ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ငြိမ်းချမ်းရေးမြို့သစ် လေးကေ့ကော်မှာ KNLA၊ PDF တပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက ဆိုရင် တိုက်ပွဲပေါင်း ၂၅ ကြိမ် ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
လေးကေ့ကော်မြို့သစ်ထဲက ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒေသကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီးရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA၊ PDF တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။
ဒီဇင်ဘာလ ၁၅ ရက်မှာ လေးကေ့ကော်ရပ်ကွက်ထဲကနေ စဖြစ်တဲ့ ထိတွေ့တိုက်ခိုက်မှုဟာ ရှာဖွေရေးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဖောက်ရာကနေ စတင်တယ်လို့ လေးကေ့ကော် အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက အစောပိုင်းကတည်းက ဘီဘီစီကို ပြောခဲ့ပေမဲ့ စစ်ကောင်စီကတော့ တစ်ဖက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လေးကေ့ကော်က ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေ ထိခိုက်ကျဆုံး ဒဏ်ရာရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တယ်လို့ ပြောပေမဲ့ ဘယ်နှဦးဖြစ်တယ်ဆိုတာ မပြောထားပါဘူး။
နောက် အဲဒီမှာ ပြုလုပ်တဲ့ ရှာဖွေမှုတွေအတွင်း CDM ပြုလုပ်ထားသူနဲ့ PDF အဖွဲ့ဝင် ၂၁ ဦး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်တုန်းက စတင်တဲ့တိုက်ပွဲကြောင့် လေးကေ့ကော်နဲ့ ဆက်စပ်နေတဲ့ ထီးမယ်ဝါးခီး၊ မယ်ထော်သလေးကျေးရွာတွေ ဘက်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ထောင်သောင်းချီတဲ့ဒေသခံတွေဟာ မြန်မာ-ထိုင်းနယ်စပ်က သောင်ရင်းမြစ်ကမ်းတစ်လျှောက်အပြင် မြစ်ကို ကြုံသလိုဖြစ်ကူးပြီး ထိုင်းဘက်ခြမ်းအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်ရှိမှာ လေးကေ့ကော်ဒေသထဲ လေးကေ့ကော်မြို့သစ်ကလွဲလို့ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေထဲ လက်နက်ကိုင်တွေ ခိုအောင်းခဲ့တဲ့နေရာတွေကို ဖော်ထုတ် ထိန်းချုပ်နိုင်ခဲ့ပြီဆိုပြီး ပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်ချိန်က ထွက်ပြေးကြတဲ့ဒေသခံတွေကို နေရပ်ပြန်လာနိုင်ပြီဆိုပြီး စစ်ကောင်စီရဲ့ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာတာတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်မီဒီယာ