စစ်ကောင်စီဘက်က အင်အားသုံးတိုက်ခိုက်လာနိုင်တယ်လို့ KNDO ပြော

ဓာတ်ပုံ ရင်းမြစ်, Phyoe Dana
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်မှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေ အထိနာပြီး ပြန်ဆုတ်သွားပေမယ့် အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်လာနိုင်တယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNDO က ဒီဇင်ဘာလ ၁၈ ရက်မှာ စာထုတ်ပြောဆို လာပါတယ်။
တိုက်ပွဲအခြေအနေ ပိုကြီးလာနိုင်တာကြောင့် စစ်ကောင်စီကိုဆန့်ကျင်ကြသူတွေအနေနဲ့ KNU/KNLA/KNDO အဖွဲ့တွေကို တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ပေးဖို့ကိုလည်း အဲဒီစာမှာ တိုက်တွန်းထားပါတယ်။
ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ထဲက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်တွေက နိုင်ငံရေးသမားတွေ၊ PDF တွေကို ပြီးခဲ့တဲ့တစ်ပတ်မှာဝင်ရောက်ရှာဖွေရာကနေ စစ်ကောင်စီနဲ့ KNU တပ်တွေ တိုက်ပွဲဖြစ်နေတာ သီတင်းတစ်ပတ်ထဲဝင်လာပြီဖြစ်ပါတယ်။
စစ်ကောင်စီဘက်က မနေ့ ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိပေမဲ့ ဒီနေ့ မနက်အစောပိုင်းအထိတော့ လေးကေ့ကော်တခွင်မှာ လက်နက်ကြီးပစ်ခတ်သံမကြားရဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်နေတဲ့ လေးကေကော်နဲ့ မိုင်အနည်းငယ်အကွာက မြဝတီမြို့ပေါ် ၄ ရပ်ကွက်မှာတော့ ဈေးပွဲတော်ကျင်းပနေတဲ့ ဓိဌာန်အောင်ဘုရားကွင်းအနီးနားမှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ထားပါတယ်။






















