လေးကေ့ကော်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုလုပ်နေ, မယ်ထော်သလေးရွာထဲမှာလည်း လက်နက်ပေါက်ကွဲမှုတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, MPA
ကရင်ပြည်နယ်၊ မြဝတီမြိုတောင်ဘက်နားက ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်မြို့ထဲကို စစ်ကောင်စီတပ်က ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက် ၁၀ နာရီကျော်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
''လေးကေကော်အမြောက်ကုန်းကနေပြီးတော့ အလုံးကြီးနဲ့ မြို့ထဲကို ပစ်ခတ်နေတာပါ။ အခုဆိုမြို့ထဲမှာနေထိုင်သူ တစ်ယောက်မှမရှိတော့ဘူး။ စစ်တပ်ပဲရှိတော့တာ။ တစ်ဖက်သတ် ပစ်ခတ်နေတာ။ ကျွန်တော်တို့ အားလုံး သောင်ရင်း(မြစ်)ကို စစ်ရှောင်နေကြပြီ'' လို့ လေးကေကော်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီက ကေအဲန်ယူ- ကရင်အမျိုးသားအစည်အရုံး တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်ရပ်ကွက်တွေထဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေကို ဝင်ရောက်ရှာဖွေမှုစတဲ့ ဒီဇင်ဘာလ ၁၅ ရက်မှာ တိုက်ပွဲတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်၊ စစ်ကောင်စီရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဒါ့ပြင် လေးကေ့ကော်ကစတဲ့ ပဋိပက္ခကြောင့် ပဟိကလော်၊ မယ်ထော်သလေးနဲ့ မေတ္တာလင်းမြိုင်ကျေးရွာတွေကြားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင် စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေထဲက မပေါက်သေးတဲ့ကျည်တွေဟာ ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်အထိ ပေါက်ကွဲနေဆဲလို့ မဲ့ထော်သလေး ဒေသခံတစ်ဦးက ပြောပါတယ်။
'' ဒီမှာ တိုက်ပွဲမဖြစ်တာ လေးရက်လောက်တော့ ဖြစ်သွားပြီ။ ဒါပေမဲ့ သူတို့ပစ်ထားတဲ့လက်နက်ကြီး ၂၀၀ လောက်ထဲက မပေါက်ကွဲသေးတာတွေက တဝုန်းဝုန်းပေါက်နေတုန်းပဲ။ မယ်ထော်သလေးကို ကေအဲန်ယူက ထိန်းချုပ်ထားတယ်ဆိုပေမဲ့ လက်နက်ကြီးပေါက်တာတွေရယ်၊ သူခိုးသူဝှက် ဝင်တာတွေရယ်ကြောင့် ရွာထဲကို မသွားခိုင်းသေးဘူး'' လို့ မယ်ထော်သလေး ဘုန်းကြီးကျောင်းဝင်းထဲမှာ စစ်ရှောင်နေသူ ဒေသခံ တစ်ဦးက ပြောပါတယ်။
လေးကေ့ကော်ကစတဲ့တိုက်ပွဲတွေကြောင့် မြဝတီတောင်ဘက် ခြမ်း ကျေးရွာများဖြစ်တဲ့ မယ်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ပဟိကလော်၊ လေးကေကော်၊ ရသေ့ဂူ စတဲ့ ကျေးရွာတွေမှာနေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ဒသေခံတွေဟာ နီးစပ်ရာတောတွင်းနေရာတွေနဲ့ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ ကူးကာ စစ်ရှောင်နေကြရပါတယ်။


















