဇာရဲ့ မြန်မာပြည်ခရီးစဥ် နဲ့ပတ်သက်လို့ ဖိတ်ကြားထားခြင်းရှိမရှိသိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး မေ ၂၈ ရက် ညနေပိုင်းထိ အဆက်အသွယ်မရရှိသေးပါဘူး။

    နိုလင်းဟေဇာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images