ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေးကေ့ကော်ဒေသ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  2. စစ်ကိုင်း - နတ်ချောင်း ပစ်ခတ်မှု သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိတယ်လို့ ဒေသခံတွေပြော

  3. ဖားကန့်မြေပြိုမှုကနေ ရုပ်အလောင်း ၂ လောင်းထပ်တွေ့, ရေငုပ်ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေ ပြော

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ သာယာကုန်းကျေးရွာအနီး စိန်စိန်လုပ်ကွက်အတွင်း ဒီဇင်ဘာ ၂၂ ရက်က စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်စဉ်ကနေ နောက်ထပ် ရုပ်အလောင်း ၂ လောင်းကို ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာလူမှုကယ်ဆယ်ရေးအသင်း(ဖားကန့်) က တာဝန်ရှိသူ ကိုဂျက်က ဘီဘီစီကိုပြောပါတယ်။

    "ဒီနေ့ မနက် ၈ နာရီက ကျား(အမျိုးသား)တစ်လောင်း၊ ညနေ ၂ နာရီလောက်မှာ ကျားတစ်လောင်း ထပ်တွေ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ ဆက်လုပ်မှာဖြစ်ပေမယ့် အခု သုံးရက်ပြည့်ပြီဆိုတော့ ရေငုပ်ရှာဖွေတာတော့ရပ်လိုက်ပါပြီ။ မနက်ဖြန်မှာတော့ လေးရက်မြောက်ဖြစ်ပြီဆိုတော့ ပုံမှန်ဆိုရင် ရုပ်အလောင်းတွေက ရေပေါ် ပြန်ပေါ်လာတတ်ပါပြီ။ ဒါကြောင့်မနက်ဖြန်တော့ လှေနဲ့ စောင့်ပြီး ပြန်ပေါ်လာနိုင်တဲ့ရုပ်အလောင်းတွေ ဆယ်ယူဖို့ရှိပါတယ်" လို့ ကိုဂျက်က ပြောပါတယ်။

    Jade mine landslide

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရေငုပ်ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေ ပြော

    အဲဒီမြေစာပုံပြိုကျမှုကနေ ဒီနေ့ထိ ရုပ်အလောင်း စုစုပေါင်း ၆ လောင်းအထိ ရရှိထားပြီဖြစ်ပါတယ်။ မြေစာပုံဟာ ဒီဇင်ဘာ ၂၂ ရက်မနက် လေးနာရီခန့်မှာ ပြိုကျခဲ့တာဖြစ်ပြီး မြေပြိုချိန်မှာ အဲဒီအနီးတဝိုက် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ဈေးသည်တချို့ အပါအဝင် စုစုပေါင်း လူ ၈၀ ခန့်ရှိကြောင်းနဲ့ လူ ၁၅ ဦးခန့်ဟာ မြေပြိုတဲ့အရှိန်ကြောင့် လွင့်စင်သွားကြောင်း၊ ဒါပေမဲ့ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာမရှိကြောင်းနဲ့ နွံကန်ထဲကို ပြုတ်ကျသူတွေကတော့ ခန့်မန်းခြေ ၅၀ ကျော်ခန့်ရှိကြောင်း မျက်မြင်တွေ့သူက ဘီဘီစီကိုပြောကြားထားပါတယ်။ မြေပြိုကျတဲ့အထဲ ပါသွားသူတွေကို ဖားကန့်နဲ့လုံးခင်းက ကယ်ဆယ်ရေးအဖွဲ့ ၆ ဖွဲ့ကနေ လူ အင်အားတစ်ရာကျော်နဲ့ ပူးပေါင်းရှာဖွေခဲ့ပြီးရာသီဥတုအေးလွန်းတာ၊ အောက်ဆီဂျင်မလုံလောက်တာနဲ့ နွံကန်ရဲ့ရေက နောက်ကျိလွန်းတာကြောင့် ကယ်ဆယ်ရေးမှာအခက်အခဲတွေရှိခဲ့တယ်လို့ကယ်ဆယ်ရေးဆောင်ရွက်သူတွေကပြောပါတယ်။

  4. လွိုင်ကော်လေဆိပ်ကို ပီဒီအက်ဖ်က ရှော့တိုက်ဒုံးနဲ့တိုက်တယ်လို့ စစ်ကောင်စီ စွပ်စွဲ, MNA လေကြောင်းပိုင်လေယာဉ် လွိုင်ကော်လေဆိပ်မှာရှိချိန် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု မရှိဘူးလို့ဆို

    မြန်မာအမျိုးသားလေကြောင်း လေယာဥ် (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, မြန်မာအမျိုးသားလေကြောင်း လေယာဥ် (ပုံဟောင်း)

    လွိုင်ကော်လေဆိပ်ကို ဒီကနေ့ မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက် ခံရပြီး ဒီတိုက်ခိုက်မှုဟာ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

    ရန်ကုန်မြို့ကနေ လွိုင်ကော်မြို့ကို ထွက်ခွာလာတဲ့ မြန်မာ အမျိုးသား လေကြောင်း MNA ပိုင် ခရီးသည်တင် လေယာဉ် တစ်စင်း ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်က လွိုင်ကော်လေဆိပ်ကို အရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီ ဘက်က သတင်း ထုတ်ပြန်ပါတယ်။

    မနက် ၈ နာရီ ၁၅ မိနစ် အချိန်လောက်က လေယာဉ် ဆင်းသက် လာချိန်မှာ KNPP အဖွဲ့နဲ့ PDF တို့ ရဲ့ ပူးပေါင်းတိုက်ခိုက်မှုလို့ စွပ်စွဲထားပြီး ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးနဲ့ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ခရီးသည် ၆၄ ယောက် လိုက်ပါလာတဲ့ လေယာဉ် လွိုင်ကော်လေဆိပ် အရောက်မှာ လွိုင်ကော်မြို့ အနောက်ဘက် ဒေါ်ပေါ်ကလဲ ကျေးရွာအုပ်စု၊ ဘာဒို ကျေးရွာအနီးနဲ့ သင်္ချိုင်း နေရာတို့ဘက်ကနေ လာရောက် ပစ်ခတ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

    လေယာဉ်ကွင်းရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ အကွာ နေရာတွေကို ကျရောက် ပေါက်ကွဲခဲ့ပြီး လူရော အဆောက်အဦပါ ပျက်စီးမှု မရှိဘူးလို့ လည်း ဖော်ပြပါတယ်။

    တိုက်ခိုက်မှု ဖြစ်ခဲ့အပြီးမှာ အဲဒီ လေယာဉ်ပေါ်မှာပဲ ခရီးသည် ၃၈ ယောက်ကို ပြန်လည် တင်ဆောင်ပြီး ရန်ကုန်ကို ပြန်လည်ထွက်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်က စွပ်စွဲ ထားတဲ့ တိုက်ခိုက်မှုပြုလုပ်တယ် ဆိုတဲ့ အဖွဲ့တွေ ဘက်ကို ဘီဘီစီ က မေးမြန်းဖို့ ဆက်သွယ်နေပါတယ်။

    တိုက်ခိုက်ခံရတဲ့ မြေပုံ

    ဓာတ်ပုံ ရင်းမြစ်, CNICDS

  5. စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ဒေသကာကွယ်ရေးတပ် PDF တို့ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

    စစ်ကောင်စီတပ်ရင်း ၃၈၃ နဲ့ ခြေမြန်တပ်ရင်း ၃၈၄ တို့ကို ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတချို့ကိုအတည်ပြုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်ရင်း တိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    မိုးကောင်းမြို့နယ်၊ ဆားမှော်ရှိ နယ်မြေခံတပ်ရင်းကို ဒီနေ့မနက်မှာ KIA နဲ့ PDF အင်အား တရာခန့်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ခုခံလို့ ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေဆုတ်ခွာသွားကြောင်းနဲ့ ဆုတ်ခွာသွားသူတွေနောက်လိုက်လံ တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

    KIA

    ဓာတ်ပုံ ရင်းမြစ်, KIO/KIA

    ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်
  6. ကရင်ပြည်နယ်နဲ့ နိုင်ငံတဝန်း အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာ သံတမန်တွေ ပူးတွဲကြေညာချက်ထုတ်, လေးကေ့ကော်ဒေသ လေကြောင်းက တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ ခုလို ထုတ်ပြန်တာဖြစ်

    စစ်အာဏာရှင်အနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတဝန်း အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူတွေအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ ဘေးကင်းလုံခြုံစွာ ထားရှိဖို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံး၊ အီးယူအဖွဲ့ဝင်နိုင်ငံသံရုံးတွေ၊ ဗြိတိန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာ သံတမန်တွေက ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

    လေးကေ့ကော်ဒေသကို လေကြောင်းကနေ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်တစ်ရက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

    KNU, Military, Dec 24

    ဓာတ်ပုံ ရင်းမြစ်, ကရင်အမျိုးသားမီဒီယာ

    ဓာတ်ပုံ ပုံစာ, မြန်မာဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေသူတွေထဲက ထိုင်းဘက်ခြမ်းကို ထပ်မံတိမ်းရှောင်နေသူတွေလည်း ဆက်ရှိလာနေပါတယ်။

    ကရင်ပြည်နယ်အတွင်း ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းအပါအဝင် အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး ဒီလုပ်ရပ်ကို ရပ်တန့်ရမယ်လို့ သတိပေးထားပါတယ်။

    အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနောထာက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာရှင်ရဲ့နိုင်ငံတစ်ဝန်း ပြင်းထန်ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ လည်း ဖော်ပြထားပြီး အကူအညီလိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အတအားအဆီးမရှိ ရရှိနိုင်ဖို့၊ ဆေးဘက်ဝန်ထမ်းတွေကိုလည်း အပြည့်အဝကာကွယ်ပေးဖို့ သံတမန်တွေက တိုက်တွန်းတောင်းဆိုထားပါတယ်။

    Military, KNU, Dec 23

    ဓာတ်ပုံ ရင်းမြစ်, ကရင်အမျိုးသားမီဒီယာ

    ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ထိုင်းကို ညတွင်းချင်းထွက်ပြေးရတဲ့ ဒေသခံများ

    မနေ့ ဒီဇင်ဘာ ၂၃ ရက်ညပိုင်း လေးကေ့ကော်ကို လေကြောင်းက တိုက်ခိုက်မှုမှာ အရပ်သားတချို့ထိခိုက်ဒဏ်ရာရတယ်လို့ကနဦး သတင်းတွေထွက်ခဲ့ပေမယ့် ဘီဘီစီက ဒါကို အတည်ပြုဖို့ကြိုးစားနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညတွင်းချင်းမှာပဲ မြန်မာစစ်ရှောင်တွေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးခဲ့ရကာ ထိုင်းရောက်မြန်မာစစ်ရှောင်အရေအတွက်ဟာ အရင်နေ့တွေက ရောက်နှင့်ပြီးသား စစ်ရှောင်တွေနဲ့ပေါင်းရင် ထပ်တိုးလာဖွယ်ရှိနေပါတယ်။

    ဒီမနက်မှာလည်း လေးကေ့ကော်မှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး မြန်မာဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တချို့ထိုင်းဘက်ခြမ်းကိုကျရောက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေသူတွေထဲက ထိုင်းဘက်ခြမ်းကို ထပ်မံတိမ်းရှောင်နေသူတွေလည်း ဆက်ရှိလာနေပါတယ်။

  7. NLD ပါတီနဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသံရုံး ထုတ်ပြန်

    အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla ရဲ့ မြန်မာပြည်နှစ်ရက်တာခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD အပါအဝင် နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    နိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂၂ ကနေ၂၃ ထိ နှစ်ရက်တာ လာရောက်ခဲ့ပြီး သူ့ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံအခြေစိုက်သံအမတ်ကြီးတွေနဲ့ ကုလကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့သေးတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

    အဲဒီလိုတွေ့ဆုံမှုရာမှာ သက်ဆိုင်သူတွေအားလုံးကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်း ဆောလျင်စွာပြန်သွားရေး၊ ထိန်းသိမ်းခံရသူတွေနဲ့ အကျဉ်းသားတွေကိုပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနဲ့ အကြမ်းဖက်မှုအားလုံး အဆုံးသတ်ရေးတို့ကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့သလို မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အခြေခံပြီး လက်တွေ့ကျကျဆောင်ရွက်မှုကနေ တိုးတက်မှုတွေ မျှော်လင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

    အတွင်းဝန်ရဲ့ဒီခရီးစဉ်အတွင်း လုံခြုံရေးနဲ့စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး နယ်စပ် ဒေသတည်ငြိမ်ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ထုတ်ပြန်ချက်အရ NLD ပါတီနဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပေမယ့် ပါတီရဲ့ဘယ်အဆင့်

    ဘယ်လိုတာဝန်ရှိသူက လက်ခံတွေ့ဆုံတယ်ဆိုတာတော့ သီးခြားထည့် သွင်းထုတ်ပြန်ထားတာမပါရှိပါဘူး။

    NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒု ဥက္ကဌ ၂ ဦး ဖြစ်တဲ့ သမတ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အားလုံးနီးပါး ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အများစုဟာ ဆူပူရန်လှုံ့ဆော်မှု၊ အဂတိမှု၊ သဘာဝဘေး ဥပဒေအပါအဝင် အမှုပေါင်းများစွာတပ် တရားစွဲဆိုဖမ်းဆီး ထောင်ချခံထားရပါတယ်။

    ဒါ့အပြင် ပါတီဝင် ရာနဲ့ချီဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသလို စစ်ကောင်စီရဲ့ ဖမ်းဆီးခံရမှုကနေ လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းရှိနေပါတယ်။

    ဒါကြောင့် ခုလို အတွင်းဝန်နဲ့ တွေ့ဆုံရာမှာ ပါတီဘက်ကနေ ဘယ်သူတွေ တက်ရောက်တွေ့ဆုံခဲ့တယ်၊ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာတော့ လောလောဆယ် မသိရသေးသလို ပါတီဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    NLD ပါတီနဲ့  အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံခဲ့တယ်လို့  အိန္ဒိယသံရုံး ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Harsh Vardhan Shringla

    ဓာတ်ပုံ ပုံစာ, NLD ပါတီနဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသံရုံး ထုတ်ပြန်
  8. တရုတ်ဆီက ရေငုပ်သင်္ဘောတစ်စင်း စစ်ကောင်စီ ရမယ်

    တရုတ်က မြန်မာစစ်တပ်ကို ရေငုပ်သင်္ဘောတစ်စင်း ပေးဖို့ ရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်ဟာ တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ဖြစ်ပြီး မနှစ်က အဲဒီလိုနှစ်ပတ်လည်နေ့မှာ အိန္ဒိယကရတဲ့ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်ခဲ့ပြီး ပထမဆုံး ရေငုပ်သင်္ဘော တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါကြောင့် အခု တရုတ်ဆီက ထပ်ရမယ့်ရေငုပ်သင်္ဘောနဲ့ဆိုရင် မြန်မာရေတပ်မှာ ရေငုပ်သင်္ဘော နှစ်စင်းအထိရှိလာတော့မှာလည်း ဖြစ်ပါတယ်။

    မင်းရဲသိင်္ခသူ မနှစ်က တပ်တော်ဝင်ခဲ့စဉ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မင်းရဲသိင်္ခသူ မနှစ်က တပ်တော်ဝင်ခဲ့စဉ်
  9. ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

    နိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မူတည်ပြီး ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောလိုက်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၂၃ရက်က သွားရောက်ခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ် ၊တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ၊ တပ်တော် ( ကြည်း) ဗိုလ်သင်တန်းကျောင်း ( မှော်ဘီ) တို့က ကျောင်းအုပ်၊နည်းပြနဲ့ သန္ဓေ အရာရှိတွေနဲ့တွေ့ဆုံချိန် မှာ အဲဒီလိုပြောကြားခဲ့တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကဖော်ပြပါတယ်။

    လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးနိုင်ရေးဆောင်ရွက်နေတယ်လို့ တပ်အရာထမ်းအသိုင်းအဝိုင်းကိုထည့်သွင်းပြောသလို နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ဖို့ နိုင်ငံသားစိစစ်ရေးကဒ်တွေဆောင်ရွက်ပေးနေတာမှာ ၂၅ ရာခိုင်နှုန်းသာပြီးစီးသေးကြောင်းလည်းပြောခဲ့တာတွေ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တာကို ရည်ညွှန်းပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ

    မဲမသမာမှုတွေရှိခဲ့လို့ မည်သို့မှရှောင်လွှဲလို့မရတဲ့ အခြေအနေဖြစ်ပေါ်လာခဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ စစ်တပ်က နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့တာလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မနေ့ ဒီဇင်ဘာ ၂၃ရက်ရန်ကုန်တစ်ရက်တာခရီးစဉ်အတွင်း သူနဲ့တွေ့ဆုံခဲ့သူတိုင်းနဲ့ အခမ်းအနားတိုင်းမှာပြောကြားခဲ့တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကဖော်ပြချက်မှာတွေ့ရပါတယ်။ မနေ့က တစ်ရက်ထဲမှာတင် စစ်ကောင်စီဥက္ကဋ္ဌဟာ တပ်အရာထမ်းအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရောက်နေတဲ့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Shri Harsh Vardhan Shringle နဲ့တွေ့ဆုံခဲ့ပါတယ်။ပြီးတော့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို နဲ့လည်း ခရစ္စမတ်အကြိုဆိုပြီးတွေ့ဆုံခဲ့တာပါ။

    အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတယ်လို့ သုံးနှုန်းပြောကြားသလို အဲဒီအဖွဲ့တွေကိုတွေ့ဆုံဆွေးနွေးဖို့မရှိကြောင်းလည်းသူက စစ်တပ်အရာထမ်းအသိုင်းအဝိုင်းတွေကို ထည့်ပြောပါတယ်။ ဒါ့အပြင် ပြည်သူကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေကို အကြိမ်ကြိမ်တွေ့ဆုံဖို့ကြိုးစားပေမယ့်လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း၊ အစုအဖွဲ့လိုက်ထောက်ခံသူပြည်သူတွေကို ပါတီတွေကသာကိုယ်စားပြုပြီး ပုဂ္ဂလိက အနေနဲ့ ကိုယ်စားပြုမှုမရှိကြောင်း နိုင်ငံရေးပါတီတွေဟာ ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကတွေ့ဆုံဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ကြောင်း ဒီမိုကရေစီကိုမျက်ကွယ်ပြုလို့မရဘဲ အရေးယူဖို့ရှိတာကို အရေးယူနေကြောင်း ဥပဒေအထက်မှာ မည်သူမျှရှိလို့မရကြောင်း နဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ရာမှာ အမုန်းတရားတွေမဖြစ်ပေါ်စေဖို့နဲ့ သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကစစ်တပ်အရာထမ်းအသိုင်းအဝိုင်းတွေကို ထည့်ပြောပါတယ်။

    နိုင်ငံရေးအကဲခတ်တွေကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းပြီးနောက် သွားရောက်ခဲ့တဲ့ခရီးစဉ်တိုင်းမှာ အလားတူပြောကြားမှုတွေနဲ့ ပတ်သက်လို့ တပ်မိသားစုနဲ့ နိုင်ငံတကာကို ယုံကြည်အောင် ပြောဆိုဖို့ကြိုးစားနေပေမယ့် လုပ်ရပ်နဲ့ လက်တွေ့မှာ ကွာခြားမှုတွေရှိနေတာဟာ သိသာထင်ရှားနေတဲ့အခြေအနေတွေလို့ သုံးသပ်ကြသလို ဒေသကာကွယ်ရေးတပ်တွေကလည်း စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့တိုက်နေကြတာမဟုတ်လို့ ဒါကလည်းဖြစ်နိုင်စရာမရှိကြောင်း ထောက်ပြကြပါတယ်။

    ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို နဲ့လည်း ခရစ္စမတ်အကြိုဆိုပြီးတွေ့ဆုံခဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, CNICDS

    ဓာတ်ပုံ ပုံစာ, ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို နဲ့လည်း ခရစ္စမတ်အကြိုဆိုပြီးတွေ့ဆုံခဲ့ပုံ
    တပ်အရာထမ်းအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံခဲ့

    ဓာတ်ပုံ ရင်းမြစ်, CNICDS

    ဓာတ်ပုံ ပုံစာ, တပ်အရာထမ်းအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံခဲ့
  10. ပြင်သစ်နဲ့အီတလီ ဖက်စပ်ထုတ် လေယာဥ်အမျိုးစား မြန်မာစစ်တပ်လက်ထဲ ရှိနေ

    မြန်မာ စစ်တပ်ရဲ့ လက်ထဲမှာ ပြင်သစ်နဲ့ အီတလီ ကုမ္ပဏီတွေက ထုတ်တဲ့ လေယာဥ်နဲ့ ရဟတ်ယာဥ် အမျိုးစားတွေ ရှိနေတာ တွေ့ရတယ် ဆိုပြီး၊ မြန်မာ စစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ စီးပွားရေးတွေကို ထုတ်ဖော် ရေးသားနေတဲ့ Justice For Myanmar JFM အဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ မြန်မာလေတပ် ထူထောင်တဲ့ ၇၄ နှစ်မြောက်ပွဲမှာ တွေ့မြင်ခဲ့ရတာလို့ ဆိုပါတယ်။

    အဲဘတ်စ်က ပြင်သစ်မှာ ထုတ်တဲ့ ယူရိုကော်ပတာ ရဟတ်ယာဥ်နဲ့ နောက်ပြင်သစ် အခြေစိုက် ATR နဲ့ အီတလီကုမ္ပဏီတို့ ဖက်စပ်လုပ်တဲ့ ATR 72 600 အလတ်စား ပို့ဆောင်ရေး ယာဥ် မြန်မာ စစ်တပ်လက်ထဲ ရှိနေတာ ဖြစ်ပါတယ်။

    အဲဒီလို ATR နဲ့ အဲဘတ်စ် လေယာဥ်တွေ မြန်မာ စစ်တပ်လက်ထဲ ဘယ်လို ရောက်နေလဲ ဆိုတာ သက်ဆိုင်ရာ နိုင်ငံတွေဘက်က အမြန်ဆုံး စုံစမ်းတာတွေ လုပ်သင့်တယ် ဆိုပြီး JFM ပြောခွင့်ရ မရတနာမောင်က ဆိုပါတယ်။

    ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံထဲ စစ်လက်နက် မရောင်းဖို့ ပြဌာန်းချက် ထုတ်ထားပေမယ့်၊ မြန်မာ စစ်တပ်ဟာ ပုဂ္ဂလိက စစ်လက်နက် ပွဲစား ကွန်ရက်တွေ၊ ခရိုနီတွေကနေ တဆင့် အဲဒီ ကန့်သတ် ထိန်းချုပ်ချက်တွေကို ရှောင်နိုင်တဲ့ သမိုင်းကြောင်းတွေ ရှိထားတယ်လို့လည်း JFM က ထောက်ပြပါတယ်။

    မြန်မာနိုင်ငံထဲ စစ်လက်နက် မရောင်းဖို့ အီးယူက ပြဌာန်းချက် ထုတ်ထား

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံထဲ စစ်လက်နက် မရောင်းဖို့ အီးယူက ပြဌာန်းချက် ထုတ်ထား
  11. လေးကေကော်ဒေသအတွင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်, စစ်ဘေးရှောင်ပြည်သူများ ညတွင်းချင်းထိုင်းဘက်ခြမ်းကိုထွက်ပြေးကြရ

    ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော်ဒေသကို မနေ့ည ဒီဇင်ဘာ၂၃ရက် ည၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ထောင်ချီဟာ ထိုင်းဘက်ခြမ်းကို ညတွင်းချင်းထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ အဲဒီမှာရောက်ရှိနေသူတွေကပြောပါတယ်။ မြန်မာစစ်ဘေးရှာင်တွေကို မနေ့ညသန်းခေါင်ယံမတိုင်မီအချိန် မှာ ထိုင်းနယ်ခြားစောင့်တပ်က ဝင်ရောက်ခိုလှုံခွင့်ပေးလိုက်တာလို့ ကရင်အမျိုးသားမီဒီယာကဖော်ပြပါတယ်။

    မြန်မာဘက်ခြမ်းကနေ သွားရောက်ကြသူတွေကို ထိုင်းနယ်ခြားစောင့်တပ်က နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်းအနီးကို မော်တော်ယာဉ်တွေနဲ့ လာရောက်ခေါ်ဆောင်ပြီးနောက် ယာယီစစ်ဘေးရှောင်စခန်းကိုပို့ဆောင်ပေးလိုက်တာလို့ဆိုပါတယ်။ လက်ရှိမှာ လေးကေ့ကော်ဒေသက မြန်မာစစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံ မဲဆောက်ရှိ မဲ့တောင်ကလန်း ၊ မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်း တခုတည်း မှာထားရှိထားတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ လေးကေ့ကော် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စခန်းကို လေယာဉ်နဲ့ဗုံးကြဲသလို သူတို့ တပ်စွဲထားတဲ့ အမြောက်ကုန်းကနေ KNLA နဲ့ ပူးပေါင်းအဖွဲ့နယ်မြေစိုးမိုးထားနိုင်တဲ့မေတ္တာလင်းမြိုင် ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီမှာရောက်နေတဲ့သတင်းထောက်တစ်ဦးကပြောပါတယ်။

    စစ်ကောင်စီဘက်က ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဟာ ညအချိန်ဖြစ်လို့ စစ်ဘေးရှောင်တွေကစိုးရိမ်ရပြီး ထိုင်းဘက်ခြမ်းကို ကြောက်လန့်ထွက်ပြေးခဲ့ကြသလို အခက်အခဲတွေရှိခဲ့ကြတယ်လို့ စစ်ဘေးရှောင်နေသူတစ်ဦးကပြောပါတယ်။

    ’’ အစပိုင်းမှာ အရမ်းတွေပစ်လာတော့ ကြောက်ပြီပြေးကြတယ်။ထိုင်းဖက်ကလည်းလက်မခံရဲကြဘူး။ ဟန့်တားကြသေးတယ်။ နောက်ပိုင်းကြတော့ အထက်အမိန့်အရ သန်းခေါင်ယံမတိုင်မီဝင်ခွင့်ပြုတယ်’’ လို့ စစ်ဘေးရှောင်တွေနဲ့ အတူရှိနေသူတစ်ဦးက ပြောပြပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကလည်း လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေက ဗုံးကြဲလေယာဥ်နဲ့လာရောက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ ၁၀ နာရီကျော်က ဗုံးကြဲသွားခဲ့တယ်ဆိုတာကို အတည်ပြု ထုတ်ပြန် ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ် ကြေညာပေးဖို့ ကေအဲန်ယူက ကုလသမဂ္ဂကိုတောင်းဆိုထားခဲ့ပါတယ်။အဲဒီနောက် စစ်ကောင်စီက အခုလို လေယာဉ်နဲ့တိုက်ခိုက်လာတာဖြစ်ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသကို အခု ၂၀၂၁ ခုနှစ်အတွင်း ပြီးခဲ့တဲ့ မတ်လကလည်း ဖာပွန်ခရိုင် တပ်မဟာ (၅) နဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) တို့မှာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တပ်တိုက်ပွဲတွေမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးလို့ အခုအကြိမ်နဲ့ဆိုရင် တစ်နှစ်အတွင်း လေးယာဉ်အသုံးပြုတိုက်ခိုက်တာ ၂ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

    ညတွင်းချင်းထိုင်းဘက်ခြမ်းထွက်ပြေးကြရတဲ့ မြန်မာစစ်ရှောင်တွေ

    ဓာတ်ပုံ ရင်းမြစ်, ကရင်အမျိုးသားမီဒီယာ

    ဓာတ်ပုံ ပုံစာ, ညတွင်းချင်းထိုင်းဘက်ခြမ်းထွက်ပြေးကြရတဲ့ မြန်မာစစ်ရှောင်တွေ
  12. လေးကေ့ကော်ဒေသကို စစ်ကောင်စီလေယာဥ်နဲ့ ဗုံးကြဲ

    ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော် ​ဒေသကို ဒီဇင်ဘာ၂၃ရက် ည၁၀ နာရီခွဲ ဝန်းကျင်မှာ ​​စစ်ကောင်စီဘက်က လေယာဥ်နဲ့ လာ​ရောက် ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်​ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနဲ့ သောင်ရင်းမြစ်အနီး စစ်ဘေး‌ရှောင်သူအချို့ထံက သိရပါတယ်။

    လေယာဥ်နဲ့ ဗုံးနှစ်လုံးကြဲသွားကြောင်းနဲ့ ည ၁၁နာရီ ၄၅ မိနစ် လောက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေ့ကော်‌ အနီး အမြောက်ကုန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ လေးကေ့ကော်အနီး စစ်ရှောင်နေသူတွေက ပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကလည်း လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေက ဗုံးကြဲလေယာဥ်နဲ့လာရောက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ ၁၀ နာရီကျော်က ဗုံးကြဲသွားခဲ့တယ်ဆိုတာကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

    "အရင်ဆုံး ဗုံးလာကြဲတာ၊ ၃ ခါလောက်ကြားရတယ်။ အဲဒီကနေ လက်နက်ကြီးပစ်သံတွေဆက်တိုက်လိုကြားရတာ"လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ပစ်ခတ်မှုတွေနဲ့ ဗုံးကြဲမှုကြောင့် မြန်မာဘက်ခြမ်းမှာစစ်ရှောင်နေတဲ့ စစ်ရှောင်ထောင်ဂဏန်းဟာ ဘေးလွတ်ရာကို ပြေးနေရသလို တစ်ဖက်ကမ်း ထိုင်းဘက်ကိုကူးဖို့လည်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။

    ဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်သူ အချို့ဒဏ်ရာရတယ်လို့ သတင်းတွေရပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ် ကြေညာပေးဖို့ ကေအဲန်ယူက ကုလသမဂ္ဂကိုတောင်းဆိုထားခဲ့ပါတယ်။

    ညအချိန်ဖြစ်လို့ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဖြစ်လို့ စစ်ဘေးရှောင်တွေကစိုးရိမ်ရပြီး ကြောက်လန့်နေကြတယ်လို့ အဲဒီနေရာမှာရောက်နေသူတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, KIC

  13. ကလေးမြို့ နတ်ချောင်းတိုက်ပွဲ ၉ ယောက်သေဆုံးလို့ စစ်ကောင်စီ ထုတ်ပြန်

    စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက်က ဒီဇင်ဘာလ ၂၃ ရက်နေ့ နတ်ချောင်းကျေးရွာတိုက်ပွဲမှာ CNF နဲ့ PDF ဘက်က သေဆုံးသူ ၉ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းထုတ်ပြန်တဲ့ ဒီသတင်းမှာ ရွာကို ရဟတ်ယာဥ်နဲ့တိုက်ခိုက်ခဲ့တဲ့ အကြောင်းဖော်ပြထားတာမတွေ့ရပါဘူး။

    ဒေသလက်နက်ကိုင်အဖွဲ့ အင်အား ၃၀၀ လောက်က စစ်ကောင်စီတပ်တွေ လုံခြုံရေးဆောင်ရွှက်နေစဥ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ကပြောပါတယ်။

    ကျေးရွာ အတွင်းမီးရှို့ခံရတဲ့ အိမ်တွေအကြောင်းနဲ့ စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးသူ ရှိမရှိဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြတာမတွေ့ရပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, SAC

  14. အရာတော်မှာ လူငယ်တွေ ဆန္ဒပြ

    စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာတွေ ကျေးရွာတွေကို ဝင်ရောက်ရှာဖွေစီးနင်းတာတွေလုပ်ပြီး အင်အားသုံးဖြိုခွင်းနေချိန်မှာပဲ အရာတော်မြို့နယ်မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

    ဆန္ဒပြသူတွေ အများစုဟာ အမျိုးသမီးတွေဖြစ်ကြပြီးတော့ ကျောင်းသားသမဂ္ဂအလံတွေကိုကိုင်ပြီး တန်းစီလှည့်လည်ခဲ့ကြပါတယ်။

    အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ်က ကျောင်းသားလူငယ်များက ဒီဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်တာလို့လည်း သူတို့ကပြောပါတယ်။

    အရာတော်မြို့နယ်တွင်း အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်မှုတွေရှိနေပေမဲ့လည်း အရာတော်ပြည်သူလူထုက စစ်အာဏာရှင်ကို ရရာနည်းလမ်းနဲ့ ဆန့်ကျင်လျက်ရှိတာကို ပြသတာလို့ သူတို့ကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. မြောက်ဦး တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်း

    ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို စစ်ကောင်စီဘက်က နေရပ်ပြန်ခိုင်းနေပြီလို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီဝန်ကြီးတွေ ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့တဲ့အချိန်မှာ တိမ်ညိုစစ်ဘေးရှောင် စခန်းကို ရောက်ရှိလာခဲ့ကြပြီး အခုလိုပြောသွားခဲ့တာဖြစ်တယ်လို့ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးလဲဖြစ် စစ်ဘေးရှောင် စခန်းတာဝန်ခံလည်းဖြစ်တဲ့ ဦးဝေလှအောင်က ပြောပါတယ်။

    စစ်ကောင်စီဝန်ကြီးတွေဖြစ်ကြတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့နဲ့အတူ ရခိုင်ပြည်နယ် ကောင်စီဝင်တချို့တိမ်ညိုစခန်းကို ရောက်ရှိခဲ့ကြတဲ့အခါမှာ လက်ရှိမှာ ဒေသတွင်းတည်ငြိမ်မှုတွေရှိနေပြီဖြစ်တဲ့အတွက် နေရပ်သို့ပြန်လို့ရပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့တယ်လို့ဆိုပါတယ်။

    နေရပ်ပြန်ခိုင်းရာမှာတော့ မဖြစ်မနေပြန်ရမယ်လို့ အတင်းဖိအားပေးတာမျိုးမဟုတ်ပေမယ့် အခုလို ပြန်ခိုင်းတာက လက်ရှိမှာ ဒေသတွင်း တည်ငြိမ်မှုတွေရှိနေပေမယ့် နှစ်ဖက်တင်းမာမှုတွေရှိနေတာကြောင်း စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဦးဝေလှအောင်က ပြောပါတယ်။

    ဒါ့အပြင် နေရပ်ပြန်သွားဖို့အတွက် စစ်ဘေးရှောင်တွေ သူတို့ရဲ့မူလကျေးရွာတွေမှာ နေထိုင်ဖို့ နေအိမ်တွေလိုအပ်တာတွေ၊ လုပ်ကိုင်စားသောက်ဖို့ ပျက်စီးသွားခဲ့တဲ့ သူတို့ရဲ့အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ဖို့လိုအပ်တာတွေနဲ့ လတ်တလော နေရပ်ပြန်သွားတဲ့အချိန်မှာ စားသောက်ဖို့အတွက် ရိက္ခာအခက်အခဲရှိနိုင်တာကြောင့် စစ်ဘေးရှောင်တွေကတော့ နေရပ်ပြန်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုကြောင်း သူကပြောပါတယ်။

    လက်ရှိမှာလည်း ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် သူတို့ရဲ့ ကလေးငယ်တွေရဲ့ပညာရေးတပိုင်းတစဖြစ်နေတာတွေ၊ နေရပ်ပြန်သွားလို့ရှိရင် ကျောင်းမရှိတဲ့အပြင် ဆေးရုံးဆေးခန်းတွေနဲ့လည်း ဝေးသွားမှာဖြစ်တဲ့အတွက် ပညာရေးကျန်းမာရေးကိစ္စတွေကလည်း အဓိကစိုးရိမ်ရတဲ့အထဲပါဝင်နေတယ်လို့ ပြောပါတယ်။

    တိမ်ညိုစစ်ဘေးရှောင်စခန်းဟာ မြောက်ဦးမြို့နယ်အတွင်းက အကြီးဆုံးဒုက္ခသည်ခစန်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက နေရပ်စွန့်ခွာလာခဲ့ကြတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၇၇၀ ကျော် လူဦးရေ ၂၈၀၀၀ ကျော် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိမ်ညိုစစ်ဘေးရှောင်စခန်း
  16. မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

    မွန်ပြည်နယ် NLD ပါတီက ပြည်နယ်လွှတ်တော် အချို့နေအိမ်တွေချိပ်ပိတ်ခံရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် နေအိမ်နဲ့ ဆေးခန်းကို ဒီဇင်ဘာ ၂၂ ရက်နေ့က ချိပ်ပိတ်ခံရသလို ပေါင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး နေအိမ်လည်း အဲ့ဒီနေ့ တစ်ရက်တည်း ချိပ်ပိတ်ခံရတယ်လို့ သိရပါတယ်။

    ဒေါက်တာခင်ဆောင်တို့ အိမ်မှာက နေထိုင်သူ မရှိကြောင်း၊ ဆေးခန်းကလည်း ပိတ်ထားတာကြာနေပြီ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    လက်ရှိအချိန်မှာ NLD ပါတီ ထိပ်ပိုင်းခေါင်ဆောင်များ၊ NLD ပါတီ အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ် စားလှယ်များ ၊NLD ပါတီဝင်များအပါအဝင် လုပ်ငန်းရှင်အချို့ကို CRPH NUG PDF အဖွဲ့များနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး စွပ်စွဲကာ နေအိမ်တွေကို လိုက်ပြီးချိတ်ပိတ်နေတာဖြစ်ပါတယ်။

    မွန်ပြည်နယ်ထဲက ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ကနဲ့ အမှုဖွင့်ထားပြီး သူတို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက နေအိမ်တွေကနေ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. ရဟတ်ယာဥ်နဲ့ ဝင်ပစ်ခံရတဲ့ ကလေးမြို့နတ်ချောင်းရွာ ညနေပိုင်းမှာ မီးလောင်နေ

    ‌ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ရဟတ်ယာဥ်နဲ့ ဝင်ပစ်တာခံရတဲ့ ကလေးမြို့နယ် နတ်ချောင်းရွာကို အခုညနေပိုင်းမှာ နေအိမ်တွေ မီးလောင်နေတာတွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ရွာမီးရှို့ခံရပြီးနောက်ပိုင်း လူတွေလည်း ထွက်ပြေးလာနေကြပြီး မီးတောက်တွေကို အဝေးကနေ မြင်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မီးဘယ်နေရာမှာ စပြီးလောင်နေတယ်ဆိုတာမသိရသလို ရွာထဲမှာလည်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရှိလို့ ဘယ်သူမှ မသွားရဲကြဘူးလို့ သူတို့ကပြောပါတယ်။

    နေ့လယ်ပိုင်းက ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အချို့ရှိတယ်လိုသိရပေမဲ့ ဘယ်သူ ဘယ်ဝါ ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    နတ်ချောင်းရွာထဲမှာ နေအိမ်အချို့ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်လောက်ကစပြီးတော့ မီးလောင်နေတာကိုတွေ့ရတယ်လို့ လည်းဒေသခံံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ နတ်ချောင်းရွာ သတင်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ကလေးမြို့တောင်ပိုင်း နတ်ချောင်းရွာကို ရဟတ်ယာဥ်တွေနဲ့ဝင်ပစ်

  19. မောင်တောမှာထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

    မောင်တောမြို့ပေါ်မှာ အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဆန်းဌေးနိုင်ရဲ့ရုပ်အလောင်းကို မောင်တော မြို့ ရပ်ကွက် ၁၊ နယ်စပ်ကုန်သွယ်ရေးရုံးအနီးမှာ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မနက်ပိုင်းမှာ တွေ့ရှိခဲ့ရတယ်လို့ မောင်တောမြို့က လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂရုဏာကွန်ရက်အသင်းက အတည်ပြုပြောကြားပါတယ်။

    သူဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ညနေပိုင်းမှာ နေအိမ်ကနေထွက်သွားပြီး ညအချိန် ထိပြန်မရောက်လာတာကြောင့် မိသားစုတွေလိုက်လံရှာဖွေရာမှာ POE လို့ခေါ်တဲ့ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းအနီးက ဘုတ်ဆိပ်မှာလည်ပင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မနက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    MaungDaw

    ဓာတ်ပုံ ရင်းမြစ်, Western News

    ဒါ့အပြင် မြောက်ဦးမြို့နယ် မုချာကျေးရွာက လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ ခိုင်းနွား ငါးကောင်ကိုလည်း ညအချိန် ခြေထောက်တွေကို ခုတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်တွေမတိုင်ခင်မှာလည်း နှစ်ဖက်အဖွဲ့အစည်းတွင်း အထင်အမြင်လွဲမှားစေတဲ့ ဖြစ်စဉ်တွေ ငါးခုခန့်ဖြစ်ပွားထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းကို ပဋိပကဖြစ်စေတဲ့ ဖြစ်စဉ်တွေရည်ရွယ်ချက်ရှိ ရှိဖန်တီးနေတဲ့အပေါ် သတိထားဆင်ခြင်ကြဖို့ ရက္ခိုင့်တပ်တော်အေအေကလည်း အခုလ ၁၇ ရက်နေ့က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

  20. မင်းတပ်မြို့နယ်ထဲက ဝမ္မသူးတိုက်နယ်ဆေးရုံပေါ် လက်နက်ကြီးကျ

    ပြီးခဲ့တဲ့သြဂုတ်လလည်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ္မသူးဆေးရုံဝန်းအိမ်ရာနဲ့ လူနေအိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့သြဂုတ်လလည်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ္မသူးဆေးရုံဝန်းအိမ်ရာနဲ့ လူနေအိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးကျေးရွာထဲမှာရှိတဲ့ ဝမ္မသူ တိုက်နယ်ဆေးရုံပေါ်ကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

    ''ဝမ္မသူးကျေးရွာတိုက်နယ် ဆေးရုံပေါ်ကို လက်နက်ကြီး ၃ ချက်လောက်ကျတဲ့အထဲမှာ အမျိုးသမီး လူနာဆောင်ကြားမှာ အဆောက်အဦးပေါ် တည့်တည့်တစ်လုံးကျတယ်။ ၂ ကြိမ်က ဆေးရုံဝန်းထဲလို့ ပြောတယ်။ ပျက်စီးမှု အတိုင်းအဆကို ဆက်ပြီး စုံစမ်းနေပြီ'' လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

    အဲဒီတိုက်နယ်ဆေးရုံဟာ အနီးနားက ထိခိုက် ဖျားနာသူတွေအတွက် အားကိုးနေရတဲ့ ဆေးရုံတစ်ရုံဖြစ်သလို စစ်ရှောင်တွေ ကျန်းမာရေးအတွက် အားထားနေရတဲ့ ဆေးရုံလည်းဖြစ်တယ်လို့သူကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်တွေမှာ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးကျေးရွာဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေလို့ ဝမ္မသူရွာရော အနီးနား ကျေးရွာက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။